← Chapters

ခေါင်းစားစရာ

Vol. 14 Ch. 136

ခေါင်းစားစရာ

Vol. 14 Ch. 136

‘ဒါ မဖြစ်နိုင်တဲ့ အရာပဲ... မစ္စတာအက်ဇစ်က ဘယ်လိုလုပ်ပြီး လမိုဒ်မြို့ရဲ့ ပထမမြို့စား ဖြစ်နိုင်မှာလဲ... သူက လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော် ၁၅၀၀ ကျော်ကလူလေ... မဖြစ်နိုင်ဘူး... ဒီပန်းချီကားက လမိုဒ်မြို့ ပထမမြို့စားရဲ့ ပုံတူပန်းချီဆိုတာ ငါ ဘယ်လို သိနိုင်မှာလဲ...’

ကလိုင်းဟာ ဆီဆေးပန်းချီကားချပ်ကို ကြည့်ရင်း စိတ်ရှုပ်ထွေးသွားပါတယ်။ သူ့ဘေးမှာရှိတဲ့ လူတိုင်းက မွန်းစတား ဖြစ်လာပြီး လောကတစ်ခုလုံး နတ်ဘုရားတွေ ပြည့်နေတဲ့ အိပ်မက်တစ်ခုကို မက်နေရသလိုမျိုးပါပဲ။

အဲဒီနောက် သူဟာ ခေါင်းမော့ပြီး သက်လတ်ပိုင်း ရွှေရောင်ဆံပင်နဲ့ အမျိုးသားကို စိုက်ကြည့်ကာ ချိုင်းသေနတ်အိတ်ထဲက ခြောက်လုံးပြူးကို ထုတ်လိုက်ပါတယ်။

“ဒါက ရှေးဟောင်းပစ္စည်း မဟုတ်ဘူး... ခင်ဗျား အခြေအနေကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် မရှင်းပြနိုင်ရင် လိမ်ညာမှုနဲ့ အဖမ်းခံရမယ်”

သူဟာ ဒီဟာက ရဲပိုင်အမှုလားဆိုတာ ဂရုမစိုက်ပါဘူး။ သူ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က သက်လတ်ပိုင်း အမျိုးသားကို ခြိမ်းခြောက်ပြီး သတင်းအချက်အလက် ရယူဖို့ပါ။

တစ်ချိန်တည်းမှာပဲ ကလိုင်းဟာ ဘယ်အံသွားကို နှစ်ချက်ကိုက်ပြီး စိတ်ဝိညာဉ်အာရုံ ဖွင့်လိုက်ပါတယ်။ အဲဒီနောက် သက်လတ်ပိုင်း အမျိုးသားရဲ့ ခံစားချက်ရောင်ဝါ အပြောင်းအလဲကို ကြည့်ပါတယ်။

ရွှေရောင်ဆံပင်နဲ့ အမျိုးသားဟာ ကြောက်လန့်မှုကြောင့် ထခုန်မတတ် ဖြစ်သွားပြီး အထိတ်တလန့် ပြောပါတယ်။

“မဟုတ်ဘူးလေ... ကျွန်တော်လည်း ဒီဟာက ရှေးဟောင်းပစ္စည်းလား ဆိုတာ သေချာမသိဘူး... မဟုတ်ဘူး... ဒီဟာကို ရှေးဟောင်းပစ္စည်းလို့ ပြောကြတာပဲ... ဒါပေမဲ့ ကျွန်တော် ဒီလိုပစ္စည်းတွေ အကြောင်းကို များများစားစား မသိဘူး... ကျွန်တော် တကယ်ကို ဘာမှ မသိတာပါ... ကျွန်တော် စကားလုံးလုံး တော်တော်များများတောင် သိတာ မဟုတ်ဘူး...”

သက်လတ်ပိုင်း အမျိုးသားဟာ အကူအညီ အော်တောင်းမဲ့ပုံစံမျိုးနဲ့ ဟိုဟိုဒီဒီ လိုက်ကြည့်ပါတယ်။

...

အဲဒီအချိန်မှာ ကလိုင်းဟာ ခြောက်လုံးပြူးရဲ့ ဆလင်ဒါနဲ့ ကျည်ရိုက်မောင်းကို ပြင်လိုက်ပါတယ်။ သူဟာ ခုခံဖို့ကြိုးစားတဲ့ သံသယတရားခံကို ပစ်ဖမ်းတော့မဲ့ အတိုင်းပါပဲ။ သူဟာ ရုတ်တရက် ကိုယ်ကို မတ်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကို လိုက်ကြည့်တာ ရပ်လိုက်ပါတယ်။

“ခင်ဗျား ဒီဆီဆေးပန်းချီကို ဘယ်ကနေ ရလာတာလဲ” ကလိုင်းက အသံလေးကြီးနဲ့ မေးပါတယ်။

သက်လတ်ပိုင်း အမျိုးသားဟာ ဖော်လန်ဖား ပြုံးလိုက်ပြီး နှုတ်ခမ်းတွေ တဆတ်ဆတ် တုန်တတ်သွားပါတယ်။

“ရဲအရာရှိ... ဒါက ကျွန်တော်ရဲ့ အဘိုး ရှေးဟောင်းရဲတိုက်ထဲကနေ လွန်ခဲ့တဲ့ နှစ်လေးဆယ်က ရှာတွေ့ခဲ့တာပါ... အပြင်တံတိုင်းနဲ့ ဒုတိယထပ်က အခန်းတစ်ခန်း ပြိုကျသွားတော့ အရင်က ရှာလို့မတွေ့ခဲ့တဲ့ ဒီပစ္စည်းတွေ ထွက်လာတာပဲ... ဒီဆီဆေးပန်းချီက အဲဒီပစ္စည်းတွေထဲက တစ်ခုပဲ... မဟုတ်ဘူး... မဟုတ်ဘူး... ဒီဆီဆေးပန်းချီ မဟုတ်ဘူး... မူလဆီဆေးပန်းချီက စုတ်ပြဲသွားလို့ သိမ်းထားလို့ မရတော့ဘူး... အဲဒါကြောင့် ကျွန်တော်ရဲ့ အဘိုးက ပန်းချီဆရာတစ်ယောက်ရှာပြီး ပုံတူကူးဆွဲခဲ့တာ... ကျွန်တော် ရဲအရာရှိကို မလိမ်ပါဘူး... လွန်ခဲ့တဲ့ နှစ်လေးဆယ်က ရေးဆွဲခဲ့တဲ့ ဆီဆေးပန်းချီက ရှေးဟောင်းပစ္စည်းလို့ ယူဆလို့ရတယ်လေ...”

“ဒါက လမိုဒ်မြို့ ပထမမြို့စားရဲ့ ပန်းချီကားချပ်ဆိုတာ သေချာလား” ကလိုင်းဟာ ခြောက်လုံးပြူးကို ပွတ်သပ်ရင်း မေးပါတယ်။

သက်လတ်ပိုင်း အမျိုးသားဟာ တစ်ချက် ရယ်လိုက်ပါတယ် “ကျွန်တော်လည်း အတိအကျကြီးတော့ မသိဘူး... ဒီလိုပဲ ခန့်မှန်းကြည့်တာ”

“အကြောင်းရင်းက...” ကလိုင်းဟာ သက်လတ်ပိုင်းအမျိုးသားရဲ့ အရှက်မဲ့မှုကြောင့် ရယ်လုနီး ဖြစ်သွားပါတယ်။

“ဘာဖြစ်လို့လဲဆိုတော့ ဆီဆေးပန်းချီမှာ နာမည် မပါလို့ပဲ” သက်လတ်ပိုင်း အမျိုးသားက လေးလေးနက်နက် ဖြေပါတယ် “ဥပမာ ကျွန်တော့်ကို ကလိမ်ဂရေး လို့ခေါ်တယ်... ကျွန်တော်ရဲ့ အဖေကိုကျတော့ ဆံလိမ်ဂရေးလို့ခေါ်တယ်... ကျွန်တော်ရဲ့ အဘိုးပဲ ဂရေးစစ်စစ်လေ”

ကလိုင်းဟာ တိတ်တဆိတ် အသက်ရှူထုတ်ပြီး ဆက်မေးပါတယ် “ခင်ဗျားရဲ့ အဘိုးက ဘယ်မှာလဲ”

“သင်္ချိုင်းကုန်းက အုတ်ဂူထဲမှာ... အဘိုး ကွယ်လွန်သွားတာ နှစ် ၂၀ နီးပါးတောင် ရှိတော့မယ်... အဘိုးရဲ့ အုတ်ဂူဘေးမှာ လွန်ခဲ့တဲ့ သုံးနှစ်က ကွယ်လွန်သွားတဲ့ ကျွန်တော် အဖေရဲ့ အုတ်ဂူ ရှိတယ်” သက်လတ်ပိုင်း အမျိုးသားဟာ ရိုးရိုးသားသား အဖြေပေးပါတယ်။

ကလိုင်းဟာ မတူညီတဲ့ ရှုထောင့်တွေကနေ မေးခွန်း နည်းနည်းပါးပါး ထပ်မေးပြီးနောက် ဆလင်ဒါကို ပြင်ကာ ခြောက်လုံးပြူးကို ချိုင်းသေနတ်အိတ်ထဲ ပြန်ထည့်လိုက်ပါတယ်။ အဲဒီနောက် သူ့ရဲ့ ရဲသက်သေခံကဒ်ကို ပြန်သိမ်းပြီး လက်နှစ်ဖက်ကို အနက်ရောင် လေကာအင်္ကျီရဲ့ အိတ်ကပ်ထဲ ထိုးထည့်ကာ တည်းခိုးခန်းဆီ ပြန်ပါတယ်။ လမ်းတစ်လျှောက်မှာ လမ်းဘေးနှစ်ဖက်က အိမ်တွေကနေ အလင်းရောင်ဖျော့ဖျော့ ဖြာထွက်နေပါတယ်။

‘အဲဒီပန်းချီကားက ပထမမြို့စားလမိုဒ်ရဲ့ ပုံတူပန်းချီလားဆိုတာ ငါ အတည်မပြုနိုင်ဘူး... ဒီရှေးဟောင်းရဲတိုက်နဲ့ ပတ်သက်ပြီး သမိုင်းမှတ်တမ်း ရှိရင် ကောင်းမယ်...’

‘ဘာပဲဖြစ်ဖြစ် ဒီပန်းချီကားက အနည်းဆုံး လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ထောင်ကျော်က လူတစ်ယောက်ရဲ့ ပုံတူပန်းချီပဲ”

‘ဆံပင်ကလွဲရင် သူက မစ္စတာအက်ဇစ်နဲ့ လုံးဝ ချွတ်စွပ်နီးပါး တူတယ်... ဒါက ပြန်လည်မွေးဖွားတာလား...’

‘မစ္စတာအက်ဇစ် ဘက်ကလင်က တက္ကသိုလ်တွေမှာ အလုပ်မလုပ်ဘဲ ထင်းဂန်မြို့ကို ရောက်လာတာ မသိစိတ်ရဲ့ တိုက်တွန်း နှိုးဆော်မှုကြောင့်များလား...’

‘အင်း... နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုလည်း ရှိသေးတယ်... အဲဒါက ပန်းချီကားထဲကလူက မစ္စတာအက်ဇစ်ပဲ... မစ္စတာအက်ဇစ်က သူပဲ...’

ဒါကို တွေးမိလိုက်တဲ့ ကလိုင်းဟာ သိမ့်ခနဲ ဖြစ်သွားပြီး ချော်လဲလုနီး ဖြစ်သွားပါတယ်။ သူဟာ ထိခိုက်ပျက်စီးနေတဲ့ လမ်းမီးတိုင်နားမှာ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး ဦးနှောက်ပူအောင် စဉ်းစားပါတယ်။ သူ့ရဲ့ စောစောက ခန့်မှန်းချက်ပေါ် မူတည်ပြီး ဆက်ပြီးတော့ ခန့်မှန်းချက် ထုတ်ပါတယ်။

‘မစ္စတာအက်ဇစ်က အကြောင်းတချို့ကြောင့် အင်မော်တယ် ဖြစ်လာတာ ဖြစ်ကောင်း ဖြစ်နိုင်တယ်... ဥပမာ ဗန်ပိုင်းယားလိုမျိုးပေါ့... အဲဒါကြောင့် သူ ဒီလောက် အချိန်အကြာကြီး ရှင်သန်နိုင်တာလား...’

‘မဟုတ်သေးပါဘူး... ဘယ်တုန်းက ကြေးရောင် အသားအရေနဲ့ ဗန်ပိုင်းယား ရှိလို့လဲ...’

‘နောက်ပြီး ငါ မစ္စတာအက်ဇစ်နဲ့ လက်ဆွဲနှုတ်ဆက်တော့ သူ့ခန္ဓာကိုယ် အပူချိန်နဲ့ သူ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ လတ်ဆတ်တဲ့သွေးကို ရှင်းရှင်းလင်းလင်း ခံစားမိပါတယ်’

‘သူက တောင်ပိုင်းရဲ့ ပူအိုက်မှုကို မကြိုက်ပေမဲ့ နေကို မကြောက်ဘူး... နေပူပူအောက်မှာ တခြားဆရာတွေနဲ့ လှေလှော်ပြိုင်ခဲ့ဖူးသေးတာပဲ’

‘အင်း... နောက်ထပ် ဖြစ်နိုင်ခြေ တစ်ခုလည်း ရှိသေးတယ်... သူ သောက်သုံးခဲ့တဲ့ ဆုံမှတ်ဆေးရည် ဒါမှမဟုတ် တခြား အကြောင်းအရာ တစ်ခုခုကြောင့် အသက်ရှည်တာ... မှတ်ဉာဏ် ဆုံးရှုံးတာက ဒီအတွက် ပေးဆပ်ရတဲ့ တန်ဖိုးပဲ... ဟုတ်တယ်... သူမက်တဲ့ အိပ်မက်တွေကို ထည့်စဉ်းစားရင် သူ့မှတ်ဉာဏ် ဆုံးရှုံးတာက သံသရာ လည်နေတာ ဖြစ်မယ်... အချိန်တစ်ခု ကြာသွားတိုင်း အတိတ်ကို မေ့သွားပြီး ဘဝသစ် စတယ်... အဲဒါဆို သူ့အိပ်မက်တွေက သူနေထိုင်ခဲ့တဲ့ ဘဝတွေပဲ... ဟီးဟီး... ငါ ဒီလိုမျိုး အဖြစ်အပျက်ကို ဝတ္ထုတစ်ပုဒ်ထဲမှာ ဖတ်ဖူးသလိုပဲ’

‘ငါ ဒီဟာကို ဗေဒင်အားကိုးနဲ့ အတည်ပြုလို့ မရဘူး... ကလေးဘဝမရှိဘဲ လူကြီးအဖြစ်ကနေ တစ်ခါတည်း စတင်တဲ့ မစ္စတာအက်ဇစ်ရဲ့ ဘဝတွေကို သဲလွန်စ လိုက်ရှာရမယ်...’

ကလိုင်းဟာ နောက်ဆုံး ခန့်မှန်းချက်ကို ပိုပြီးတော့ အားသာပေမဲ့ ပြန်လည်မွေးဖွားတဲ့ ဖြစ်နိုင်ခြေကိုလည်း လောလောဆယ်မှာ မဖယ်ထုတ်နိုင်သေးပါဘူး။

သူဟာ ရောက်တက်ရာရာ အတွေးတွေကို ရှင်းထုတ်ပြီးနောက် ဒီကိစ္စကို ကပ္ပတိန်ဆီ တင်ပြသင့်လား မတင်ပြသင့်ဘူးလားဆိုတာ သေချာစဉ်းစားပါတယ်။

‘မစ္စတာအက်ဇစ်က နှစ်ပေါင်း တစ်ထောင်ကျော် ရှင်သန်ခဲ့တဲ့ သာလွန်သူဆိုရင် သူ့အစွမ်းက ငါ ထင်ထားတာထက် အများကြီး သန်မာလိမ့်မယ်...’

‘သူက ငါ့ကို အကျိုးလိုလားစိတ်နဲ့ အကြံပေးတယ် ဆိုပေမဲ့ ငါ သူ့ရဲ့ အတိတ်က သဲလွန်စတွေကို ရှာတွေ့သွားရင် ဒီလိုမျိုး ဆက်ပြီးတော့ မေတ္တာစိတ် ထားနိုင်ဦးမလားဆိုတာ ပြောရခက်တယ်’

‘ဒါပေမဲ့ မစ္စတာအက်ဇစ်က ငါ့အပေါ်က တစ်ချိန်လုံး ကောင်းထားတာ... ညသိမ်းငှက်တွေ ပါလာရင် သူ့ကို ကြီးကြီးမားမား ထိခိုက်နိုင်ခြေ ရှိတယ်...’

‘ဟင်း... ကြည့်ရတာ ငါ ဒီကိစ္စကို မီးခိုးရောင် မြူခိုးထက်က လောကမှာ တွက်ချက်ကြည့်မှပဲ... ဒါက အမြင်ဆရာ တစ်ယောက်အတွက် အကောင်းမွန်ဆုံး ရွေးချယ်မှုပဲ’

ကလိုင်းဟာ ဆုံးဖြတ်ချက် ချပြီးတာနဲ့ တည်းခိုခန်းဆီ သွက်သွက်လက်လက် ပြန်ပါတယ်။

ဒန်းစမစ်နဲ့ ဖရိုင်းက ပြန်မလာသေးတဲ့အတွက် သူဟာ ဒီအခွင့်အရေးကို လက်လွှတ်မခံဘဲ တစ်ဆိုလီသုံးပြီး နောက်တစ်ခန်း ငှားပါတယ်။

အခန်းထဲ ရောက်တဲ့အခါ သူဟာ သိဒ္ဓိဝင်ညပေါင်ဒါမှုန့်ရဲ့ အကူအညီနဲ့ စိတ်ဝိညာဉ်နံရံ တည်ဆောက်ပါတယ်။ ပြီးတဲ့အခါမှာတော့ နာရီလက်တံ ပြောင်းပြန်အတိုင်း ခြေလှမ်းလေးလှမ်း လှမ်းပြီး တတွတ်တွတ် ရေရွတ်သံတွေကြားမှာ မီးခိုးရောင် မြူခိုးထက်ကို ရောက်သွားပါတယ်။

ခမ်းနားထည်ဝါလှတဲ့ နန်းတော်ကြီးဟာ မားမားမတ်မတ် ရှိနေပြီး စွန်းထင်းနေတဲ့ ကြေးစားပွဲရှည်နဲ့ ကုလားထိုင် ၂၂ လုံးဟာ မူမပျက် ရှိနေပါတယ်။

ကလိုင်းဟာ ထိပ်ဆုံး ထိုင်ခုံမှာ ထိုင်ပြီး အညိုရောင် သိုးသားရေနဲ့ အနက်ရောင် ဖောင်တိန်တစ်ချောင်း ပေါ်လာအောင် လုပ်လိုက်ပါတယ်။ အဲဒီနောက် ဖော့ပင်ကို ကောက်ယူပြီး လေးလေးနက်နက် ချရေးပါတယ်။

“ငါ ဒန်းစမစ်ကို မစ္စတာအက်ဇစ်အကြောင်း ပြောသင့်တယ်”

ပြီးတဲ့အခါမှာတော့ အင်္ကျီလက်စထဲက ဥဿဖရားဆွဲသီးကို ထုတ်ပြီး စိတ်ဝိညာဉ်ချိန်သီးဗေဒင် တွက်ကြည့်ပါတယ်။

ဥဿဖရားက နာရီလက်တံ ပြောင်းပြန်အတိုင်း လည်သွားပါတယ်။ ဒါက သူ ဒန်းစမစ်ကို မစ္စတာအက်ဇစ်အကြောင်း မပြောပြသင့်ဘူးလို့ ဆိုလိုပါတယ်။

ကလိုင်းဟာ ဥဿဖရားဆွဲသီးကို အောက်ချပြီးနောက် တစ်ခဏတွေးကာ ပိုသေချာသွားအောင် အိပ်မက်ဗေဒင်နဲ့ ထပ်တွက်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကြောင့် သူဟာ ဗေဒင်တွက်တဲ့ စာကြောင်းကို ပြောင်းရေးလိုက်ပါတယ်။

“မစ္စတာအက်ဇစ်နဲ့ ပတ်သက်တဲ့ကိစ္စတွေကို ညသိမ်းငှက်ဆီ အစီရင်မခံခြင်းရဲ့ ရလဒ်”

ကလိုင်းဟာ သိုးသားရေကို ကိုင်ပြီး စိတ်ထဲမှာ ၇ ခေါက် ရွတ်ဆိုပါတယ်။ အဲဒီနောက် ကုလားထိုင်မှာ နောက်မှီပြီး အိပ်မောကျတဲ့ အခြေအနေထဲ ဝင်လိုက်ပါတယ်။

သူဟာ ဝိုတိုးဝါးတားနဲ့ ဝေဝါးပြီး ဝေးကွာလှတဲ့ လောကတစ်ခုမှာ သူ့ကိုယ်သူ ပြန်မြင်လိုက်ရပါတယ်။ အဲဒီမှာ သူဟာ သွေးပင်လယ်ထဲ နှစ်နေပြီး ကြိုးစားရုန်းကန်နေပါတယ်။

အဲဒီမှာ လက်တစ်ဖက်က သူ့ကို သွေးပင်လယ်ထဲကနေ ဆွဲထုတ်နေပါတယ်။ အဲဒီလက်ရဲ့ ပိုင်ရှင်ကတော့ နားနားမှာ မှဲ့လေးတစ်လုံးရှိတဲ့ ကြေးရောင်အသားအရေနဲ့ မစ္စတာအက်ဇစ်ပါ။

ဒီပုံရိပ်ဟာ ကွဲကြေပြီး မြင်ကွင်းသစ် ဖြစ်သွားပါတယ်။ ကလိုင်းဟာ သူက နက်မှောင် မှုန်မှိုင်းတဲ့ ဧကရာဇ်ရဲ့ နောက်ဆုံး နားခိုရာကို ရောက်နေတာ တွေ့လိုက်ရပါတယ်။ အဲဒီနောက် ဘေးနားပတ်လည်က အခေါင်းတွေဟာ တစ်ခေါင်းပြီးတစ်ခေါင်း ပွင့်သွားပါတယ်။

အက်ဇစ်ဟာ သူ့ဘေးနားမှာ ရပ်နေပြီး တစ်စုံတစ်ခုကို ရှာဖွေနေသလိုမျိုး ရှေ့ကို ကြည့်နေပါတယ်။

အဲဒီအချိန်မှာပဲ ကလိုင်းဟာ ရုတ်ခြည်းဆိုသလို အိပ်မက်ထဲကနေ ထွက်သွားပြီး အပြောကျယ်လှတဲ့ ဝိုးတိုးဝါးတား မီးခိုးရောင် မြူခိုးတွေကို တွေ့လိုက်ရပါတယ်။

‘စောစာက အိပ်မက်က ငါ မစ္စတာအက်ဇစ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဖုံးကွယ်ထားမယ်ဆိုရင် နောက်ကျလို့ ငါ ဒုက္ခရောက်ရင် မစ္စတာအက်ဇစ်က ကူညီလိမ့်မယ်လို့ ဆိုလိုတာပဲ... ဟီးဟီး... အဲဒီအန္တရာယ်က အဲဒီလို လျှို့ဝှက်ပေးထားလို့ ရောက်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်... နောက်မြင်ကွင်းက ဘာကိုဆိုလိုတာလဲ... ငါက မစ္စတာအက်ဇစ်နဲ့အတူ ဂူဗိမ္မာန်တစ်ခုခုကို ရှာတွေ့သွားတာလား... ဟုတ်တယ်... ဂူဗိမ္မာန်က တခြားအဓိပ္ပာယ်တစ်ခု ရှိနေတာ ဖြစ်နိုင်တယ်...’

ကလိုင်းဟာ လက်နှစ်ဖက်ကို ပူးပြီး မေးစေ့ကို ထောက်ကာ သူ့အိပ်မက်ကို အဓိပ္ပာယ်ကောက်ပါတယ်။

စောစောက စိတ်ဝိညာဉ်ချိန်သီး ဗေဒင်ရလဒ်နဲ့ ပေါင်းပြီး သူဟာ ဒီကိစ္စကို သူ့ယူဆချက် မထည့်ဘဲ ကပ္ပတိန်ဆီ အစီရင်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူဟာ မြို့သားတစ်ယောက် ထုတ်ပြတဲ့ ပထမလမိုဒ်မြို့စားရဲ့ ပုံတူပန်းချီက ခွိုင်းတက္ကသိုလ်က သူ့သမိုင်းဆရာနဲ့ ဆင်တူတယ်လို့ပဲ ပြောမှာပါ။ သူဟာ ဒန်းစမစ်က ဒီကိစ္စကို တခြားနေရာကနေ ကြားမလာဘူးလို့ အတပ်မပြောနိုင်ပါဘူး။ အဲဒါကြောင့် သူဟာ ဒီကိစ္စကို အနည်းဆုံးတော့ ထည့်ပြောရပါလိမ့်မယ်။

သို့ပေမဲ့ ဒန်းစမစ်က အက်ဇစ်နဲ့ မရင်းနှီးတော့ အက်ဇစ်ရဲ့ ထူးဆန်းတဲ့ အိပ်မက်တွေ အကြောင်းကို မသိပါဘူး။ အဲဒီတော့ ဒီကိစ္စတွေကို ဆက်စပ်တွေးမိဖို့က တော်တော်လေး ခက်ခဲပါတယ်။ သူက အက်ဇစ်ရဲ့ ပုံပန်းသွင်ပြင်ကိုတောင် မှတ်မိချင်မှ မှတ်မိမှာပါ။

အဲဒီနောက် ကလိုင်းဟာ ခေါင်းထဲက အတွေးတွေကို ရှင်းထုတ်ပြီး မီးခိုးရောင် မြူခိုးထက်မှာရှိတဲ့ လောကကနေ ထွက်သွားဖို့ ပြင်လိုက်ပါတယ်။ အဲဒီအချိန်မှာပဲ တစ်ချိန်လုံး တိတ်ဆိတ်နေတဲ့ ကြက်သွေးရောင်ကြယ်က မှိတ်တုတ်မှိတ်တုတ် လင်းလက်လာတာကို သူ သတိထားမိလိုက်ပါတယ်။

ကလိုင်းဟာ စိတ်ဝင်တစားနဲ့ စိတ်ဝိညာဉ်စွမ်းအား ဆန့်ထုတ်လိုက်တဲ့အခါ ဂျိုဒင်စကားပြောတဲ့ လူငယ်လေးကို ထပ်တွေ့လိုက်ရပါတယ်။ လူငယ်လေးဟာ သန့်စင် ကြည်လင်လှတဲ့ သလင်းလုံးတစ်လုံးရှေ့မှာ ဒူးထောက်နေပါတယ်။

လူငယ်လေးဟာ မြောက်ပိုင်းတိုက်က နိုင်ငံတွေရဲ့ အဝတ်အစားနဲ့ မတူတဲ့ ကိုယ်ကျပ်အင်္ကျီနက်ကို ဝတ်ဆင်ထားတုန်းပါ။ သူ့ရဲ့ မျက်နှာအသွင်အပြင်က ဝေဝါးပြီး ပုံပန်းမကျ ဖြစ်နေပေမဲ့ ဝါညိုရောင် ဆံပင်ရှိတာကိုတော့ ကလိုင်း ခပ်ယဲ့ယဲ့ မြင်နိုင်ပါတယ်။

လူငယ်လေးဟာ သာမန်မဟုတ်တဲ့ နာကျင်မှုနဲ့ ဒူးထောက်ပြီး ဆုတောင်းနေပါတယ်။

ကလိုင်းဟာ လူငယ်လေးရဲ့ ဆုတောင်းသံကို ကြားနိုင်အောင် ဘေးကို ကိုင်းလိုက်ပါတယ်။ အဲဒီနောက် လက်သင်အဆင့် ဂျိုဒင်ဘာသာစကား စွမ်းရည်နဲ့ လူငယ်လေး ပြောနေတာကို အကြမ်းဖျင်း နားလည်သွားပါတယ်။

“အို ခံ့ညားထည်ဝါ မြင့်မြတ်တော်မူပါသော အရှင် ... အရှင်ရဲ့ အကြည့်တော်နဲ့ အရှင်စွန့်ပစ်ခဲ့တဲ့ ဒီနယ်မြေကို ကြည့်ရှုပေးတော်မူပါ”

“အို ခံ့ညားထည်ဝါ မြင့်မြတ်တော်မူပါသော အရှင်... အမှောင်သားဖြစ်တဲ့ ကျွန်တော်တို့ကို ကံကြမ္မာကျိန်စာကနေ လွတ်မြောက်ခွင့်ပေးတော်မူပါ”

“ကျွန်တော်ရဲ့ သွေးနဲ့ အရှင်ကို ကျေနပ်စေပြီး ကျွန်တော်ရဲ့ တစ်ဘဝလုံးကို အရှင့်ဆီ ပုံအပ်ပါ့မယ်”

...

‘စွန့်ပစ်ခဲ့ရတဲ့နယ်မြေ... အမှောင်သား... ခံ့ညားထည်ဝါ မြင့်မြတ်တော်မူပါသော အရှင်...’

ကလိုင်းဟာ အဓိကကျတဲ့ စကားစုတွေကို ရေရွတ်ရင်း လူဇောက်ထိုးပြောတဲ့ နေရာတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပါတယ်။

‘နတ်ဘုရားစွန့်ပစ်နယ်မြေ...’

‘ဒါက ဧကရာဇ်ရစ်ဆဲလ်ရဲ့ ဒိုင်ယာရီထဲမှာ ပါတယ်... သူက ဒီနယ်မြေကို ရှာဖို့ ရေတပ်သင်္ဘောအစုကိုတောင် စေလွှတ်ခဲ့တယ်... ဒါပေမဲ့ အချည်းနှီးပဲ...’ ကလိုင်းဟာ မျက်စိမှေးလိုက်ပြီး သူ့ခန့်မှန်းချက် မှန်လားဆိုတာကို သိချင်သွားပါတယ်။

သူဟာ ကြေးစားပွဲရှည်ရဲ့ အစွန်းကို လက်ချောင်းတွေနဲ့ တောက်လိုက်ပါတယ်။ သုံးချက်တောက်ပြီးတဲ့နောက် သူဟာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ သူဟာ ပုံရိပ်ယောင် ကြက်သွေးရောင်ကြယ်ကို ညာလက်ဆန့်ပြီး တို့ထိလိုက်ပါတယ်။

ကြက်သွေးရောင်တိမ်ဟာ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး အလင်းရောင်ဟာ ရေအလျဉ်လို စီးဆင်းသွားပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters