← Chapters

ဘီလူး ဆုံမှတ်လမ်းကြောင်း

Vol. 14 Ch. 138

ဘီလူး ဆုံမှတ်လမ်းကြောင်း

Vol. 14 Ch. 138

‘အတုမဲ့ အနှိုင်းမဲ့တဲ့ ဘုရားသခင်... အရာအားလုံးကို ဖန်တီးတဲ့အရှင်...’ ကလိုင်းဟာ နောက်မှီထိုင်ပြီး သိမ်မွေ့ညင်သာတဲ့ ကိုယ်ဟန်ကို ထိန်းသိမ်းရင်း ငွေမြို့တော်က လူငယ်လေးပြောတဲ့ စကားတွေကို စဉ်းစားပါတယ်။

သူဟာ ‘အရာအားလုံးကို ဖန်တီးတဲ့အရှင်’ ဆိုတာနဲ့ မရင်းနှီးတာတော့ မဟုတ်ပါဘူး။ မုန်တိုင်းစာအုပ်၊ ထာဝရညရဲ့ ဗျာဒိတ်တော်နဲ့ တခြားဒဏ္ဍာရီတွေထဲမှာ ဖော်ပြထားတဲ့ ဖန်တီးရှင်က ဒီလိုမျိုး အလားတူ အမည်နာမတွေ ရှိပါတယ်။ အော်ရိုရာဂိုဏ်းလိုမျိုး လျှို့ဝှက်အဖွဲ့အစည်းတွေကလည်း ဖန်တီးရှင်စစ်ကို ဒီလိုမျိုး ဖော်ပြကြပါတယ်။

ဒါပေမဲ့ ‘အတုမဲ့ အနှိုင်းမဲ့တဲ့ ဘုရားသခင်’ ဆိုတာကိုတော့ ကလိုင်း ဒီလောကမှာ ပထမဆုံးအကြိမ် ကြားဖူးတာပါ။ ထာဝရညနတ်ဘုရားမပဲ ဖြစ်ဖြစ် မုန်တိုင်းအရှင်ပဲဖြစ်ဖြစ် ရေနွေးငွေ့နဲ့ စက်ယန္တရား နတ်ဘုရားပဲဖြစ်ဖြစ် ဘယ်နတ်ဘုရားမှ အတုမဲ့ အနှိုင်းမဲ့တယ်လို့ ဝန်မခံကြပါဘူး။

‘ငွေမြို့တော်က နတ်ဘုရားစွန့်ပစ်နယ်မြေမှာ တကယ်ရှိတာဆိုရင် ဒီနတ်ဘုရားစွန့်ပစ်နယ်မြေက ဒီလောကထဲမှာ တကယ်ရှိတာပဲ... အတုမဲ့ အနှိုင်းမဲ့တဲ့ ဘုရားသခင်ဆိုတာက ရှေးခေတ်ကရှိခဲ့တဲ့ ဖန်တီးရှင်ရဲ့ ဘွဲ့အမည်နာမ ဖြစ်နိုင်တယ်...’

ကလိုင်းဟာ မျက်နှာချင်းဆိုင်က လူငယ်လေးကို ကြည့်ပြီး တွေးလိုက်ပါတယ်။ အဲဒီနောက် သူဟာ လူငယ်လေးရဲ့ နာကျင်မှုနဲ့ ဝမ်းနည်းမှု ခံစားချက် ရောင်ဝါတွေကို ကြည့်လိုက်ပါတယ်။

ဒဲရစ်ဟာ အရူးရဲ့ အကြည့်ကို ခံစားမိတဲ့အခါ အလိုလို ခေါင်းငုံ့သွားပါတယ်။ သူဟာ သူ့မိဘတွေ ပြောပြဖူးတဲ့ ဒဏ္ဍာရီတွေကို ပြန်တွေးမိပြီး တစ်လုံးချင်း ဝမ်းပန်းတနည်း ဆက်ပြောပါတယ်။

“ကောင်းကင်ယံမှာ နေမင်း ပျောက်ကွယ်သွားတဲ့အခါ... တိမ်တိုက်တွေ ဆုတ်ဖြဲခံရပြီး စုတ်ပြဲသွားတဲ့အခါ... မိုးကြိုးနဲ့ လျှပ်စီးက ကျွန်တော်တို့ရဲ့ အရှင်သခင် ဖြစ်လာတဲ့အခါ... အမှောင်ထုထဲမှာ ချောင်းမြောင်းနေတဲ့ စိတ်ကူးနိုင်တာထက် ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ မွန်းစတားတွေ ရုတ်တရက် ထွက်ပေါ်လာပြီး ငွေနိုင်ငံတော်ရဲ့ မြို့တွေကို တစ်မြို့ပြီး တစ်မြို့ ဖျက်ဆီးပစ်တယ်... အဲဒီအချိန်ကစပြီး လူသားတွေရဲ့ အမှောင်ခေတ် စတင်ခဲ့တယ်”

...

“ငွေမြို့တော်မှာ ကျန်ရှိတဲ့ ပညာရှင်တွေက သူတို့ရဲ့ ပူးပေါင်းစွမ်းအားနဲ့ မှော်ပစ္စည်းနှစ်ခုကို အားကိုးပြီး အမှောင်ထဲက အရာတွေရဲ့ တိုက်ခိုက်မှုကို တွန်းလှန်နိုင်ခဲ့တယ်... သူတို့တွေက မြို့ကနေ တစ်နေ့ခရီး ပတ်လည်အတွင်းမှာရှိတဲ့ မွန်စတားတွေကို တဖြည်းဖြည်းချင်း ရှင်းလင်း မြို့ပြနိုင်ငံ ထူထောင်ပြီး လူသားတွေရဲ့ နောက်ဆုံး အလင်းရောင်ကို ကာကွယ်ခဲ့တယ်”

‘ပုံနှိပ်စာအုပ်ထဲက စာကြောင်းတွေပဲ...’ ကလိုင်းဟာ စိတ်ထဲမှာ မှတ်ချက်မပေးဘဲ မနေနိုင်ပါဘူး။

လူငယ်လေးရဲ့ စကားကနေ ငွေမြို့တော်က မြောက်ပိုင်းတိုက်နဲ့ မတူတဲ့ လောကမှာလို့ ကလိုင်းကို ခံစားရစေပါတယ်။

‘ဒါက နတ်ဘုရား စွန့်ပစ်နယ်မြေရဲ့ ထူးခြားမှုတစ်ခု ဖြစ်နိုင်တယ်...’ သူဟာ ခံစားချက်ကို ထုတ်မပြဘဲ တွေးလိုက်ပါတယ်။

ဒဲရစ်ဟာ အသက်မှန်အောင် ရှူပြီး ဆက်ပြောပါတယ် “ပထမ နှစ်လေးငါးဆယ်အတွင်းမှာ အပင်တွေ စိုက်လို့မရဘူး... ငွေမြို့တော်မှာ အစာရေစာ ရှားပါးလို့ ကျွန်တော်တို့တွေ အမှောင်ကောင်တွေကို အမဲလိုက်ရင်လိုက် မဟုတ်ရင် မျိုးပြောင်းတိရစ္ဆာန်တွေကို မှီခိုပြီး ဆာလောင်မှုကို ဖြေသိမ့်ခဲ့ရတယ်... လူဦးရေလည်း ထိုးကျသွားတယ်... ကံကောင်းတာ တစ်ခုက ကျွန်တော်တို့တွေ မျက်နှာမည်းမြက်ကို ရှာတွေ့ခဲ့တာပဲ... အဲဒီမြက်က အဲဒီလိုအခြေအနေမျိုးမှာ ရှင်သန်နိုင်ပြီး ကျွန်တော်တို့ အားကိုးလို့ရတဲ့ ပုံမှန်အစားအစာတစ်ခု ဖြစ်လာခဲ့တယ်”

“အဲဒါက ကြီးကျယ်ခမ်းနားတဲ့ ဘုရားသခင် ကျွန်‌တော်တို့အတွက် နောက်ဆုံး ပေးခဲ့တဲ့ လက်ဆောင်လို့ ပြောကြတယ်... အဲဒီလက်ဆောင်ကြောင့် ငွေမြို့တော်မှာ မျိုးဆက်တွေ တစ်ဆက်ပြီး တစ်ဆက် ဆက်ရှင်သန်ပြီး အမှောင်ခေတ်မှာ ၂၅၈၂ နှစ်ကြာအောင် နေထိုင်နိုင်ခဲ့ကြတယ်”

“ကုန်သွားတဲ့ အချိန်ကာလကို ဦးစီးတွေက မှတ်တမ်းတင်တယ်... ငွေမြို့တော်မှာရှိတဲ့ ကျန်တဲ့လူတွေကတော့ လျှပ်စီးတွေ မကြာခဏ လင်းလက်တာကို နေ့လို့ သတ်မှတ်ပြီး လျှပ်စီးတွေ ငြိမ်သက်သွားတာကို ညလို့ သတ်မှတ်တယ်... ဒီစနစ်ကို ရှုပ်ထွေးတော့ ရက်အတိအကျပြောဖို့ ခက်တယ်”

‘တကယ်ကို ထူးဆန်းတဲ့ နေရာပဲ...’ ကလိုင်းဟာ မနက်ဖြန်လို့ မပြောဘဲ နှစ်ရက်လို့ ပြောလိုက်တာကို ဝမ်းသာမိသွားပါတယ်။

ဒဲရစ်ဟာ ငွေမြို့တော်ရဲ့ သမိုင်းကြောင်းမှာ အထင်ကရ အဖြစ်အပျက် တချို့ကို အကြမ်းဖျင်း ပြောပြပါတယ်။

“လူဦးရေနှုန်းထားက အဆင့်တစ်ခုကို ပြန်ရောက်သွားတော့ သာလွန်သူ အရေအတွက်လည်း တိုးလာတယ်... အဲဒီမှာ ခြောက်ဦးကောင်စီက လက်ရွေးစင်တပ် ဖွဲ့စည်းပြီး အမှောင်ထုကို စူးစမ်းရှာဖွေတယ်... အခုဆို ကျွန်တော်တို့တွေ အရင်မူလနယ်မြေနဲ့ အနီးအနားက မြို့တွေကို စူးစမ်းရှာဖွေပြီးသွားပြီ... ကျွန်တော်တို့တွေက ပိုပြီးတော့မှောင်မိုက်တဲ့ ပိုပြီးတော့ ကြောက်စရာကောင်းတဲ့ အမှောင်ထုနက်ထဲကို ဆက်သွားနေတယ်... နယ်ခြားမှာ ကျွန်တော်တို့တွေ ထူးခြားတဲ့ ဗိသုကာလက်ရာနဲ့ မြို့တွေကို ရှာတွေ့ခဲ့တယ်... ဒါပေမဲ့ အဲဒီမြို့တွေက ဖျက်ဆီးခံထားရပြီးပြီ... အဲဒီမြို့တွေက တခြားကျန်ရှိတဲ့ လူသားတွေ တည်ဆောက်ခဲ့တဲ့ ခိုလှုံရာတွေ ဖြစ်လိမ့်မယ်လို့ ကျွန်တော်တို့တွေ သံသယ ဝင်မိတယ်... ကံဆိုးတာက သူတို့တွေ နောက်ဆုံးမှာ အမှောင်ထုထဲက အရာတွေကို ရှုံးနိမ့်သွားတာပဲ”

‘သူ ပြောတဲ့ အမှောင်ထဲက အရာတွေဆိုတာက အမှောင်ထုထဲမှာ ပုန်းအောင်းနေတဲ့ စိတ်ကူးနိုင်တာထက် ပိုပြီးတော့ ကြောက်ဖို့ကောင်းတဲ့ မွန်းစတားတွေကို ပြောတာ ဖြစ်မယ်...’ ကလိုင်းဟာ မသိမသာ ခေါင်းညိတ်လိုက်ပါတယ်။

“... တစ်ခါတုန်းက ငွေမြို့တော်ကို ဘီလူးဘုရင်က အုပ်ချုပ်ခဲ့တယ်... အဲဒါကြောင့် ကျွန်တော်တို့ လက်ထဲမှာရှိတဲ့ သာလွန်သူ လမ်းကြောင်းက ဘီလူးလမ်းကြောင်းပဲ... နတ်သွေးစစ်သည်တော် ဆုံမှတ်လမ်းကြောင်းလို့လည်း ခေါ်တယ်... ကျွန်တော်တို့တွေ မွန်းစတားတချို့နဲ့ အဲဒီမြို့ပျက်တွေကို စူးစမ်းရှာဖွေတဲ့အခါမှာ တခြားဆုံမှတ် ဆေးရည်ဖော်မြူလာတွေကို ရလာတယ်... ဒါပေမဲ့ အဲဒီဆုံမှတ်လမ်းကြောင်းတွေက ပြည့်ပြည့်စုံစုံ မရှိဘူး” ဒဲရစ်ဟာ ငွေမြို့တော်ရဲ့ လတ်တလော အခြေအနေကို ရှင်းပြပါတယ်။

ဒီစကားကို ကြားလိုက်ရတဲ့ ကလိုင်းဟာ ဆတ်ခနဲ ဖြစ်သွားပါတယ်။ သူ့ကိုယ်ဟန်က များများစားစား ပြောင်းလဲမသွားပေမဲ့ ပိုပြီးတော့ အာရုံစိုက် နားထောင်လာတာကတော့ သိသာပါတယ်။

‘ငါ ဆုံမှတ် ဆေးရည်တွေ အကြောင်းကို ပိုပြီးတော့ သိချင်တယ်... ဘီလူးဘုရင်... ငွေမြို့တော်နဲ့ မြောက်ပိုင်းတိုက်က သမိုင်းတူတာလား... ဒုတိယယုဂ်သမိုင်းကြောင်း... အင်း... မွန်းစတားကို သတ်ရင် ဖော်မြူလာ ရတာလို့ ပြောလိုက်တာလား... ဒါက ဂိမ်းလား... မဟုတ်ဘူး... နောက်ထပ် ဖြစ်နိုင်ခြေတစ်ခု ရှိသေးတယ်... အဲဒီမွန်းစတားတွေက တစ်ခါတုန်းက လူသား သာလွန်သူတွေ ဖြစ်လိမ့်မယ်...’

ကလိုင်းဟာ ရုတ်တရက်ဆိုသလို ပခုံးပေါ်မှာ ဝန်ထုပ်ဝန်ပိုး ထမ်းထားရသလို ခံစားလိုက်ရပါတယ်။

ဒဲရစ်ဟာ အရူးဆီကနေ ဘာစကားပြန်မှ မရတဲ့အတွက် အံကြိတ်ပြီး ဆက်ပြောပါတယ်။

“ဘီလူးလမ်းကြောင်းရဲ့ ဆုံမှတ် ၉ က သာလွန် စစ်သည်တော်... ဆုံမှတ် ၈ က တိုက်ခိုက်ရေးသမား... ဆုံမှတ် ၇ က လက်နက်ဆရာ... ဆုံမှတ် ၆ က အရုဏ်ဦး စစ်သူရဲကောင်း... ဆုံမှတ် ၅ က စောင့်ရှောက်သူ... ဆုံမှတ် ၄ က နတ်ဆိုးမုဆိုး... ကျန်တဲ့ အဆင့်မြင့် ဆုံမှတ်တွေကိုတော့ ခြောက်ဦးကောင်စီက လူကြီးတွေပဲ သိတယ်”

‘ဆုံမှတ် ၄ က နတ်ဆိုးမုဆိုး... ဒါက အဆင်မြင့်ဆုံမှတ် ဆေးရည်ဖော်မြူလာရဲ့ နာမည်လား... ဒီလိုဟာမျိုးက ငါ ပထမဆုံးအကြိမ် ကြားဖူးတာပဲ...’ ကလိုင်းဟာ နောက်ဆုံးမှာ အဆင့်မြင့်ဆုံမှတ်တွေရဲ့ နာမည်တစ်ခုကို သိလိုက်ရတာကြောင့် ဝမ်းသာသွားပါတယ်။

သို့ပေမဲ့ သူဟာ ဒီနာမည်က ရှေးခေတ်က နာမည်လို့ သံသယဝင်မိသွားပါတယ်။ မြောက်ပိုင်းတိုက်မှာ လက်ရှိသုံးနေတဲ့ သင်္ဘောသမား နာမည်ကို အရင်က လေမုန်တိုင်း ဘုန်းတော်ကြီးလို့ ခေါ်ခဲ့တာ မဟုတ်ပါလား။

‘အို... သာလွန် စစ်သည်တော်... တိုက်ခိုက်ရေးသမား... လက်နက်ဆရာ... ဒီနာမည်တွေကို ငါ ရင်းနှီးနေသလိုပဲ... အို ဟုတ်သားပဲ... တိုက်ခိုက်ရေး နတ်ဘုရား ပိုင်တဲ့ ဆုံမှတ်လမ်းကြောင်းက ဒီလမ်းကြောင်းနဲ့ ဆင်တူတယ်... အဲဒီမှာက ဆုံမှတ် ၉ က စစ်သည်တော်... ဆုံမှတ် ၈ က လက်ဝှေ့သမား... ဆုံမှတ် ၇ က လက်နက်ဆရာ...’

လုံခြုံရေး အခွင့်အာဏာ အကန့်အသတ်ကြောင့် ကလိုင်းဟာ တိုက်ခိုက်ရေး နတ်ဘုရား ဘုရားကျောင်းပိုင်တဲ့ ဆုံမှတ်လမ်းကြောင်းက ပထမဆုံမှတ်သုံးခုရဲ့ နာမည်ကိုပဲ သိပါတယ်။ ဒါပေမဲ့ ဒီဆုံမှတ်လမ်းကြောင်း နှစ်ခု ဆင်တူတာကတော့ သိသာလွန်းပါတယ်။

‘အဓိက အချက်အချာကျတဲ့ အဓိပ္ပာယ်တွေကို အခြေခံထားကြည့်ရင် ဒီနှစ်ခုက အခြေခံအားဖြင့် ထပ်တူကျတယ်... တိုက်ခိုက်ရေး နတ်ဘုရား ဘုရားကျောင်းပိုင်တဲ့ ဆုံမှတ်လမ်းကြောင်းက ဘီလူးဆုံမှတ်လမ်းကြောင်း ဖြစ်နိုင်တယ်... ပျက်ကပ်ယုဂ်လို့ ခေါ်တဲ့ တတိယယုဂ်မှာ ဘီလူးဘီရင်ရဲ့ အမွေကို ဆက်ခံဖို့ နတ်ဘုရားတစ်ပါး ထွက်ပေါ်လာတယ်လို့ ပြောကြတယ်... ဒါမှမဟုတ် သူကိုယ်တိုင်က ရှေးဟောင်းဘီလူးလား...’ ကလိုင်းဟာ တည်ငြိမ်တဲ့ အမူအရာကို ထိန်းသိမ်းရင်း ဝေဖန်စိစစ်ပြီး ကောက်ချက် ချပါတယ်။

ဒဲရစ်ဟာ ဆက်ပြီးတော့ ရှင်းပြပါတယ်။

“ကျွန်တော်တို့တွေ ကနဦး အခက်အခဲတွေကို ကျော်လွှားနိုင်ကတည်းက ငွေမြို့တော်ကို ခြောက်ဦးကောင်စီက အုပ်ချုပ်လာခဲ့တယ်... ကောင်စီထဲမှာ ရာထူးအကြီးဆုံး လူကြီးကို ဦးစီးလို့ခေါ်တယ်... ကျန်တဲ့လူကြီးငါးယောက်ကတော့ အဆင့်တူတယ်... လက်ရှိ ခြောက်ဦးကောင်စီက နတ်ဆိုးမုဆိုး သုံးယောက်၊ အလားအလာ အကောင်းဆုံး စောင့်ရှောက်သူ နှစ်ယောက်၊ သိုးထိန်း တစ်ယောက်နဲ့ ဖွဲ့စည်းထားတယ်...”

‘ငွေမြို့တော်မှာ အဆင့်မြင့် ဆုံမှတ် သာလွန်သူ၊ နတ်ဘုရားတစ်ပိုင်း တည်ရှိမှုက သုံးယောက်တောင် ရှိတာလား... ဒီသုံးယောက်နဲ့တင် တဲရော့ကလပ်ကို အကြိမ်တစ်ရာကျော် ဖျက်ဆီးပစ်လို့ရတယ်...’ ကလိုင်းဟာ နည်းနည်း ကြောက်သွားပါတယ်။ သူက အဆင့်မြင့် ဆုံမှတ် သာလွန်သူရဲ့ မျက်စိအောက်မှာ တစ်စုံတစ်ယောက်ကို စည်းရုံးသိမ်းသွင်ဖို့ ကြိုးစားနေတယ် မဟုတ်ပါလား။

သို့ပေမဲ့ ဒီလူငယ်လေးက ဆုံမှတ် ၉ တောင် မဟုတ်တဲ့ သာမန်လူငယ်လေး တစ်ယောက်ပါ။ အဲဒီတော့ အထက်လူကြီးတွေ အာရုံစိုက်တာကို ခံရမှာ မဟုတ်ပါဘူး။ ဒီအချက်ကို တွေးမိလိုက်တဲ့ ကလိုင်းဟာ စိတ်သက်သာရာ ရသွားပါတယ်။

‘သိုးထိန်းက မပြီးပြည့်စုံတဲ့ ဆုံမှတ် လမ်းကြောင်းတွေထဲက ဆုံမှတ်လမ်းကြောင်း တစ်ခုလား... နာမည်ကို နားထောင် ကြည့်ရသလောက်တော့ အော်ရိုရာဂိုဏ်းရဲ့ စတိုင်နဲ့ တူတယ်... မစ္စတာဇက်ဆီ စာရေးတဲ့ အော်ရိုရာဂိုဏ်းသားရဲ့ နာမည်က ဘာပါလိမ့်... သူ့စာထဲမှာ အရှင်ရဲ့ သိုးလေး ဆိုတာကို ထပ်ခါထပ်ခါ ပြောထားတယ်...’

ကလိုင်းဟာ အေးအေးလူလူ အမူအရာကို ထိန်းသိမ်းရင်း မေးလိုက်ပါတယ် “သိုးထိန်း... ဟုတ်လား...”

“ဟုတ်ပါတယ်... ဒီဟာက ကျွန်တော်တို့တွေ အမှောင်ထဲက အရာတွေ ဖျက်ဆီးထားတဲ့ မြို့တစ်မြို့က ရှာတွေ့ခဲ့တာပဲ... အဲဒါက ဆုံမှတ် ၅ သိုးထိန်းထိပဲ ရှိတယ်... ဒါပေမဲ့ အကြီးအကဲ နော်ဝါယာက တော်တော် စွမ်းအားကြီးပြီး တော်တော် ထူးဆန်းတယ်... တော်တော်လည်း ကြောက်ဖို့ကောင်းတယ်... တစ်ခါတုန်းက အဆင့်မြင့် ဆုံမှတ် သာလွန်သူ အဆင့်ရှိတဲ့ မကောင်းဆိုးဝါး စိတ်ဝိညာဉ်ကို ဒဏ်ရာမရဘဲ အနိုင်တိုက်ခဲ့တယ်လို့ ပြောကြတယ်... အဲဒါကြောင့် ခြောက်ဦးကောင်စီမှာ နေရာလွတ်သွားတော့ သူ့ကို ခြွင်းချက်ထားပြီး လက်ခံလိုက်တာ...’ ဒဲရစ်က ကြောက်လန့်တဲ့ ခံစားချက်နဲ့ ပြောပါတယ်။

ကလိုင်းဟာ တွေးတော စဉ်းစားပြီးနောက် အပြုံးနဲ့ မေးပါတယ် “သိုးထိန်း မတိုင်ခင် ဆုံမှတ်က ဘာလဲ... ငါ ဒီနာမည်ကို ရင်းနှီးတယ်လို့ ခံစားရတယ်... မင်း သိတဲ့အတိုင်းပဲ... ဆုံမှတ်ရဲ့ သမိုင်းကြောင်း နာမည်နဲ့ လက်ရှိနာမည်က အမြဲတမ်း တူတာ မဟုတ်ဘူး”

“ငွေမြို့တော်မှာ ဆေးရည်နာမည်က ဘယ်တော့မှ မပြောင်းလဲဘူး” ဒဲရစ်ဟာ အလိုလို ငြင်းဆန်မိလိုက်ပါတယ်။ အဲဒီနောက် သူဟာ ခေါင်းငုံ့ပြီး ဖြေပါတယ်။

“ဆုံမှတ် ၉ လျှို့ဝှက်ချက် တောင်းခံသမား...”

‘တကယ်ကို ငါ ထင်ထားတဲ့အတိုင်းပဲ...’ ကလိုင်းဟာ သူ့ခန့်မှန်းချက်ကို အတည်ပြုနိုင်လိုက်တဲ့အတွက် ကျေနပ်သွားပါတယ်။ ဒီနာမည်က အောက်ရိုရာဂိုဏ်းရဲ့ ဆုံမှတ် ၉ နာမည်နဲ့ အတူတူပါပဲ။

“ဆုံမှတ် ၈ တီးတိုးသမား... ဆုံမှတ် ၇ အရိပ်တပသီ... ဆုံမှတ် ၆ နှင်းဆီ ဘုန်းတော်ကြီး... ဆုံမှတ် ၅ သိုးထိန်း...” ဒဲရစ်ဟာ သူ သိထားတာတွေကို ပြန်ပြောင်း ပြောပြပါတယ်။

‘တီးတိုးသမား... သောတရှင်... အတူတူလောက်ပဲ... ဟီးဟီး... ငါ ထင်းဂန်မြို့ ညသိမ်းငှက်တွေဆီက သိထားတာထက် ပိုသိလိုက်ရပြီ...’ စိတ်ကောင်းဝင်သွားတဲ့ ကလိုင်းဟာ ဒဲရစ်ကို ဆက်ပြောဖို့ အချက်ပြပါတယ်။

အဲဒီနောက် ဒဲရစ်ဟာ ငွေမြို့တော်ရဲ့ လက်ရှိအခြေအနေကို အကြမ်းဖျင်း ပြောပြပြီးနောက် နောက်ဆုံးမှာ။

“ကျွန်တော်တို့တွေမှာ ကံကြမ္မာကျိန်စာ ရှိတယ်... ငွေမြို့တော်သား တစ်ယောက်က သာမန်လူပဲဖြစ်ဖြစ် သာလွန်သူပဲ ဖြစ်ဖြစ် သေသွားရင် မကောင်းဆိုးဝါ စိတ်ဝိညာဉ်တွေ ဖြစ်သွားတယ်... သာလွန်သူရဲ့ မကောင်းဆိုးဝါး စိတ်ဝိညာဉ်က ပိုထူးဆန်းပြီး ပိုကြောက်ဖို့ကောင်းတယ်... ရင်ဆိုင်ဖို့လည်း ပိုပြီးတော့ ခက်တယ်... အရင်တုန်းက ဒီကျိန်စာကြောင့် ငွေမြို့တော် ပျက်စီးလုနီး ဖြစ်ခဲ့ဖူးတယ်... လူတစ်ယောက် သေသွားရင် ဒီလို မကောင်းဆိုးဝါး စိတ်ဝိညာဉ် မဖြစ်လာအောင် ကာကွယ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက သူ့သွေးစည်းထဲက တစ်ယောက်ယောက် သူ့ကို ပြန်သတ်ဖို့ပဲ”

“တော်တော် ရက်စက်တဲ့ ကိစ္စပဲ... မင်း စွမ်းအားကြီးလာပြီး ငွေမြို့တော်သားတွေကို ဒီကျိန်စာကနေ လွတ်မြောက်အောင် လုပ်ပေးနိုင်တဲ့ နည်လမ်း ရှာတွေ့ဖို့ မျှော်လင့်ပါတယ်” အရူးတစ်ဖြစ်လဲ ကလိုင်းဟာ အခွံသက်သက်မလို့ မိုတီဗေးရှင်းပဲ ပေးနိုင်ပါတယ်။

“အဲဒါကြောင့် ကျွန်တော် နေမင်း ဖြစ်ချင်တာ... ကောင်းကင်မှာ နေမင်း သာနေတုန်းက ကျွန်တော်တို့တွေ ဘာကျိန်စာမှ မကြုံခဲ့ရဘူး” ဒဲရစ်ဟာ နာကျင်မှု ခက်ခဲမှုတွေနဲ့အတူ အသာ ရေရွတ်လိုက်ပါတယ်။

ကလိုင်းဟာ ခေါင်းအသာညိတ်ပြီး မေးပါတယ် “မင်းမှာ အခွင့်အရေး ရှိလာမှာပါ... နောက်နှစ်ရက်အတွင်း ငါ မင်းကို အချိန်မရွေး လှမ်းခေါ်နိုင်တယ်ဆိုတာ မမေ့နဲ့... တခြားလူတွေ ဘေးနားမှာရှိနေတာကို ရှောင်...”

“ဟုတ်ကဲ့ပါ” ဒဲရစ်ဟာ လေးလေးနက်နက် ဖြေပါတယ်။

“အဲဒီမတိုင်ခင် မင်းဆီမှာ လျှို့ဝှက်နာမည်တစ်ခု ရှိဖို့ လိုတယ်” ကလိုင်းဟာ ပြုံးပြီး စားပွဲပေါ်က တဲရော့ကဒ်တွေကို ထိုးပြပါတယ်။

ဒဲရစ်က တဲရော့ကဒ်တွေနဲ့ တစ်ခါမှ မထိတွေ့ဖူးတာကို ယုံကြည်ချက်ရှိတဲ့ ကလိုင်းဟာ တဲရော့အကြောင်း အကြမ်းဖျင်း ရှင်းပြပြီး။

“မင်း လျှို့ဝှက်နာမည်အဖြစ် သုံးချင်တဲ့ ကြိုက်တဲ့တစ်ကဒ်ကို ယူလိုက်... အရူး၊ တရားမျှတမှုနဲ့ လူဇောက်ထိုးကလွဲရင် ကြိုက်တာ ရွေးလို့ရတယ်”

ဒဲရစ်ဟာ ရှေ့ကို ခြေနှစ်လှမ်း တိုးပြီး တဲရော့ကဒ်တွေကို လှန်ကြည့်ကာ တုံ့ဆိုင်းခြင်းမရှိ ဖြေပါတယ်။

“နေမင်း... ကျွန်တော် နေမင်းကို ရွေးတယ်”

“မင်းရဲ့ ရွေးချယ်မှုကို မှတ်ထားချည်... ဒီနာမည်က မင်းရဲ့ ဘဝတစ်လျှောက်လုံး အဖော်ပြုလိမ့်မယ်” ကလိုင်းက ဆရာယောင်ယောင် သမားယောင်ယောင် လေသံနဲ့ ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ သူဟာ လက်ဆန့်ထုတ်ပြီး နီမှောင်ရောင်ကြယ်နဲ့ ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပါတယ်။ အဲဒီနောက် သူဟာ ကြက်သွေးရောင် တောက်ပမှု လျော့ပါးသွားပြီး မျက်နှာချင်းဆိုင်က လူငယ်လေး တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတာကို ကြည့်နေလိုက်ပါတယ်။

မြန်မာပြည် ငြိမ်းချမ်းပါစေ။

All Chapters