သေတွင်းတူးတဲ့နေရာမှာ ဆရာကြီး
Vol. 14 Ch. 140
“ဒီရွှေရည်စက်ရဲ့ မူလရင်းမြစ်”
ဒီဗေဒင်တွက်တဲ့ စာကြောင်းကို ခုနစ်ခေါက် ရွတ်ဆိုပြီးနောက် ကလိုင်းဟာ သိုးသားရေနဲ့ ဝိုးတိုးဝါးတား ရွှေရည်စက်ကို ကိုင်ကာ နောက်မှီလိုက်ပါတယ်။
သူဟာ ခံစားချက်ကိုပဲ အားကိုးပြီး ဖန်တီးယူထားတဲ့ ပစ္စည်းနဲ့ တွက်ချက်လို့ရလားဆိုတာ မသိပါဘူး။ သူလုပ်နိုင်တာက ယူဆချက်ကြီးကြီး ထားပြီး သေချာဂရုတစိုက် အတည်ပြုတာပဲ ရှိပါတယ်။
စက္ကန့်ပိုင်းအတွင်းမှာပဲ ကလိုင်းရဲ့ မျက်လုံးတွေဟာ အညိုရောင်ကနေ အနက်ရောင် ပြောင်းသွားပြီး တွေးခေါ်မှု အခြေအနေထဲ ဝင်သွားပါတယ်။ သူ့မျက်ခွံ အောက်ပြုတ်ကျသွားတဲ့အခါ ဝေဝါးပြီး ဝိုးတိုးဝါးတားနိုင်တဲ့ အိပ်မက်ကို သူ မြင်လိုက်ရပါတယ်။
ဝေဝါးလှတဲ့ အိပ်မက်ကမ္ဘာမှာ စူးရှတောက်ပတဲ့ ရွှေရောင် နေမင်းဟာ ရုတ်တရက် ပေါ်လာပါတယ်။
...
ခပ်အုပ်အုပ် မြည်သံဟာ ဟင်းလင်းပြင်တစ်ခွင် ပဲ့တင်ထပ်သွားပြီး ရွှေရောင်မီးလျှံက အပြင်ဘက်ကို ပြန့်ထွက်သွားတဲ့အခါ ကြည်လင်သန့်ရှင်းတဲ့ အလင်းရောင်က အရာအားလုံးကို ရုတ်တရက် လင်းထိန်သွားစေပါတယ်။
“ဝုန်း...”
ကလိုင်းဟာ ရုတ်ခြည်းဆိုသလို သူ့အိပ်မက်ကမ္ဘာကနေ နှင်ထုတ်ခံလိုက်ရပြီး တဆတ်ဆတ် တုန်သွားပါတယ်။ သူ့ခန္ဓာကိုယ်ဟာ မီးလျှံတောထဲမှာ လောင်မြိုက်ခံရသလိုမျိုး ဧရာမမီးပုံကြီးသဖွယ် ဖြစ်သွားပါတယ်။
အဲဒီအချိန်မှာ သူ့အတွေးတွေဟာ နေရာတကာ ပြန့်ကျဲကုန်ပြီး ဝရုန်းသုန်းကား ဖြစ်နေတဲ့ သူ့စိတ်ထဲမှာ မည်မည်ရရ အကြံတစ်ခုမှ ပေါ်လာမပါဘူး။
“ခြိမ်း...”
မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကဟာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားပြီး ခမ်းနားထည်ဝါလှတဲ့ နန်းတော်ဟာ တစ်လက်မချင်း ပြိုကျသွားပါတယ်။ စွန်းထင်းနေတဲ့ ရှေးဟောင်း ကြေးစားပွဲရှည်ဟာလည်း လေးငါးစ ကျိုးသွားပါတယ်။
ကြောက်စရာကောင်းတဲ့ ပြောင်းလဲမှုဟာ သုံးစက္ကန့်ပဲကြာပြီး မီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကဟာ ဘာမှမဖြစ်သလိုမျိုး ပုံမှန်အတိုင်း ပြန်ငြိမ်သက်သွားပါတယ်။
ကလိုင်းကိုယ်ပေါ်က ရွှေရောင်မီးလျှံဟာလည်း တဖြည်းဖြည်း ငြိမ်းအေးသွားပါတယ်။ သူဟာ တူးခြစ်နေတဲ့ အရေပြားနဲ့ ဟိုဘက်ဒီဘက်လှည့်ကာ နာနာကျင်ကျင် ညည်းတွားရင်း နောက်ဆုံးမှာ ပြန်တွေးနိုင်သွားပါတယ်။
သူဟာ ကုလားထိုင် လက်ရန်းကို အားပြုပြီး ခက်ခက်ခဲခဲ မတ်တတ်ရပ်လိုက်ပါတယ်။ သူဟာ စောစောက အဖြစ်အပျက်ကြောင့် ကြောက်လန့်သွားသလို နားမလည်နိုင်အောင်လည်း ဖြစ်သွားပါတယ်။
သူဟာ ဗေဒင်တွက်ကြည့်ရုံနဲ့ ဒီလိုအကျိုးဆက်ကို ခံစားရလိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမထားခဲ့ပါဘူး။
သူဟာ အသက်ဝအောင်ရှူပြီး ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ ရှေးခေတ်ကတည်းက မပြောင်းလဲဘဲ တည်ရှိနေခဲ့တယ်လို့ ထင်ရတဲ့ ကြီးကျယ်ခမ်းနားတဲ့ နန်းတော်ကြီးနဲ့ ရှေးဟောင်း ကြေးစားပွဲက ထိခိုက်သွားတာကို တွေ့လိုက်ရပါတယ်။ ဒီဟာက ဘယ်လို ဖောက်ပြန်မှုမျိုးကိုမဆို တစ်ခါမှ မကြုံရတဲ့ မီးခိုးရောင်မြူခိုးထက်က ဆန်းကြယ်လောကမှာ မကြုံစဖူး ထိခိုက်မှုပါ။
‘ဘာဖြစ်သွားတာလဲ... ငါ့တွက်ချက်မှုက ဉာဏ်မမီအောင် နက်နဲလွန်းတဲ့ တည်ရှိမှုဆီ ဦးတည်သွားလို့လား...’ ကလိုင်းဟာ အနည်းငယ် ငြိမ်သက်သွားပြီး မီးလောင်သွားတဲ့ သူ့အရေပြားတွေကို အသစ်လဲလှယ်ရင်း မှန်းဆလိုက်ပါတယ်။
‘ဒီမီးခိုးရောင် မြူခိုးထက်မှာရှိတဲ့ ဆန်းကြယ်လောကရဲ့ ကာကွယ်မှုကြောင့်သာ မဟုတ်ရင် ငါ အရိုးပြာတောင် ကျန်မှာ မဟုတ်ဘူး... အဲဒီရွှေရည်စက်က နတ်ဘုရားရဲ့ သွေးစက်များလား... ငါ အနှိုင်းမဲ့ တောက်ပတဲ့ နေမင်းကို မြင်လိုက်တာလား... ဒါမှမဟုတ် သူ့လက်အောက်က စွမ်းအားကြီး နတ်သားကို မြင်လိုက်တာလား... မဟုတ်ဘူး... အဲဒါက နေမင်း... အဲဒီတော့ ပထမဟာက ပိုဖြစ်နိုင်တယ်... သေစမ်း... ငါ နတ်ဘုရားကို တိုက်ရိုက် ကြည့်လိုက်တာလား...’
ကလိုင်းဟာ တွေးရင်း တွေးရင်းနဲ့ ပိုပြီးတော့ ကြောက်သွားပါတယ်။ သူ သေခါနီး ဖြစ်သွားတယ် မဟုတ်ပါလား။
‘ဘာမှ မသိတဲ့လူတွေက ဘာမှ မကြောက်ဘူး... သေတွင်းမတူးတဲ့ လူတွေက မသေဘူး... နောက်ကျရင် ငါ တွေ့သမျှ အကုန်လုံး တွက်ချက်ကြည့်လို့ မဖြစ်တော့ဘူး... ငါ ဘာတွေ မြင်ရမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ...’
‘ဒီလိုမျိုးသာ နောက်တစ်ခါ ထပ်ဖြစ်ရင် ဒီဆန်းကြယ်လောကက ငါ့ကို ကာကွယ်ပေးနိုင်ဦးမလားဆိုတာ မသေချာဘူး... အဲဒါဆိုရင် ငါ တကယ် သေသွားမှာ...’
‘ဟုတ်တယ်... ငါ သေချာပေါက် ဒီရွှေရည်စက်နဲ့ ဆက်ပြီးတော့ စမ်းသပ်မှုတွေ လုပ်လို့ မဖြစ်ဘူး... ခုနက တည်ရှိမှုက အနှိုင်းမဲ့တောက်ပတဲ့ နေမင်း ဖြစ်နိုင်တယ်... သူက မီးခိုးရောင်မြူခိုးထက်က တွက်ချက်မှုရဲ့ ကွယ်ဝှက် လွှမ်းမိုးမှုကို ရုတ်တရက်ကြီး အာရုံခံမိလိုက်လို့ အချိန်မီ မတုံ့ပြန်လိုက်နိုင်တာ ဖြစ်မယ်... သူသာ ပြင်ဆင်ထားရင် ဒီဆန်းကြယ်လောကက ဒီဂယက်ဒဏ်ကို ခံနိုင်မှာ မဟုတ်လောက်ဘူး...’
ဒါကို ကလိုင်း သဘောပေါက်သွားတဲ့အချိန်မှာ သူ့ခန္ဓာကိုယ်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါပြီ။ တူးခြစ်တာတွေ မရှိတော့ပါဘူး။ ဒါပေမဲ့ အရင်ကထက် ပိုမှေးမှိန်ပြီး ဒြပ်ပိုမဲ့သွားပါတယ်။
သူဟာ လက်မြှောက်ပြီး နားထင်ကို နှိပ်ကာ နန်းတော်နဲ့ စားပွဲရှည်ကို အရင်အတိုင်း ပြန်ဖြစ်ဖို့ စိတ်နဲ့ အမိန့်ပေးလိုက်ပါတယ်။
အဲဒီနောက် ဘီလူးတွေရဲ့ အိမ်နဲ့တူတဲ့ နန်းတော်ကြီးနဲ့ ကြေးစားပွဲရှည်က ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါတယ်။ အကုန်လုံးက အရင်အတိုင်းပါပဲ။
ကလိုင်းဟာ ကုလားထိုင်မှာ နောက်မှီထိုင်ပြီး သူ့ကိုယ်သူ သရော်လိုက်ပါတယ်။
‘အင်း... ဒါက လုံးလုံကြီး မကောင်းတာတော့ မဟုတ်ပါဘူး... အနည်းဆုံးတော့ ဒီဆန်းကြယ်လောကရဲ့ အကန့်အသတ်ကို ငါ သိလိုက်ရပြီ... နတ်ဘုရားတွေရဲ့ နတ်သားနားကပ်တဲ့ စွမ်းအားပဲ ဒီမီးခိုးရောင် မြူခိုးထက်က ဆန်းကြယ်လောကကို လုံးဝ လွှမ်းမိုးနိုင်တယ်...’
‘ဟင်း... ငါ အမြင်ဆရာရဲ့ ဥပဒေသတွေထဲကို နောက်ထပ် ဥပဒေသတစ်ခု ထပ်ထည့်ရမယ်... အဆင့်မြင့် တည်ရှိမှုတွေနဲ့ ပတ်သက်တဲ့အရာတွေကို ကြုံရာကျပမ်း မတွက်ချက်နဲ့... ဟုတ်တယ်... ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံကိုလည်း အလျင်စလို မဖွင့်သင့်ဘူး... တိုက်ရိုက် မကြည့်သင့်တဲ့ အရာတွေကို ငါ တိုက်ရိုက်ကြည့်မိရင် တစ်ချက်တည်း နားကားသွားလိမ့်မယ်... အပြင်လောကမှာ ငါက ဒီဆိုးရွားတဲ့ သက်ရောက်မှုတွေကို တွန်းလှန်ပေးနိုင်တဲ့ ဆန်းကြယ်လောက ရှိတာ မဟုတ်ဘူး...’
တစ်ခဏ အကြာမှာတော့ ကလိုင်းရဲ့ အမူအရာဟာ ကြောင်တိကြောင်တောင် ဖြစ်သွားပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့ခေါင်းထဲမှာ အသိပညာတချို့ ရောက်နေလို့ပါ။
ဟုတ်ပါတယ်။ အသိပညာတွေပါ။
အနှိုင်းမဲ့တောာက်ပတဲ့ နေမင်းနဲ့ တွေ့လိုက်ရတဲ့ အချိန်တိုလေးအတွင်းမှာ ကလိုင်းဟာ ဆက်တိုက် တွက်ချက်တဲ့ အခြေအနေမှာ ရှိနေပါတယ်။ အဲဒါကြောင့် သူဟာ သူကြည့်နေတဲ့ တည်ရှိမှုဆီကနေ ကိစ္စတချို့နဲ့ အသိပညာတွေကို အလိုလို တွက်ချက်မိခဲ့ပါတယ်။
သူဟာ အိပ်မက်ဗေဒင်သုံးပြီး သူစုဆောင်းခဲ့တဲ့ သူ့ရဲ့ မူလရည်ရွယ်ချက် မဟုတ်တဲ့ အရာတွေကို ပြန်တွေးယူကာ အစီအစဉ်တကျ စုစည်းပါတယ်။ အဲဒီနောက် သူဟာ ဖော့ပင်နက်ကို ကောက်ယူပြီး စာကြောင်းတွေ တစ်ကြောင်းပြီး တစ်ကြောင်း ချရေးလိုက်ပါတယ်။
“(၁) နတ်ဘုရားကို တိုက်ရိုက် မကြည့်နဲ့”
“(၂) သန့်စင်တဲ့ နတ်သားဖြူ”
“(၃) နေမီးတောက်အဆောင် စီရင်နည်း... ဒီအဆောင်က နေမင်းနယ်ပယ်မှာ အဆင့်မြင့် အဆောင်ပဲ... သူ့စွမ်းအားက တစ်နှစ်ကျော်မှ ယုတ်လျော့သွားတယ်... အနှိုင်းမဲ့ တောက်ပတဲ့ နေမင်းကို ဆုတောင်းဖို့ မလိုဘူး...ဒါပေမဲ့ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို အစီအရင်လုပ်တဲ့နေရာ ယူသွားဖို့ လိုတယ်... ဒါက မျိုးပြောင်း နေမင်းတံဆိပ်တော်မြတ်ရဲ့ စွမ်းအားကို မြင့်ရာကနေ နိမ့်ရာ စီးဆင်းစေတာပဲ...”
“(၄) မုန်တိုင်းအရှင်နဲ့ အသိဉာဏ်ပညာ နတ်ဘုရားကို အရမ်းမုန်းတယ်”
“(၅) ကဗျာစာဆို ဆေးရည်ဖော်မြူလာ...”
“အဓိကပါဝင်ပစ္စည်း - သလင်းနေကြာပန်း သို့မဟုတ် အရွယ်ရောက် မီးခတ်ငှက်အမြီးရဲ့ အမွေး... ဆိုင်ရန်ကျောက် တစ်တုံး သို့မဟုတ် တေးသီနေကြာပန်း...”
“အားဖြည့် ပါဝင်ပစ္စည်း - နွေဦးလယ်မြက် တစ်ညွှန့်... ဇူလိုင်ဝိုင်ဖျော်ရည် ၅ စက်... နတ်သူငယ် အမှောင်ရွက် တစ်ရွက်...”
“(6) အလင်းတောင်းသမား ဆေးရည် ဖော်မြူလာ...”
“အဓိကပါဝင်ပစ္စည်း - ကျောက်တောက် တစ်တုံး သို့မဟုတ် ဝိညာဉ်တောက်မှုန့် သို့မဟုတ်... မှန်ဖြူကောင်ရဲ့ သွေး သို့မဟုတ် ကျောက်ရည်ပူ တိုင်တန်ရဲ့ နှလုံးသား...”
“အားဖြည့် ပါဝင်ပစ္စည်း - ရွှေရောင်စွန်း နေကြာပန်း၊ တိဝုတ်ရည် သုံးစက်...”
“(၇) အလင်းဘုန်းတော်ကြီး ဆေးရည် ဖော်မြူလာ...”
“အဓိကပါဝင်ပစ္စည်းနဲ့ ပတ်သက်တဲ့ အချက်အလက်က ပျောက်နေတယ်”
“အားဖြည့်ပါဝင်ပစ္စည်း - ရို့စ်မယ်ရီ ၅ ဂရမ်၊ နတ်ဘုရားလက်ရည် ၇ စက်၊ ကျောက်ရေ...”
“(၈) ဆုံမှတ် ၄ အရိပ်မဲ့ ဆေးရည် ဖော်မြူလာ... အဓိက ပါဝင်ပစ္စည်းက မျိုးပြောင်းနေမင်း တံဆိပ်တော်မြတ်ကနေ ထုတ်ယူလိုက်တဲ့ နတ်ဘုရားရဲ့ ရွှေသွေးစက်ကို ယူလို့ရတယ်... အရွယ်ရောက်ပြီးသား နေနတ်သားငှက် သုံးကောင်ရဲ့ အမြီးက အမွေး၊ သန့်စင်မွန်မြတ် ကျောက်တောက် တစ်တုံးနဲ့လည်း အစားထိုးလို့ရတယ်”
“အားဖြည့်ပါဝင်ပစ္စည်းနဲ့ ပတ်သက်တဲ့ အချက်အလက်က ပျောက်နေတယ်...”
ဒီစာကြောင်း ရှစ်ကြောင်းကို ချရေးပြီးနောက် ကလိုင်းဟာ ကြေးစားပွဲရှည်ရဲ့ အစွန်းကို မနေနိုင်ဘဲ ပွတ်လိုက်ပါတယ်။
သူဟာ သူ ထင်ထားတာထက် အများကြီး ပိုရလိုက်ပါတယ်။
သူဟာ စောစောက အဆင်အခြင်မဲ့ တွက်ချက်မှုကို ရှင်သန်နိုင်ခဲ့တာပဲ ကျေနပ်နေပါပြီ။ ဒါပေမဲ့ အခု သူ မျှော်လင့်မထားတဲ့ ရှင်သန်မှုဆုလာဘ်ကိုပါ ထပ်ရလိုက်ပါတယ်။
သူ ညသိမ်းငှက်ဆီကနေ သိထားတဲ့ လျှို့ဝှက် သတင်း အချက်အလက်တွေအရ အနှိုင်းမဲ့တောက်ပတဲ့ နေမင်း ဘုရားကျောင်း ပိုင်ဆိုင်တဲ့ ဆုံမှတ်လမ်းကြောင်းက နေမင်း ဆိုတာ သူ သိထားပါတယ်။ နောက်ပြီး အဲဒီဆုံမှတ်လမ်းကြောင်းရဲ့ ဆုံမှတ် ၉ က ကဗျာစာဆိုပါ။ ဒီဆေးရည် သောက်မြိုထားတဲ့ သာလွန်သူက သီချင်း သီဆိုတာကနေ သူတို့နဲ့ သူတို့ရဲ့ မဟာမိတ်တွေကို သတ္တိနဲ့ ခွန်အား တိုးပွားလာအောင် နှိုးဆွပေးနိုင်ပါတယ်။ ဒါက ကိုးကွယ်ဆည်းကပ်မှုနဲ့ နာခံမှုကို ဆောင်ယူတဲ့ အလုပ်ပါ။ သူတို့ရဲ့ ကြွေးကြော်သံက “နေမင်းကို ချီးကျူးကြရအောင်” ပါ။
သူ့ရဲ့ အဆင့်တက် ဆေးရည် ဆုံမှတ် ၈ ကတော့ အလင်းတောင်းသမားပါ။ သူတို့က နေမင်းနယ်ပယ်မှာရှိတဲ့ မန္တန်တွေ သုံးနိုင်ပြီး အစီအရင်တွေ စီရင်နိုင်ပါတယ်။ ဒီမန္တန်တွေနဲ့ အစီအရင်တွေက အလောင်းတွေနဲ့ စိတ်ဝိညာဉ်ကို ရင်ဆိုင်တဲ့နေရာမှာ တော်တော် အသုံးဝင်ပါတယ်။ ဆုံမှတ် ၇ ကတော့ နေရာင်ခြည် ဘုန်းတော်ကြီး ဖြစ်ပြီး သူ့နယ်ပယ်မှာရှိတဲ့ မန္တန်တွေနဲ့ အစီအရင်တွေရဲ့ စွမ်းအားကို အများကြီး တိုးမြှင့်ပေးပါတယ်။
‘ဒီတော့ ငါက နေမင်း ဆုံမှတ်လမ်းကြောင်းရဲ့ ဆုံမှတ် ၉ နဲ့ ဆုံမှတ် ၈ ဆေးရည် ဖော်မြူလာ အပြည့်အစုံကို ရလိုက်တာပဲ... ဟုတ်တယ်... အရင်နဲ့ မတူတာက ဆေးရည်ဖော်မြူလာရဲ့ အစားထိုးလို့ရတဲ့ ပစ္စည်းတွေက မတူညီတဲ့ယုဂ်တွေဆီကနေ လာတာပဲ... တွက်ချက်ပြီး အနှိုင်းမဲ့ တောက်ပတဲ့ နေမင်းဆီကနေ တိုက်ရိုက်ရလိုက်တဲ့ ဖော်မြူလာတွေလို့ မပြောရဘူး...’ ကလိုင်းဟာ ကျေကျေနပ်နပ် တွေးလိုက်ပါတယ်။
သူဟာ ပထမတော့ လူဇောက်ထိုးက ငွေမြို့တော် လူငယ်လေးရဲ့ တောင်းဆိုချက်ကို ဖြေရှင်းနိုင်မလား စောင့်ကြည့်ဖို့ စီစဉ်ထားတာပါ။ မုန်တိုင်းအရှင် ဘုရားကျောင်းနဲ့ အနှိုင်းမဲ့တောက်ပတဲ့ နေမင်း ဘုရားကျောင်းက ရှေးအကျဆုံး ဘာသာရေးဂိုဏ်းတွေ မဟုတ်ပါလား။ သူတို့နှစ်ဂိုဏ်းက နှစ်ပေါင်းထောင်ချီအောင် တိုက်ခိုက်ခဲ့တာမလို့ တစ်ဂိုဏ်းရဲ့ အစဆုံမှတ်တွေကို ကျန်တစ်ဂိုဏ်းက သိနေမယ်ဆိုတာ သံသယဝင်စရာ မရှိပါဘူး။
‘လူဇောက်ထိုးက နေမင်းလမ်းကြောင်းကို ဂရုစိုက်ချင်မှ ဂရုစိုက်မှာ... ဒါပေမဲ့ သူက ဆုံမှတ် ၇ သင်္ဘောသမား ဖြစ်ဖို့များတော့ သတင်း အချက်အလက် စုဆောင်းဖို့ လွယ်ကူလောက်တယ်... ဒါပေမဲ့ ငါ အခု သူ့ကို မလိုတော့ဘူး... ငါ ဘာသာ ယုံနိုင်စရာမရှိတဲ့ အရမ်းအန္တရာယ်များတဲ့ နည်းလမ်းနဲ့ ဖြေရှင်းလိုက်ပြီ... မစ္စတရားမျှတမှု... မစ္စတာလူဇောက်ထိုး... သူငယ်ချင်းနေမင်းလေး... မင်းတို့ရဲ့အရူးက မီးသွေးတုံး ဖြစ်လုနီးပါးပဲ...’
ကလိုင်းဟာ ကြောက်ရွံ့နေသေးတဲ့ ခံစားချက်နဲ့ စိတ်ထဲမှာ လှောင်ပြောင်လိုက်ပါတယ်။
သူဟာ ခေါင်းငုံ့ပြီး သူ့ရှေ့မှာရှိတဲ့ သိုးသားရေ စာရွက်ပေါ်က မှတ်တမ်းတွေကို ကြည့်လိုက်ပါတယ်။ အဲဒီမှာ သူဟာ နောက်ထပ် ဖော်မြူလာတစ်ခုကို တွေးမိလိုက်ပါတယ်။
‘အလင်းဘုန်းတော်ကြီးရဲ့ ရှေးဟောင်း နားမည်က နေရောင်ခြည် ဘုန်းတော်ကြီးများလား... ညသိမ်းငှက်ရဲ့ လျှို့ဝှက်သတင်း အချက်အလက်တွေထဲမှာ ဒီအကြောင်း မပါဘူး...ငါ့တွက်ချက်မှုကလည်း ဆုံမှတ်နံပါတ် မပါဘူး... ဒါက ဆုံမှတ် ၆ လား... ဆုံမှတ် ၅ လား...’
‘ဆုံမှတ် ၄ အရိပ်မဲ့... ဒါက ငါ ပထမဆုံး ရတဲ့ အဆင့်မြင့် ဆုံမှတ် ဆေးရည်ဖော်မြူလာပဲ... နှမြောဖို့ကောင်းတာက အားဖြည့်ပစ္စည်းတွေ ပျောက်နေတာပဲ... ဒီကွက်လပ်ကို ငါ ဘယ်လို ဖြည့်ရမလဲ မသိဘူး... အဲဒီရွှေရည်စက်က တကယ်ကြီး နတ်ဘုရားရဲ့သွေး ဖြစ်နေတယ်... ချိပ်ပိတ်လက်နက် ၃-၀၇၈၂ က ငါတို့တွေ ထင်ထားတာထက် အများကြီး စွမ်းအားပိုကြီးနိုင်တယ်... ငါ မြင်ထားတာ အရဆိုရင် အဆင့် ၁ ချိပ်ပိတ်လက်နက် ဖြစ်ဖို့ လုံလောက်တယ်’
‘အင်း... အရင် ညသိမ်းငှက်တွေက ဒီပစ္စည်းမှာ အသက်လက္ခဏာ ရှိလား... အနီးအနားမှာရှိတဲ့ လူတွေကို ဘယ်လောက် အန္တရာယ်ပေးနိုင်လဲ... ထိန်းချုပ်ဖို့ ဘယ်လောက်ခက်လဲ... အလောင်းတွေနဲ့ စိတ်ဝိညာဉ်တွေကို ရင်ဆိုင်တဲ့နေရာမှာ သုံးနိုင်လား... ဒါတွေကိုပဲ ဆုံးဖြတ်ခဲ့တာနဲ့ တူတယ်... သူတို့တွေမှာ ဒီပစ္စည်းရဲ့ ထူးခြားတဲ့ ဇစ်မြစ်ကို ရှာဖွေဖို့ နည်းလမ်းရှိမှာ မဟုတ်ဘူး...’
‘ဒီမျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်က မကောင်းဆိုးဝါး စိတ်ဝိညာဉ်တွေကိုတောင် ရင်ဆိုင်နိုင်လောက်တယ်... ဒီဟာကို စစ်ဆေးတဲ့လူက ဒီပစ္စည်းကို စမ်းသပ်ဖို့ ဘယ်လိုလုပ်ပြီး မကောင်းဆိုးဝါး စိတ်ဝိညာဉ်ကို သွားရှာမှာလဲ...’
‘ပုံမှန် ညသိမ်းငှက် အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ငါ ဒီချိပ်ပိတ်လက်နက် ၃-၀၇၈၂ ရဲ့ ပိုင်ရှင် မဖြစ်နိုင်ဘူး... ဒါပေမဲ့ ငါ အခွင့်အရေးရှာပြီး သူ့စွမ်းအားနဲ့ နေမီးတောက် အဆောင်ကို စီရင်လို့ရနိုင်တယ်... ဟင်း... လောလောဆယ်တော့ စီရင်လို့ မရသေးဘူး... ငါ့မှာ လိုအပ်တဲ့ ပစ္စည်းတွေ မရှိဘူး... ထာဝရည နတ်ဘုရားမရဲ့ ညသိမ်းငှက်က နေမင်းရဲ့ ပါဝင်ပစ္စည်းတွေကို ဘယ်လိုလုပ်ပြီး သယ်ထားမှာလဲ’
ကလိုင်းဟာ နောင်တ,တရနဲ့ နဖူးကို နှိပ်လိုက်ပါတယ်။ သူဟာ မီးခိုးရောင် မြူခိုးထက်က လောကမှာ တခြား ဘာလှုပ်ရှားမှုမှ မတွေ့ရတော့တဲ့အတွက် နောက်ဆုံးမှာ စိတ်သက်သာရာ ရသွားပါတယ်။ အနှိုင်းမဲ့ တောက်ပတဲ့ နေမင်းက သူ့ကို ခြေရာမခံနိုင်ဘူးဆိုတာလည်း သေချာသွားပါတယ်။
‘နတ်ဘုရားကို တိုက်ရိုက် မကြည့်နဲ့... အဆင့်မြင့် တည်ရှိမှုတွေကို တိုက်ရိုက် မကြည့်နဲ့... ငါ ဒါကို စွဲနေအောင် မှတ်ထားမှ ဖြစ်မယ်’
‘အနှိုင်းမဲ့ တောက်ပတဲ့ နေမင်းက မုန်တိုင်းအရှင်နဲ့ အသိဉာဏ်ပညာ နတ်ဘုရားကို ဘာဖြစ်လို့ အရမ်းမုန်းရတာလဲ’
‘သန့်စင်တဲ့ နတ်သားဖြူကရော ဘာလဲ’
...
ခေါင်းထဲမှာ အတွေးမျိုးစုံ ပြည့်လာတဲ့အခါ ကလိုင်းဟာ ခေါင်းကိုက်လာပါတယ်။ နောက်ပြီး အချိန်ကလည်း တော်တော် ကုန်သွားပြီမလို့ အပြင်လောကကို ပြန်ဖို့ အချိန်တန်ပါပြီ။ တော်ကြာ တစ်ယောက်ယောက်က တစ်ခုခုလွဲနေတာကို ရှာတွေ့သွားရင် ခက်ပါမယ်။
ဒီကိုမလာခင်တုန်းက သူဟာ တစ်မိနစ် နှစ်မိနစ်လောက်ပဲ ကြာမယ်လို့ တွေးထားခဲ့တာပါ။ နောက်ပြီး စိတ်ဝိညာဉ်တံတိုင်းကလည်း သူ့ကို အရာအားလုံးကနေ ခွဲခြားထားပါတယ်။ တစ်ခုခုက စိတ်ဝိညာဉ် တံတိုင်းကို ထိလိုက်တာနဲ့ မီးခိုးရောင် မြူခိုးထက်မှာရှိတဲ့ သူ့ခန္ဓာကိုယ်က အာရုံခံမိမှာပါ။ အဲဒါကြောင့် သူဟာ လုံးဝ လုံခြုံတယ်လို့ ခံစားခဲ့ရပါတယ်။ မတော်တဆ ဖြစ်နိုင်ခြေကို ထည့်တွက်မထားခဲ့ပါဘူး။ နောက်ဆုံးမှာ သူဟာ အသက်ဆုံးလုနီး ဖြစ်သွားပြီး အချိန်တော်တော် ဖြုန်းမိလိုက်ပါတယ်။
သန့်စင်တဲ့ အလင်းရောင်ခြည်တန်းနဲ့ တန်းတိုးမှာ ဒါမှမဟုတ် မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ် ထိခိုက်သွားတာကို တွေ့လိုက်ရမှာ ကြောက်တာကြောင့် ကလိုင်းဟာ ရင်တထိတ်ထိတ်နဲ့ပဲ ဆန်းကြယ်လောကကနေ ထွက်လိုက်ပါတယ်။
သူ မျက်လုံးဖွင့်လိုက်တဲ့အခါ ကြက်သွေးရောင် လရောင်ကို တွေ့လိုက်ရပါတယ်။ အဲဒီနောက် ကြက်သွေးရောင် လရောင်အောက်မှာ ပုန်းအောင်းနေတဲ့ အမှောင်ထု၊ သူ့ရှေ့မှာရှိတဲ့ ကျိုးတိုးကျဲတဲ တောအုပ်နဲ့ မြက်ပင်ချုံရိုင်းတွေကို တွေ့လိုက်ရပါတယ်။ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကတော့ သူ့လက်ထဲမှာ အကောင်းပကတိ ရှိနေပါတယ်။
လေးငါးစက္ကန့်လောက် စိုးရိမ်ထိတ်လန့်သွားပြီးတဲ့ နောက်မှာတော့ သူဟာ သူ လုံခြုံသွားပြီဆိုတာကို ယုံကြည်သွားပါတယ်။
“ဟူး...”
ကလိုင်းဟာ လေပူတစ်ချက် မှုတ်ထုတ်လိုက်ပါတယ်။ သူဟာ သေမင်းနှုတ်ခမ်းဝကို ဖြတ်လျှောက်ခဲ့တာဆိုတော့ တော်တော်လေး ပင်ပန်းနွမ်းနယ်နေတယ်လို့ ခံစားလိုက်ရပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။