← Chapters

အရောင်းအဝယ်

Vol. 14 Ch. 131

အရောင်းအဝယ်

Vol. 14 Ch. 131

‘မစ္စတာအေ... ဒီနာမည်က လျှို့ဝှက်ဆန်းကြယ် စွမ်းအားကြီးလူတစ်ယောက်ရဲ့ နာမည်ဆိုတာထက် ရာဇဝတ်ကောင်တစ်ယောက်ရဲ့ လျှို့ဝှက်နာမည်နဲ့ ပိုတူတယ်... မစ္စတာအရူးနဲ့ နှိုင်းလို့ကို မရဘူး... မဟုတ်ဘူး... နတ်ဘုရားတွေ ဒါမှမဟုတ် နတ်ဘုရားတစ်ပိုင်းတွေပဲ မစ္စတာအရူးနဲ့ ယှဉ်နိုင်တာ...’ ဒါကို တွေးမိလိုက်တဲ့ အော်ဒရီဟာ သွေးမြင့်သွားပါတယ်။

သူမဟာ မစ္စတာအေကို ခပ်တည်တည် ကြည့်ပြီး ဖာ့စ်နဲ့ ဇီယိုဒါရက်ချာကို တိုးတိုးတိတ်တိတ် မေးပါတယ်။

“ဒီလူမှာ ဘာဇာတ်ကြောင်းတွေ ရှိလဲ”

ခေါင်းစွပ်နဲ့ မြို့နယ်စား ဂလင့်ဟာလည်း အော်ဒရီလိုပဲ သိချင်နေပါတယ်။

ဇီယိုဒါရက်ချာဟာ မျက်နှာထားတင်းတင်းနဲ့ ဖြေပါတယ်။

“အရင်တုန်းက ဖြစ်ရပ်လေးငါးခုတော့ ရှိခဲ့တယ်... ဆုံမှတ် ၈ သာလွန်သူတွေနဲ့ တချို့ ဆုံမှတ် ၇ သာလွန်သူတွေက မစ္စတာအေကို ပစ်မှတ်ထားပြီး ရှင်းပစ်ဖို့ ကြိုးစားဖူးတယ်... ဒါပေမဲ့ သူတို့တွေပဲ ပျောက်ချင်းမလှ ပျောက်သွားကြတယ်”

“အဲဒီတော့ သူက တကယ်ကို စွမ်းအားကြီးတဲ့ သာလွန်သူပေါ့” ဂလင့်က ချီးကျူးပါတယ်။

သူတို့တွေဟာ စကားပြောရင်းနဲ့ အထဲ ဝင်လိုက်ပါတယ်။ သူတို့တွေ အထဲရောက်တာနဲ့ အစောင့်တွေက သူတို့နောက်က တံခါးကို ချက်ချင်း ပြန်ပိတ်ပါတယ်။

...

အခန်းထဲက ဓာတ်ငွေ့မီးအိမ်ရဲ့ အလင်းရောင်ကို ချိန်ညှိလိုက်တဲ့အခါ အော်ဒရီဟာ စာကြောင်းတွေ ရေးထားတဲ့ သင်ပုန်းနှစ်ချပ်ကို သူမရှေ့က ညာဘက်မှာ တွေ့လိုက်ရပါတယ်။

အဲဒီအချိန် လက်ထဲမှာ မီးမညှိရသေးတဲ့ ဆေးလိပ် ကိုင်ထားတဲ့ ဖာ့စ်က တိုးတိုးပြောပါတယ်။

“အဲဒါက ဒီတွေ့ဆုံပွဲလာတဲ့လူတွေရဲ့ တောင်းဆိုချက်တွေ... တချို့လူတွေက လောဘကြီးတဲ့လူတွေကို ကြောက်လို့ သူတိုဘာပိုင်တယ်ဆိုတာကို လူမသိစေချင်ကြဘူး... အဲဒါကြောင့် သူတို့လိုချင်တာ ဒါမှမဟုတ် သူတို့ရောင်းချင်တာကို အကြမ်းဖျင်းဈေးနှုန်းနဲ့ သင်ပုန်းပေါ်မှာ ရေးပြီးတော့ ပြောကြတယ်”

အော်ဒရီဟာ ခေါင်းညိတ်လိုက်ပါတယ်။ သူမဟာ တွေ့ဆုံပွဲလာတက်တဲ့ အဖွဲ့ဝင်တွေကို ဂရုမစိုက်တော့ဘဲ ဘယ်ဘက်သင်ပုန်းပေါ်က စာကြောင်းတွေကို ဖတ်ကြည့်လိုက်ပါတယ်။

“ငါ အရွယ်ရောက်ပြီးသား မန်ဟယ်ငါးရဲ့ မျက်လုံးတစ်စုံ လိုချင်တယ်”

“အငြိုးစိတ်ဝိညာဉ် ချန်ထားခဲ့တဲ့ ဖုန်မှုန့်... ၁၆၅ ပေါင်”

“ဧကရာဇ်ရစ်ဆဲလ်ရဲ့ မှတ်စုစာအုပ်က စာရွက်သုံးရွက်... ပေါင် ၂၀”

ဒါကို မြင်လိုက်တဲ့ အော်ဒရီဟာ ပွဲကြည့်သမား အခြေအနေကို မထိန်းသိမ်းနိုင်တော့ပါဘူး။ လန့်ပြီး စိတ်လှုပ်ရှားသွားပါတယ်။

‘သုံးရွက်... ဒီဈေးက အရမ်း... အရမ်း ချိုလွန်းတယ်...’ သူမဟာ ဝမ်းသာအားရ တွေးလိုက်ပါတယ်။

သူမဟာ လမ်းလျှောက်ရင်းနဲ့ ဆက်ဖတ်ပါတယ်။

“နို့စို့ကလေးပန်း မျက်ရည်... ပေါင် ၂၀၀”

“မံမီမှုန့်... ၁၀ ဂရမ် ၅ ပေါင်”

“ငါးလူသားစိမ့်ရည်... ၃၀ မီလီလီတာ ၂၉ ပေါင်”

“ဆုံမှတ် ၈ ဆေးရည် ဖော်မြူလာ ကိုယ်စားပြု အရာရှိ... ပေါင် ၄၅၀”

...

‘ဈေးချိုလွန်းတယ်... ဈေးချိုလွန်းတယ်... သာလွန်ပါဝင်ပစ္စည်းတွေ အကုန်လုံးက ပေါင် ၃၀၀ တောင် မကျဘူး’ အော်ဒရီဟာ နေရာတစ်နေရာ ရှာကာ အဖော်တွေနဲ့ အတူထိုင်ရင်း သူမရဲ့ မျက်လုံးတွေဟာ တလက်လက် တောက်ပသွားပါတယ်။

ဇီယိုဒါရက်ချာဟာ သူမနားကပ်လာပြီး တိုးတိုးမေးပါတယ် “ရှင် လိုချင်တာ ရှိလား”

အော်ဒရီဟာ အသက်အရှည်ကြီး ရှူလိုက်ပြီး ဧကရာဇ်ရစ်ဆဲလ်ရဲ့ နာမည်ကျော်စကားကို စိတ်ထဲမှာ တွေးမိလိုက်ပါတယ်။

‘ငါ အကုန်လုံး လိုချင်တယ်’

သူမမှာ အစ်ကိုနှစ်ယောက် ရှိတဲ့အတွက် ဘွဲ့ရာထူး ဆက်ခံရဖို့နဲ့ အဓိကအမွေ ဆက်ခံရဖို့က သူမအတွက် မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ မိဘနဲ့ အစ်ကိုတွေ ဖူးဖူးမှုတ်ထားတဲ့ သခင်မလေးတစ်ယောက်အနေနဲ့ သူမမှာ ပိုင်ဆိုင်မှုတွေ လယ်ယာမြေတွေ သတ္တုတွင်းတွေ ကျောက်မျက်ရတနာတွေ စတော့ရှယ်ယာတွေနဲ့ ငွေချေးစာချုပ်တွေ ရှိပါတယ်။ အကုန်လုံးပေါင်းလိုက်ရင် ပေါင် သုံးသိန်းလောက် တန်ကြေး ရှိပါတယ်။

ဒါက သူမရဲ့ အမွေတစ်စိတ်တစ်ပိုင်းပါ။ ဒါပေမဲ့ သူမအဖေ ခရိုင်မြို့စားဟောလ် မကွယ်လွန်ခင်၊ သူမ လက်မထပ်ခင်အထိ ဒီပိုင်ဆိုင်မှုတွေကို အမည်ခံပဲ ရှိပါတယ်။ တစ်နှစ်တစ်နှစ် ယုံမှတ်အပ်နှံငွေဆီကနေ ပမာဏတစ်ခုပဲ ရရှိပါတယ်။

အဲဒါတောင် သူမရဲ့ တစ်နှစ်ဝင်ငွေက ပေါင် ၁၅,၀၀၀ ကနေ ၂၅,၀၀၀ ထိ ရှိတဲ့အတွက် သူမဟာ လိုအင်တစ်နိုင်ငံလုံးက အထက်တန်းလွှာတွေထဲမှာ အချမ်းသာဆုံး အမျိုးသမီးတွေထဲက တစ်ယောက် ဖြစ်နေပါတယ်။

အထက်တန်းလွှာဆိုတော့ သူမမှာ မဖြစ်မနေသုံးရတဲ့ အသုံးစရိတ်တွေလည်း ရှိပါတယ်။ အခု သူမက နှစ်စဉ်ဝင်ငွေ ရနေပြီဆိုတော့ မိဘတွေဆီကနေ တစ်ချိန်လုံး မုန့်ဖိုး ဖြန့်တောင်းလို့ မရတော့ပါဘူး။

အော်ဒရီဟာ သူ့ကိုယ်သူ ထိန်းချုပ်ပြီး ဖြေပါတယ်။

“လောလောဆယ်တော့ ဧကရာဇ်ရစ်ဆဲလ်ရဲ့ မှတ်စုစာအုပ်ကို လိုချင်တယ်... ကျွန်မ သူ့ကို ကြိုက်တယ်... သူ ဖန်တီးထားခဲ့တဲ့ ထူးခြားသင်္ကေတွေနဲ့ စာပေက လျှို့ဝှက်ဆန်းကြယ်စွမ်းအား ရှိလိမ့်မယ်လို့ ကျွန်မထင်တယ်... ကျွန်မတို့တွေ အဲဒါကိုဖော်ထုတ်နိုင်တဲ့ နည်းလမ်းမှန်ကို မတွေ့သေးတာ တစ်ခုပဲ”

‘အော်ဒရီ... နင်က ပိုပိုပြီးတော့ အယောင်ဆောင် ကောင်းလာပြီ...’ သူမဟာ စိတ်ထဲမှာ သူ့ကိုယ်သူ ဖြည့်ပြောလိုက်ပါတယ်။

သူမရဲ့ စကားဆုံးတယ်ဆိုရင်ပဲ သူတို့နားမှာ ထိုင်နေတဲ့ အဖြူရောင် ရှပ်အင်္ကျီနဲ့ လူငယ်တစ်ယောက်က စိတ်လှုပ်တရှား မတ်တတ် ထရပ်ပါတယ်။ အဲဒီလူငယ်ဟာ အော်ဒရီရဲ့ စကားကို သဘောတူ ထောက်ခံပါတယ်။

“ဟုတ်တယ်... အဲဒါ အမှန်ပဲ... နောက်ဆုံးတော့ ငါနဲ့ အမြင်တူတဲ့လူကို ရှာတွေ့ပြီ”

“အဲဒီမှတ်စုစာအုပ် သုံးရွက်က ငါ့ဟာပဲ... ငါ အခုပဲ မင်းကို ရောင်းလို့ ရတယ်”

အော်ဒရီဟာ ပထမတော့ ကြောင်သွားပြီး အဲဒီနောက် ပြုံးလိုက်ပါတယ် “အဲဒါဆို ကျွန်မကလည်း ကျေးဇူးတင်ကြောင်း ပြပါရစေ”

သူမဟာ ဆယ်ပေါင်တန် နှစ်ရွက်ကို ထုတ်ယူပြီး လူငယ်ကို ကမ်းပေးကာ ဧကရာဇ်ရစ်ဆဲလ် ဒိုင်ယာရီ စာရွက်သုံးရွက်ကို လက်ခံယူလိုက်ပါတယ်။ ဒီနေရာမှာ ရှိတဲ့လူတွေဟာ ဒီစာရွက်တွေက ဒိုင်ယာရီဆိုတာကို မသိကြပါဘူး။ အဲဒါကြောင့် သူတို့တွေဟာ ဒီစာရွက်တွေကို ဧကရာဇ်ရစ်ဆဲလ်ရဲ့ မှတ်စုစာအုပ်လို့ပဲ ယေဘုယျ ခေါ်ကြပါတယ်။

အော်ဒရီဟာ လက်ထဲ ရောက်လာတဲ့အခါ စာရွက်တွေကို လှန်လှောကြည့်ပြီး သူမအရင်တုန်းက ရခဲ့တဲ့ စာရွက်တွေနဲ့ ဆင်တူတယ်ဆိုတာကို အတည်ပြုပါတယ်။

သူမဟာ ဒိုင်ယာရီ စာရွက်တွေကို သိမ်းပြီး ဇီယိုနဲ့ ဖာ့စ်ကို ညင်ညင်သာသာ မေးလိုက်ပါတယ်။

“အဲဒီမှတ်စုစာရွက်တွေက အတုဖြစ်နေရင် ကျွန်မ ဘယ်သူ့ကို ရှာရမလဲ... မစ္စတာအေကို ရှာရမှာလား”

“ဟုတ်တယ်... မစ္စတာအေက သူ့တွေ့ဆုံပွဲမှာ အတုပေါ်လာတာကို လုံးဝ ခွင့်မပြုဘူး... နောက်ပြီး ကျွန်မကလည်း ဒီကိစ္စကို နှစ်ကိုယ်ကြား ဖြန်ဖြေပေးပါတယ်” ဇီယိုဒါရက်ချာဟာ စိတ်အား ထက်သန်စွာ ဖြေပါတယ်။

“ကျွန်မ နားလည်ပြီ” အော်ဒရီဟာ ပွဲကြည့်သမား အခြေအနေထဲ ဝင်ပြီး သူမ ဘေးပတ်လည်က သာလွန်သူတွေကို လေ့လာဆန်းစစ်ပါတယ်။

ခုနက လူငယ်ရဲ့ စိတ်လှုပ်တရှား ထပြောမှုကြောင့် လူတော်တော်များများရဲ့ အကြည့်တွေဟာ သူတို့ဆီ ရောက်လာပါတယ်။ သူတို့တွေထဲက တချို့ဟာ အော်ဒရီနဲ့ ဂလင့်ကို သိသိသာသာ အကဲခတ်ပြီး တချို့ကတော့ မသိမသာ အကဲခတ်ကြပါတယ်။ ဒါပေမဲ့ အော်ဒရီနဲ့ ဂလင့်ရဲ့ ခေါင်းစွပ်တွေက သူတို့ရဲ့ မျက်နှာအသွင်အပြင်တွေကို ဖုံးကွယ်ထားပါတယ်။

‘ဆိုဖာတွေ ကုလားထိုင်တွေက သင်ပုန်းကို မျက်နှာမူပြီး အခန်းထဲမှာ ပြန့်ကျဲနေတယ်... ဒီပရိဘောဂတွေကို လုပ်ထားတဲ့ ကုန်ကြမ်းက သာမန်ပဲ... ဒီတော့ ဒီပစ္စည်းတွေကို ဒီနေရာမှာထားတဲ့ မစ္စတာအေက အထက်တန်းလွှာ မဟုတ်ဘူး... ဒီတွေ့ဆုံပွဲ ကျင်းပတဲ့ နေရာကို သိပ်ဂရုမစိုက်ဘူးလို့ ပြနေတယ်... ဟုတ်ပါတယ်လေ... သူထုတ်ပြထားတဲ့ ယုံကြည်မှုနဲ့ဆိုရင် ဒီနေရာကို အထူးတလည် တန်ဆာဆင်နေစရာမှ မလိုတာ...’

အော်ဒရီဟာ ဘေးဘီဝန်းကျင်ကို လိုက်ကြည့်ပြီး တည်တည်ငြိမ်ငြိမ် လေ့လာပါတယ်။

‘မစ္စတာအေက ဒီမှာရှိတဲ့ မိန်းကလေးတွေ အကုန်လုံးကို လိုက်ကြည့်တယ်... နည်းနည်းပိုလှတဲ့ မိန်းကလေးတွေဆိုရင် သူ့အကြည့်က ကြာကြာနေတယ်... သူက နှာဘူးကောင်ပဲ... သူ ဘာဖြစ်လို့ ငါ့ကို မကြာခဏ ကြည့်နေတာလဲ... ငါ့ဝတ်ရုံကို ထိုးဖောက် မြင်နိုင်တာလား...’

အော်ဒရီဟာ ဒီအတွေးကြောင့် လန့်သွားပြီး ယင်ကောင် မျိုချမိသလို စက်ဆုပ်ရွံရှာသွားပါတယ်။ ဒါပေမဲ့ သူမရဲ့ စိုးရိမ်မှုက ခပ်မြန်မြန်ပဲ ပျောက်ကွယ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မစ္စတာအေက သူမရဲ့ ခန္ဓာကိုယ်ကို မကြည့်တော့ဘဲ တခြားအမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို လျှောက်ကြည့်တာ သတိပြုမိလိုက်လို့ပါ။

‘ဒီတော့ သူ့မျက်လုံးတွေက အဝတ်အစားတွေက တိုက်ရိုက်ကြီး ထိုးဖောက် မမြင်နိုင်ဘူး... ဒါပေမဲ့ သူ့အမြင်အာရုံက သာမန်ထက်တော့ အားကောင်းတယ်... ငါ့ကို အနီးကပ် ကြည့်နေသလိုမျိုးပဲ... ဒီအစွမ်းနဲ့ဆိုရင် ခေါင်းစွပ်က သိပ်အရာမရောက်တော့ဘူး...’

အော်ဒရီဟာ သူတို့ဘာသာ အရောင်းအဝယ်လုပ်နေတဲ့ ကျန်တဲ့လူတွေကို အေးအေးဆေးဆေး လေ့လာကြည့်ရှုပြီး လူတချို့ရဲ့ အခြေအနေကို နားလည်သွားပါတယ်။

အဲဒီအချိန်မှာ မစ္စတာအေရဲ့ အကူတစ်ယောက်ဟာ သူတို့ဆီကို လျှောက်လာပြီး မတိုးမကျယ် ပြောပါတယ်။

“လူကြီးမင်းတို့ လိုချင်တာကို စာရွက်တစ်ရွက်ပေါ်မှာ ချရေးပြီး ကျွန်တော့်ကို ပေးပါ... ဒါမှမဟုတ် နားတဲ့အချိန်အထိ စောင့်ပြီး လူကြီးမင်းတို့ ရောင်းချင်တာကို အခန်းလေးထဲက သင်ပုန်းပေါ်မှာ ရေးလို့ရတယ်”

ဖာ့စ်ဟာ ဆေးလိပ် တစ်ချက်ဖွာပြီး ပတ်ဝန်းကျင်ကို သတိကြီးကြီးနဲ့ ကြည့်ပါတယ်။

“ဘယ်ဆုံမှတ် ၉ ဆေးရည် ဖော်မြူလာကို လိုချင်လဲဆိုတာ ဆုံးဖြတ်ပြီးပြီလား”

သူမဟာ သူမရဲ့ကတိအတိုင်း အော်ဒရီနဲ့ ဂလင့်ကို သူမသိတဲ့ ဆုံမှတ်လမ်းကြောင်းတွေ အကုန်လုံးအကြောင်း ပြောပြပြီးပါပြီ။

အော်ဒရီဟာ စဉ်းစားချင်ယောင် ဆောင်ပြီး ဖြေပါတယ် “ပွဲကြည့်သမား... ကျွန်မ ပွဲကြည့်သမား ဖြစ်ချင်တယ်... နောက်ပြီး ကျွန်မ ပွဲကြည့်သမားရဲ့ အဆင့်တက်ဆေးရည် မနောဆက်သမားလည်း လိုချင်တယ်”

သူမဟာ နောက်ကျရင် ဖာ့စ်၊ ဇီယိုဒါရက်ချာတို့နဲ့ မကြာခဏ ဆက်ဆံရမှာဖြစ်တဲ့အတွက် သူ ပွဲကြည့်သမား ဆိုတာ သိသွားနိုင်ခြေ များပါတယ်။ အဲဒါကြောင့် သူမဟာ ဒီအခွင့်အရေးကို အသုံးချပြီး သူမက ပွဲကြည့်သမားဆိုတာကို ဖော်ထုတ်ကာ တဲရော့ကလပ်ရဲ့ တည်ရှိမှုကို လုံးဝ ဖုံးကွယ်လိုက်ပါတယ်။

‘ပိုက်ဆံနည်းနည်း ကုန်မှာဆိုပေမဲ့ တန်ပါတယ်...’ အော်ဒရီဟာ သူ့ကိုယ်သူ ချီးကျူးလိုက်ပါတယ်။

တစ်ချိန်တည်းမှာပဲ သူမဟာ ဇီယိုဒါရက်ချာက သင်ပုန်းကို မကြာမကြာ ကြည့်နေပြီး သူမရဲ့မျက်နှာက လိုအင်ဆန္ဒနဲ့ စိတ်ဓာတ်ကျတာကို ပြနေတယ်ဆိုတာ သတိထားမိသွားပါတယ်။

‘ဇီယိုရဲ့ စကားအရဆိုရင် စီရင်သူရဲ့ အဆင့်တက် ဆေးရည်က ဆုံမှတ် ၈ ကိုယ်စားပြုအရာရှိပဲ... သူ ဈေးကို ကြည့်နေတာပဲ... သူ ဒီဆေးရည်ဖော်မြူလာကို လိုချင်တယ်ဆိုတာ သိသာလွန်းတယ်...’

‘သူက စီရင်သူ ဖြစ်တာ တစ်နှစ်ကျော်ပြီ... နောက်ပြီး သူက မသိမသာနဲ့ စီရင်သူနေရာမှာ သရုပ်ဆောင်နေတာဆိုတော့ သူရဲ့ ဆေးရည်ကို ချေဖျက်ပြီးသွားလောက်ပြီ...’

‘ဒီအသေးစိတ် အချက်အလက်တွေ အကုန်လုံး ပေါင်းလိုက်ရင် သူ ပိုက်ဆံလိုနေတာပဲ’

အော်ဒရီ ဒါတွေအကုန်လုံးကို တွက်ချက်နေတုန်းမှာ မြို့နယ်စား ဂလင့်က သူ လိုချင်တဲ့ ဆေးရည်ကို ရွေးချယ်လိုက်ပါတယ်။

“ဆေးဖော်သမား... ငါ ဆုံမှတ် ၉ ဆေးဖော်သမားကို လိုချင်တယ်”

အော်ဒရီ၊ ဖာ့စ်ရဲ့ ဇီယိုရဲ့ အကြည့်တွေ သူ့ဆီ စုပြုံကျလာတာကို ခံစားမိတာကြောင့် ဂလင့်ဟာ ရယ်ပြီး ရှင်းပြပါတယ်။

“ငါ့အတွက် ကျန်းမာရေးနဲ့ ရောဂါဖြစ်တာကို စိုးရိမ်စရာ မလိုတာက အရေးကြီးဆုံးပဲ”

“ကျိုးကြောင်းကျတဲ့ ဆုံးဖြတ်ချက်ပဲ... ကျွန်မလည်း တစ်ခါတုန်းက ဆေးဖော်သမား ဖြစ်ဖို့ အိပ်မက် မက်ခဲ့ဖူးတယ်” ဖာ့စ်ဟာ အပြုံးနဲ့ သက်ပြင်းချရင်း ပြောပါတယ်။ သူမရဲ့အသံဟာ နွမ်းလျ လေးတွဲမှုတွေ ပြည့်နေပါတယ်။

ဆုံးဖြတ်ချက် ချပြီးတာနဲ့ သူတို့တွေဟာ သူတို့လိုချင်တာကို စာရွက်ပေါ်မှာ ချရေးပြီး အကူကို ပေးလိုက်ပါတယ်။ သူတို့တွေ လျှောက်ကြည့်နေတုန်းမှာ အကူက အခန်းထဲမှာ လျှောက်သွားပြီး တွေ့ဆုံပွဲလာတက်တဲ့ လူတွေဆီက စာရွက်တွေကို ပြန်သိမ်းပါတယ်။

ဒီအကူဟာ စာရွက်တွေကို ရောထွေးပြီး သင်ပုန်း တာဝန်ယူထားရတဲ့ သူ့လုပ်ဖော်ကိုင်ဖက်ကို ပေးကာ သင်ပုန်းပေါ်မှာ တောင်းဆိုချက်တွေ ရေးခိုင်းပါတယ်။

“ငါ ပွဲကြည့်သမားနဲ့ မနောဆက်သမား ဖော်မြူလာ လိုတယ်... ဈေးနှုန်းကို မျက်နှာချင်းဆိုင် ညှိနှိုင်းမယ်”

အကူက သင်ပုန်းပေါ်မှာ ရေးပြီးတာနဲ့ ဒီတောင်းဆိုချက်ကို သုံးကြိမ် ရွတ်ပါတယ်။ တစ်ယောက်ယောက်က စိတ်ဝင်စားရင် အခန်းတစ်ခန်းကို တိတ်တဆိတ် တောင်းဆိုလို့ရပါတယ်။ အဲဒီမှာ အရောင်းအဝယ်ဖြစ်အောင် ကူညီတဲ့ နောက်ထပ် အကူတွေ ရှိပါတယ်။

တစ်ခဏကြာအောင် စောင့်ဆိုင်းပေမဲ့ သူတို့ကို ဆက်သွယ်လာတဲ့လူ မရှိတဲ့အတွက် အော်ဒရီနဲ့ ဂလင့်ဟာ စိတ်ပျက်သွားပါတယ်။

အဲဒီအချိန်မှာပဲ အကူတစ်ယောက်ဟာ အော်ဒရီဘေးနားကို လျှောက်လာပြီး ခေါက်ထားတဲ့ စာရွက်တစ်ရွက် ပေးပါတယ်။

“မစ္စတာအေဆီကပါ” အကူက ညင်ညင်သာသာ ပြောပါတယ်။

အော်ဒရီဟာ စာရွက်ကို ဖြန့်ကြည့်ပြီး တစ်ချက်ကြည့်ပါတယ်။

“မင်း တခြား ဆုံမှတ် ၉ ဆေးရည် ဖော်မြူလာတွေကို စိတ်ဝင်စားလား”

အော်ဒရီဟာ နှုတ်ခမ်းတွန့်လိုက်ပြီး စာရွက်ရဲ့ နေရာလွတ်မှာ ချက်ချင်း ချရေးလိုက်ပါတယ် “ကျွန်မ ပွဲကြည့်သမားပဲ စိတ်ဝင်စားတယ်”

သူမဟာ စာရွက်ကို ပြန်ခေါက်ပြီး အကူကို ပြန်ပေးလိုက်ပါတယ်။ အဲဒီနောက် အကူဟာ စာရွက်ကို မစ္စတာအေဆီ ပြန်ပေးတာ ကြည့်နေလိုက်ပါတယ်။

မစ္စတာအေဟာ စာရွက်ကို တစ်ချက်ကြည့်ပြီး ဘာမှမပြောဘဲ ကျန်တဲ့အဖွဲ့ဝင်တွေကို တိတ်တဆိတ် ကြည့်လိုက်ပါတယ်။

ဒါပေမဲ့ အော်ဒရီဟာ စူးရှတဲ့အာရုံ ရှိတာမလို့ မစ္စတာအေက စာရွက်ကို သိုသိုသိပ်သိပ် မီးရှို့ပြီး ပြာတွေကို ကြမ်းပြင်ပေါ် ချလိုက်တာ သတိပြုမိလိုက်ပါတယ်။

ဆယ်ငါးမိနစ် ကြာတဲ့အခါမှာတော့ မစ္စတာအေက။

“အခုက ငါတို့တွေ ခဏနားမယ်... တွေ့ဆုံပွဲ လာတက်တဲ့လူ အချင်းချင်း လွတ်လွတ်လပ်လပ် ဆက်ဆံကြပါ”

အဲဒီအချိန် ဧကရာဇ်ရစ်ဆဲလ် ဒိုင်ယာရီ စာရွက်သုံးရွက် ရောင်းခဲ့တဲ့ လူငယ်ဟာ အော်ဒရီနား ကပ်လာပြီး စိတ်လှုပ်တရှား ပြောပါတယ်။

“ငါ ဧကရာဇ်ရစ်ဆဲလ်ရဲ့ ထူးခြားစကားလုံးတွေထဲက တစ်ပိုင်းတစ်စကို ဖော်နိုင်ပြီ... အဲဒါကို ငါ့ကိုယ်မှာ တက်တူးထိုးထားတာ အစွမ်းတချို့ ရလာတယ်”

“မင်း စိတ်ဝင်စားလား”

အော်ဒရီဟာ သူမ ဧကရာဇ်ရစ်ဆဲလ် ဒိုင်ယာရီထဲမှာပါတဲ့ စကားလုံးတွေက ထူးခြားတဲ့ အစွမ်းအစ ရှိလားလို့ မစ္စတာအရူးဆီမှာ မေးခဲ့တာကို ရုတ်တရက် ပြန်တွေးမိလိုက်ပါတယ်။ အဲဒီစကားလုံးတွေကို နတ်ဘုရားတစ်ပါးပါးက ရုတ်တရက်ကြီး စိတ်ဝင်စားလာမှ အစွမ်းရှိလာလိမ့်မယ်လို့ မစ္စတာအရူးက ဖြေခဲ့ပါတယ်။

သူမဟာ သူမရှေ့က လူငယ်ကို ကြည့်ပြီး တစ်ခဏတွေးကာ စပ်စုလိုက်ပါတယ် “ဘယ်လို အစွမ်းမျိုး ရလာလို့လဲ”

လူငယ်ဟာ စိတ်လှုပ်တရှား ဖြေပါတယ် “ငါ ပိုသန်မာပြီး ပိုကျန်းမာလာတယ်”

အော်ဒရီဟာ လူငယ်ကို သနားတဲ့အကြည့်နဲ့ ကြည့်လိုက်ပါတယ် “တောင်းပန်ပါတယ်... ကျွန်မ ကျွန်မရဲ့ သုတေသနကိုပဲ ပိုယုံတယ်”

ကျန်တဲ့အချိန်တွေမှာ သူမဟာ တွေ့ဆုံပွဲ လာတက်တဲ့လူတွေကို ဆက်ပြီးတော့ လေ့လာကြည့်ရှုပေမဲ့ ဘာသတင်း အချက်အလက်မှ ထပ်မရပါဘူး။ တချို့တွေက ဆရာဝန်တွေ တချို့တွေက ရှေ့နေတွေနဲ့ တချို့က သာမန်အလုပ်အကိုင် ရှိတယ်ဆိုတာကိုပဲ အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။

နောက်ထပ် နာရီဝက် ကြာတဲ့အခါမှာတော့ အော်ဒရီတို့တွေဟာ မြို့နယ်စားအိမ်တော်ကို ပြန်ပြီး ကပွဲ ပြီးတဲ့အထိ စောင့်ကြပါတယ်။

ည ၁၀ နာရီမှပဲ အော်ဒရီဟာ အိမ်ပြန်ရောက်ပါတယ်။ အော်ဒရီဟာ သူမရဲ့ အစေခံကို ရေနွေး ပြင်ခိုင်းမဲ့ဆဲဆဲမှာ ဆူဇီက သူမကို တစ်ချက်ကြည့်တာ မြင်လိုက်ပါတယ်။

‘ငါ့ခွေးက ငါ့ကို တစ်ချက်ကြည့်လိုက်တယ်...’အော်ဒရီရဲ့ ခံစားချက်တွေဟာ ရှုပ်ထွေးသွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters