လမ်းမှာရှုတ်နေတဲ့ကောင်တွေအကုန်ရှင်း
Vol. 14 Ch. 193
အခန်း (၁၉၃) လမ်းမှာရှုတ်နေတဲ့ကောင်တွေအကုန်ရှင်း
မှော်ဝင်ဓားနှစ်လက်ဖြစ်သော စိမ်းပြာရောင်အလင်းတန်းနှင့် ရွှေရောင်အလင်းတန်းတို့ လေထဲတွင် ထိပ်တိုက်ရိုက်ခတ်သွားကြသည်။
ရန်ကျောက်ကဲ ဓားကိုထုတ်လိုက်သည်နှင့် ကမ္ဘာဦးကာလပရမ်းပတာအခြေအနေဖြစ်တည်လာပြီး ချက်ချင်းပင်ငြိမ်သက်သွားကာ စကြာဝဠာအသစ်တစ်ခု တစ်ဖန်ပြန်လည်မွေးဖွားလာသည့် ခမ်းနားသောမြင်ကွင်းကို ယောင်ဝါးဝါးတွေ့မြင်လိုက်ကြရသည်။
ထိုဓားချက်က အရာအားလုံး၏ နိဂုံးဖြစ်သလို အရာအားလုံး၏ အစလည်း ဖြစ်သည်။
ထိုဓားချက်ထိမှန်သွားသည်နှင့် ကျောက်ဟို၏ ရွှေရောင်တောက်ပနေသော ဓားအလင်းတန်း ချက်ချင်းပျောက်ကွယ်သွားသည်။
ကျောက်ဟို၏လက်အတွင်းမှ ဓားဝိညာဉ်သည် ကျောက်စိမ်းနဂါးဓားဖြင့် ဖိနှိပ်ခံလိုက်ရပြီး ချီစွမ်းအားများနှင့် ဝိညာဉ်စွမ်းအားများ ချက်ချင်းမှိန်ဖျော့သွားသည်။
ရန်ကျောက်ကဲက ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်ဖြင့် ကျောက်ဟိုကို ခုတ်ပိုင်းချလိုက်သည်။
ရန်ကျောက်ကဲ၏ဓားချက်တွင် အရာအားလုံးကို သတ်ဖြတ်ပစ်နိုင်စွမ်းသော အလွန်ကြောက်စရာကောင်းသည့် ဓားဝိညာဉ်တစ်ခုပါရှိနေလေရာ ကျောက်ဟိုမျက်နှာထက်တွင် ထိတ်လန့်တုန်လှုပ်သည့် အမူအရာတစ်ခု ထွက်ပေါ်လာသည်။
သူ၏ကိုယ်ပိုင် ကြယ်တာရာချီစွမ်းအားနှင့် ဓားဝိညာဉ်သည် ရန်ကျောက်ကဲ၏ဓားချက်ကို ခံနိုင်ရမည်မရှိဘဲ အလိုလိုပြိုကျပျက်ဆီးကာ ကွဲအက်သွားသည်။
“ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲမှာ သူ ဒီဓားသိုင်းကို မသုံးခဲ့ဘူး... တကယ်ဆိုရင် ဘာလဲ...”
လက်ရှိတွင် ရန်ကျောက်ကဲမှာ အလွန်အားနည်းနေပြီး ကြယ်တာရာချီစွမ်းအားများ ထုတ်လွှတ်ရန်ပင်ခက်ခဲနေကြောင်း သူ သိရှိသည်။
ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး ရန်ကျောက်ကဲဘက်မှ အားသာချက် လုံးဝမရှိသည်မှာ သေချာသည်။
ကျင့်ကြံခြင်းအဆင့်မြင့်မားခြင်းက အသိပညာနှင့် ရှုမြင်မှု ပိုမိုမြင့်မားစေသည်ဆိုပါက ကျောက်ဟိုဆိုသော သူက အရင်ဘဝက ဆေးမီးတောက်ဓားနတ်ဘုရားကော်ဇီဆိုသည့် သိုင်းသူတော်စင်တစ်ပါးဖြစ်သည်။ ထို့ကြောင့် လက်ရှိတိုက်ပွဲတွင် ရန်ကျောက်ကဲကို အသာစီးမရသည်မှာ မဖြစ်နိုင်သည့်ကိစ္စပင်။
ကျောက်ဟို အော်ဟစ်ကြုံးဝါးလိုက်သည်။
“ကမ္ဘာမြေဖျက်ဆီး...”
အော်ဟစ်ပြီးသည်နှင့် သူက လက်ဖဝါးကို ဖြန့်လိုက်သည့်အခါ သေးငယ်နက်မှောင်သည့် အမွှေးတိုင်အိုးလေးတစ်လုံး လက်ဖဝါးထက်တွင် ပေါ်လာသည်။
ထိုအမွှေးတိုင်အိုးလေးမှ မည်သည့်ဝိညာဉ်စွမ်းအားမှ ထွက်ပေါ်နေခြင်းမရှိသလို အမွှေးတိုင်အငွေ့များလည်း ထွက်ပေါ်နေခြင်း မရှိပေ။ ထူးခြားသည့် စွမ်းအားအတက်အကျများလည်း ဖြစ်ပေါ်နေခြင်းမရှိဘဲ ပကတိ တိတ်ဆိတ်ငြိမ်သက်နေသည်။
သာမန်လူများအသုံးပြုသည့် ပုံမှန်အမွှေးတိုင်အိုးလေးတစ်ခုပမာ ထင်မှတ်ရသည်။
သို့ပေသိ ရန်ကျောက်ကဲ၏ဓားချက်က ထိုအနက်ရောင်အမွှေးတိုင်အိုးလေးကို ထိုးခုတ်မိသွားသည့်အခါ အမွှေးတိုင်အိုးလေးမှာ မည်သည့်ထိခိုက်မှုမှ မရှိဘဲ ဓားချက်ကသာ ရွှံထဲနစ်မြုပ်သွားသည့်အလား ၊ ပင်လယ်ထဲဆီးဝင်သွားသည့်အလား ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။
မှော်ဝင်လက်နက်တစ်ခုဖြစ်သော ကျောက်စိမ်းနဂါးဓားဖြင့် ထိုးခုတ်မိသည့်တိုင် အမွှေးတိုင်အိုးလေးတွင် ခြစ်ရာတစ်ခုပင် ထင်ကျန်ခဲ့ခြင်း မရှိပေ။
ရန်ကျောက်ကဲ ချက်ချင်းပင် ဓားချက်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
ကျောက်ဟိုက အမွှေးတိုင်အိုးလေးကို ဒိုင်းသဖွယ်ကိုင်ထားပြီး ပတ်ဝန်းကျင်တစ်လျှောက် လှည့်ပတ်ပြေးလွှားကာ ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုကို ခုခံနေသည်။
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း တွေးလိုက်သည်။
“လက်နက်ပြီးနေတဲ့ ရတနာပစ္စည်းပဲ ၊ သူ့ကိုယ်ထည်ကိုက မှော်စွမ်းအားတွေ ရှိနေတာလား ၊ ခံစစ်အတွက် သီးသန့်အသုံးပြုတဲ့ပစ္စည်းတစ်ခုလား”
ထို့နောက် ကျောက်ဟိုကိုရိုက်ချရန် ဝင်ရောက်သွားသည့် သူ၏လက်ဝါးရိုက်ချက်က ချက်ချင်းပြောင်းလဲသွားပြီး တဖြည်းဖြည်းကျယ်ပြန့်သွားကာ စနစ်တကျ ထူးခြားစွာပင် ကျောက်ဟိုအပေါ် လွှမ်းမိုးသွားသည်။
ကျောက်ဟိုက ဓားကိုဆွဲထုတ်လိုက်ပြီး...
“ရန်ကျောက်ကဲ... ဒီနေ့ မင်းကိုသတ်မယ်”
ရွှေရောင်မျှော်စင်ကြီး ပြိုကျပျက်ဆီးသွားပြီးနောက် အနီရောင်အလင်းတန်းများလည်း ပျောက်ကွယ်သွားကာ မိစ္ဆာချီနယ်မြေကို ထောက်ပံ့ပေးထားသည့် ကြီးမားသည့်အစီအရင်ကြီးက ပြောင်းပြန်လှည့်ပတ်လျှက်ရှိသည်။
အနီရောင်အလင်းတန်းများဖုံးလွှမ်းနေသည့် နယ်မြေတစ်ခုလုံး တဖြည်းဖြည်း ပြိုကျလာပြီး ကောင်းကင်ထက်မှ အနက်ရေင်မိစ္ဆာချီများ ရုတ်ချည်းရပ်တန့်သွားပြီးနောက် လျှင်မြန်စွာ ပြန့်ကျဲသွားသည်။
ကောင်းကင်ထက်တွင် အနက်ရောင်ဝိညာဉ်တောင်နှင့် အနီရောင်ဝိညာဉ်တေင်ကြီးတို့သည် မြင့်မားသော တိုင်လုံးကြီးများအလား နောက်တစ်ကြိမ် ထပ်မံပေါ်ထွက်လာသည်။
အနက်ရောင်တောင်ကြီးထက်မှ အကြီးအကဲ’မော့’၏ ကြုံးဝါးသံကြီး ထွက်ပေါ်လာသည်။
“’ရန်’ အိမ်က ကလေး ၊ မင်းက သေချင်နေတာပဲ”
ထို့နောက် အနက်ရောင်တောင်မြင့်ကြီးက ရန်ကျောက်ကဲဆီသို့ တိုက်ရိုက်ပြိုကျသွားသည်။
ရန်ကျောက်ကဲ၏ မျက်ဝန်းရှေ့မှ အလင်းရောင်အား အနက်ရောင်အရိပ်တစ်ခုက ဖုံးလွှမ်းသွားသည်။ အရိပ်က တဖြည်းဖြည်း ပိုမိုကြီးမားလာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးကွယ်ကာ အလင်းရောင်လုံးဝ ပျောက်ကွယ်သွားသည်။
ကြောက်မက်ဖွယ်ရာစွမ်းအားတစ်ခုကြောင့် ရန်ကျောက်ကဲခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားပြီး လှုပ်ရှားနိုင်ခြင်း မရှိတော့ပေ။
သို့တိုင် ရန်ကျောက်ကဲက မျက်နှာပျက်သွားခြင်းမရှိသည့်အပြင် ရယ်မောလိုက်သေး၏။
“ကိုယ့်ကိုယ်ကိုယ်သာ ဂရုစိုက်စမ်းပါဗျာ”
မိစ္ဆာချီနယ်မြေမှ ကြီးမားသောအစီအရင်မှာ ပြောင်းပြန်လည်ပတ်နေပြီး အစီအစဉ်တကျ မဟုတ်တော့လေရာ မိစ္ဆာချီအများအပြားသည် နတ်ဆိုးကျင့်ကြံသူများ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားကြသည်။
သို့သော် ပြောင်းပြန်စီးဆင်းနေသည့် မိစ္ဆာချီများက အမှောင်ကျင့်ကြံသူများ၏စွမ်းအားကို မြင့်တက်လာစေခြင်းမရှိသည့်အပြင် ကြီးမားသော ခြိမ်းခြောက်မှုကိုပင် ရင်ဆိုင်ခဲ့ရပြီး သူတို့၏ခန္ဓာကိုယ်များ အပြင်းအထန် ထိခိုက်သွားကြသည်။
ရန်ကျောက်ကဲထံသို့ ပြင်းထန်သည့် ဖိအားများဖြင့် ဆင်းသက်လာသည့် အနက်ရောင်တောင်မြင့်ကြီးမှာ အန္တရယ်နှင့်ရင်ဆိုင်လိုက်ရသည့်အလား ပြင်းထန်စွာတုန်ခါသွားသည်။
အနက်ရောင်ဝိညာဉ်တောင်ကြီးကို ဖန်ဆင်းပေးထားသော ကြီးမားသည့်အစီအရင်က အဆက်မပြတ် ကွဲအက်စပြုလာသည်နှင့် တောင်မြင့်ကြီးမှာလည်း မတည်မငြိမ် ဖြစ်လာသည်။
ဝိညာဉ်သင်္ကေတများနှင့် မှော်သင်္ကေတများ တစ်ခုပြီးတစ်ခု ပျက်စီးသွားပြီး လေထဲတွင်လွင့်ပျံနေသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။
အကြီးအကဲ’မော့’က ဒေါသတကြီး အော်ဟစ်လိုက်သည်။
“အယုတ်တမာကောင်လေး...”
ထိုအချိန်မှာပင် အနီရောင်ဝိညာဉ်တောင်ကြီးဆီမှ ရှန်းရှီဝမ်၏ လက်သီးသိုင်းဝိညာဉ်က အနက်ရောင်ဝိညာဉ်တောင်ကြီးပေါ်သို့ အရှိန်ပြင်းစွာ ကျရောက်သွားသည်။
နဂိုကပင် ပြိုကျလုနီးပါးဖြစ်နေသော အနက်ရောင်တောင်ကြီးသည် ချက်ချင်းပင် ကွဲအက်ကာ ပြိုကျသွားတော့သည်။
မိစ္ဆာချီများ၏ ထိုးနှက်ခြင်းကို ခံရသည့်အခါ အကြီးအကဲ’မော့’၏ စွမ်းအားက စောစောက သူအနိုင်ယူခဲ့သည့် ရှန်းရှီဝမ်ထက် လျော့နည်းသွားသည်။
တိုက်ပွဲအခြေအနေက ချက်ချင်းပင် ပြောင်းပြန် ဖြစ်သွား၏။
အနက်ရောင်ဝိညာဉ်တောင်ကြီးနှင့် အနက်ရောင်ဝိညာဉ်သင်္ကေတအစီအရင် တစ်ပြိုင်နက်တည်း ကွဲထွက်သွားပြီး အကြီးအကဲ’မော့’ သည် ဒေါသ ၊ မယုံကြည်နိုင်ခြင်းများဖြင့် ပြည့်နက်နေသော အဝါရောင်မျက်ဝန်းများဖြင့် သူ့ရှေ့မှ အနီရောင်ဝိညာဉ်တောင်ကြီးကို စိုက်ကြည့်နေသည်။ ထို့နောက် အောက်ဘက်တွင်ရှိနေသည့် ရန်ကျောက်ကဲကို ရူးသွပ်နေသူတစ်ယောက်ပမာ ဒေါသတကြီး ငုံ့ကြည့်လိုက်သည်။
သို့သော် ရှန်းရှီဝမ်က အညှာအတာမဲ့စွာဖြင့် လက်သီးသိုင်းဝိညာဉ်တစ်ခုကို ထပ်မံထုတ်ဖော်လိုက်ပြီး အကြီးအကဲ’မော့’အား ထိုးနှက်လိုက်ရာ ပါးစပ်မှ သွေးများအန်ထွက်လာသည်။
အကြီးအကဲ’မော့’ က ဒေါသ ၊ မုန်းတီးခြင်းများဖြင့် ကြုံးဝါးသံတစ်ချက်ပြုလုပ်လိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို မိစ္ဆာချီများက ရှည်လျားပါးလွှာသည့် ကြိုးများအလား ထိုးနှက်ဝင်ရောက်လာသဖြင့် တန်ပြန်တိုက်ခိုက်ရန် မတတ်နိုင်တော့ပေ။
အကြီးအကဲ’မော့’ နောက်ထပ်သွေးများအန်ထုတ်လိုက်စဉ် ပြောင်းပြန်စီးစဉ်းနေသည့် မိစ္ဆာချီများက သူ့ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာတိုးတင်လာသည်။
ရှန်းရှီဝမ်ကလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ အကြီးအကဲ’မော့’ကို နောက်တစ်ကြိမ် လက်သီးဖြင့် ထိုးနှက်ပစ်လိုက်၏။
“’ရန်’ အိမ်က ကလေး ၊ မင်းအတွက် ကောင်းဆဲ့အဆုံးသတ်ဆိုတာ ရှိမှာမဟုတ်ဘူး”
လွတ်မြောက်ရန် မဖြစ်နိုင်တော့ကြောင်း သိပါလျှက် အကြီးအကဲ’မော့’ သည် ရှန်းရှီဝမ်ကို လျစ်လျူရှုကာ ရန်ကျောက်ကဲကိုသာ သတ်ဖြတ်လိုသည့်အမုန်းတရားများဖြင့် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။
ပြောင်းပြန်လှည့်ပတ်နေသည့် မိစ္ဆာချီများကြောင့် သူ့ခန္ဓာကိုယ်က ဒဏ်ရာပြင်းပြင်းထန်ထန် ရရှိနေပြီဖြစ်ပြီး ခန္ဓာကိုယ်ကို ထမ်းရွက်ထားရန်ပင် မတတ်နိုင်တော့ဘဲ အသွေးအသားများ ယိုစီးကျလာသည်။
လေထဲတွင် မတ်တတ်ရပ်နေသည့် အကြီးအကဲ’မော့’ ၏ ပုံရိပ်အား ရှန်းရှီဝမ်က ထပ်မံထိုးနှက်တိုက်ခိုက်လိုက်သည်။
“ဘုန်း...”
ဧရာမကျောက်တုံးကြီးတစ်တုံး ကွဲကြေသွားသည့်အလား ကျယ်လောင်သည့်အသံကြီးထွက်ပေါ်လာသည်။
ထိုအသံနှင့်အတူ ရှန်းရှီဝမ်၏ လက်သီးသိုင်းဝိညာဉ်ပျောက်ဆုံးသွားပြီး အကြီးအကဲ’မော့’ အသက်သည်လည်း နိဂုံးချုပ်သွားသည်။
သေလုနီးပါးအချိန်ထိ သူက နာကျည်းမှုအပြည့်ဖြင့် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေရင်း...
“ဒီအဘိုးကြီး လက်မခံနိုင်ဘူး...”
ဟု ရေရွတ်လိုက်သည်။
ထို့နောက် ဝါရင့်သိုင်းဆရာသခင်တစ်ယောက် ကျဆုံးသွားလေတော့၏။
သူ၏ပြင်းထန်သောအသက်ဓာတ်စွမ်းအားများ ပေါက်ကွဲထွက်သွားလေရာ ပတ်ဝန်းကျင်တစ်ခုလုံး အဆုံးမရှိ လေပြင်းများတိုက်ခတ်လာပြီ တိမ်တိုက်များ မြင့်တက်လာသည်။ မြေပြင်ထက် မတ်တတ်ရပ်နေသူများပင် ရပ်တည်ရန် မတတ်နိုင်ကြတော့ပေ။
ဒဏ်ရာရထားသဖြင့် ခက်ခက်ခဲခဲ မတ်တတ်ရပ်နေကြရသော ရဲ့ကျုန်းကျိုး ၊ ကျန်းယောင်နှင့် အခြားသူများမှာ ဒယိမ်းဒယိုင်ဖြင့် လဲကျကုန်ကြသည်။
ရန်ကျောက်ကဲသည်ပင် မုန်တိုင်းကြားတွင်ရွက်လွှင့်နေသည့် သင်္ဘောတစ်စင်းအလား လေပြင်းဒဏ်ကို ကြံ့ကြံ့ခံကာ ကျောက်ဟိုကို တိုက်ခိုက်နေသည့် သူ့လက်များသည် ကျောက်သားပမာ တည်ငြိမ်နေခဲ့သည်။
ဝင်ရောက်လာသည့် ကျောက်ဟို၏ ဓားချက်ကို ရန်ကျောက်ကဲက ဓားပစ်ပစ်ပေါက်ကာ ခုခံလိုက်သည်။
ထို့နောက် လက်ဗလာဖြစ်သွားသော ရန်ကျောက်ကဲသည် ကျောက်ဟိုကို လက်သီးဖြင့် ထိုးစိုက်ချလိုက်ရာ ယခင်ကကဲ့သို့ပင် ကမ္ဘာဦးကာလ ပရမ်းပတာစွမ်းအားများ ငြိမ်သက်သွားပြီး စကြာဝဠာဖြစ်တည်လာသည့် စွမ်းအားတစ်ခု ထပ်မံထွက်ပေါ်လာပြန်သည်။
ရန်ကျောက်ကဲ၏ လက်သီးချက်ကို ရင်ဆိုင်လိုက်ရသည်နှင့် ကျောက်ဟို၏ မျက်ဝန်းများ အေးစက်သွားပြီး အနက်ရောင်အမွှေးတိုင်အိုးလေးကို အသုံးပြုကာ လက်သီးချက်ကိုကာကွယ်ရန် ဟန်ပြင်လိုက်၏။
သို့သော် ရန်ကျောက်ကဲ၏ လက်သီးချက်က အနက်ရောင်အမွှေးတိုင်အိုးလေးအပေါ် မကျရောက်ခင် ခဏအတွင်း စွမ်းအားများ ရုတ်ချည်းငြိမ်သက်သွားသည်။ အရာအားလုံးက ပကတိ တိတ်ဆိတ်ငြိမ်သက်သွားသည်။
စကြာဝဠာဖြစ်တည်လာသည့် စွမ်းအားသည် ခေတ္တရပ်တန့်သွားပြီး မူလပရမ်းပတာအခြေအနေသို့ တစ်ဖန်ပြန်လည်ရောက်ရှိသွားသည်။
ယင်စွမ်းအားမဟုတ် ၊ ယန်စွမ်းအားမဟုတ် ၊ အစမရှိ ၊ အဆုံးမရှိ ၊ အနာဂတ်မရှိ ၊ အသိပညာမရှိ ၊ ခံစားချက်မရှိ။
ကျောက်ဟို အနည်းငယ် မျက်နှာပျက်သွားသည်။
ရန်ကျောက်ကဲ၏ မျက်နှာက ခံစားချက်ကင်းမဲ့နေပြီး သူ၏တိုက်ကွက် ပြောင်းလဲသွားကာ လက်ချောင်းများကို ဖြန့်ကားပြီး ကျောက်ဟို၏လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်သည်။
တိုက်ပွဲအတွေ့အကြုံ ကြွယ်ဝလွန်းသည့် ကျောက်ဟိုကလည်း ခေသူမဟုတ်ပေ။ ရန်ကျောက်ကဲ တိုက်ကွက်ပြောင်းလဲလိက်သည်နှင့် သူက အလျှင်အမြန် တုံ့ပြန်လိုက်သည်။ အမွှေးတိုင်အိုးလေးကိုင်ထားသော သူ့လက်တစ်ဖက်သည် ချက်ချင်းစွမ်းအားများ မြင့်တက်လာပြီး လက်ဖြန်က သံတူကြီးတစ်ခုနှယ် ရန်ကျောက်ကဲလက်ကို ရိုက်ချလိုက်သည်။
ထိုသိုင်းကွက်မှာ အဆုံးမဲ့တောင်တန်း၏ ကိုယ်ပိုင်သိုင်းပညာဖြစ်သော “မိုးဖြိုသံမဏိတူ” သိုင်းပညာ ဖြစ်၏။
ရန်ကျောက်ကဲ၏မျက်ဝန်းများ လျှပ်စီးလက်သည့်ပမာ တောက်ပသွားပြီး သူ၏ချီစွမ်းအားများကို ထပ်မံစုစည်းလိုက်ကာ နောက်ထပ် တိုက်ကွက်တစ်ခု ထပ်မံတွန်းထုတ်လိုက်သည်။
မိုကြိုးတုန်လှုပ်သိုင်းပညာ။
ရန်ကျောက်ကဲက လက်ချောင်းများကို အသာဖြန့်လိုက်သည်။ သူ့လက်များသည် ပျော့ပြောင်းနူးညံ့သည့် လေပြေပမာ ကျောက်ဟို၏လက်ကောက်ဝတ်ကို ဖြတ်သန်းသွားပြီး ဗျပ်စောင်းတီးခတ်သည့်အလား ညင်သာလွန်းသည်။
သို့ပေသိ ကျောက်ဟို၏လက်တစ်ခုလုံး ဓာတ်လိုက်သလို တုန်ခါတွန့်လိမ်သွားကာ လက်ကောက်ဝတ်တစ်ခုလုံး ကွဲအက်သွားပြီး သွေးစိမ်းရှင်ရှင် ပန်းထွက်လာသည်။
ကျောက်ဟို၏လက်သည် အနက်ရောင်အမွှေးတိုင်အိုးလေးကို ဆက်လက်ဆုပ်ကိုင်ထားနိုင်စွမ်း မရှိတော့ပေ။
ရန်ကျောက်ကဲက ကျောက်ဟိုကို တုံ့ပြန်ရန် အချိန်မပေးဘဲ လေထဲတွင် လွင့်မျောနေသည့် ကျောက်စိမ်းနဂါးဓားကို ပြန်လည်ခေါ်ယူကာ ခုတ်ပိုင်းချလိုက်သည်။ ကြောက်မက်ဖွယ်ရာ ပရမ်းပတာစွမ်းအားတစ်ခုသည် ကျောက်ဟိုဆီသို့ နောက်တစ်ကြိမ် ထပ်မံဝင်ရောက်လာသည်။
“ရန်ကျောက်ကဲ”
ကျောက်ဟိုပါးစပ်မှ ရန်ကျောက်ကဲနာမည်ကို မကျေမနပ် ကြုံးဝါးအော်ဟစ်လိုက်ချိန် သူ့လည်ပင်းကို အေးစိမ့်သည့်လေတစ်ချက် ဖြတ်သန်းတိုက်ခတ်သွားကြောင်း ခံစားလိုက်ရသည်။
ထို့နောက် သူ့လည်ပင်းမှဓားဒဏ်ရာက ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြန့်ထွက်သွားပြီး တစ်ကိုယ်လုံးကို အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားစေသည်။
အသွေးအသားများ ၊ ကြွက်သားနှင့်အရိုးများ အက်ကွဲသွားကြသည်။
စိတ်ဝိညာဉ် ပျက်စီးသွားပြီး အရာအားလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။
ရန်ကျောက်ကဲ၏မျက်နှာအမူအရာက ဘာမှမထူးခြားသလို တည်ငြိမ်အေးစက်လျှက်ပင်။
“ဒုတိယအကြိမ် သေရတာ ဘယ်လိုခံစားရလဲ ၊ အရင်ကနဲ့ ဘာမှမထူးခြားဘူးမဟုတ်လား”