← Chapters

ဉာဏ်အလင်းပေးခြင်း။

Vol. 12 Ch. 138

ဉာဏ်အလင်းပေးခြင်း။

Vol. 12 Ch. 138

စုရီတစ်ယောက် အံ့အားသင့်သွားပြီး၊

“ တိရိစ္ဆာန်တစ်ကောင်က မျှော်လင့်ထားသလိုပါပဲ ကြင်နာမှုကို ဘယ်လို ပြန်ဆပ်ရမယ်ဆိုတာ တကယ် သိတယ်။”

-ဟု ရေရွတ်လိုက်လေသည်။

ထို့နောက် တောဝက်၏ပေါင်ကို ခုတ်ဖြတ်ကာ စမ်းချောင်းတွင် သန့်ရှင်းရေး လုပ်ယူပြီး ထင်းမီးဖို ဖိုတော့သည်။

များမကြာမီ တောဝက်ပေါင်သည် ရွှေရောင်ပြောင်းလာကာ ကြွယ်ဝသောအဆီများ မီးဖိုထဲ တရှဲရှဲဖြင့် ပြုတ်ကျကုန်၏။ စွဲမက်ဖွယ် ကောင်းသော အသားကင်ရနံ့သည်လည်း ချက်ချင်း ပျံ့နှံ့လာသည်။

စုရီမှ ကျောက်စိမ်းဆွဲသီးမှ ပျားရည်နှင့် နံ့သာမျိုးမျိုးထုတ်ယူကာ တောဝက်ပေါင်းထံ လိမ်းကျံပေးလိုက်သည်။

ဟင်းခတ်အမွှေးအကြိုင်များ၏ ရနံ့ လွှမ်းမိုးမှုအောက်တွင် တောဝက်ပေါင်းသည် ညိုပြီးရဲလာ၏။

ချာကျင် မရောက်ခင် ဝက်ပေါင် တစ်ချောင်းကို ယူကာ စားသောက်လိုက်သည်။ ကျန်ပေါင်တစ်ချောင်းကို သူမအတွက် ​ချန်ထားပေးလိုက်၏။

“ နဂါးအသည်းနဲ့ ဖီးနစ်ခြင်ဆီလောက် မကောင်းပေမယ့် ငါကိုယ်တိုင် ကင်ထားတာမို့ နတ်ဘုရားတောင်မှ ဒီအရသာမျိုး မြည်းစမ်းခွင့် မရမှာ ကြောက်မိတယ်။ ”

သူ့ချီးကျူးစကားကြောင့် အနား ပြန်ရောက်လာသည့် ချာကျင်မှ မျက်ခုံးပင့်ပြီး အသားကင်တစ်ပိုင်း လှီးဖြတ်ကာ စားကြည့်လိုက်၏။

လျှာပေါ်ရှိ အရသာခံဖုများအားလုံး ဖြေလျော့သွားလေသည်။ အသားလွှာများသည် အပြင်တွင် ကြွပ်ရွပြီး အတွင်းထဲ၌ နူးညံ့နေကာ ဝါးလိုက်သည်နှင့် အဆီနည်းနည်း စိမ့်ထွက်ကာ အရသာ ရှိချေ၏။

စားသောက် ပြီးနောက် နှစ်ယောက်သား ခရီးဆက်ကြသည်။ လမ်းတစ်လျှောက် စုရီသည် တိမ်ပင်လယ်ကို ကြည့်ရှုရန် တောင်ထိပ်များ ပေါ်၌ မကြာမကြာရပ်ကာ ရံဖန်ရံခါ စမ်းချောင်းဘေးတွင် ထိုင်လျက် အနားယူလေ့ရှိ၏။

တောင်နှင့် မြစ်များ၏ ခမ်းနားမှု၊ ကမ္ဘာကြီး၏ ကျယ်ပြောလှသော အလှတရား စသည်တို့ကို ခံစားနေခဲ့သည်။

ချာကျင်၏ စိတ်သည်လည်း ပြောင်းလဲသွားသည်။ ကြမ်းတမ်းသော ဒုက္ခများ အပေါ် မေ့လျော့သွားသည်။ သဘာဝတရားနှင့် အလုံးစုံ ထိတွေ့နေခြင်းမည်၏။

လမ်းတစ်လျှောက် အနားယူရန် ရပ်လိုက်သည့်အချိန်တိုင်း သားရဲကောင်များ သူတို့ရှေ့ ရောက်ရှိလာကြသည်။

ချာကျင်က အသားကင်ရန် တာဝန်ယူပေးသော်လည်း အရသာမရှိသဖြင့် စုရီမှ ထွေးထုတ်ကာ ကိုယ်တိုင်ကင်ရ၏။

ရက်အနည်းငယ်အကြာ၌ တောင်ခြေနှင့် နီးကပ်လာပြီးနောက် ထင်းခုတ်သမားတစ်ဦးကို မြင်လိုက်ရသည်။

၎င်းထံ ယန်ကူမြို့နှင့် နေ့တဝက်ခရီးသာ လိုတော့ကြောင်း သိရှိလိုက်၏။ ယန်ကူမြို့သည် အင်ပါယာမြို့တော်အရှေ့ဘက် မိုင်ရှစ်ဆယ် အကွာတွင် တည်ရှိသည်။

မွန်းတည့်ချိန်တွင် စုရီက တောင်စောင်းပေါ်ရှိ ကျောက်တုံးတစ်တုံးပေါ်၌ ပေါ့ပေါ့ပါးပါး အနားယူနေခဲ့၏။

“ ဘုန်း ... ။ ”

ထုံစံအတိုင်း လေးလံသော သားကောင်ကြီးတစ်ကောင် မြေပြင်ပေါ် ပြုတ်ကျလာပြန်သည်။

စုရီမှ မော့ကြည့်လိုက်ပြီး၊

“ ငါ ... ဒီနေ့ပဲ ... တောင်အောက် ဆင်းတော့မယ်၊ မင်းငါ့ကို စားစရာ လာပို့စရာ မလိုတော့ဘူး။ ”

-ဟု ပြောကြားလေသည်။

ချာကျင်က အဝေးကို လှမ်းကြည့်သည်။ တောအုပ်အတွင်း တိတ်ဆိတ်နေပြီး မည်သည့် တုံ့ပြန်မှုမှ မရှိချေ။

“ ဝှစ် ... ။ ”

နာရီဝက်အကြာတွင် ချောက်ကမ်းပါး အပေါ်မှ အဖြူရောင် အရိပ်တစ်ရိပ် ရုတ်တရက် ခုန်ဆင်းလာသည်။

၎င်းပါးစပ်ထဲ၌ ကျားပေါက်တစ်ကောင် ကိုက်ချီထား၏။ အရွယ်အစားသည် ပေဝက် မျှသာ ရှိသည်။

ထို့နောက် ၎င်းမီးတောက်ကျားက စုရီရှေ့တွင် ဒူးထောက်လျက် ခေါင်းငုံ့ကာ ပါးစပ်မှ ဟောက်သံများ ပြုလိုက်သည်။

“ စိတ်ဝင်စားဖို့ ကောင်းလိုက်တာ ... သားရဲတစ်ကောင်က သူ့သားသမီးအတွက် အခွင့်အရေးကို ပေးစေချင်နေတာလား။ ”

မီးတောက်ကျားမှ ဒူးထောက်မပျက် ခေါင်းညိတ်သည်။ စုရီတစ်ယောက် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ကျားပေါက်ကို ကောက်ယူလိုက်၏။

ကျားငယ်သည် လသားမျှသာ ရှိပြီး အဖြူအမည်းအစင်းကြောင်းများသည် ပိုးကဲ့သို့ နူးညံ့ချောမွေ့နေ၏။ လက်သည်းများသည် ပန်းနုရောင် အဆင်းရှိသည်။

“ အရိုးတွေကို ပုံသွင်းဖို့ လွယ်ပေမယ့် ... သူ့ရဲ့သွေးကြောထဲမှာ သွေးသန့်သလားတော့ ငါမသိသေးဘူး ... ။ ”

မီးတောက်ကျားက ကျေးဇူးတင်စွာဖြင့် ခေါင်းညိတ်ပြ၏။

“ သူ့ကို ငါ့အနားမှာ အခွင့်အရေး ပေးလို့ရတယ် ... ဒါပေမယ့် ငါမကျေနပ်ရင် ချက်ချင်း မောင်းထုတ်ပစ်မယ် ... ငါ တပည့်လက်မခံဘူး။ ”

စုရီက တည်ငြိမ်စွာ ပြောသည်။ စုရွှမ်ကြွယ်ဘဝတွင် ရွှေတောင်ပံဂဠုန်သည် ဆယ်ရက်နှင့်ဆယ်ည ဒူးထောက်ပြီး တပည့်ခံလေသည်။

အဆုံးတွင် သစ္စာဖောက်ကာ ဆေးအိုးကို ခိုးယူသွားခဲ့၏။ တစ်နေ့တွင် ကျိန်းသေပေါက် ၎င်းထံမှ တန်ဖိုးတစ်ခု ပြန်လည်ရယူရန် ဆုံးဖြတ်ထားပေသည်။

မီးတောက်ကျားက နားလည်ကြောင်း ပြသရန် အထပ်ထပ်အခါခါ ခေါင်းညိတ်ပြသည်။ စုရီမှ သက်ပြင်းချမိ၏။

ဤအဆင့် သားရဲတစ်ကောင်ကြောင့် အနာဂတ်တွင် သူ့ဂုဏ်သိက္ခာကို ထိခိုက်နိုင် ပေမည်။

( နေဦး ... လင်ရွယ်ရှိတယ်။)

ရုတ်တရက် ဝမ်လင်ရွယ်ကို သတိရသွားသည်။ နောက်ဆုံးတွင် ၎င်းသည် မျက်လုံးစိမ်း ကြက်သွေးရောင် မီးတောက် ကျား၏ မျိုးဆက်ဖြစ်၏။

မှန်ကန်စွာ သွန်သင်ထိန်းကြောင်း နိုင်ပါက သူမ၏ ကိုယ်ရံတော်အဖြစ် အသုံးချနိုင်ပေမည်။ ထိုအတွေးဖြင့် ချာကျင်ထံ ခေါင်းညိတ်ပြ လိုက်၏။

ချာကျင်မှ ဝမ်းသာအားရ ကျားပေါက်ကလေးကို ကောက်ပွေ့ပြီး ရင်ခွင်ထဲ ဆွဲသွင်းလေသည်။

အဖြူခံအမွေးများပေါ်တွင် အနက်ရောင် အစင်းကြားများ ပါရှိကာ ပိဘိချစ်စရာ ပေပင်။ ထို့နောက် စုရီမှ ခဏလောက်စဉ်းစားလိုက်ပြီး၊

“ မင်းကို ... အသွင်ပြောင်းခြင်း နည်းစနစ်ပေးမယ်လို့ ကတိပေးထားတဲ့အတွက် ငါ့ကတိကို မဖျက်ပါဘူး သေချာနားထောင်ပါ။ ”

-ဟု ဆိုလျက် မန္တန်တစ်ပုဒ်ကို ရွတ်ဆိုပြလေသည်။

မီးတောက်ကျားခမျာ မယုံနိုင်ဖွယ် ကောင်းလောက်အောင် အံသြကြည့်များဖြင့် ခန္ဓာကိုယ်တစ်လုံး တုန်လှုပ်​နေခဲ့၏။

စုရီက သူ့တုံ့ပြန်မှုကို မစောင့်ဘဲ ကောင်းကင်ဘုံမှ တရားတော်ကဲ့သို့ ဆက်တိုက် ရွတ်ဆို​ပြလိုက်သည်။

ဤသည်မှာ ဝိညာဉ်ထံ တိုက်ရိုက် လမ်းညွှန်ခြင်းဖြစ်ပြီး မီးတောက်ကျားနားသို့ စည်းချက်အသွင် ပဲ့တင်ထပ်လာ၏။

စကားသံသည် ​ရှေးဟောင်းနတ်ဆိုး ဘာသာစကားအဖြစ် ထူးခြားစွာ ပြောင်းလဲသွား လေသည်။ မီးတောက်ကျား၏ မျက်ဝန်းများ တဖြည်းဖြည်း ကျယ်လာကာ ဖော်မပြနိုင်သော ခံစားချက်အတွင်း နှစ်မြုပ်သွားခဲ့၏။

မည်မျှကြာသည်ကို မသိနိုင်ချေ။ မီးတောက်ကျား၏ မျက်လုံးစိမ်းများ ပြန်လည် နိုးထလာချိန်၌ မိုးချုပ်နေပြီဖြစ်၏။

၎င်းမှ ပတ်ဝန်းကျင်အပေါ် ဝေ့ဝဲကြည့်လိုက်ရာ အစိမ်းရောင်၀တ်စုံနှင့် လူငယ်လေး၏ အရိပ်အယောင်ပင် မရှိအောင် ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဦးတည်ရာတစ်ရပ်ထံ အချိန်အတော်ကြာ စိုက်ကြည့်ပြီးနောက် သုံးကြိမ် ဦးညွှတ်လိုက်၏။ မျက်ဝန်းများအတွင်း ကျေးဇူးတင်သည့် အရိပ်များ ပြည့်နှက်နေသည်။

“ ဝေါင်း ... ။ ”

ထို့နောက် မတ်တပ်ထရပ်လိုက်ကာ နှင်းဖြူအမွေးများခါထုတ်လျက် ချောက်ကမ်းပါး အပေါ်သို့ ခုန်တက်ပြီး ကောင်းကင်ပေါ် မော့ကြည့် ဟိန်းဟောက်တော့၏။

ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ပင် တိမ်ပင်လယ်၊ တောင်နှင့် မြစ်များအပေါ် လှုပ်ခါ သွားစေသည်။

သစ်ပင်များ အားလုံး လှုပ်ခါသွားကာ ငှက်နှင့်သားရဲများ အားလုံး တုန်လှုပ်ချောက်ချား သွားကြ၏။ အဝေးသို့ ရောက်ရှိနေသော ချာကျင်က ထိုဟောက်သံကို ကြားပြီး နောက်ပြန် လှည့်ကြည့်လိုက်သည်။

“ သူ့နှလုံးသားကနေ ကျေးဇူးတရားကို ဖော်ပြနေတာလား ... ။ ”

မလှမ်းမကမ်းရှိ စုရီသည် နောက်ကျောကို လက်နှစ်ဖက်ပို့လျက် ဆက်လက် လျှောက်လှမ်း သွား၏။

အရပ်ရှည်သော သူ့အသွင်အပြင်သည် နေဝင်ချိန်၌ ဆန်းကြယ်လွန်းသည့် ရောင်ဝါမျိုး ဝင်းပနေခဲ့သည်။

“ ငါတို့ မိုးမချုပ်ခင် ... သစ်ခုတ်သမားပြောတဲ့ ယန်ကူမြို့ကို ရောက်နိုင်တယ်။ ”

စုရီက ကောင်းကင်ကို မော့ကြည့်ပြီး အရှိန်မြှင့်လိုက်သည်။ ကြီးမားကျယ်ပြန့်သော တောင်တန်းနှင့် မြစ်များကို နာရီဝက်ကြာ ဖြတ်သန်းပြီးနောက် တောင်ကြားလမ်း တစ်ခုထံ ရောက်ရှိလာ၏။

ချောက်ကမ်းပါးများသည် မက်ဆောက်လွန်းကာ တိမ်တိုက်များအတွင်း ဖောက်ဝင်နေသည်။

ထိုချောက်ကမ်းပါးအလယ်တွင် လူတစ်ဦးခြင်းသာ ဖြတ်သန်းသွားလာနိုင်သော ကြမ်းတမ်းပြီး အကွေ့အကောက်များသည့် လမ်းတစ်ခု ရှိသည်။

ရုတ်တရက် လေထုအလယ် သွေးညှီရနံ့များ ရရှိလာသဖြင့် စုရီမှရပ်လိုက်ပြီး၊

“ ဒီမှာ ... ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတိရစ္ဆာန်တွေ ... ခိုအောင်းနေမယ် ဆိုရင် ဒီနေရာဟာ ငါတို့ကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ပြီးပြည့်စုံတဲ့အရပ်ပဲ လူတိုင်းလွတ်မြောက်ဖို့ ခက်ခဲပါလိမ့်မယ်။ ”

-ဟု ချာကျင်ကို သတိပေးလိုက်ပြီး ဆက်လျှောက်လာခဲ့သည်။ များမကြာမီ အဝေးမှ တိုက်ပွဲသံများ ကြားလာရ၏။

ချာကျင်၏ လှပသော မျက်ဝန်းများ အနည်းငယ် မှေးကျဉ်းသွားကာ တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သတိပြုမိလာသည်။

“ သခင်လေး ... ငါတို့ တခြားလမ်းကနေ သွားကြမလား။ ”

“ မလိုပါဘူး ... ။ ”

စုရီမှ ခေါင်းခါလိုက်သည်။ ချာကျင်က ထပ်မပြောတော့ချေ။ ပြဿနာ ရှိလာခဲ့သော် စုရီအတွက် မစိုးရိမ်ချေ။ ဝိညာဉ်ချည်ကြိုး အတွက် စိုးရိမ်ခြင်းသာ ဖြစ်သည်။

အနည်းငယ် လျှောက်လှမ်းလာပြီး ကျဉ်းမြောင်းသောလမ်းပေါ်တွင် တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်ကို မြင်လိုက်ရ၏။

ရာနှင့်ချီသော သွေးဝံပုလွေများသည် လူအချို့ကို ဝိုင်းရံလျက် အရူးအမူး တိုက်ခိုက် နေကြခြင်း ပေပင်။

အရွယ်အစားသည် နွားပေါက်အရွယ် ဖြစ်ကာ ၎င်းတို့သည် မယုံနိုင်လောက်အောင် မြန်ပြီး ရက်စက်၏။

ကြောက်စရာ အကောင်းဆုံးမှာ ဝိုင်းရံခြင်းနှင့် ဖမ်းဆီးခြင်းဗျူဟာကို ကောင်းစွာ တတ်ကျွမ်းနေခြင်းပေပင်။

ကောင်းစွာ လေ့ကျင့်ထားသော စစ်တပ်ကဲ့သို့ အချင်းချင်း လိမ္မာပါးနပ်စွာ အတိုး-အဆုတ် ပြုလုပ်နေသည်။

နှစ်ဖက်စလုံးတွင် မတ်စောက်သော ချောက်ကမ်းပါးများ ရှိသဖြင့် ကျင့်ကြံသူများ ခမျာ လုံးဝပိတ်မိနေခဲ့သည်။

“ ပဉ္စမအဆင့် သွေးတောက်ဝံပုလွေ။ ”

ချာကျင်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွား၏။ ဝံပုလွေများ အားလုံးသည် ချီသန့်စင်​​ခြင်း အစောပိုင်းအဆင့်၌သာ ရှိသည်။

သို့သော် အကောင်ရေ ရာဂဏန်းခန့် ရှိသဖြင့် တစ်ဖက်တွင် မဟာသခင် တစ်ပါး ပါသည့်တိုင် ဖောက်ထွက် မရနိုင် ဖြစ်နေသည်။

ထိုမဟာသခင်သည် ပိန်ပိန်ပါးပါးဖြင့် လက်ထဲ၌ ကြေးဝါရောင်တင်းပုတ်ကို တင်းတင်း ကျပ်ကျပ် ကိုင်ဆောင်ထားသည်။

ကြေးဝါရောင် တင်းပုတ်ကို လွှဲလိုက်တိုင်း သွေးမီးတောက် ဝံပုလွေများ၏ ခန္ဓာကိုယ်ကို အလွယ်တကူ ပုံပျက်သွားစေ၏။

ထို့ကြောင့် သူ့ခြေရင်း၌ သွေးမီးတောက် ဝံပုလွေအလောင်းများ မြေကြီးပေါ် စုပုံလျက် သွေးများ မြစ်တစ်စင်းလို စီးဆင်းနေသည်။

ကြေးဝါရောင် တင်းပုတ်သည်ပင် သွေးနီရောင် ပြောင်းနေ၏။ နဖူးနှင့်ကျောပြင်၌ ချွေးများစီးကျနေကာ ပင်ပန်းနွမ်းနယ်မှုကို အထင်းသား မြင်နိုင်သည်။

သူ့ဘေးတွင် အသက်ဆယ့်ခုနစ်နှစ် ဆယ့်ရှစ်နှစ်ခန့် မိန်းကလေးတစ်ဦး ရှိနေသည်။ နှောင်းပိုင်းချီသန့်စင်ခြင်း အဆင့် လက်နက်ကိုင် အစောင့်လေးဦးသည် သတိကြီးစွာဖြင့် သူမကို ဝိုင်းရံပေးထား၏။

ဤအခင်းအကျင်းအရ ကောင်မလေးသည် တိမ်မြစ်စီရင်စု သခင်ထက်ပင် ဂုဏ်သိက္ခါ ရှိနိုင် ပေမည်။

“ သွေးဝံပုလွေဘုရင်ကို သတ်ပြီး ... သွေး၊ သွား၊ ခြေသည်း၊ သားမွေးနဲ့ ဘုရင်ရဲ့ အရေခွံကို ယူရအောင် ... အရမ်း အသုံးဝင်တယ်။ ”

“ ဟုတ်ကဲ့ ... ။ ”

စုရီစကားကို ချာကျင်မှ ခေါင်းညိတ်ပြ၏။

“ ငါ့နောက်လိုက်ခဲ့ ... ။ ”

“ ဝူး ... ။ ”

ထို့နောက် စုရီတစ်ယောက် ဓားဆွဲထုတ်လျက် ဆက်၍ လျှောက်လှမ်းသွား တော့၏။ သွေးဝံပုလွေများက လူစိမ်းနှစ်ဦးကို မြင်ပြီး ဟိန်းဟောက်လိုက်ကြသည်။

အဝိုင်းခံနေရသော လူစုသည် ထိုမြင်ကွင်းကြောင့် ရွှင်လန်းလာသော်လည်း ရုတ်တရက် ပြန်၍ စိတ်ပျက်သွား၏။

ရာနှင့်ချီသော သွေးမီးတောက် ဝံပုလွေများကြားတွင် တစ်စုံတစ်ယောက်သည် မဟာသခင်မဟုတ်ပါက မည်သူမဆို အသတ်ခံရမည် ဖြစ်သည်။

“ အု ... ဝူး ... ။ ”

ဝံပုလွေများအလယ်ရှိ သွေးမီးတောက် ဝံပုလွေတစ်ကောင်သည် ကျယ်​လောင်စွာနှင့် အမိန့်ပေးတော့သည်။

သွေးမီးတောက် ဝံပုလွေငယ်များက ချက်ချင်းပင် စုရီထံ လှည့်ကြည့်ကာ ​ပြေးဝင်လာ ခဲ့သည်။

“ ဝူး ... ။ ”

သွေးစွန်းသောလေများ ပြန့်နှံ့လာပြီး အနီရောင် လျှပ်စီသဖွယ် အရှိန်အဟုန်ဖြင့် ရွေ့လျားလာကုန်၏။

“ ရွှပ် ... ရွှပ် ... ရွှပ် ... ။ ”

စုရီမှဓားဖြင့် ခုတ်ချပစ်လိုက်သည်။ သွေးများပက်ဖြန်းလျက် လမ်းကြောင်းအပေါ်ရှိ ဝံပုလွေတိုင်း လွင့်စဉ်ကုန်၏။

အချို့က စုတ်ပြဲလျက်၊ အချို့က ခေါင်းကွဲလျက်၊ အချို့က လည်မျိုပြတ်ရှလျက် မျက်စိတစ်မှိတ်အတွင်း တစ်ဒါဇင်ကျော် သေဆုံးကုန်၏။

မဟာသခင်အဆင့် ကျွမ်းကျင်သူမှ မျက်ခုံးပင့်မိသည်။ ချီသန့်စင်ခြင်း အစောပိုင်း အဆင့်မှ လူငယ်တစ်ဦးသည် ဤအရာကို မည်သို့ လုပ်ဆောင်နိုင်သနည်း။

“ ဝူး ... ဝူး ... ။ ”

သွေးမီးတောက် ဝံပုလွေငယ်များက ထိတ်လန့်သွားပြီး ဟောက်သံ အဆက်မပြတ် ပြုလျက် တုန့်ဆိုင်းသွားတော့၏။

စုရီက ၎င်းတို့အားလုံးအပေါ် လျစ်လျူရှုလျက် သွေးမီးတောက် ဝံပုလွေ ဘုရင်ထံ တိုက်ရိုက် လျှောက်လှမ်း သွားလေသည်။

လမ်းတစ်လျှောက် ဝံပုလွေများသည် အရှိန်အဟုန်ဖြင့် ဟန့်တားရန် ကြိုးစားသည်။ ကံမကောင်းစွာဖြင့် တစ်ကောင်မျှ အသက် မရှင်ခဲ့ချေ။ ထိုမြင်ကွင်းကြောင့် ကောင်မလေးမှ ရွှင်မြူးသွားသည်။

“ အကြီးအကဲချောင်း အခွင့်​အ​ရေး ​ရောက်လာပြီ ဒီ​ကောင်​​လေး​ကို အာရုံစိုက် နေကြတုန်း သွားကြစို့ ... ။ ”

“ ဒါ ... ။ ”

မဟာသခင်က တုန့်ဆိုင်းသွား၏။ လက်ရှိအခြေအနေအရ လွတ်မြောက်ရန် ရာခိုင်နှုန်းများသည်ကို သူသိသည်။

သို့သော် ထိုသို့ ပြုလုပ်ပါက ငယ်ရွယ်သောဤစုံတွဲကို သွေးမီးတောက် ဝံပုလွေများ ဝိုင်းခံရမည်မှာ သေချာနေ၏။

“ အကြီးအကဲချောင်း ... ငါတို့က သူတို့နဲ့ပတ်သတ်မှုမရှိဘူး ငါတို့ကို ကယ်တင်ဖို့ မတောင်းဆိုခဲ့ဘူး ... သေသွားရင်တောင် ငါတို့နဲ့ ဘာမှမဆိုင်ဘူး။ ”

ထို့နောက် မိန်းကလေးက တောင်ကြားလမ်းအတိုင်း ပြေးထွက်သွားသည်။ အစောင့်လေး​ယောက်သည်လည်း သူမနောက် ပြေးလိုက်သွား၏။ အဆုံးတွင် မဟာသခင်ခမျာ သက်ပြင်းချလျက် တုံ့ဆိုင်းမနေတော့ဘဲ လှည့်ထွက်လာခဲ့သည်။

“ ဝူး ... ။ ”

ထွက်ပေါက်သို့ ရောက်ရှိချိန်၌ နာကျင်သောဟောက်သံ ထွက်ပေါ်လာသဖြင့် ရပ်ကာ ပြန်လှည့်ကြည့်လိုက်မိ၏။

အဝေးရှိ ချောက်ကမ်းပါးထဲတွင် သွေးမီးတောက်ဝံပုလွေများ ထိတ်လန့်တကြား ပြေးလွှားနေကြသည်။

အသီးသီး ဝမ်းနည်းသံများဖြင့် အော်ဟစ်လျက် မြေပြင်၌ အလောင်းများ ပြည့်နှက်နေ၏။

လူငယ်က ကျောက်ဆောင်တစ်ခုပေါ် ခုန်တက်ကာ သွေးမီးတောက် ဝံပုလွေဘုရင် အလောင်းကို စိုက်ကြည့်နေသည်။ သူ၏ အစိမ်းရောင်ဝတ်ရုံတွင် သွေးများ လုံးဝ စွန်းထင်းခြင်း မရှိခဲ့ချေ။

“ ဟမ့် ... ငါတို့သာ ဒီတိရိစ္ဆာန်တွေကို မချုပ်နှောင်ထားဘူးဆိုရင် သွေးမီးတောက် ဝံပုလွေဘုရင်ကို ... ဒီလူ ဘယ်လိုလုပ် လွယ်လွယ်ကူကူ သတ်နိုင်မှာလဲ။ ”

ကောင်မလေးက နှာခေါင်းရှုံ့ကာ မှတ်ချက်ပေးလိုက်သည်။

“ သခင်မလေး၊ သူတို့သာ အချိန်မီ ရောက်မလာခဲ့ရင် ဒီနေ့ ငါတို့တွေအသတ်ခံရမှာ သေချာပါတယ် ... ဘာပဲဖြစ်ဖြစ် ဒီကျေးဇူးကို လက်ခံရမယ်။ ”

“ ကောင်းပြီ၊ ငါသူတို့ကို ကျေးဇူးတင်တယ် ရပြီလား။ ”

ကောင်မလေးက လှောင်ပြုံးဖြင့် တုန့်ပြန်ပြောကြားလိုက်တော့သည်။

***

All Chapters