← Chapters

ဈေးကြီးတဲ့အဆောင်

Vol. 14 Ch. 133

ဈေးကြီးတဲ့အဆောင်

Vol. 14 Ch. 133

အဲလစ်ဇဘတ်ဟာ ကလိုင်းရဲ့ စကားကို ကြားလိုက်ရတဲ့အခါ ချက်ချင်းဆိုသလို ရင်ထိတ်သွားပါတယ်။ အဲဒီနောက် သူမ စကားပြောတာဟာ ပိုပိုပြီးတော့ မြန်လာပါတယ်။

“အဲဒါကို ပိုပြီးတော့ တိတိကျကျ တွက်ချက်လို့ရလား... ဒီကိစ္စကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို တွက်ချက်နိုင်ရင် အကောင်းဆုံးပဲ”

‘ဗေဒင်တွက်တာက ပြဿနာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ယေဘုယျပဲ လမ်းညွှန်ပေးနိုင်တယ်... နောက်ပြီး အဲဒါက ရှင်းရှင်းလင်းလင်း မရှိဘဲ သင်္ကေတတွေနဲ့ ပြည့်နေတာဆိုတော့ အရိပ်အမြွက်တွေကို မှန်မှန်ကန်ကန် အဓိပ္ပာယ်ဖော်နိုင်ဖို့ မလွယ်ဘူး... ဒါပေမဲ့ မင်း တော်တော် ကံကောင်းတယ်... ငါက သာမန် အမြင်ဆရာ မဟုတ်ဘူး... ဂမ္ဘီရပညာရှင်စစ်စစ်ပဲ’

ကလိုင်းဟာ အဲလစ်ဇဘတ်ရဲ့ မေးခွန်းကို စိတ်ထဲမှာ သရော်လိုက်ပြီးမှ လေးလေးနက်နက် ပြောပါတယ်။

“ဒီကိစ္စက အိပ်မက်နဲ့ဆိုင်တာ ဆိုတော့ အဲဒါနဲ့ ဆင်တူတဲ့ တွက်နည်းသုံးဖို့ အကြံပေးချင်တယ်”

“ရတယ်... ရတယ်... ဘာပဲဖြစ်ဖြစ်ရတယ်... အဆင်ပြေရင် ပြီးရော... ” အဲလစ်ဇဘတ်ဟာ ဗိုက်ဆာနေတဲ့ သစ်တောက်ငှက်လိုမျိုး ခေါင်းညိတ်ပါတယ်။

ကလိုင်းဟာ ပရော်ဖက်ရှင်နယ်ပုံစံကို ထိန်းသိမ်းပြီး ပြောပါတယ် “မင်း ဒီနေရာမှာ အိပ်ပြီး အိပ်မက်ကို သူ့ဘသာသာ ပေါ်လာအောင် လုပ်ဖို့လိုတယ်... အဲဒီလိုလုပ်ဖို့ အဆင်ပြေတယ်မလား”

“ပြေပါတယ်... ကျွန်မ ရှင့်ကို ယုံတယ်” အဲလစ်ဇဘတ်ဟာ တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ပြန်ဖြေပါတယ်။

ဒါပေမဲ့ သူမဟာ ထစ်ထစ်ငေါ့ငေါ့နဲ့ ဖြည့်ပြောပါတယ် “ဒါ... ဒါပေမဲ့... ကျွန်မ အဲဒီအိပ်... အိပ်မက်ကို မက်လိမ့်မယ်လို့ အာမ မခံနိုင်ဘူး”

“ရတယ်... ကြိုးစားကြည့်ရုံပဲ” ကလိုင်းဟာ ညင်သာတဲ့အပြုံးနဲ့ နှစ်သိမ့်ပေးပါတယ်။

အဲဒီနောက် သူဟာ ဘေးမှာရှိတဲ့ ဆိုဖာရှည်ကို ထိုးပြပြီး “အိပ်ပါ”

“ရတယ်... ကျွန်မ အဲဒါမလိုဘူး... ကျွန်မ ဒီနေရာမှာ အိပ်လို့ရတယ်” အဲလစ်ဇဘတ်ဟာ ခေါင်းကို ညင်ညင်သာခါပြီး လက်ပိုက်လိုက်ပါတယ် “ကျွန်မ ကျောင်းမှာ ဒီအတိုင်း အိပ်နေကျ”

သူမဟာ စားပွဲပေါ် လက်တင်ပြီး လက်ကို ခေါင်းအုံးလုပ်ပါတယ်။

“အင်း... မင်း ငါ မရှိသလို သဘောထားလိုက်”

ကလိုင်းဟာ သူမရဲ့ ရောင်ဝါနဲ့ ခံစားချက်တွေရဲ့ အရောင်ကို လေ့လာကြည့်ရှုရင်း ပြုံးလိုက်ပါတယ်။ သူဟာ ဒီအရောင်တွေကို ကြည့်ပြီး အဲလစ်ဇဘတ်က တကယ် အိပ်ပျော်၊ မပျော် ဆိုတာကို တွက်ချက်ပါတယ်။

“အင်း...” အဲလစ်ဇဘတ်ဟာ မျက်လုံးမှိတ်ပြီး လက်ပေါ် ခေါင်းချကာ အသက်ရှူသံမှန်အောင် ကြိုးစားပါတယ်။

ကလိုင်းဟာ ကုလားထိုင်မှာ နောက်မှီထိုင်ရင်း ဘာစကားမှ မပြောပါဘူး။ ရုတ်တရက်ဆိုသလို တစ်ခန်းလုံး တိတ်ဆိတ်သွားပါတယ်။ ဒီတိတ်ဆိတ်မှုက လူတစ်ယောက်ကို သူတို့ရဲ့ ပြဿနာတွေ မေ့ပျောက်သွားအောင် စွမ်းဆောင်နိုင်တဲ့ ငြိမ်သက် အေးချမ်းတဲ့ တိတ်ဆိတ်မှုမျိုးပါ။

တစ်ခဏကြာသွားလို့ အဲလစ်ဇဘတ် အိပ်ပျော်သွားပြီ ဆိုတာ အတည်ပြုပြီးတဲ့နောက် ကလိုင်းဟာ စက်ဝန်းခြမ်းပုံ ငွေထည်ပစ္စည်းတစ်ခုကို အိတ်ကပ်ထဲကနေ ထုတ်ယူလိုက်ပါတယ်။ ဒီငွေထည်ပစ္စည်းက အဓိပ္ပာယ်ဖော်ဖို့ခက်တဲ့ ဟာမီးစကားစုတွေသာမက သင်္ကေတတွေ၊ ပုံရိပ်တွေ၊ နံပါတ်တွေနဲ့ပါ ပြည့်နေပါတယ်။

ဒါက ကလိုင်း စီရင်လို့ အောင်မြင်ထားတဲ့ အိပ်မွေ့ချအဆောင်ပါ။

သူဟာ အိပ်မွေ့ချ အဆောင်နှစ်ခုနဲ့ ဝိညာဉ်ဆုတောင်း အဆောင်နှစ်ခုကိုလည်း အောင်မြင်အောင် လုပ်နိုင်ခဲ့ပါတယ်။ အိပ်မွေ့ချအဆောင်ကို ထောင့်မှန်စတုဂံပုံ ငွေထည်နဲ့ ပြုလုပ်ထားပြီး ဝိညာဉ်ဆုတောင်း အဆောင်ကိုတော့ တြိဂံပုံ ငွေထည်နဲ့ ပြုလုပ်ထားခဲ့ပါတယ်။ ဒီလိုခွဲခြားပြီး လုပ်ရတာက တိုက်ပွဲအတွင်းမှာ ကိုင်ကြည့်ရုံနဲ့ ဘာအဆောင်လဲဆိုတာ သိနိုင်အောင်လို့ပါ။

“ကြက်သွေးရောင်” ကလိုင်းဟာ ဟာမီးဘာသာစကားနဲ့ ညင်ညင်သာသာ ရွတ်ဆိုလိုက်ပါတယ်။

ဒါက သူ သတ်မှတ်ထားတဲ့ အဆောင်နှိုးမန္တန်ပဲ။ အဆောင်နှိုးမန္တန်ပြီးရင် အဆောင်ထဲကို စိတ်ဝိညာဉ်စွမ်းအား လောင်းထည့်ရတာဆိုတော့ အဆောင်နှိုးမန္တန်ကို ကျန်တာတွေနဲ့ မတူကွဲပြားအောင် ပေးဖို့ မလိုပါဘူး။ အဓိကက တိုပြီး မှတ်မိလွယ်ဖို့ပါပဲ။

သူ့ရဲ့ အဆောင်နှိုးမန္တန်သံဟာ အခန်းထဲမှာ ပဲ့တင်ခတ်သွားပါတယ်။ ကလိုင်းဟာ သူ့လက်ထဲက အိပ်မွေ့ချအဆောင်ဟာ အလေးချိန် မရှိတော့သလိုမျိုး ပေါ့ပါးသွားတာကို ခံစားလိုက်ရပါတယ်။

ကလိုင်းဟာ အဆောင်ထဲ စိတ်ဝိညာဉ်စွမ်းအား သွင်းပြီးတာနဲ့ ချက်ချင်းဆိုသလို အဆောင်ကို သူ့ရှေ့က စားပွဲပေါ်တင်လိုက်ပါတယ်။

ကြည်လင်တောက်ပတဲ့ မီးလျှံဟာ တိတ်တဆိတ် ထွက်ပေါ်လာပြီး အဆောင်ကို လွှမ်းမိုးအုပ်ခြုံကာ တည်ငြိမ်အေးချမ်းတဲ့ အနက်ရောင်မီးလျှံအဖြစ် ပြောင်းလဲသွားပါတယ်။ အနက်ရောင်မီးလျှံဟာ လျင်လျင်မြန်မြန် ပျံ့နှံ့သွားပြီး အဲလစ်ဇဘတ်နဲ့ ကလိုင်းကို လွှမ်းမိုးသွားပါတယ်။

ကလိုင်းဟာ အခွင့်အ‌ရေးကို လက်လွှတ်မခံဘဲ တွေးခေါ်မှု အခြေအနေထဲ ဝင်လိုက်ပါတယ်။ သူဟာ စိတ်ဝိညာဉ်စွမ်းအားသုံးပြီး သူ့ရှေ့က ဝိုးတိုးဝါးတား အလင်း စက်လုံးကို ကြည့်လိုက်ပါတယ်။

အလင်းစက်လုံးကို အပြောကျယ်လှတဲ့ အမှောင်ထုက ဝန်းရံထားတဲ့အတွက် အလင်းစက်လုံးဟာ အထီးကျန်ဆန်တဲ့ပုံ ပေါ်နေပါတယ်။ ကလိုင်းဟာ အချိန်ဆွဲမနေဘဲ စိတ်ဝိညာဉ်စွမ်းအားသုံးပြီး ဝိုးတိုးဝါးတား အလင်းစက်လုံးကို ထိလိုက်ပါတယ်။

တိတ်တဆိတ် သူ့ဘေးပတ်လည်က မြင်ကွင်းဟာ လင်းလက်ပြီး ပုံပန်းပျက်သွားပေမဲ့ ချက်ချင်းဆိုသလို ဝါညိုရောင်လွင်ပြင်အဖြစ် ပြောင်းလဲသွားပါတယ်။ ဒီလွင်ပြင်မှာ လူနဲ့မြင်းတွေရဲ့ အလောင်းတွေ ပုံထပ်နေပါတယ်။ ဘယ်နေရာကိုကြည့်ကြည့် သွေးနဲ့ လက်နက်တွေချည်းပါပဲ။

လက်ပွဂါဝန်နဲ့ ဇာဦးထုပ်ကို ဆောင်းထားတဲ့ အဲလစ်ဇဘတ်ဟာ ဟိုဟိုဒီဒီကြည့်ပြီး လမ်းပျောက်နေပါတယ်။ သူမဟာ ကလိုင်းကို ခပ်မြန်မြန်ပဲ ရှာတွေ့သွားပြီး အံ့အားသင့်ကာ ဝမ်းသာသွားပါတယ်။

“မစ္စတာမိုရက်တီ... ကျွန်မတို့တွေ ထပ်တွေ့ပြန်ပြီ... ကျွန်မ ဆယ်လီနာနဲ့ ဗေဒင်တွက်ဖို့ လာတုန်းက အယ်ဘမ်ထဲမှာပါတဲ့ ကလိုင်း မိုရက်တီဆိုတဲ့ နာမည်ကို ရှင်လို့ သံသယဝင်နေခဲ့တာ... ကျွန်မ နောက်ထပ် လေးငါးခေါက် လာ‌သေးတယ်... ဒါပေမဲ့ ရှင်နဲ့ အမြဲတမ်း လွဲလွဲသွားတယ်...”

“နွေရာသီ အားလပ်ရက် ရောက်တော့ ကျွန်မရဲ့ မိဘတွေကို ကျွန်မကို လမိုဒ်မြို့ဆီ ခေါ်သွားတယ်...”

“ရှင် ကျွန်မကို ကူညီနိုင်တယ်မလား”

ကလိုင်းဟာ အဲလစ်ဇဘတ်ရဲ့ တရစပ် စကားပြောတာကို နားထောင်ပြီး တစ်ခဏ ခဲသွားပါတယ်။

‘အဲလစ်ဇဘတ်က ငါ ဗေဒင်ကလပ်မှာ အချိန်ပိုင်း အလုပ်လုပ်နေတယ်လို့ သံသယဝင်ပြီး ထပ်ခါထပ်ခါ တွေ့ဖို့ ကြိုးစားခဲ့တာလား...’

‘အင်း... သူ့ကြည့်ရတာ သာမန်မဟုတ်တဲ့ပုံ မပေါ်ဘူး’

‘အင်း... သူ အံ့အားသင့်သွားတာက အမှန်ပဲ... ဒါက သူ့အတွေးစစ်တွေ ဖြစ်နိုင်တယ်...’

‘ဟုတ်တယ်... လူတိုင်းရဲ့ အိပ်မက်က သူတို့ရဲ့ အရိုးသားဆုံးမျက်နှာကို ပြမှာပဲ... ငါ မစ္စတာအရူးက လွဲလို့ပေါ့...’

သူ တွေးတောနေတုန်းမှာပဲ အဲလစ်ဇဘတ်ရဲ့ အိပ်မက်က ပြောင်းလဲသွားပါတယ်။ ၁.၉ မီတာ မြင့်မားတဲ့ ထောင်ထောင်မောင်းမောင်း စစ်သူရဲတစ်ဦးဟာ ဓားရွက်ပြားကြီးတဲ့ ဓားရှည်တစ်လက်ကို မြေကြီးမှာ တိုက်ဆွဲပြီး သူတို့နှစ်ယောက်ဆီ လျှောက်လာပါတယ်။

ဒီစစ်သူရဲဟာ အနက်ရောင် သံချပ်ကာကို ဝတ်ဆင်ထားပြီး သတ္တုချင်း ပွတ်တိုက်သံကို သူ့ခြေလှမ်းတိုင်းမှာ ကြားနိုင်ပါတယ်။ မီးလျှံနဲ့တူတဲ့ အစက်နှစ်စက်ဟာာ မျက်နှာဖုံးရဲ့ အဟကြားထဲမှာ ပေါ်လာပြီး သူတို့နှစ်ယောက်ကို စိုက်ကြည့်နေပါတယ်။

‘တစ္ဆေရဲ့ စိတ်ဆန္ဒ... မကောင်းဆိုးဝါး စိတ်ဝိညာဉ် အဆင့်ကို မရောက်သေးဘူး...’ စိတ်ဝိညာဉ် အခြေအနေမှာရှိတဲ့ ကလိုင်းဟာ စိတ်ဝိညာဉ်အာရုံကို ဖွင့်စရာ မလိုပါဘူး။

ညသိမ်းငှက်ရဲ့ လျှို့ဝှက် သတင်း အချက်အလက်အရ စိတ်ဝိညာဉ်တွေ ချန်ထားခဲ့တဲ့ အငြိုးအတေးနဲ့ တရားမမျှတတဲ့ ခံစားချက်တွေက အားအနည်းဆုံးနဲ့ ဖြေရှင်းဖို့ အလွယ်ကူဆုံး ဝိညာဉ်တွေပါ။ အဲဒီနောက်မှာတော့ အရိပ်တွေနဲ့ တစ္ဆေတွေ ရှိပါတယ်။ မကောင်းဆိုးဝါး စိတ်ဝိညာဉ်တွေကတော့ ဝိညာဉ်လို အကောင်တွေထဲမှာ ဖြေရှင်းဖို့ အခက်အခဲဆုံးပါ။ ကြောက်စရာ အကောင်းဆုံး မကောင်းဆိုးဝါး စိတ်ဝိညာဉ်တွေက အမြင့်တန်းစား သာလွန်သူလောက် စွမ်းအားကြီးပါတယ်။

ကလိုင်းဟာ ဒီအကြောင်းတွေကို တွေးရင်း ရှေ့ခြေတစ်လှမ်း လှမ်းကာ အဲလစ်ဇဘတ်ရဲ့ ရှေ့မှာ မားမားမတ်မတ် ရပ်လိုက်ပါတယ်။ အဲဒီနောက် ခြေဆောင့်ပြီး အိပ်မက်ကို ခွဲခြေပစ်လိုက်ပါတယ်။

အလင်းမှုန်တွေဟာ ပိုးစုန်းကြူးလို ပြန့်ကျဲသွားပါတယ်။ ကလိုင်းရဲ့ စိတ်ဝိညာဉ်ဟာလည်း သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်သွားပါတယ်။ မျက်လုံးပွင့်လာတဲ့ ကလိုင်းဟာ အခန်းထဲက အမှောင်ထုနဲ့ အသားကျသွားတဲ့အခါ ဗေဒင်တွက်ဖို့ လိုအပ်တဲ့ ပစ္စည်းကိရိယာတွေနဲ့ လောင်ကျွမ်းလို့ ကုန်ခါနီးသွားပြီ ဖြစ်တဲ့ အိပ်မွေ့ချအဆောင်ကို တွေ့လိုက်ရပါတယ်။

ကလိုင်းဟာ ဒါကို ကြည့်ပြီး ရင်ထဲမှာ တဆစ်ဆစ် ကိုက်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ထာဝရည နတ်ဘုရားမ ပိုင်စိုးတဲ့ အဆောင်တွေက ငွေစစ်စစ်နဲ့ လုပ်ထားတာမလို့ပါ။

‘ဒီအဆောင်တွေကို သုံးရတာက ပိုက်ဆံ မီးရှို့ရသလိုပဲ... ငါ့လုပ်အားခကို ထည့်မတွက်ရင်တောင် ပစ္စည်းဖိုးနဲ့တင် အဆောင်တစ်ခုကို ၇ ဆိုလီ ၈ ဆိုလီလောက် ကုန်တယ်...’

အဲဒီနောက် သူဟာ အနှိုင်းမဲ့တောက်ပတဲ့ နေမင်း ဘုရားကျောင်းက သာလွန်သူတွေကို တွေးမိပြီး ရင်ထဲမှာ နည်းနည်း နေသာထိုင်သာ ရှိသစွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့တွေက ရွှေကို မီးရှို့တာမလို့ပါ။ နေမင်းနဲ့ သက်ဆိုင်တဲ့ သတ္တုက ရွှေမဟုတ်ပါလား။

အဲလစ်ဇဘတ်ဟာ ညင်ညင်သာသာ ညည်းညူပြီး ဖြည်းဖြည်းချင်း နိုးလာကာ ကိုယ်ကို မတ်လိုက်ပါတယ်။ သူမဟာ ကလိုင်းကို တိတ်တခိုး တစ်ချက်ကြည့်ပြီး မေးပါတယ်။

“မစ္စတာမိုရက်တီ... တစ်ခုခု ထူးလား”

“အင်း...” ကလိုင်းဟာ လေးလေးနက်နက် ခေါင်းညိတ်ပါတယ် “မင်းရဲ့ အိပ်မက်ဆိုးက အများဆုံး တစ်ပတ်မကျော်ခင် ပျောက်သွားလိမ့်မယ်”

‘ငါ ဒါကို ကပ္ပတိန်ဆီ အစီရင်ခံပြီး လူလွှတ် ရှင်းခိုင်းလိုက်မယ်...’ ကလိုင်းဟာ စိတ်ထဲမှာ ဖြည့်ပြောလိုက်ပါတယ်။

“တကယ်လား... တော်သေးတာပေါ့... မစ္စတာမိုရက်တီ ကျေးဇူးပါပဲ” အဲလစ်ဇဘတ်ဟာ စိတ်လှုပ်ရှားသွားပါတယ်။ အဲဒီနောက် သူမဟာ ရုတ်တရက်ဆိုသလို မျက်မှောင်ကြုတ်သွားပါတယ်။

“ဘာဖြစ်လို့လဲ’ ကလိုင်းက အလေးတထား မေးပါတယ်။

“ဘာမှမဟုတ်ပါဘူး... ကျွန်မ အိမ်ပြန်သင့်ပြီဆိုတာ သတိရလိုက်လို့ပါ” သူမဟာ တစ်ဆိုလီတန် တစ်ရွက်ကို ဖြည်းဖြည်းချင်းထုတ်ပြီး စားပွဲပေါ် တင်လိုက်ပါတယ်။ အဲဒီနောက် သူမဟာ ဦးထုပ်ကို ဆွဲယူပြီး ကလိုင်းကို နှုတ်ဆက်ပါတယ်။

မဟူရာနီခန်းထဲက ထွက်ပြီးနောက် အဲလစ်ဇဘတ်ဟာ တံခါးအပြင်ဘက်က လှေကားဆီ လျှောက်သွားပါတယ်။ သူမဟာ ဘယ်သူမှ ကြည့်မနေဘူးဆိုတာကို အတည်ပြုပြီးနောက် လက်မောင်းကို ယမ်းခါကာ အသာ ညည်းတွားလိုက်ပါတယ်။

“ထုံလိုက်တာ...”

...

ဆူးနက်လုံခြုံရေး ကုမ္ပဏီမှာ ဒန်းစမစ်ဟာ ကလိုင်းကို ကြည့်ရင်း နဖူးပွတ်လိုက်ပါတယ်။

“မင်း ရုတ်တရက်ကြီး ပြန်လာတာ နောက်ထပ် သဘာဝလွန်ကိစ္စ တစ်ခုနဲ့ တိုးလာလို့လား”

‘ဟေး... ကပ္ပတိန်... ကပ္ပတိန်လေသံက မှိုချိုးမျှစ်ချိုးနဲ့...’ ကလိုင်းဟာ လည်ချောင်းရှင်းပြီး တစ်စက္ကန့်တောင် မတုံ့ဆိုင်းဘဲ ဖြေပါတယ် “ဟုတ်တယ်”

“ဒီတစ်ခေါက်ကရော ဘာကိစ္စလဲ” ဒန်းစမစ်ဟာ နဖူးကို ထပ်ပွတ်လိုက်ပါတယ်။

“ကိစ္စနှစ်ခု... ပထမကိစ္စက ကျွန်တော် မြေအောက်ဈေးမှာ အဆောင်အတွက် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းတွေ ဝယ်နေတုန်း ထောင့်တစ်နေရာမှာ တဆတ်ဆတ် တုန်ယင်နေတဲ့ မွန်းစတား အဒမ်မစ်ရွှယ်ကို တွေ့ခဲ့တယ်”

ကလိုင်းဟာ ဒီစကားကို ပြောလိုက်တဲ့အခါမှာ သူ ကုန်ကြမ်းပစ္စည်းတွေ အစားလိုကြောင်း သေသေချာချာ အရိပ်ပြပါတယ်။ သူဟာ ဒက်တာ ဂျူဒေးရီးယန်ကို စုံထောက်နဲ့ ရှာခိုင်းတဲ့ ကုန်ကျငွေကိုတောင် မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စုံထောက်ကို ရှာခိုင်းတဲ့အထဲမှာ မီးခိုးခေါင်းတိုင်နီ ကိစ္စပါ ပါနေလို့ပါ။ စုံထောက်ကို ခွဲပြီး အလုပ်မအပ်ခဲ့တာ သူ တော်တော်လေး နောင်တရသွားပါတယ်။

ဒန်းစမစ်ဟာ ကလိုင်းရဲ့ အရိပ်အယောင်ကို နားမလည်သလိုနဲ့ ခေါင်းအသာညိတ်ပါတယ်။

“အဒမ်မစ်ရွှယ်က ဘာဖြစ်တာလဲ”

ကလိုင်းဟာ အသက်ရှူထုတ်ပြီး အသေးစိတ် ရှင်းပြပါတယ် “အဒမ်မစ်ရွှယ်က ထူးဆန်းတဲ့ အိပ်မက်တစ်ခု မက်တယ်... သူ့အိပ်မက်ထဲမှာ နေရာတိုင်း အလောင်းတွေ သွေးတွေးချည်းပဲ... အဲဒီထဲမှာ အလောင်းတစ်လောင်းက သူဖြစ်နေလို့ တော်တော်လေး ကြောက်လန့်နေတယ်”

ဒန်းစမစ်ဟာ တစ်ခဏတွေးပြီး တစ်လုံးချင်း မေးပါတယ် “အမြင်ဆရာအနေနဲ့ မင်း ဒါကို ဘယ်လိုမြင်လဲ”

“ဘေးအန္တရာယ်... နယ်ကျယ်တဲ့ ဘေးအန္တရာယ်... ဒါကလွဲပြီး ကျွန်တော်မှာ တခြား ဘာသတင်းအချက်အလက်မှ မရှိဘူး... နောက်ပြီး အဒမ်မစ်ရွှယ်ရဲ့ အိပ်မက်ထဲက အရာအားလုံးက အဓိပ္ပာယ် မရှိလောက်ဘူး...”

“ငါ ဒီကိစ္စကို သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းတော်ဆီ သတင်းပို့ပြီး သူတို့တွေ ဘာပြောမလဲဆိုတာ ကြည့်ကြတာပေါ့” ဒန်းစမစ်ဟာ ခေါင်းခါပြီး သူ့ကိုယ်သူ သရော်သံနဲ့ ဆိုပါတယ် “ငါက ဒီပိုင်းမှာ အတွေ့အကြုံ ရှိတာ မဟုတ်ဘူး”

ကလိုင်းမှာလည်း တခြားအကြံ မရှိပါဘူး။ အဲဒီနောက် သူဟာ အဲလစ်ဇဘတ် ကြုံတွေ့ရတဲ့ နှောင့်ယှက်မှုအကြောင်း ပြောပါတယ်။

“လမိုဒ်မြို့... အဲဒီမိန်းကလေးက နတ်ဘုရားမကို ယုံကြည်တဲ့လူလား” ဒန်းစမစ်က မေးပါတယ်။

“ဟုတ်ပါတယ်” ကလိုင်းက အခိုင်အမာ ဖြေပါတယ်။

“အဲဒါဆိုရင်တော့ ကိစ္စမရှိဘူး... လမိုဒ်မြို့ကို အခုသွားပြီး အဲဒီမှာ ညစာ စားကြတာပေါ့... အင်း... ဖရိုင်းကိုလည်း ခေါ်သွားမယ်... ဒီလို အလောင်းနဲ့ သရဲကိစ္စတွေမှာ သူ့အစွမ်းက အသုံးဝင်တယ်” ဒန်းစမစ်ဟာ နားထင်ကို နှိပ်ရင်း သူ တစ်ခုခုကို မေ့နေလားဆိုတာ အကောင်းဆုံး ကြိုးစားပြီး တွေးယူပါတယ်။

အဲလစ်ဇဘတ်က ထာဝရညနတ်ဘုရားမကို ကိုးကွယ်တဲ့လူ မဟုတ်ရင် သူတို့တွေ ဒီကိစ္စကို အဲလစ်ဇဘတ်ရဲ့ ကိုးကွယ်မှုအတိုင်း ဒဏ်ခတ်သမား ဒါမှမဟုတ် မက္ကန်းနစ်ဟိုက်မိုင်းဆီ လွှဲအပ်ရမှာပါ။ သူမရဲ့ ကိုးကွယ်မှုက ဘုရားကျောင်းကြီးသုံးကျောင်း မဟုတ်ဘူးဆိုရင်တော့ မြို့စွန့်မြို့ဖျားကို တာဝန်ယူထားရတဲ့ မက္ကန်းနစ်ဟိုက်မိုင်းဆီ လွှဲအပ်ရမှာပါ။

ကလိုင်းဟာ ဘာမှ မပြောဘဲ တိတ်တဆိတ် စောင့်ဆိုင်းပါတယ်။ တစ်ခဏအကြာမှာတော့ ဒန်းစမစ်ဆီက စကားသံ ထပ်ကြားလိုက်ရပါတယ်။

“နောက်ပြီး... ဒီမစ်ရှင်မှာ သုံးယောက်ရှိတာဆိုတော့ ငါတို့တွေ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို သုံးဖို့ တောင်းလို့ရတယ်”

“၃-၀၇၈၂” တစ်မိနစ်အကြာမှာတော့ ကလိုင်းဟာ မျိုးပြောင်း နေမင်းတံဆိပ်တော်မြတ်လို့ ခေါ်တဲ့ ချိပ်ပိတ်လက်နက် အကြောင်းကို အမှတ်ရသွားပါတယ်။

ဒီတံဆိပ်တော်မြတ်ရဲ့ သာလွန်စွမ်းအား လွှမ်းမိုးမှုက အချိန်တော်တော်ကြာအောင် ခံပါတယ်။ သူက ၁၅ မီတာ ပတ်လည် အတွင်းမှာရှိတဲ့ အလောင်းတွေ ဝိညာဉ်တွေကို ဆက်တိုက် သန့်စင်နိုင်စွမ်း ရှိပါတယ်။ သို့ပေမဲ့ သူ့အားနည်းချက်က သာမန်လူရဲ့ ဝိညာဉ်ကိုပါ တစ်ချိန်တည်း သန့်စင်ပစ်တာပါ။

သုတေသန အချက်အလက်တွေအရ သာမန်လူသားတစ်ယောက် သူ့လွှမ်းမိုးမှု နယ်ပယ်ထဲမှာ တစ်နာရီကြာအောင် နေမယ်ဆိုရင် အရူးဖြစ်သွားပြီး နေမင်းကို ချီးကျူးဖို့ပဲ သိတော့ပါတယ်။ သာလွန်သူတွေအတွက် ကန့်သတ်ချက်ကတော့ ၆ နာရီပါ။ သရဲတွေနဲ့ အလောင်းတွေကတော့ တစ်မိနစ်တောင် မခံပါဘူး။

‘အင်း... ကပ္ပတိန်က ဒီချိပ်ပိတ်လက်နက်ရဲ့ လျှို့ဝှက်နံပါတ်ကိုတောင် မှတ်မိတယ်... ငါ့မှတ်ဉာဏ်က သူ့ထက်တောင် ဆိုးရွားနေပါ့လား...’ ကလိုင်းဟာ ရုတ်တရက်ဆိုသလို အေးခဲသွားပြီး သူ့ခေါင်းကို ရိုက်ခွဲပစ်ချင်သွားပါတယ်။

ဒန်းစမစ်ဟာ ကုလားထိုင်မှာ နောက်မှီပြီး ကလိုင်းကို နက်နဲတဲ့ မီးခိုးရောင် မျက်လုံးတွေနဲ့ ကြည့်ပါတယ်။

“မင်း ဒီနေ့ ဗေဒင်ကလပ်ကို ထပ်သွားတာလား... ဒီနှစ်ရက်ထဲမှာ ထူးခြားတာ တစ်ခုခုကို ခံစားရလား”

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters