၃-၀၇၈၂ ကို လေ့လာခြင်း
Vol. 14 Ch. 139
သူ့ရှေ့က ကြက်သွေးရောင် ပျောက်ကွယ်သွားတဲ့အခါ ဒဲရစ်ဘာ့ဂ်ဟာ သူ့အခန်းနဲ့ သလင်းလုံးကို ပြန်မြင်လိုက်ရပါတယ်။
“ဖြောက်...”
သလင်းလုံးဟာ အထဲကနေ ကွဲကြေသွားပြီး အပိုင်းအစ တချို့က ဝိုးတိုးဝါးတား အလင်းတန်းအဖြစ် ပြောင်းလဲကာ သူ့ဘေးပတ်လည်က ဟင်းလင်းပြင်ထဲ ပျံသန်းသွားပါတယ်။ ကျန်တဲ့ အပိုင်းအစတွေကတော့ ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားပါတယ်။
ဒဲရစ်ဟာ ဒါကို ကြည့်ပြီး ကြက်သေသေသွားပါတယ်။ သူဟာ သွေးတွေ ပေကျံနေသေးတဲ့ သူ့ရုပ်သွင်ကို ကြေးမုံပြင်ထဲမှာ မြင်နိုင်ပါသေးတယ်။ တစ်ချိန်တည်းမှာပဲ သူဟာ ကြက်သွေးရောင် တစ်ရောင်က သူ့ညာလက်ဖမိုးမှာ ခရုပတ်ပုံ လည်သွားပြီး အပြင်ကို အစွန်းထွက်နေတဲ့ မျဉ်းကြောင်းတွေနဲ့ စက်ဝိုင်းသင်္ကေတ ဖြစ်တည်သွားတာ သတိထားမိလိုက်ပါတယ်။
ဒီထူးဆန်းတဲ့ သင်္ကေတက သူ့ညာလက်ဖမိုးထဲ စိမ့်ဝင်ပြီး ပျောက်ကွယ်သွားပါတယ်။
ဒဲရစ်ဟာ ငေးကြောင်ကြောင် ဖြစ်သွားပါတယ်။ ကောင်းကင်ပြင်မှာ လျှပ်စီး လေးငါးဆယ်ခါ လက်ပြီးမှပဲ သတိပြန်ဝင်လာပါတယ်။
...
သူရဲ့ မျက်လုံးတွေဟာ နက်နဲသွားပြီး ကြမ်းပြင်ပေါ်က သလင်းလုံး အပိုင်းအစတွေနဲ့ ညာလက်ဖမိုးကို ကြည့်လိုက်ပါတယ်။
သူဟာ အိပ်ခန်းထဲက ထွက်ပြီး ဧည့်ခန်းထဲ ပြန်ရောက်သွားပါတယ်။ အဲဒီနောက် တံခါးဖွင့်ပြီး ငွေမြို့တော်အထက်က ကောင်းကင်ပြင်ကို မော့ကြည့်လိုက်ပါတယ်။
ကောင်းကင်ပြင်မှာ လျှပ်စီးတစ်ကြောင်း ထွက်ပေါ်လာပြီး ငွေမြို့တော်တစ်ခုလုံးကို လင်းလက်သွားစေပါတယ်။ တစ်ဆက်တည်းမှာပဲ ကျယ်လောင်တဲ့ မိုးခြိမ်းသံလည်း လိုက်ပါလာပါတယ်။ ဒီလောကကို အမှောင်ထုက ပိုင်ဆိုင်ပါတယ်။ အလင်းရောင် မရှိတဲ့ အမှောင်ထုကြီးက လူတွေကို မျှော်လင့်ချက် ကင်းမဲ့စေပါတယ်။
ဒဲရစ်ဟာ လက်သီးကို တင်းတင်း ဆုပ်လိုက်ပါတယ်။ သူ့မျက်လုံးထဲမှာ ပျော်ရွှင်မှု လုံးဝမရှိဘဲ ဝမ်းနည်းပူဆွေးမှု၊ နာကျင်မှုတွေနဲ့ပဲ ပြည့်နေပါတယ်။
ဒါပေမဲ့ သူဟာ လမ်းပျောက်မနေတော့ပါဘူး။
...
‘ဟူး... ကြည့်ရတာ ငါ နောက်ထပ် လူတစ်ယောက်ကို အဖွဲ့ဝင်ဖြစ်အောင် လှည့်စားနိုင်ခဲ့ပြီ... မဟုတ်ဘူး... ငါ နောက်ထပ် လူတစ်ယောက်ကို အဖွဲ့ဝင်ဖြစ်အောင် စည်းရုံးနိုင်ခဲ့တာ...’ ကလိုင်းဟာ ခေါင်းခါပြီး သူ့တဲရော့ကလပ်ရဲ့ လက်ရှိအင်အားကို သရော်မိလိုက်ပါတယ်။
တဲရော့ကလပ်ရဲ့ အဖွဲ့ခေါင်းဆောင် အရူးက အမြင်ဆရာ ဆေးရည်ကို ချေဖျက်ပြီးရုံပဲ ရှိသေးတဲ့ ဆုံမှတ် ၉ သာလွန်သူပါ။
နေမင်းပြောတဲ့ မျှော်လင့်ချက်မဲ့နေတဲ့ ငွေမြို့တော်မှာက ဆုံမှတ် ၄ ရှိတဲ့ အဆင့်မြင့် သာလွန်သူ အနည်းဆုံး သုံးဦး ရှိပါတယ်။
‘သရုပ်ဆောင်တဲ့ နည်းလမ်းကို နောက်တစ်ခါ ထပ်ပြောပြီးရင် ငါ ကပ္ပတိန်နဲ့ ဆွေးနွေးပြီး အထူးအခွင့်အရေး လျှောက်လွှာ တင်ရမယ်... အနည်းဆုံး ငါ လူရွှင် ဖြစ်လာရင် အကူဘဝက လွတ်လိမ့်မယ်...’
ကလိုင်းဟာ မြူခိုးထက်က လောကမှာ ကြာကြာမနေပါဘူး။ စိတ်ဝိညာဉ်စွမ်းအားနဲ့ သူ့ကိုယ်သူ လွှမ်းခြုံပြီး အောက်ပြုတ်ကျအောင် လုပ်လိုက်ပါတယ်။
သူဟာ မီးခိုးရောင်မြူခိုးတွေကို ဆုတ်ဖြဲပြီး တီးတိုးရေရွတ်သံတွေကို ကျော်ဖြတ်ကာ သူ့အခန်းထဲ ပြန်ရောက်သွားပါတယ်။ အဲဒီနောက် သူဟာ စိတ်ဝိညာဉ်နံရံကို ဖျက်ပြီး အခန်းသော့ကို ကောက်ယူကာ အခန်းအပြင် ထွက်လိုက်ပါတယ်။
သူဟာ ပထမဆုံး ကပ္ပတိန်နဲ့ ဖရိုင်း ပြန်မရောက်သေးတာကို အတည်ပြုဖို့ ဒန်းစမစ် ယူထားတဲ့ အခန်းနှစ်ခန်းဆီ တစ်ချက် သွားကြည့်ပါတယ်။ ပြီးတော့မှ ပထမထပ်ကို ဦးတည်ပြီး အခန်းသော့ ပြန်အပ်ပါတယ်။
သူဌေးဟာ နံရံမှာချိတ်ထားတဲ့ နာရီကို ကြည့်ပြီး လက်မ ထောင်ပြပါတယ်။
“တော်တယ်”
‘ဟေး... ခင်ဗျားက ကျွန်တော် အချိန်ပိုင်းအခန်း ငှားတဲ့ ရည်ရွယ်ချက်ကို အထင်လွဲနေပြီ...’ ကလိုင်းဟာ အကျိုးအကြောင်း ရှင်းပြချင်ပေမဲ့ နောက်ဆုံးမှာ နားလည်မှုလွဲတဲ့အတိုင်းပဲ ထားလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အထင်လွဲခံရတဲ့ ကလိုင်းဟာ သူ့ကိုယ်သူ ကြိုးစား ဖြေသိမ့်ပါတယ် ‘ဟုတ်တယ်... ဒီလိုဆို သူက ငါ နောက်တစ်ခန်း ငှားတာကို ကပ္ပတိန်တို့ရှေ့မှာ ထည့်ပြောမှာ မဟုတ်ဘူး...’
ပုံမှန်အခြေအနေအတိုင်း အပြင်ထွက်ပြီးနောက် ကလိုင်းဟာ ဗေဒင်တွက်လို့ ရလာတဲ့ ရလဒ်ပေါ် မူတည်ပြီး တည်းခိုခန်းဆီ ပြန်ပါတယ်။ အဲဒီနောက် သူဟာ ဒန်းစမစ်နဲ့ ဖရိုင်းကို ရှာပြီး သူတို့ စုံစမ်းလို့ ရလာတာတွေကို ဆွေးနွေးဖို့ ဒုတိယထပ်ဆီ တန်းသွားပါတယ်။
“တစ္ဆေက လွန်ခဲ့တဲ့ သုံးလအတွင်းမှာ ပေါ်လာတာကို ငါတို့ အတည်ပြုနိုင်ပြီ” ဒန်းစမစ်ဟာ တံခါးကို ဖြတ်ပြီး အခန်းထဲဝင်လာတဲ့ ကလိုင်းကို ခေါင်းညိတ်ပြပြီး အကျဉ်းချုံး ပြောပါတယ်။
ကလိုင်းဟာ ချက်ချင်းပဲ သံယောင်လိုက်ပါတယ် “ကျွန်တော် စုံစမ်းလို့ ရလာတာကလည်း အဲဒီအတိုင်းပဲ...”
သူဟာ သူ မေးခွန်းထုတ်လို့ ရလာတဲ့ အဓိကအချက်တွေကို ပြောပြီးနောက် နိဂုံးချုပ်စကား ဆိုပါတယ်။
“ဟီးဟီး... ကလိမ်ဂရေးဆိုတဲ့ မြို့သားတစ်ယောက်က ပထမမြို့စားလမိုဒ်ရဲ့ ပုံတူပန်းချီ ရှိတယ်ဆိုပြီး ပြောတယ်... နှစ်တစ်ထောင်ကျော် သက်တမ်းရှိတဲ့ ရှေးဟောင်း ဆီဆေးပန်းချီ ဆိုပဲ”
“မင်း ဝယ်လာခဲ့တယ်လို့ ငါ့ကို မပြောနဲ့နော်” ဒန်းစမစ်ဟာ တအံ့တဩ ဖြစ်သွားပြီးနောက် မျက်လုံးတွေ ဝင်းလဲ့တောက်ပသွားပါတယ်။
‘ကပ္ပတိန်... ကျွန်တော်က အဲဒီလောက် လွယ်လွယ်ကူကူ အလိမ်ခံရအောင် မတုံးသေးပါဘူး...’ ကလိုင်းဟာ ခြောက်ခြောက်ကပ်ကပ် ရယ်လိုက်ပါတယ်။
“မဝယ်ပါဘူး... ကျွန်တော်က သမိုင်းကျောင်းသားဆိုပေမဲ့ ရှေးဟောင်းသုတေသန အတန်းတချို့ တက်ဖူးတော့ ဒီနယ်ပယ်မှာ အတွေ့အကြုံ နည်းနည်း ရှိတယ်... ရှေးဟောင်းပစ္စည်း အတုလား အစစ်လား ဆိုတာ အနည်းနဲ့အများ ခွဲခြားနိုင်တယ်... ဟီးဟီး... နောက်ပြီး အဲဒီပုံတူပန်းချီက ကျွန်တော်ရဲ့ သမိုင်းဆရာ မစ္စတာအက်ဇစ်နဲ့ နည်းနည်း ဆင်တယ်”
သူဟာ အရေးအကြီးဆုံး သတင်းအချက်အလက်ကို သာမန်ကာလျှံကာ ထည့်ပြောလိုက်ပါတယ်။ သူ ထင်ထားတဲ့အတိုင်းပဲ ဒန်းစမစ်က ဒီဟာကို သိပ်ပြီး ဂရုမစိုက်ပါဘူး။ ဒန်းစမစ်ဟာ နားထင်ကို နှိပ်ရင်း ပြောပါတယ်။
“ဒီမြို့က သမိုင်းဝင်နေရာနဲ့ နီးတော့ ရှေးဟောင်းပစ္စည်းတွေ မျိုးစုံ ရှိမှာပဲ... ငါလည်း မြို့စားလမိုဒ်ရဲ့ အရက်ခွက်တွေ ရောင်းတဲ့ ဈေးသည်တစ်ဦးကို တွေ့ခဲ့တယ်”
“ကျွန်တော်ကိုလည်း လူတစ်ယောက်က လမိုဒ်မိသားစုရဲ့ အဆောင်အယောင်တွေ လာရောင်းတယ်... သူပြောတာတော့ ရဲတိုက်ထဲကနေ ရလာတာတဲ့” ဖရိုင်းက ဖြည့်ပြောပါတယ်။
ကလိုင်းဟာ လွှတ်ခနဲ မေးမိလိုက်ပါတယ် “ဝယ်ခဲ့သေးလား”
ဖရိုင်းနဲ့ ကလိုင်းဟာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ဒီအကြောင်းကို ဆက်မပြောတော့ပါဘူး။
“မင်းနဲ့ ဖရိုင်းရဲ့ နောက်တာဝန်က ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို မြို့ပြင် လူသူမရှိတဲ့နေရာဆီ ယူသွားဖို့ပဲ... မဟုတ်ရင် ဒီတည်းခိုခန်းက လူကောင်း တစ်ဝက်လောက် နေမင်းကို ချီးကျူးဖို့ပဲသိတဲ့ ငတုံးတွေ ဖြစ်သွားလိမ့်မယ်... မင်း အရင်သွားမလား... ဒါမှမဟုတ် ဖရိုင်းကို အရင်လွှတ်မလား” ဒန်းစမစ်ဟာ သူ့ရဲ့ နက်နဲတဲ့ မီးခိုးရောင် မျက်လုံးတွေနဲ့ ကလိုင်းကို ကြည့်လိုက်ပါတယ်။
“ကျွန်တော် အရင်သွားမယ်” ကလိုင်းဟာ လက်အသာမြှောက်ပြီး ပြုံးလိုက်ပါတယ် “အချိန်က တော်တော် စောသေးတယ်... အဲဒီတော့ ကျွန်တော် ပြန်လာရင် အိပ်ရေးကောင်းကောင်း အိပ်လို့ရတယ်... တစ်ယောက်ကို နှစ်နာရီဆီမလား”
“အင်း... ဟုတ်တယ်... ဖရိုင်း... မင်း ကလိုင်းနဲ့ လိုက်သွားပြီး ချိပ်ပိတ်လက်နက်ကို ဘယ်နေရာမှာ လွှဲပြောင်းယူမလဲဆိုတာ အတည်ပြုချည်” ဒန်းစမစ်ဟာ အလောင်းကောက်သမား ဖရိုင်းကို လှည်ကြည့်လိုက်ပါတယ်။ သူဟာ လူခွဲ စုံစမ်းတုန်းက ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို အခွင့်အရေးရှာပြီး ဖရိုင်းဆီ ပေးထားပြီးပါပြီ။ မဟုတ်ရင် သူ သန့်စင်ခံရပြီး နေမင်းကို ချီးကျူးနေလောက်ပါပြီ။ ဖရိုင်းဟာ အနားယူဖို့ အချိန်မရဘဲ ၃-၀၇၈၂ ကို နောက်ထပ် သုံးနာရီ ထပ်သယ်ထားရပါတယ်။
“ဟုတ်ကဲ့” ဖရိုင်းဟာ မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်ကို သူ့ရဲ့ အနက်ရောင် လေကာအင်္ကျီ အတွင်း အိတ်ကပ်ထဲက ထုတ်ပြီး ကလိုင်းဆီ ပေးလိုက်ပါတယ်။
ကလိုင်းဟာ ၃-၀၇၈၂ ကို စိတ်လည်းဝင်စားသလို စူးလည်း စူးစမ်းချင်ပါတယ်။ ဒီသတ္တုက ထိကြည့်ရုံနဲ့တင် အထဲမှာ ရေနွေး စီးဆင်းနေသလိုမျိုး နွေးထွေးနေပါတယ်။
နူးညံ နွေးထွေးတဲ့ တောက်ပမှုဟာ လှိုင်းဂယက်လိုမျိုး အပြင်ဘက်ကို ပျံ့နှံ့ပြီး သန့်စင်တဲ့ရနံ့ကို ဆောင်ယူလာပါတယ်။ တစ်ချိန်တည်းမှာပဲ ကလိုင်းဟာ ရွှေနက်ရောင် တံဆိပ်တော်မြတ်က သူ့စိတ်ဝိညာဉ်ရဲ့ အညစ်အကြေးတွေကို သန့်စင်နေတာ ခံစားမိလိုက်ပါတယ်။
‘ချိပ်ပိတ်လက်နက်တွေ အကုန်လုံးက အန္တရာယ်ရှိတယ်... သတိလက်လွတ် ကိုင်တွယ်ရင် သေနိုင်တယ်... သေတာထက်ဆိုးတဲ့ ဘဝကိုတောင် ရောက်နိုင်တယ်...’ ကလိုင်းဟာ သူ့ဘာသာ ရေရွတ်ပြီး ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို အတွင်းအိတ်ကပ်ထဲ ထည့်လိုက်ပါတယ်။
ကလိုင်းဟာ သူ့လက်နက်တွေဖြစ်တဲ့ ခြောက်လုံးပြူး၊ အဆောင်တွေနဲ့ လက်ကိုင်တုတ်ကို စစ်ဆေးပြီးနောက် အခန်းထဲက ထွက်ကာ ဖရိုင်းနဲ့အတူ တည်းခိုးခန်းက ထွက်ပါတယ်။ သူတို့နှစ်ယောက်ဟာ လမိုဒ်မြို့စွန်ကို ဦးတည် လျှောက်သွားပါတယ်။
သူတို့နှစ်ယောက်ဟာ ကျိုးတိုးကျဲတဲ တောအုပ်တစ်အုပ်ကို ပတ်လျှောက်ပြီး ဆယ်မီတာကျော်ပတ်လည်မှာ ဘယ်သူမှ မရှိတာကို အတည်ပြုပါတယ်။
“အနားကပ်တဲ့လူ ဘယ်သူ့ကိုမဆို မောင်းထုတ်...” ဖရိုင်းက အေးစက်စွာ သတိပေးပါတယ် “နှစ်နာရီကြာရင် ငါ မင်းဆီ ပြန်လာပြီး လူလဲမယ်”
“အင်း...” ကလိုင်းဟာ ပြုံးလိုက်ပါတယ်။
ဖရိုင်း မြို့ထဲဝင်သွားတာကို ကြည့်ပြီးနောက် ကလိုင်းဟာ သူ အရင်က ရွေးထားတဲ့ ခပ်မြင့်မြင့် ကျောက်တုံးကြီးဆီ လျှောက်သွားပါတယ်။ သူဟာ ဘေးနားမှာရှိတဲ့ သစ်ပင်ကနေ သစ်ရွက်တချို့ ခူးပြီး ကျောက်တုံး မျက်နှာပြင်ကို သုတ်လိုက်ပါတယ်။
အဲဒီနောက် သူဟာ ကျောက်တုံးထိပ်ကို လက်ချောင်းတွေနဲ့ ထိကြည့်ပြီး ကြက်သွေးရောင် လရောင်အောက်မှာ ကျောက်တုံးကို စစ်ဆေးပါတယ်။ သန့်ရှင်းသွားပြီဆိုတော့ သေချာမှ ကလိုင်းဟာ အနက်ရောင် လေကာအင်္ကျီဝတ်ပြီး ကျောက်တုံးပေါ်မှာ ထိုင်လိုက်ပါတယ်။
‘ထိုင်လို့ရမှာတော့ ဘာလို့ မတ်တတ်ရပ်နေမှာလဲ’ ကလိုင်းဟာ စိတ်ထဲမှာ တွေးလိုက်ပါတယ်။
လေးငါးဆယ်မိနစ်လောက် တိတ်ဆိတ်နေပြီးနောက် သူဟာ မှောင်မိုက် တိတ်ဆိတ်ပြီး နည်းနည်း ကြောက်စရာကောင်းတဲ့ တောအုပ်ကို ကြည့်လိုက်ပါတယ်။ သူဟာ မနေနိုင်ဘဲ မတ်တတ်ရပ်လိုက်ပြီး အတွင်းအိတ်ကပ်ထဲကနေ သတ္တုပုလင်းတချို့ ထုတ်ယူကာ ဆေးပေါင်ဒါမှုန့်တွေနဲ့ အဆီတွေကို ကျောက်တုံးပတ်လည်မှာ ပက်လိုက်ပါတယ်။
ပြီးတဲ့အခါမှာတော့ ကလိုင်းဟာ ဟာမီးဘာသာစကားနဲ့ မန္တန်ရွတ်ပါတယ်။ သူဟာ ဆေးပေါင်ဒါမှုန့်တွေနဲ့ အဆီတွေရဲ့ အကူအညီကို ယူပြီး စိတ်ဝိညာဉ်နံရံ ဖန်တီးကာ သူ နေတဲ့နေရာကို ချိပ်ပိတ်လိုက်ပါတယ်။
သူ ဒီရိုးရှင်းတဲ့ အစီအရင်ကို ပြုလုပ်ရတာက အကြောင်းနှစ်ခုကြောင့်ပါ။ ပထမတစ်ချက်က အမြင်ဆရာတစ်ယောက်ရဲ့ အန္တရာယ်ဖြစ်လာမှာကို ကြိုသိတဲ့အပေါ် အများကြီး မမှီခိုချင်တာကြောင့်ပါ။ ဒုတိယတစ်ချက်ကတော့ ပိုးမွှားတွေ အနားမကပ်အောင်ပါ။
‘ဒါက ပိုးမွှားဖြန်းဆေးထက် အဆတစ်ရာ ပိုကောင်းတယ်’ ကလိုင်းဟာ နေရာမှာ ကျေကျေနပ်နပ် ပြန်ထိုင်ပါတယ်။
လေးငါးမိနစ်လောက် ထိုင်ပြီးနောက် ကလိုင်းဟာ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို စပ်စုချင်စိတ်နဲ့ ထုတ်ကြည့်ပါတယ်။ သူဟာ မျိုးပြောင်း နေမင်းတံဆိပ်တော်မြတ်ကို အသေးစိတ် စပြီးတော့ စစ်ဆေးပါတယ်။
‘ငါ ဒီတံဆိပ်ရဲ့ မူလရင်းမြစ်နဲ့ ဘာဖြစ်လို့ မျိုးပြောင်း ဖြစ်သွားရလဲ ဆိုတာကို ဗေဒင်တွက်ကြည့်ရင် သိနိုင်မလား မသိဘူး...’ သူဟာ ဖော့ပင်နဲ့ စာရွက်ထုတ်ပြီး စာကြောင်းတစ်ကြောင်း ချရေးလိုက်ပါတယ်။
“ငါ့လက်ထဲမှာရှိတဲ့ မျိုးပြောင်း နေမင်းတံဆိပ်တော်မြတ်ရဲ့ မူလရင်းမြစ်”
အရည်အချင်း ပြည့်ဝတဲ့ အမြင်ဆရာ တစ်ယောက်အနေနဲ့ ကလိုင်းဟာ ဘယ်နေရာမှာမဆို ဗေဒင်တွက်နိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားပါတယ်။
သူဟာ ဗေဒင်တွက်မဲ့ စာကြောင်းကို ခုနစ်ခေါက် ရွတ်ဆိုပြီးနောက် မျက်လုံးမှိတ်ကာ တွေးခေါ်မှု အခြေအနေထဲ ဝင်လိုက်ပါတယ်။ အဲဒီနောက် အိပ်မက်ထဲကို ခုန်ဝင်လိုက်ပါတယ်။
သူ့အိပ်မက်ထဲမှာ သူ မြင်လိုက်ရတာက အလင်းရောင် အပိုင်းအစတွေပါ။ အဲဒါတွေကလွဲရင် သူ တခြားဘာကိုမှ မတွေ့ရပါဘူး။
‘အင်း... ဘုရားကျောင်းက တခြားအမြင်ဆရာတွေကိုလည်း အရင်တုန်းက တွက်ကြည့်ခိုင်းမှာပဲ... ဒါပေမဲ့ ဒီတံဆိပ်ရဲ့ မူလရင်းမြစ်ကို ဖော်ပြမထားပုံထောက်ရင် ဗေဒင်တွက်တာကနေ ဘာရလဒ်မှ ရမလာဘူးလို့ ဆိုလိုတာပဲ... စောစောက ငါ မြင်ရသလိုပေါ့...’ ကလိုင်းဟာ သက်ပြင်းချလိုက်ပါတယ်။
‘ငါ အနှောင့်အယှက်တွေကို ဖယ်လိုက်ရင်ရော ဘာထွက်လာမလဲ မသိဘူး...’ ဒီအတွေးက ကလိုင်းရဲ့ စိတ်ထဲမှာ အပြည့်အဝ နေရာယူသွားပြီး သူ့ရဲ့ စပ်စုချင်စိတ်ကို ထိပ်ဆုံး ရောက်သွားစေပါတယ်။
ဆယ်မိနစ်ကျော် ချီတုံချတုံ ဖြစ်ပြီးနောက် သူဟာ မတ်တတ်ရပ်လိုက်ပါတယ်။ သူ အခုရောက်နေတဲ့ နေရာက လူသူရှင်းတဲ့ တောအုပ်ထဲမှာဆိုတော့ ဘေးပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိပါဘူး။ အဲဒါကြောင့် သူဟာ မြူခိုးထက်က လောကဆီ သွားဖို့ အဆင်ပြေတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။
သူဟာ စိတ်ဝိညာဉ်တံတိုင်း အတွင်းမှာ နာရီလက်တံ ပြောင်းပြန်အတိုင်း ခြေလှမ်း လေးလှမ်း လှမ်းပြီး မြူခိုးထက်က လောကထဲ ထပ်ဝင်လိုက်ပါတယ်။
ကလိုင်းဟာ ကြီးကျယ်ခမ်းနား ထည်ဝါတဲ့ နန်းတော်ကြီးထဲက ရှေးဟောင်း စားပွဲရှည်ရဲ့ ခေါင်းဆောင်ထိုင်ခုံမှာ ထိုင်လိုက်ပါတယ်။ အဲဒီနောက် ညိုဝါရောင် သိုးသားရေ စာရွက်တချို့၊ အနက်ရောင် ဖောင်တိန်တစ်ချောင်းနဲ့ မျိုးပြောင်း နေမင်း တံဆိပ်တော်မြတ်ကို ဖန်တီးယူလိုက်ပါတယ်။
“အစစ်အတိုင်းပဲ...” ကလိုင်းဟာ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို လက်ထဲမှာ ပွတ်သပ်လိုက်တဲ့အခါ အပြင်လောကမှာ ကိုင်တုန်းကအတိုင်း အတွေ့အထိကို ခံစားလိုက်ရပါတယ်။
‘ဒီဟာက ငါခံစားရတာပေါ် မူတည်ပြီး ပေါ်လာတာလား...’ ကလိုင်းဟာ သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် စောစောက စာကြောင်းကို စာရွက်ပေါ်မှာ ချရေးလိုက်ပါတယ်။
“ငါ့လက်ထဲမှာရှိတဲ့ မျိုးပြောင်း နေမင်းတံဆိပ်တော်မြတ်ရဲ့ မူလရင်းမြစ်”
ဒီစာကြောင်းကို ခုနစ်ခေါက် ရွတ်ဆိုပြီးနောက် သူဟာ သိုးသားရေ စာရွက်နဲ့ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို လက်ထဲမှာ ကိုင်ပြီး ကုလားထိုင်မှာ နောက်မှီထိုင်ကာ အိပ်မက်ထဲ ဝင်လိုက်ပါတယ်။
ကလိုင်းဟာ ဝေဝါးတဲ့ အိပ်မက်ကမ္ဘာမှာ တောက်ပတဲ့ တောက်ပတဲ့ ရွှေရည်တစ်စက်ကို တွေ့လိုက်ရပါတယ်။ ဒီရွှေရည်စက်က နွေးထွေး တောက်ပပြီး ယဇ်စင်အထက်က လေထဲမှာ တည်နေပါတယ်။ သူ့ရှေ့မှာတော့ အဖြူရောင် ဂန္တဝင်ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ လူတစ်ယောက် ရှိနေပါတယ်။
ဒီလူဟာ ကလိုင်းကို ကျောပေးထားပါတယ်။ သူဟာ အသက်သင်္ကေတ အကုန်လုံး ပျောက်ဆုံးနေပြီး ယဇ်စင်ဆီကို တဖြည်းဖြည်း ကျသွားပါတယ်။
အဲဒီအချိန်မှာ သူကိုင်ထားတဲ့ နေမင်း တံဆိပ်တော်မြတ်က ရွှေရည်နဲ့ ထိတွေ့မိပြီး ရွှေရည်ဟာ တံဆိပ်တော်ထဲကို လျင်လျင်မြန်မြန် စိမ့်ဝင်သွားပါတယ်။
ဒါကို မြင်ပြီးတဲ့အခါ အိပ်မက်က ခပ်မြန်မြန် လွှင့်ပါး ပျောက်ကွယ်သွားပြီး ကလိုင်းလည်း အိပ်မက်ကနေ နိုးသွားပါတယ်။
‘ဒီတံဆိပ်တော်မြတ်က ဒီနေ့အထိ အသုံးဝင်ပြီး ထိန်းချုပ်လို့မရတာ ဒီရွှေရည်ကြောင့်ကို... အင်း... ဒီတံဆိပ်တော်ကို ရှာတွေ့တာ နှစ်ဆယ်ချီပြီ... ဒါပေမဲ့ ဒီတံဆိပ်တော်ရဲ့ သန့်စင်နိုင်တဲ့ စွမ်းအားက လျော့ပါးမသွားသေးဘူး... အဲဒီရွှေရည်က ဘာပါလိမ့်... အဆင့်မြင့် သာလွန်ပါဝင်ပစ္စည်းလား...’
ကလိုင်းဟာ ချိပ်ပိတ်လက်နက် ၃-၀၇၈၂ ကို လက်ထဲမှာ ကစားရင်း တွေးလိုက်ပါတယ်။
သုံးလေးမိနစ်လောက် ကြာတဲ့အခါ သူဟာ အိပ်မက်ထဲက ခံစားချက်ကို ကြိုးစားပုံဖော်ပါတယ်။ အဲဒီနောက် မျိုးပြောင်း နေမင်းတံဆိပ်တော်မြတ်ကနေ ရွှေရည်ကို ခွဲထုတ်လိုက်တယ်လို့ တွေးယူလိုက်ပါတယ်။
သူ အဲဒီလို တွေးလိုက်တယ်ဆိုရင်ပဲ ချက်ချင်းနီးပါး တကယ် ဖြစ်သွားပါတယ်။ ကလိုင်းဟာ နွေးထွေးမှုနဲ့ သန့်စင်မှုတွေ ပျောက်ဆုံးသွားတဲ့ တံဆိပ်တော်ကို အလန့်တကြား ကြည့်လိုက်ပါတယ်။ အဲဒီနောက် သူ့အကြည့်ဟာ လေထဲမှာ တည်နေတဲ့ ရွှေရည်ဆီ ရောက်သွားပါတယ်။ သူဟာ ဒီမြူခိုးထက်က ဆန်းကြယ်လောကကို ပိုပြီးတော့ ချီးကျူးမိသွားပါတယ်။
‘ဒီဟာက အစစ်အမှန် မဟုတ်ဘူးဆိုရင်တောင် ဒါ တကယ်ကို အံ့ဖွယ်ပဲ...’
“ဒီရွှေရည်စက်ရဲ့ မူလရင်းမြစ်” ကလိုင်းဟာ စိတ်လှုပ်ရှားခြင်းကြီးစွာနဲ့ စာကြောင်းသစ်တစ်ကြောင်း ချရေးလိုက်ပါတယ်။
မြန်မာပြည် ငြိမ်းချမ်းပါစေ။