← Chapters

တစ်မိနစ်ကျော်သွားပြီ

Vol. 14 Ch. 134

တစ်မိနစ်ကျော်သွားပြီ

Vol. 14 Ch. 134

‘ကပ္ပတိန်... ဒီမေးခွန်းက ကျွန်တော် ကပ္ပတိန်ကို မေးစေချင်နေတဲ့ မေးခွန်းပဲ...’ ကလိုင်းဟာ အလေးအနက်က ခေါင်းညိတ်လိုက်ပါတယ်။

“ကျွန်တော် နေလို့ထိုင်လို့ ပိုကောင်းလာတယ်... သန့်စင်မွန်မြတ် ဘုရားရှိခိုးကျောင်းရဲ့ စစ်ဆေးမှုကို အခုတောင် ဖြတ်ကျော်နိုင်တယ်လို့ ခံစားရတယ်... ဒါက စကားလုံးနဲ့ ဖော်ပြလို့မရတဲ့ ခံစားချက်နဲ့ ယုံကြည်မှု တစ်မျိုးပဲ”

သူ့အဖြေက နည်းနည်း ဝိုးတိုးဝါးတားနိုင်တာကို သတိပြုမိလိုက်တာကြောင့် ကလိုင်းဟာ ဖြည့်ပြောပါတယ်။

“ဆေးရည်ရဲ့ နာမည်က တကယ်ကို အရေးကြီးတာ ဖြစ်နိုင်တယ်... ကျွန်တော် တွက်ချက်လို့ ရထားတဲ့ အမြင်ဆရာ စည်းကမ်းတွေကို တင်းတင်းကျပ်ကျပ် လိုက်နာပြီး ဗေဒင်ဆရာလုပ်တော့ အကုန်လုံးက ပြီးပြည့်စုံပြီး လွယ်ကူသွားတယ်... အင်း... အခု ကျွန်တော်ရဲ့ စိတ်ဝိညာဉ်အာရုံကို ပိုပြီးတော့ မသိသာတဲ့ အမူအရာနဲ့ ဖွင့်နိုင်ပိတ်နိုင်သွားပြီ”

ဒန်းစမစ်ဟာ မဆိုစလောက် မျက်မှောင် ကြုတ်သွားပြီး တစ်စုံတစ်ခုကို လေးလေးနက်နက် တွေးတောရင်း ရေရွတ်လိုက်ပါတယ်။

“ဆေးရည်ရဲ့ နာမည်...”

ဆယ်စက္ကန့်လောက် ကြာတဲ့အခါမှာတော့ ဒန်းစမစ်ဟာ ကလိုင်းကို ထပ်ကြည့်ပါတယ်။

“မင်း အိမ်ပြန်ပြီး မင်းမိသားစုကို အသိပေးဦးမှာလား... တနင်္ဂနွေနေ့က မင်း ချန်စီဂိတ်ကို စောင့်ကြပ်ပြီး ဒုတိယနေ့ဆိုတော့ အနားယူသင့်တယ်”

...

အဲလစ်ဇဘတ်က သူ့ညီမရဲ့ သူငယ်ချင်းကောင်းပါ။ နောက်ပြီး တစ်ပတ်အတွင်း ပြဿနာ ပြေလည်သွားလိမ့်မယ်လို့ သူ အဲလစ်ဇဘတ်ကို ကတိပေးထားပါတယ်။ အဲဒါကြောင့် ကလိုင်းဟာ တုံ့ဆိုင်းခြင်းမရှိ ဖြေပါတယ်။

“ကျွန်တော်တို့တွေ အချိန်ဆွဲနေဖို့ မလိုဘူး... မြင်းလှည်းကို ဒက်ဖဒိုလမ်းထဲသာ ခဏ ဝင်ခိုင်းလိုက်ပါ...”

“အင်း... ကောင်းပြီလေ... ငါ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ အတွက် ဖောင်ဖြည့်နေတုန်း မင်း ဖရိုင်းကို သွားခေါ်ချည်” ဒန်းစမစ်ဟာ ဓားလွယ်ခုတ်က နားနေခန်းကို ထိုးပြပါတယ်။

ဖရိုင်းက အလောင်းကောက်သမားဆိုတော့ အအိပ်မဲ့လိုမျိုး အမြဲတမ်း လန်းဆန်းမနေပါဘူး။ အဲဒါကြောင့် သူဟာ အားရင် တစ်ရေးမှေးလေ့ ရှိပါတယ်။

‘ဖောင်ကို ကိုယ့်ဘာသာ ဖြည့်တယ်... ကိုယ့်ဘာသာ အတည်ပြုတယ်... လက်နက်ကို ကိုယ့်ဘာသာ ထုတ်တယ်... ကပ္ပတိန်... ကျွန်တော်တို့ရဲ့ စီမံခန့်ခွဲပုံက တော်တော်ကို အားနည်းတာပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ စောဒကတက်လိုက်ပြီး ဦးထုပ်ကို ကောက်ယူကာ ဒန်းစမစ်ရဲ့ ရုံးခန်းထဲကနေ ထွက်လိုက်ပါတယ်။ အဲဒီနောက် ဓားလွယ်ခုတ်က နားနေခန်းဆီ လျှောက်သွားပြီး တံခါး ခေါက်လိုက်ပါတယ်။

ကလိုင်း တံခါးသုံးချက် ခေါက်ပြီးတဲ့အခါ တံခါးပွင့်သွားပြီး ဖရိုင်းပေါ်လာပါတယ်။ ဖရိုင်းဟာ သူ့ကို နားမလည်တဲ့မျက်နှာနဲ့ ကြည့်ပါတယ်။

“ဘာကိစ္စလဲ”

အိပ်ရာက နိုးခါစဆိုတော့ ဖရိုင်းရဲ့ ဆံပင်တွေဟာ ရှုပ်ပွပြီး ရှပ်အင်္ကျီကလည်း ဖိုသီဖတ်သီ ဖြစ်နေပါတယ်။ သူ့ရဲ့ အေးစက်မှုန်မှိုင်းတဲ့ အငွေ့အသက်ဟာလည်း တော်တော် လျော့နည်းနေပါတယ်။ ဒါပေမဲ့ သူ့ပုံစံက အခေါင်းထဲကနေ ထလာတဲ့ လူသေအလောင်းနဲ့ တူနေပါသေးတယ်။

ကလိုင်းဟာ မပြုံးမိအောင် ထိန်းပြီး တည်တည်ကြည်ကြည် ဖြေပါတယ်။

“တစ္ဆေနဲ့ ပတ်သက်တဲ့ အမှုတစ်ခု ပေါ်လာတယ်... အဲဒါ ကပ္ပတိန်က ခင်ဗျားကို ခေါ်ခိုင်းလိုက်တယ်”

“အင်း...” ဖရိုင်းဟာ ရှုပ်ပွနေတဲ့ ဆံပင်တွေကို သပ်ရပ်အောင် လက်နဲ့ ပြုပြင်ပြီးနောက် အေးစက်တဲ့လူ ပြန်ဖြစ်သွားပါတယ်။ အဲဒီနောက် အဝတ်အစား ဝတ်ပြီး ဧည့်ကြိုခန်းက ဆိုဖာပေါ်မှာ ကလိုင်းနဲ့ အတူထိုင်ပြီး ဒန်းစမစ်ကို စောင့်ဆိုင်းပါတယ်။ နောက်ထပ် ခုနစ်မိနစ် ရှစ်မိနစ် ကြာတဲ့အခါ ဘေးနားဝန်းကျင်က နေရောင်ခြည်နဲ့ ထိတွေ့သလိုမျိုး နွေးထွေးလာပါတယ်။

အဲဒီနောက် ချက်ချင်းဆိုသလို သူတို့နှစ်ယောက်ဟာ အခန်းခွဲထားတဲ့ အပိုင်းကနေ လက်ဖဝါး တစ်ဝက်စာလောက်ရှိတဲ့ ရှေးဟောင်းတံဆိပ်တစ်ခု ကိုင်ပြီး ထွက်လာတဲ့ ဒန်းစမစ်ကို တွေ့လိုက်ရပါတယ်။

ဒီတံဆိပ်က ရွှေနက်ရောင်ရှိပြီး နေမင်းရဲ့ သင်္ကေတတွေနဲ့ မျဉ်းကြောင်းတွေ ထွင်းထားပါတယ်။ ဒါက အင်ထစ်သမ္မတနိုင်ငံက ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ဖြစ်ပြီး သူ့မူလနာမည်က မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်ပါ။

အင်ထစ်သမ္မတနိုင်ငံက ရစ်ဆဲလ် အင်ပါယာကနေ သမ္မတနိုင်ငံအဖြစ် ပြောင်းပြီး အင်ပါယာအဖြစ် ပြန်ပြောင်းပစ်တဲ့ နိုင်ငံပါ။ အခုအချိန်မှာတော့ တည်ငြိမ်တဲ့ သမ္မတနိုင်ငံ တစ်နိုင်ငံ ဖြစ်နေပါပြီ။ အင်ထစ်သမ္မတနိုင်ငံက မြောက်ပိုင်းတိုက်ရဲ့ အနောက်ဘက် ကမ်းရိုးတန်းမှာ တည်ရှိပြီး လိုအင်နိုင်ငံရဲ့ နာမည်ကြီး မစ်ဆီရှာ၊ ဟွန်းနာဆစ်တောင်တန်း စတဲ့ နယ်မြေတွေနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။

နိုင်ငံအဖြစ် စတင်ထူထောင်ကတည်းက အင်ထစ်နိုင်ငံမှာ အနှိုင်းမဲ့တောက်ပတဲ့ နေမင်း ဘုရားကျောင်းက အခုအချိန်မှာ ရေနွေးငွေ့နဲ့ မက္ကန်းနစ် ဘုရားကျောင်းလို့ လူသိများတဲ့ လက်မှုပညာသည် ဘုရားကျောင်းကို ဖိနှိပ်ထားပါတယ်။ အဲဒါကြောင့် အင်ထစ်နိုင်ငံမှာ အနှိုင်းမဲ့တောက်ပတဲ့ နေမင်း ဘုရားကျောင်းက အဓိကကိုးကွယ်တဲ့ ဘုရားကျောင်းဖြစ်ပြီး အင်ထစ်နိုင်ငံကိုတောင် နေမင်းရဲ့ နိုင်ငံတော်လို့ တင်စားကြပါတယ်။

“သွားကြမယ်... ဖရိုင်း... မင်း မြင်းလှည်းမောင်း... ဆီဇာက နေမင်း တံဆိပ်တော်မြတ်ရဲ့ သန့်စင်မှုကို အချိန်အကြာကြီး ခံနိုင်မှာ မဟုတ်ဘူး” ဒန်းစမစ်က တည်တည်ငြိမ်ငြိမ် ပြောပါတယ်။

ဆီဇာဖရန့်စစ်က ထောက်ပံ့ရေးပစ္စည်းတွေ ဝယ်ယူစုဆောင်းတာကို တာဝန်ယူထားရတဲ့ စာရေးပါ။ သူတို့ရဲ့ မြင်းလှည်းမောင်းသမားလည်း ဟုတ်တယ်ဆိုပေမဲ့ သူက သာမန်လူတစ်ယောက်ပါ။ အဲဒါကြောင့် သူဟာ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ရဲ့ ဆယ်ငါးမီတာပတ်လည်မှာ တစ်နာရီထက်ကြာအောင် မနေနိုင်ပါဘူး။

ဇိုးတလန်လမ်းကနေ လမိုဒ်မြို့ဆီ သွားတဲ့ ခရီးက ကလိုင်း သိသလောက်ဆိုရင် အနည်းဆုံး နှစ်နာရီခွဲလောက် ကြာမှာပါ။ အဲဒါ ဒီထဲမှာ ဒက်ဖဒိုလမ်းဆီ ဝင်တာ မပါသေးပါဘူး။

“ဟုတ်ကဲ့” ဖရိုင်းဟာ ငြင်းဆန်ခြင်း မပြုဘဲ သူ့ပစ္စည်းတွေ စုံရဲ့လားဆိုတာ စစ်ဆေးပါတယ်။

...

နေဝင်ဆည်းဆာရဲ့ အလင်းရောင်က ဘုရားရှိခိုးကျောင်းရဲ့ အမွမ်းချွန်ကို ဆေးရောင် ခြယ်သလိုက်တဲ့အခါ ညသိမ်းငှက်တွေရဲ့ မြင်းလှည်းက လမိုဒ်မြို့ကို ရောက်သွားပါတယ်။

လမိုဒ်မြို့က ထင်းဂန်မြို့ရဲ့ အနောက်မြောက်ဘက် အစွန်မှာ တည်ရှိပြီး အဆောက်အဦး တော်တော်များများမှာ ရေနွေးငွေ့ခေတ် မတိုင်ခင်က ဗိသုကာလက်ရာတွေ ကျန်ရှိနေပါတယ်။ ဒီမြို့လေးထဲမှာ စက်ရုံတစ်ရုံမှ မရှိဘဲ အနီးအနားက ရွာတွေဟာ ကုန်စည် ကူးသန်းရောင်းဝယ်တာကို အဓိကထား လုပ်ကိုင်ကြပါတယ်။

မြင်းလှည်း ရပ်သွားတဲ့အခါ ဒန်းစမစ်ဟာ မျက်နှာချင်းဆိုင်က ဆံပင်ညှပ်ဆိုင်ကို ကြည့်ပြီး ပြောပါတယ်။

“ငါ စောစောက နယ်ခံတစ်ယောက်ကို မေးထားတယ်... ဒီနေရာကနေ ၁၅ မိနစ် လမ်းလျှောက်ရင် တောင်ပေါ်က ရဲတိုက်ပျက်ဆီ ရောက်တယ်တဲ့... အဲဒီရဲတိုက်ပျက်ကို စတုတ္ထယုဂ်တုန်းက မြေရှင်ပဒေသရာဇ်တစ်ပါး အုပ်ချုပ်ခဲ့တယ်လို့ ပြောတယ်... ဒါပေမဲ့ အဲဒီနောက်ပိုင်း ဘာဖြစ်သွားလဲ ဆိုတာ ဘယ်သူမှ မသိဘူး... ဒါပေမဲ့ သူတို့ပြောတာတွေက ပါးစပ်ရာဇဝင်ပါ”

“အင်း... သွားကြရအောင်... မိုးစုန်းစုန်းမချုပ်ခင် အဲဒီတစ္ဆေကို ရှင်းပစ်ရအောင်... ပြီးရင် သာမန်လူတွေ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ နား မကပ်နိုင်အောင် ငါတို့တွေ အလှည့်ကျ စောင့်ကြတာပေါ့”

ဒန်းစမစ် မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်ကို ထုတ်လာခဲ့တဲ့အချိန်ကနေ စရေတွက်ရင် အခုဆို သုံးနာရီ ကုန်သွားပါပြီ။ တဖြည်းဖြည်းနဲ့ သာလွန်သူတစ်ယောက် ခံနိုင်တဲ့ ကန့်သတ်အချိန်နားကို ကပ်လာပါပြီ။ အချိန်မရှိတာကြောင့် သူတို့တွေ လူခွဲပြီး တစ်ယောက်တစ်လှည့်စီ အနားယူချိန် ပေးရပါမယ်။

“အင်း...” ဖရိုင်းက ခပ်ပြတ်ပြတ် ပြန်ဖြေပါတယ်။

“ရတယ်... ကျွန်တော် အတွက်က ကိစ္စမရှိဘူး” ကလိုင်းဟာ အိတ်ကပ်ထဲက အိပ်မွေ့ချအဆောင်နဲ့ ဝိညာဉ်တေးအဆောင်ကို ကိုင်ကြည့်လိုက်ပါတယ်။

အနက်ရောင် လေကာအင်္ကျီတွေ ဝတ်ဆင်ထားတဲ့ ညသိမ်းငှက်သုံးယောက်ဟာ လမ်းလျှောက်ရင်း လမ်းဆုံတစ်နေရာ ရောက်တဲ့အခါ တောင်ပေါ်သွားတဲ့ လမ်းကို ရွေးလိုက်ပါတယ်။ လမ်းတစ်လျှောက်မှာ မြက်ရိုင်းတွေ ချုံတွေ တော်တော် ထူပေမဲ့ လမ်းက မြင်းလှည်းနှစ်စီး ယှဉ်သွားလို့ရအောင် ကျယ်ဝန်းပါတယ်။

မကြာခင်မှာဘဲ သူတို့တွေဟာ ပြိုကျနေတဲ့ ရှေးဟောင်းရဲတိုက်ရဲ့ အပြင်တံတိုင်းကို တွေ့လိုက်ရပါတယ်။ မပြိုကျသေးတဲ့ အပြင်တံတိုင်းပေါ်မှာတော့ အစိမ်းအရောင်အပင်တွေ ပေါက်ရောက်ပြီး အစက်အပြောက်တွေ စွန်းထင်းနေပါတယ်။

အနားကို ရောက်သွားတဲ့အခါ ကလိုင်းဟာ ကျောရိုးထဲ စိမ့်တက်အောင် အေးတဲ့ ချမ်းစိမ့်မှုကို ခံစားလိုက်ရပြီး လက်မောင်းနှစ်ဖက်မှာ ကြက်သီးမွေးညင်း ထသွားပါတယ်။

“တကယ်ကို တစ္ဆေ ရှိနေတာပဲ” ဖရိုင်းဟာ ရှေးဟောင်းရဲတိုက်ကို ကြည့်ရင်း အနိမ့်အမြင့်မရှိတဲ့ လေသံနဲ့ ပြောပါတယ်။

ဒန်းစမစ်ဟာ ညသိမ်းငှက်ပေါက်စ ကလိုင်းကို တစ်ချက်ကြည့်ပြီး အပြုံးနဲ့ ပြောပါတယ် “မစိုးရိမ်နဲ့... ငါတို့မှာ ၃-၀၇၈၂ နဲ့ ဖရိုင်း ရှိတယ်... တစ္ဆေတစ်ကောင်က ငါတို့ကို အများကြီး ပြဿနာ မပေးနိုင်ပါဘူး”

ဒန်းစမစ်ဟာ စိတ်တိုင်းကျ ပြုလုပ်ထားတဲ့ ခြောက်လုံးပြူးနဲ့ မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်ကို လက်တစ်ဖက်စီမှာ ကိုင်ပြီး ရှေးဟောင်းရဲတိုက်ပျက်ဆီ လျှောက်သွားပါတယ်။

ကလိုင်းဟာ နောက်ကနေ ထပ်ကြပ်မကွာ လိုက်ပြီး အချိန်မရွေး ခြောက်လုံးပြူးရဲ့ မောင်းကို ဆွဲဖို့ လက်ကိုင်တုတ်နဲ့ ရိုက်ဖို့ ဒါမှမဟုတ် အဆောင်သုံးဖို့ အဆင်သင့် ဖြစ်နေပါတယ်။

“ဝှစ်... ဝှစ်... ဝှစ်...”

ရှေးဟောင်းရဲတိုက်ပျက်နဲ့ ငါးမီတာအကွာကို ရောက်သွားတဲ့အခါ ပြိုကျနေတဲ့ မြင်းဇောင်း၊ ရေတွင်းနဲ့ တခြားပစ္စည်းတွေက ကလိုင်းရဲ့ မျက်လုံးထဲကို ဝင်လာပါတယ်။ တစ်ချိန်တည်းမှာပဲ အေးစိမ့်တဲ့ လေပြအေးက တဝီဝီ တိုက်ခိုက်လာပါတယ်။ ကြည့်ရတာ ရဲတိုက်ပျက်က မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်တွေက မကြိုဆိုပုံပါပဲ။

ရဲတိုက်ပျက်က မကြိုဆိုလည်း ညသိမ်းငှက်သုံးယောက်ဟာ မရပ်တန့်ပါဘူး။ နွေးထွေး သန့်စင်တဲ့ ခံစားချက်က အေးစိမ့်မှုကို တဖြည်းဖြည်း ဖယ်ရှားပြီး ရှေးဟောင်း ရဲတိုက်ပျက်ရဲ့ ရှေ့ပိုင်းကို သိမ်းပိုက်လိုက်ပါတယ်။

သူတို့တွေဟာ ပြိုကျနေတဲ့ အပြင်တံတိုင်းကို ဖြတ်ကျော်ပြီး ပင်မဂိတ်တံခါး မရှိတော့ဘဲ အခင်းကျောက်တွေ ကျိုးပဲ့နေတဲ့ ရဲတိုက်ပျက်ထဲ ဖြည်းဖြည်းချင်း ဝင်ပါတယ်။

ရှေးဟောင်းရဲတိုက်ရဲ့ ခန်းမဟာ ပြိုကျနေတဲ့ ကျောက်တိုင်တွေ ပြည့်နေပြီး ရေညှိတွေ တက်နေပါတယ်။ နေရာအတော်အတန် ကျယ်ဝန်းပေမဲ့ ပြတင်းပေါက်တွေက ကျဉ်းမြောင်းပြီး အမြင့်မှာ ရှိနေတာကြောင့် အလင်းရောင် ကောင်းကောင်း မရဘဲ မှေးမှိန်ကာ မှုန်မှိုင်းနေပါတယ်။

‘ဒါက စတုတ္ထယုဂ်နှောင်ပိုင်းနဲ့ ပဥ္စမယုဂ်ဦး အဆောက်အဦးတွေရဲ့ ပြယုဂ်တစ်ခုပဲ...’ သမိုင်းပညာရှင် ဖြစ်တဲ့ ကလိုင်းဟာ ကောက်ချက်ချပြီး စိတ်ဝိညာဉ်အာရုံ ဖွင့်လိုက်ပါတယ်။

အဲဒီအချိန်မှာပဲ ရုတ်တရက်ဆိုသလို ဝိုးတိုးဝါးတား စူးရှတဲ့ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ အနက်ရောင် မြူခိုး တိမ်တိုက်တွေဟာ ဘယ်ကနေမှန်းမသိ ထွက်ပေါ်လာပြီး နွေးထွေး သန့်စင်မှုကို ခုခံပါတယ်။

အနက်ရောင် မြူခိုးတွေကြားမှာ မြင့်မားတဲ့ ရုပ်သွင်တစ်ခု ရုတ်တရက်‌ ပေါ်လာပါတယ်။ သူဟာ တစ်ကိုယ်လုံးအပြည့် အနက်ရောင် သံချပ်ကာ ဝတ်ဆင်ထားပြီး သာမန်လူတွေ မ,ဖို့ခက်တဲ့ ဓားရွက်ပြားကြီးတဲ့ ဓားရှည်တစ်ချောင်းကို ကိုင်ထားပါတယ်။

ဒီတစ္ဆေဟာ ကလိုင်း အဲလစ်ဇဘတ် အိပ်မက်ထဲမှာ မြင်ခဲ့ရတာနဲ့ ဆင်တူပါတယ်။ မီးလျှံနဲ့တူတဲ့ အနီရောင် အလုံးနှစ်လုံးက မျက်နှာဖုံးကြားထဲကနေ တောက်ပနေပြီး ညသိမ်းငှက်သုံးယောက်ကို ဒေါသတကြီးနဲ့ စိုက်ကြည့်နေပါတယ်။

“မင်းတို့တွေ ငါအိပ်နေတာကို လာနှောင့်ယှက်တယ်... မင်းတို့ရဲ့ အသွေးအသားနဲ့ ငါ့ကို တောင်းပန်ရလိမ့်မယ်” တစ္ဆေဟာ ရှေ့ကို ရုတ်တရက် တိုးလာတဲ့အတွက် သူနဲ့ ဒန်းစမစ်ကြားက အကွာအဝေးဟာ ရုတ်ခြည်း ကျဉ်းမြောင်းသွားပါတယ်။ အဲဒီနောက် တစ္ဆေဟာ လက်ထဲက ဓားနဲ့ ရုတ်တရက် ခုတ်ချလိုက်ပါတယ်။

ဒန်းစမစ်ဟာ သွက်သွက်လက်လက် နောက်ဆုတ်ပြီး လက်ထဲက ခြောက်လုံးပြူးနဲ့ ပြန်ပစ်ပါတယ်။

“ဒေါင်...”

ငွေရောင် နတ်ဆိုးပစ်ကျည်ဆံဟာ ပုံရိပ်ယောင် အနက်ရောင် သံချပ်ကာကို မထိုးဖောက်နိုင်ဘဲ အသံတစ်သံသာ ထွက်ပေါ်လာပါတယ်။

တစ်ချိန်တည်းမှာပဲ ကလိုင်းနဲ့ ဖရိုင်းဟာ ဘေးကို ဆုတ်လိုက်ပါတယ်။ တစ်ယောက်က လက်ထဲမှာရှိတဲ့ သေနတ်နဲ့ အနက်ရောင် သံချပ်ကာ စစ်သူရဲရဲ့ မီးလျှံနီ အလုံးနှစ်လုံးကို ချိန်ပစ်ပါတယ်။ ကျန်တဲ့ ညသိမ်းငှက်ကတော့ သူ့မျက်လုံးကို ငြိမ်သက်အေးချမ်းတဲ့ ဖြူမှိုင်းမှိုင်း မျက်လုံးဖြစ်အောင် ပြောင်းလဲပြီး တစ္ဆေကို အာရုံစိုက်ကြည့်ပါတယ်။

အနက်ရောင် သံချပ်ကာနဲ့ စစ်သူရဲဟာ ဒေါသတကြီး ထပ်အော်ပါတယ်။ သူဟာ ဒန်းစမစ်ဆီကို ပြေးသွားပြီး လက်ထဲက ဓားပြားကို အားကုန်ဝှေ့ယမ်းလိုက်ပါတယ်။

“ဒုန်း...”

ဓားပြားကြီးက ဒန်းစမစ်ကို မထိခိုက်စေပေမဲ့ တံခါးဘေးကို လွှင့်စဉ်ထွက်သွားစေပြီး သွေးတစ်ပွက် အန်ထွက်သွားစေပါတယ်။

ချိပ်ပိတ်လက်နက် ၃-၀၇၈၂ လည်း ပြုတ်ကျသွားပါတယ်။ သတ္တုဖိနပ် ဝတ်ထားတဲ့ တစ္ဆေဟာ အန္တရာယ်ကြီးတဲ့ တံဆိပ်ကို ရှေးဟောင်းရဲတိုက်ရဲ့ တံခါးကနေ အပြင်ဘက် ခပ်မြန်မြန် ကန်ထုတ်လိုက်တဲ့အခါ ၁၅ မီတာထက် အလွန်ကို ကျသွားပါတယ်။

သေချာချိန်ပစ်ပေမဲ့ မှန်အောင် မပစ်နိုင်တဲ့ ကလိုင်းဟာ အဲဒီမြင်ကွင်းကို မြင်လိုက်ရတဲ့အခါ ရင်ထိတ်သွားသလို ပဟေဠိလည်း ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ရှေ့က မြင်ကွင်းကို တည်ငြိမ်ပြီး ယုတ္တိကျကျ တွေးခေါ်နိုင်တဲ့ နတ်ဘုရားမျက်လုံး နေရာကနေ ကြည့်နေသလိုမျိုး ဖြစ်နေလို့ပါ။

“ဒေါင်...”

သူဟာ နောက်တစ်ခါ ထပ်ပစ်ပါတယ်။ နတ်ဆိုးပစ်ကျည်ဆံဟာ တစ္ဆေရဲ့ ခေါင်းဆောင်းကို ထိသွားပြီး မီးပွင့်သွားပေမဲ့ တစ္ဆေကို များများစားစား ထိခိုက်အောင် မလုပ်နိုင်ပါဘူး။

“ညာလက်အိတ်ကိုပစ်” ဖရိုင်းက အော်ပြောပါတယ်။ အမြဲတမ်း အေးစက်ပြီး မှုန်မှိုင်းနေတဲ့ ဖရိုင်းရဲ့ လေသံဟာ အလောသုံးဆယ် ဖြစ်နေပါတယ်။

အော်ပြောလို့ ဆုံးတယ်ဆိုရင်ပဲ သူဟာ သူ့လက်ထဲက ခြောက်လုံးပြူးကို မြှောက်ပြီး တစ္ဆေရဲ့ ညာဘက် သံလက်အိတ်ကို ချိန်ပစ်ပါတယ်။

“ဒေါင်... ဒေါင်...”

ကလိုင်းကလည်း ဖရိုင်းရဲ့ စကားအတိုင်း နတ်ဆိုးပစ်ကျည်ဆံကို တစ္ဆေရဲ့ ညာလက်အိတ်ဆီ ဖရိုင်းနဲ့ တစ်ချိန်တည်းလိုလိုမှာ ပစ်လိုက်ပါတယ်။

ဒီတစ်ကြိမ်မှာတော့ တစ္ဆေဟာ ဓားပြားရှည်ကို မြှောက်ပြီး ကျည်ဆံနှစ်တောင့်ကို ကာလိုက်ပါတယ်။ အဲဒီနောက် လွှားခနဲခုန်ပြီး ကလိုင်းကို အရှိန်နဲ့ ဝင်တိုက်ပါတယ်။

ကလိုင်းဟာ လွှင့်ထွက်သွားပြီး သူ့ရင်ဘက် ချိုင့်ဝင်ကာ သူ သွေးအန်တာကို မြင်လိုက်ရပါတယ်။ သူဟာ တစ်စက်ကလေးတောင် နာကျင်တယ်လို့ မခံစားရပါဘူး။

ရုတ်တရက်ဆိုသလို သူဟာ ကြောင်တောင်တောင် ဖြစ်နေရာကနေ သတိပြန်ဝင်လာပြီး အောက်ပြုတ်ကျကာ လူးလိမ့် အော်ဟစ်ပါတယ်။

အဲဒီနောက် ရုတ်တရက်ဆိုသလို ရှေးဟောင်းရဲတိုက်၊ တစ္ဆေ၊ ပြိုကျနေတဲ့ ကျောက်တိုင်တွေနဲ့ ရေညှိတက်နေတဲ့ ကြမ်းပြင်ဟာ ကွဲကြေသွားပါတယ်။ အကုန်လုံးဟာ အနက်ရောင် မြူခိုးထဲမှာ အနက်ရောင် သံချပ်ကာနဲ့ စစ်သူရဲ ပထမဆုံး ပေါ်လာတဲ့နေရာကို ပြန်ရောက်သွားပါတယ်။

မတူတာဆိုလို့ ဒန်းစမစ်ဟာ လက်သီးကို တင်းတင်းဆုပ်ပြီး မဆိုစလောက် ဦးညွှတ်နေတာပါ။ သူ့ရဲ့ မီးခိုးရောင်မျက်လုံးတွေက ထုံးစံအတိုင်း မှောင်မှိုင်းပြီး နက်ရှိုင်းနေပါတယ်။

‘အကုန်လုံးက အိပ်မက်တစ်ခုကို... ကပ္ပတိန်က တစ္ဆေ၊ ဖရိုင်းနဲ့ ငါ့ကို သူ့အိပ်မက်ထဲ တစ်ချိန်တည်းမှာ ဆွဲထည့်လိုက်တာပဲ... ဒါပေမဲ့ ငါက ထူးခြားတော့ တည်တည်ငြိမ်ငြိမ်နဲ့ အေးအေးဆေးဆေး တွေးခေါ်နိုင်တယ်...’

ကလိုင်းဟာ သူက ဒန်းစမစ်ရဲ့ ညာဘက် နှစ်မီတာအကွာမှာ ရပ်နေတာကို သတိထားမိသွားပါတယ်။ သူဟာ သွေးလည်း မအန်သလို အော်လည်း မအော်ပါဘူး။

အဲဒီအချိန်မှာပဲ ဒန်းစမစ်ဟာ ခါးမတ်ပြီး သူ့ကို ဓားနဲ့ ခုတ်တော့မဲ့ တစ္ဆေကို ကြည့်ကာ တည်တည်ငြိမ်ငြိမ် ပြောလိုက်ပါတယ် “တစ်မိနစ် ကျော်သွားပြီ”

တစ္ဆေဟာ မှင်တက်သွားပြီး စူးစူးဝါးဝါး အော်ဟစ်လိုက်ပါတယ်။ အဲဒီနောက် သေဒဏ်ချခံရတဲ့ လူလိုမျိုး သူ့ခန္ဓာကိုယ်ကနေ အနက်ရောင် အခိုးအငွေ့တွေ ထွက်ပေါ်လာပါတယ်။

မကောင်းဆိုးဝါး စိတ်ဝိညာဉ် မဖြစ်သေးတဲ့ ဘယ်ဖုတ်ကောင်မဆို ဘယ်စိတ်ဝိညာဉ်မဆို မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်ရဲ့ ဆယ်ငါးမီတာပတ်လည်မှာ တစ်မိနစ်ကျော် မနေနိုင်ပါဘူး။

‘မိုက်လိုက်တာ... ကပ္ပတိန်... ဒါတော့ တော်တော်မိုက်သွားပြီ...’ ကလိုင်းဟာ ဘေးကနေကြည့်ကာ အော်ပြီးတော့ အားပေးချင်သွားပါတယ်။

ဒန်းစမစ်ဟာ သူ့ရဲ့ အိပ်မက်အစွမ်းကို သုံးပြီး တစ္ဆေကို သူ့အိမ်ကွင်းမှာ မတိုက်ခိုက်အောင် အချိန်ဆွဲခဲ့တာပါ။

နွေးထွေး သန့်စင်တဲ့ ခံစားချက်ကြားမှာ အနက်ရောင် အခိုးအငွေ့တွေဟာ လျင်လျင်မြန်မြန် အငွေ့ပျံသွားပြီး အေးစိမ့်မှုဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားပါတယ်။ တစ်ဆက်တည်းမှာပဲ စစ်သူရဲဟာ ဝေဝါးပြီး ဟင်းလင်းပြင်နဲ့ ပေါင်းစပ်သွားပါတယ်။

“ချွမ်...”

မျက်နှာပြင်မှာ ရေခဲဖြူတွေ လွှမ်းနေတဲ့ အနက်ရောင် သံလက်အိတ်ဟာ ကြမ်းပြင်ပေါ် ကျသွားပါတယ်။

ကလိုင်းဟာ သံလက်အိတ်ကို ကောက်ဖို့ ကပ္ပတိန်ဆီ ခွင့်တောင်းမဲ့ဆဲဆဲ လှမ်းကြည့်လိုက်တဲ့အခါ သူ့စိတ်ဝိညာဉ်ဟာ ရုတ်တရက်ဆိုသလို တုန်လှုပ်သွားပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ ခန်းမနဲ့ ထမင်းစားခန်းကို ခြားထားတဲ့ လှေကားနားမှာ ထူထဲသိပ်သည်းပေမဲ့ ဝိုးတိုးဝါးတားနိုင်လှတဲ့ စိုးရိမ်သောကနဲ့ ညစ်ညမ်းမှုတွေက သူ့ကို ဆင့်ခေါ်နေလို့ပါပဲ။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters