ကောင်းကင်ဘုံကို တိုင်တည်ပြီး ငါကျိန်ဆိုနိုင်ပါတယ်။
Vol. 12 Ch. 134
“ ချာကျင် အထုပ်အပိုးပြင် ... ငါတို့လည်း သွားရအောင်။ ”
လူတိုင်း ထွက်ခွာသွားပြီးနောက် စုရီက ထွက်ခွာရန်ပြင်သည်။ ချာကျင်မှ အံ့အားသင့် သွားကာ၊
“ သခင်လေး ငါတို့ ဘယ်သွားမှာလဲ။ ”
“ အင်ပါယာ စီရင်စု ... ။ ”
စုရီက အခန်းထဲလှမ်းဝင်ပြီး ပြန်ဖြေသွားသည်။ ချာကျင်တစ်ယောက် စိတ်ရှုပ်ထွေးလာ၏။
အမှန်တကယ် ခရီးထွက်လိုက အနည်းဆုံးတော့ တစ်ရက်ခန့် ကြိုတင်ပြင်ဆင် ထားသင့်ချေပြီ။
“ သခင်လေး ... ငါတို့ဘာနဲ့သွားမလဲ သင်္ဘောက ထွက်သွားပြီ။ ”
“ သင်္ဘော မလိုပါဘူး။ ”
“ မြင်းနဲ့လား ... ။ ”
“ မြင်းလည်း မလိုဘူး ... ။ ”
“ ဟမ့် ... ဒါဆို ဘာနဲ့သွားမှာလဲ။
“ ခြေလျင် ... ။ ”
( သေလိုက်ပါလား ... ။ )
အင်ပါယာမြို့သည် တိမ်မြစ်မြို့တော် စီရင်စုနှင့် မိုင်ရှစ်ရာ နီးပါးဝေးချေ၏။ မြင်းဖြင့် အသော့နှင်လျှင်ပင် လေးငါးရက်ခန့် ကြာမည်။
ထို့နောက်တွင် စုရီမှ ခြံတံခါးကို သော့ခတ်စေကာ လက်နှစ်ဖက်နောက်ပို့လျက် ဥယျာဉ်အတွင်း လမ်းလျှောက်နေသူကဲ့သို့ ထွက်ခွာလာခဲ့သည်။
ချာကျင်က နောက်မှလိုက်လာပြီး၊
“ သခင်လေး ... မင်းတကယ် ခြေလျင်သွားမှာလား။ ”
-ဟု သံသယဖြင့် မေးလေသည်။
“ တောင်နဲ့မြစ်တွေကို ခြေလှမ်းနဲ့ တိုင်းတာပါ ... လမ်းတစ်လျှောက် ရှုခင်းတွေကို နှလုံးသားနဲ့ခံစားပြီး လေကိုရှူရှိုက် ... နှင်းကို သောက်သုံးပါ ... ဒါ ... တာအိုရှာသူတွေအတွက် အများကြီးအကျိုးရှိပါတယ်။ ”
စိတ်ရှုပ်ထွေးလာသော်လည်း ချာကျင်တစ်ယောက် နာခံမှုရှိစွာဖြင့် လိုက်ပါ နေဆဲ ဖြစ်သည်။
အမှန်တွင် စုရီသည် ချန်ကျန့်၏ သွေးနတ်ဆိုးတောင်တန်းဆီသို့ သွားလိုခြင်း ဖြစ်သည်။ သို့သော် သားရဲဒီရေသည် တလခန့်လိုသေး၏။
ထို့ကြောင့် အင်ပါယာမြို့ကို ဦးတည်လိုက်ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အိမ်ထောင်ရေးကို ဖျက်သိမ်းရန် ခက်ခဲချေပြီ။
မည်သို့ပင်ဆိုစေကာမူ ဝမ်လင်ကျောက် ဟူသည် သူ့ဇနီးဖြစ်ကာ နောက်ကွယ်၌ တစ်စုံ တစ်ရာ ကျူးလွန်ခွင့်မပြုနိုင်ချေ။ မဟုတ်သော် သတ်ပစ်မိပေမည်။ ဝမ်လင်ရွယ်ကြောင့် သူမကို မသတ်ချင်သည်မှာ သဘာဝပေပင်။
တိမ်မြစ်မြို့တော်နှင့် မိုင်သုံးရာဝေးသော လူဆိတ်ညံသည့် တောင်တန်း တစ်နေရာတွင် မိုးသည်းထန်စွာ ရွာသွန်းနေခဲ့သည်။
စုရီနှင့်ချာကျင်က အရွယ်အစား သုံးမီတာခန့်ကျယ်သော ဂူကြီးတစ်လုံးအတွင်း မီးဖိုလျက်မိုးခိုနေ၏။
လှိုဏ်ဂူအပြင်ဘက်တွင် လေပြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းသဖြင့် အရိုးခိုက်အောင် အေးစက်နေသည်။
ချာကျင်သည် လမ်းလျှောက်ရန် အဆင်ပြေသည့် ဂါဝန်ရှည်ကို ၀တ်ဆင်ထားပြီး အနက်ရောင်ဆံပင်များကို ချည်နှောင်လျက် မီးပုံဘေးတွင်ထိုင်နေ၏။
“ သခင်လေး ... ငါတို့ ဒီမှာညအိပ်မှာလား။ ”
“ မင်းဘာလို့ ဒီလောက် အလျင်လို နေရတာလဲ လမ်းတလျှောက် တောင်တန်းတွေ မြစ်တွေရဲ့ အလှကိုလျစ်လျူရှုမထားပါနဲ့။ ”
စုရီက ကြိမ်ကုလားထိုင်တွင် ကျောမှီနေလျက်မှ ဝိုင်သောက်ကာ အလွန် သက်တောင့်သက်သာ ရှိနေခဲ့သည်။
( ဟမ့် ... ဘာတောင်တန်းတွေနဲ့ မြစ်တွေရဲ့ အလှတရားလဲ။ )
လမ်းတစ်လျှောက် ရွှံ့နှင့် လွင်တီးခေါင်များသာ မြင်ခဲ့ရ၏။ ရေငတ်ချိန်၌ စမ်းရေကိုသောက်ပြီး ဗိုက်ဆာသောအခါတွင် သစ်သီးသစ်ဥများ ရှာဖွေစားသောက်ရသည်။
မည်မျှ ဒုက္ခရောက်ရသည်ကို မြင်နိုင်၏။ တစ်ရက်နှင့်တစ်ညအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှု (၃)ကြိမ် ကြုံခဲ့ရသည်။
အဝတ်များသည် ချွေးများ၊ ဖုန်မှုန့်များ ပေကျံညစ်ထေးနေ၏။ သူမအတွက် သည်းမခံ နိုင်လောက်အောင် ကြမ်းတမ်းသော ခရီး ဖြစ်ခဲ့သည်။
“ ဗုဒ္ဓဂိုဏ်းဝင်တွေက ပိတ်ပါး အဝတ်အစားတွေဝတ်ပြီး အေးတဲ့နေရာတွေမှာ ဆွမ်းခံထွက်ရတယ် ကွန်ဖြူးရှပ် ဂိုဏ်းဝင်တွေ ဆိုရင် ... မိုင်တစ်သောင်းခရီးနှင်ဖို့ တာဝန်ပေးခံရတယ်။ ”
“ ဘာအတွက်လဲ။ ”
ဤတစ်ကြိမ်၌ ချာကျင်မှ စိတ်ဝင်စားသွား၏။
“ ဒီကမ္ဘာကြီးရဲ့ ခပ်သိမ်းသော အရာရာတိုင်းမှာ ... အကြောင်းပြချက်ရှိတယ် တာအိုအတွက် သော့ချက်တွေကို ကောင်းကင်နဲ့ မြေကြီးကြားမှာ ဝှက်ထားတယ်။ ”
“ ဒါပေမယ့် ... ဘာလို့ အခုဘာမှ မခံစားရတာလဲ။ ”
ချာကျင်မှ သံသယစိတ်ဖြင့် ပြန်၍မေးတော့သည်။ စုရီတစ်ယောက် ခဏမျှ နှုတ်ဆိတ်သွားပြီး၊
“ မင်းက နုံအလို့ပဲ။ ”
-ဟု ပြန်ဖြေမိလေသည်။
သူသည် စကားများများပြောရန် ပျင်းလွန်းလှသောကြောင့် ဂူအပြင်ဘက်သို့ ငေးကြည့်ကာ ချာကျင်ကို လျစ်လျူရှု လိုက်တော့၏။
ဤအခိုက်အတန့်တွင် ခြေသံအချို့ ကြားလိုက်ရသည်။ များမကြာမီ မုတ်ဆိတ်မွေး တိုတိုဖြင့် သန်မာသော အမျိုးသာတစ်ယောက် ဂူအတွင်း လှမ်းဝင်လာ၏။
ကြီးမားသော ဓားရှည်တစ်လက်ကို နောက်ကျောတွင် ပိုးလွယ်လျက် အနားရောက် လာချိန်၌ တင်းကြပ်သည့် ဖိအားမျိုးပေးသည်။
၎င်းလက်ထဲတွင် ဦးခေါင်းတစ်ခုလုံး လက်သီးကြောင့် ချိုင့်ဝင်နေသော ကျားကြီး တစ်ကောင် ကိုင်ဆွဲလာ၏။
အရွယ်အစားအရ ကျားသည် အနည်းဆုံး ပေါင်ရာနှင့်ချီလေးလံသည်။ သို့သော် လက်သီး တစ်ချက်နှင့် ထိုးသတ်လိုက်မှန်းမြင်သာ၏။
“ ခွင့်လွှတ်ပါ ... မိုးအရမ်းရွာနေတော့ မီးတောက်မြင်ပြီး ... ဒီကိုလာမိတာ မိုးတိတ်ရင် ငါထွက်သွားပါ့မယ်။ ”
“ ဘုန်း ... ။ ”
စကားပြောပြီးနောက် ဂူထဲဝင်ကာ ကျားကြီးကို မြေပြင်ပေါ်ပစ်ချလျက် မီးပုံဘေး ဝင်ထိုင်တော့သည်။
ချာကျင်မှ စုရီကို လှည့်ကြည့်၏။ စုရီက ကြိမ်ကုလားထိုင်ပေါ်တွင် ထိုင်နေဆဲဖြစ်သည်။ မုတ်ဆိတ်မွေးနှင့် အမျိုးသားကို လျစ်လျူရှု ထားခဲ့၏။
သူတို့နှစ်ယောက်သည် တုန့်ပြန်မှု မရှိသောကြောင့် မုတ်ဆိတ်မွေးနှင့် အမျိုးသားမှ အနည်းငယ် အံ့သြသွား၏။
ထို့ကြောင့် စကားဆက် မပြောတော့ဘဲ ခေါင်းယမ်းကာ ကျောက်နံရံမှီပြီး မျက်လုံးများ မှိတ်ထားလိုက်သည်။
ညအမှောင်တွင် လေပြင်းများ တိုက်ခတ်လျက် မီးပုံကြီး၏ တောက်လောင် နေသံများသာ ကြားနေရ၏။
ချာကျင်တစ်ယောက် စိတ်မသက်မသာ ခံစားလာရသည်။ မိုးသည်းထန်စွာ ရွာနေသဖြင့် တစ်ချိန်လုံး သတိထားနေရ၏။
ရုတ်တရက် အမှောင်အတွင်းမှ အသံအချို့ ထပ်မံကြားလိုက်ရသည်။ ကျောက်နံရံကို မှီ၍ မျက်လုံးများ မှိတ်ထားသော အမျိုးသားက ကိုယ်ဟန် ပြင်ယူလိုက်၏။
“ မကြောက်ကြနဲ့ ... ဘာပဲဖြစ်ဖြစ် စောင့်ကြည့်ပြီး ... မပါဝင်ပါနဲ့။ ”
၎င်းက ချာကျင်ထံကြည့်ကာ ပြောကြား လိုက်သည်။ ထိုစကားများကြောင့် တစ်ချိန်လုံး နှုတ်ဆိတ်နေသော စုရီမှ မျက်ခုံးပင့်လျက်၊
“ မင်း ... ငါတို့ကို ဒုက္ခထဲ ဆွဲမထည့်ချင်ဘူးဆိုရင် အဓိပ္ပါယ်မဲ့ စကားတွေ မပြောဘဲ ဒီကနေထွက်သွားသင့်ပြီ။ ”
-ဟု မောင်းထုတ်တော့သည်။
မုတ်ဆိတ်မွေးနှင့် အမျိုးသားက အံ့အားသင့်သွားတော့၏။ ဤမျှ ရိုင်းစိုင်းသော လူငယ်မျိုး သူ မတွေ့ဖူးချေ။
“ စိတ်မပူပါနဲ့ ... ငါမင်းတို့ကို လုံးဝ မထိခိုက်စေရပါဘူး။ ”
ဤလူငယ်သည် မျိုးနွယ်စုကြီး တစ်ခုအနက်မှ သခင်ငယ်တစ်ပါး ဖြစ်ရမည်ဟု ကောက်ချက်ချမိ၏။
မဟုတ်သော် ခရီးကြမ်းသွားလာချိန်၌ ချစ်စရာကောင်းသော အစေခံနှင့် ဇိမ်ကျသော ဤကြိမ်ကုလားထိုင်ကြီးကို မည်သူမျှ သယ်ဆောင်လာမည် မဟုတ်ချေ။
“ ဟမ့် ... နင့်ကိုယ်နင်တောင် မကာကွယ်နိုင်တော့တာ တခြားလူတွေအပေါ် ဘယ်လိုများ ကတိပေးဝံ့သလဲ။ ”
အမှောင်ထဲမှ နူးညံ့သိမ်မွေ့သော အသံနှင့်အတူ ချောမောလှပသည့် ပုံသဏ္ဍာန် တစ်ခု ထွက်ပေါ်လာသည်။
မျက်နှာပေါ်တွင် မိတ်ကပ်များ လိမ်းခြယ်လျက် ဆီစိမ်စက္ကူထီး ကိုင်ဆောင်ပြီး အစိမ်းရောင်အင်္ကျီ ၀တ်ဆင်ထားသော အမျိုးသမီးဖြစ်၏။
သူမကို မြင်ချိန်၌ မုတ်ဆိတ်မွေးနှင့် အမျိုးသားကထရပ်ကာ ဂူဝသို့ လျှောက်လှမ်း သွားပြီး၊
“ ငါ့ကိုယ်ငါ မကာကွယ်နိုင်ဘူးလို့ ဘယ်သူပြောလဲ၊ ဟွာလိန်ရှု မင်းကို သတ်ဖို့ဆို ငါ့လက်လွှဲသလို လွယ်လွန်းပါတယ်။ ”
“ ဒါဆို ... ငါနဲ့ဆိုရင်ရော။ ”
ရုတ်တရက် အိုမင်းနေသောအသံဖြင့် အနက်ရောင် အရိပ်တစ်ရိပ် ရွေ့လျားလာပြီး အမျိုးသမီး ဘေးဝင်ရပ်လေသည်။
အရပ်ပုပု ပိန်ပိန်နှင့် ဆံပင်များကျဲပါးနေသော အဖိုးအို တစ်ယောက် ဖြစ်၏။
သူ့လက်၌ အရိုးရှည်ပုဆိန်နက်တစ်စုံကို ကိုင်ဆောင်ထားသည်။ ၎င်းကမျက်နှာပေါ်တွင် လှောင်ပြောင်သရော်လိုသည့် အသွင်အပြင်ဖြင့် မုတ်ဆိတ်မွေးနှင့် အမျိုးသားထံ ကြည့်၏။
“ မလုံလောက်သေးဘူး။ ”
မုတ်ဆိတ်မွေးနှင့် အမျိုးသားက မျက်ဝန်းများ မှေးစင်းလျက် ပြုံးကာပြောသည်။ ချာကျင်မှ ထိုမြင်ကွင်းကြောင့် နှလုံးသား တစ်ခုလုံး တင်းကြပ်လာ၏။
အသစ်ရောက်ရှိလာသူ နှစ်ယောက်၏ ကျင့်ကြံမှုအဆင့်ကို သူမ မမြင်နိုင်ဘဲ အန္တရာယ် အငွေ့အသက်ပင် ခံစားနေရသည်။
စုရီထံ လှည့်ကြည့်လိုက်သောအခါ ကြိမ်ထိုင်ခုံတွင် ပျင်းရိစွာဖြင့် လှမ်းကြည့်နေ၏။ မီးတောက်များသည် သူ့မျက်ဆန်အတွင်း ရောင်ပြန်ဟပ်နေသည်။
ကမ္ဘာကြီးအတွင်း ဖြစ်ပျက်နေသည့် အရာများစွာသည် အာရုံစိုက်ရန် မထိုက်တန်ဟု မြင်နေပုံပေပင်။
သို့သော် ထိုပျင်းရိပြီး မာနကြီးသော အပြုအမူသည် ချာကျင်၏ တင်းကြပ်နေသည့် ခံစားချက်များကို ပြေပျောက်သွားစေသည်။ လုံခြုံသည်ဟု ပြောနိုင်၏။
တစ်ဖက်လူသည် ဦးလေးရှောင်ကဲ့သို့ မဟာသခင်ကိုပင် ကြက်သတ်သလို သတ်ပစ်သူ ဖြစ်သည်။
“ ကြွက်အိုကြီး မာနမကြီးနဲ့၊ ချန်ကွာခယ်ရဲ့ မိစ္ဆာသတ်ဓားကိုးလက်က ပြည်နယ်ခြောက်ခုမှာ ကျော်ကြားတယ် ... သူသာ အသေခံချင်ရင် အလေးအနက်ထားရမယ်။ ”
ရှပ်အင်္ကျီအဖြူနှင့် အနက်ရောင် သစ်သားပေတံ ကိုင်ထားသည့် နောက်ထပ် လူတစ်ယောက် ထပ်မံရောက်ရှိလာ၏။
အဝေးမှ လမ်းလျှောက်လာခြင်း ဖြစ်သော်လည်း ခြေဖဝါးသည် မြေကြီးကို မထိ သကဲ့သို့ ထင်မှားစေသည်။
ထိုလူကိုမြင်ချိန်၌ မုတ်ဆိတ်မွှေးနှင့် အမျိုးသား မျက်နှာမှာ လေးနက်လာပြီးနောက် လူသတ်ရောင်ဝါများ ပြည့်နှက်လာ၏။
“ မင်းရဲ့ဆရာက ... မင်းလို ခွေးဆိုးတစ်ကောင်ကို လွှတ်လိုက်တာ ... ငါ့ကို အရမ်း အထင်ကြီးလွန်းနေပြီ။ ”
သူ့စကားကြောင့် အဖြူဝတ်အမျိုးသားက ပြုံးလေသည်။
“ အစ်ကိုချန်၊ မင်း ... စီရင်စုမြို့တော်ကို တစ်လလောက် ခြေမချဖို့ သဘောတူရင် မင်းကို လမ်းခွဲလက်ဆောင်အဖြစ် အရည်အသွေး ကောင်းတဲ့ ဝိုင်အိုးနဲ့ ငါကြိုဆိုမယ်။ ”
“ မိုက်မဲတဲ့စကားတွေ ရပ်လိုက်စမ်း ငါသဘောတူရင်တောင် မင်းငါ့ကို လွယ်လွယ်နဲ့ လွှတ်ထားမှာမဟုတ်ဘူး ... ။ ”
“ အစ်ကိုချန် ... မင်းသိထားတာ အရမ်းကောင်းတယ်၊ ဒါပေမယ့် မင်းမှားတယ် မင်းခြေထောက်တစ်ဖက်ကို ဖြတ်ထားခဲ့ရင် မင်းကိုအသက်ရှင်လျက် ထားခဲ့ဖို့ ကောင်းကင်ကို ငါကျိန်ဆိုမယ်။ ”
“ ဂျိန်း ... ။ ”
ကောင်းကင်တခွင် လျှပ်စီးများ ပြိုးပြက်လျက် ယ်လောင်သော မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ ပေတံနှင့် အမျိုးသားခမျာ အဆင်မပြေ ဖြစ်သွား၏။
နတ်ဘုရားများပင် သူ့ကျိန်ဆိုချက်ကို လက်မခံဘဲ ငြင်းဆန်လာခြင်းဖြစ်ချေပြီ။ ၎င်းမှ နှာခေါင်းကို ပွတ်လျက်၊
“ မင်းတို့က ဘာကြည့်တာလဲ ... မိုးရွာနေမှတော့ မိုးခြိမ်းတာ ထူးဆန်းလို့လား။ ”
-ဟု ပြောကြားလိုက်သည်။
ဆီစိမ်စက္ကူထီးကို ကိုင်ဆောင်ထားသော အစိမ်းရောင်ဝတ် အမျိုးသမီးက၊
“ ဆရာယင် ... မင်းဒီကို ရောက်လာပြီဆိုတော့ ဘာလို့ ချက်ချင်း အရေးမယူ ရတာလဲ။ ”
“ ဟမ့် ... မင်းသိလား ... အကောင်းဆုံး ဗျူဟာက ရန်သူရဲ့နှလုံးသားကို တိုက်ခိုက်ဖို့ပါပဲ တကယ်လို့သာ အသက်ရှင်ခွင့်ပေးမယ်ဆိုတဲ့ စကားအပေါ် သူယုံကြည်ခဲ့ရင် ...
... သူ့မှာ တိုက်ပွဲဆန္ဒဆုံးရှုံးသွားပြီလို့ ဆိုလိုတာပဲ .. အဲဒီအခါမှာ ငါတို့အနိုင်ယူဖို့က ဘယ်လောက်လွယ်လိုက်မလဲ ...
... ဒါပေမယ့် ကောင်းကင်က အခုလိုမျိုး နှောက်ယှက်လာလိမ့်မယ်လို့ ငါ မမျှော်လင့်ထား မိခဲ့ဘူး။ ”
အဖြူဝတ်အမျိုးသားက အနည်းငယ် စိတ်ဓာတ်ကျစွာဖြင့် ကောင်းကင်ကို မော့ပြီး ညည်းတွားလိုက်တော့သည်။
***