တစ်ယောက်ယောက် သေချင်နေရင် တားလို့မရဘူး။
Vol. 12 Ch. 140
သတိပြန်ဝင်လာချိန်၌ ချန်ကျင်းလုံက သူ့အပေါင်းအဖော်များကို နှုတ်ဆက်ကာ ညချင်း ခရီးထွက်ရန် ပြင်ဆင်တော့၏။ မည်သူသည် မိစ္ဆာတစ်ကောင်ဖြင့် ခရီးသွားချင်မည်နည်း။
သို့သော် ကံဆိုးစွာဖြင့် လူနှစ်တစ်ယောက်မှ သူ့လမ်းကိုပိတ်ဆို့လာ၏။
“ မိတ်ဆွေလေး စောစောက လူငယ် အကြောင်း ... မင်းငါတို့ကို ပြောပြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ”
“ ..... ။ ”
ချန်ကျင်းလုံတစ်ယောက် စိတ်ပျက်သွား တော့သည်။ ဤသည်မှာ မဟာသခင် နှစ်ပါး၏ တောင်းဆိုမှုဖြစ်သဖြင့် မည်သူမဆို လွန်ဆန်ဝံ့မည် မဟုတ်ချေ။
များမကြာခင် မဟာသခင်နှစ်ပါးက ခေါင်းညိတ်ပြီး ထွက်ခွာသွားတော့၏။ သို့မှသာ သတိပြန်ဝင်လာပြီး ချန်ကျင်းလုံမှ သူ့ပါးသူ ပြန်ရိုက်မိလေသည်။
“ ဖြန်း ... ဖြန်း ... ။ ”
“ သေစမ်း ... ငါစကားအများကြီး ပြောမိသွားပြီ၊ ဒီပါးစပ် ... ဒီပါးစပ် သူသိသွားရင် မင်းတော့သေပြီ။ ”
***
မင်္ဂလာတည်ခိုခန်းရှေ့တွင် မဟာသခင်နှစ်ပါးက ရပ်လိုက်ပြီး ပိန်ပိန်ပါးပါး အဖိုးအိုမှ အေးစက်စွာ စိုက်ကြည့်သည်။
မြွေနီလေးတစ်ကောင်က သူ့ဘယ်ဘက် လက်ချောင်းများအတွင်း လျှပ်စီးလို စော့ကစား ကူးလူးနေ၏။
၎င်း၏အကြေးခွံများသည် သွေးကဲ့သို့ နီရဲနေကာ ဦးခေါင်းပြားချပ်လျက် မျက်ဝန်းများ ထံမှ ဆိုးရွားသောခံစားချက် ပေးလေသည်။
ဤသည်မှာ ယွီမိသားစုခေါင်းဆောင်၏ ညာလက်ရုံး အကြီးအကဲဝမ်ဖြစ်၏။ နောက်ခံမှာ အလွန်လျှို့ဝှက်လွန်းပြီး အင်ပါယာမြို့တော်ရှိ လူအနည်းငယ်သာ သူ့တည်ရှိမှုကို သိသည်။
ကျန်သူများအမြင်တွင် ယွီပိုင်တျန်၏ သာမန်အစေခံအဖြစ်သာ ထင်မြင်ကြသည်။ သူ့ဘေးရှိ အမျိုးသားမှာ ချောင်းလန်ဖြစ်၏။
“ ဒီကောင်လေးက တကယ်ပဲ ဆဋ္ဌမမင်းသားရဲ့ လက်အောက်ခံတစ်ယောက် ဖြစ်နေတာလား။ ”
အကြီးအကဲဝမ်မှ ပြုံးလိုက်သည်။ ချောင်းလန်မှ သက်ပြင်းချ၏။
“ ငါတကယ် အထင်ကြီးခဲ့တယ်၊ သူ ငါတို့နဲ့ဆုံဖို့ ကြိုတင်စီစဉ်ထားပုံပဲ မယုံနိုင်စရာ ပါပဲ ... သူရဲကောင်းအသွင်နဲ့ မိန်းကလေးကို ချဉ်းကပ်ဖို့ ကြိုးစားခြင်းကို တိုက်ဆိုင်မှုလို့ပဲ ထင်နေခဲ့တာ ... ။ ”
“ ဒီလို တိုက်ဆိုင်မှုမျိုးက ဘယ်လိုများ ရှိနိုင်မှာလဲ ... သွားရအောင် သူ အလိုက်တသိနဲ့ နောက်ဆုတ်ပါစေလို့ ဆုတောင်းရမယ်။ ”
အကြီအကဲဝမ်မှ တည်းခိုခန်းအတွင်း လှမ်းဝင်လိုက်တော့သည်။ ထိုအချိန်တွင် စုရီက ကုတင်ပေါ်လှဲချကာ သူ့ကျင့်ကြံမှုအကြောင်း တွေးနေခဲ့သည်။
တစ်ဖက်တွင် ချာကျင်ခမျာ စိတ်လက် မသက်မသာဖြင့် အခန်းအတွင်း ရပ်နေခဲ့၏။ တည်ခိုခန်းသည် နှစ်ယောက်ခန်းသာ ကျန်ရှိချေပြီ။
ယနေ့ည မည်သို့ ဖြတ်သန်းရမည်ကို နားမလည်တော့ချေ။ စုရီက အတွေးထဲ နစ်မျော နေမြဲဖြစ်၏။
လက်ရှိကျင့်ကြံမှုသည် ချီသန့်စင်ခြင်း ဒုတိယအဆင့် အပ်စိုက်မှတ်ဖွင့်လှစ်ခြင်းဆီသို့ ရောက်ရှိလာပြီ ဖြစ်သည်။
အခြေခံအုတ်မြစ်အရ အရင်းအမြစ်များ လုံလောက်ပါက အပ်စိုက်မှတ်(၁၂)ခု ဖွင့်လှစ်ရန် လအနည်းငယ် ကြာနိုင်ဖွယ်ရှိ၏။
ချီသန့်စင်ခြင်း အဆင့်တွင် စွမ်းအင် လမ်းကြောင်းဖွင့်ခြင်း၊ အပ်စိုက်မှတ်ဖွင့်ခြင်းနှင့် ကြယ်တာရာထင်ရှားခြင်း အဆင့်တို့ ပါရှိသည်။
လူ့ခန္ဓာကိုယ်တွင် စွမ်းအင်လမ်းကြောင်း (၁၀၈)နှင့် အပ်စိုက်မှတ် (၁၂)ပါရှိကာ ၎င်းတို့ကို ‘ကောင်းကင်နှင့် မြေကြီးဆီသို့ တံတားများ’ ဟုခေါ်ဆိုကြ၏။
ဆိုလိုသည်မှာ အပ်စိုက်မှတ် တစ်ခုသည် ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ပေးသည့် တံတားတစ်စင်းဖြစ်သည်။
ဤနည်းဖြင့် ဝိညာဉ်စွမ်းအင်များစွာကို စုပ်ယူနိုင်ပေသည်။ မဟာကျိုးတွင် ထိုသို့သော ပါရမီရှင်များ အလွန်ရှားချေ၏။
တစ်ဦးတစ်ယောက် တွေ့မြင်ရန်ပင် နှစ်ပေါင်းရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ၍ ကြာသွားနိုင်မည်။
အရိုင်းပြည်နယ်ကိုးပါးတွင်ပင် တန်ခိုးကြီးဂိုဏ်းများ၏ အမာခံ တပည့်များသာ ဖွင့်နိုင်မည်။ သို့တိုင် ၎င်းတို့ မသိနိုင်သော လျှို့ဝှက်ချက်တစ်ခု ရှိသေးသည်။
ယင်းသည် (၁၃)ခုမြောက် လျှို့ဝှက် အပ်စိုက်မှတ် ဖွင့်လှစ်ခြင်းဖြစ်၏။ ဤနည်းဖြင့် ဝိညာဉ်ကို တိုက်ရိုက်အာဟာရ ဖြည့်နိုင်မည်။
သူ့တပည့် ချင်းတန်သည် ထိုအဆင့်ကို အောင်မြင်ထားသည်။ သို့သော် သူ့ညံ့ဖျင်းမှုအရ အားနည်းချက်များစွာ ရှိခဲ့၏။
ဤတစ်ကြိမ်တွင် ၎င်းကို အမိအရ ဖွင့်လှစ်ရန် ဆုံးဖြတ်ချက်ချမိသည်။ ပြဿနာမှာ ဝိညာဉ်ကျောက်တုံး မလုံလောက်ခြင်းပေပင်။
လက်ရှိအခြေခံအုတ်မြစ်အရ အဆင့်(၂)နှင့်အထက် ဝိညာဉ်ကျောက်များနှင့် ဆေးဝါးများသာ လိုအပ်တော့သည်။
ဤခရီးစဉ်သည် သူ့ကို စိတ်မပျက်စေရဖို့ မျှော်လင့်ရပေမည်။ သက်ပြင်းချလျက် တံခါးထံ မျက်လုံးဖွင့်ကြည့်လိုက်သည်။
“ ဒေါက် ဒေါက် ဒေါက် ... ။ ”
ထိုစဉ် တစ်စုံတစ်ယောက်၏ တံခါးခေါက်သံက တစ်ချိန်တည်း ထွက်ပေါ်လာ တော့သည်။
***
အခန်းအတွင်း ဧည့်ခန်းတစ်နေရာတွင် အဆင့်(၃)ဝိညာဉ်ဆေးပင်(၁၀)ပင်နှင့် ဒုတိယ အဆင့် နတ်ကျောက်(၁၀၀) ပုံထားသည်။
“ မင်းရဲ့ လက်ဆောင်တွေကို ပြန်ယူသွားလို့ရတယ် မင်းတို့အတွက်ကြောင့် ငါလုပ်တာမဟုတ်ဘူး။ ”
စုရီက တည်ငြိမ်စွာ ပြောကြားလိုက်သည်။
“ ဒါက ငါတို့ယွီမိသားစုရဲ့ ရိုးသားမှုကို ပြတာပါ ... သခင်လေး။ ”
ချောင်လန်မှ ပြုံးလျက် ပြော၏။
“ ပြီးတော့ရော ... ။ ”
“ ဒါ ... ။ ”
စုရီ၏ လျစ်လျူရှုသော အသွင်ကြောင့် ချောင်းလန်မှတုံ့ဆိုင်းသွားပြီး အကြီးအကဲဝမ်က လက်ချောင်းများကို စားပွဲပေါ် ညင်သာစွာ ခေါက်လျက်၊
“ ကောင်လေး ... ပွင့်ပွင့်လင်းလင်းပဲ ပြောရအောင် ... မင်း ငါတို့ လက်ဆောင်တွေ လက်ခံပြီးရင် ... ဒီလိုရှက်စရာကောင်းတဲ့ ...
... အပြုအမူမျိုး ထပ်မလုပ်ဖို့ သတိပေးပါရစေ မဟုတ်ရင် ဒီအကျိုးဆက်က သက်သာမှာ မဟုတ်ဘူး။ ”
-ဟု တိုက်ရိုက်ပြောလာ၏။
တစ်ဖက်လူသည် ငယ်သော်လည်း ပွင့်လင်းကာ ပြတ်သားသည်။ ထို့ကြောင့် အကြီးအကဲဝမ်အတွက် စကားပြောရ အချိန်ကုန်သက်သာသွား၏။
စုရီက မျက်ခုံးပင့်လိုက်မိသည်။
“ ဘာကို ပြောချင်နေတာလဲ။ ”
“ သခင်လေး ... ၊ ကျေးဇူးပြုပြီး နားလည်မှု မလွဲပါနဲ့။ ”
ချောင်းလန်မှ ဝင်ရောက် တောင်းပန် လိုက်သည်။ သို့သော် စုရီက အေးစက်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး၊
“ သူ ပြောပါစေ။ ”
-ဟု ဆိုကာ အကြီးအကဲဝမ်ထံ ပြန်ကြည့်၏။
ဤသဘောထားနှင့် အပြုအမူက အကြီးအကဲဝမ်ကို မျက်ဝန်းများမှေးစင်းသွား စေသည်။
“ အခုခေတ် လူငယ်တွေက ကောင်းကင် ဘယ်လောက်မြင့်တယ် မြေကြီး ဘယ်လောက် နက်တယ်ဆိုတာ တကယ် မသိသေးဘူး ...
... ကောင်းပြီ ... ငါရှင်းရှင်းပဲ ပြောမယ် ... ဆဋ္ဌမမင်းသားရဲ့ အဆင့်အတန်းက အင်ပါယာ မြို့တော်မှာ အသုံးမဝင်ဘူး၊ မင်းငယ်သေးတယ် မင်းရဲ့လက်ရှိ ကျင့်ကြံမှုရောက်ဖို့ မလွယ်ဘူး မဟုတ်လား။ ”
ဤသည်မှာ ဂျူနီယာတစ်ယောက်ကို မြင့်မြတ်သော အကြီးအကဲတစ်ဦးမှ ဆုံးမသော လေသံမျိုးဖြစ်သည်။
“ ငါ့ကို ကျိုးကျစ်လီအတွက် အလုပ်လုပ်နေတယ်လို့ မင်းထင်နေတာလား။ ”
သို့မှသာ စုရီက နားလည်သွားသည်။
“ ဟား ဟား ဟား ... မင်း ငြင်းမလို့လား ငါနားထောင်နေပါတယ် ... လုပ်ပါဦး။ ”
အကြီးအကဲဝမ်မှ လှောင်ပြုံးဖြင့် ခေါင်းညိတ်ပြလေသည်။ စုရီက ချောင်းလန်ကို လှည့်ကြည့်လိုက်၏။
“ ဒါဆို မင်းက ... ဒီနေ့ကိစ္စတွေကို ငါဟန်ဆောင်ပြီး လုပ်ခဲ့တယ်လို့ မင်းအဓိပ္ပာယ် ဖွင့်ခဲ့တာလား။ ”
ချောင်းလန်မှ မျက်နှာပျက်သွားကာ၊
“ သခင်လေး ... အကြီးအကဲဝမ်ရဲ့ စကားတွေက နားထောင်ရ အဆင်မပြေပေမယ့် သူ အမှန်အတိုင်း ပြောနေတာပါ ... ဆဋ္ဌမ မင်းသားနဲ့ မင်းရဲ့ပတ်သတ်မှုကို မင်းငြင်းလို့မရဘူး။ ”
စုရီမှ ပြုံးသည်။ ဤလူများသည် လက်ဆောင်များပေးဟန်ဖြင့် သတိပေးရန် ကြိုးစားနေကြခြင်း ဖြစ်၏။
“ ရှင်းရှင်းပဲ ပြောမယ် ... ဒီည မင်းကို ဒုက္ခပေးဖို့ ငါတို့ဒီမှာ မဟုတ်ဘူး ... ဒါပေမယ့် ရှေ့ဆက်ပြီး မင်းမိုက်မဲနေဦးမယ်ဆိုရင် ...
... ဆဋ္ဌမမင်းသားတောင် ... မင်းရဲ့လုံခြုံရေးကို အာမခံနိုင်မှာ မဟုတ်ဘူးလို့ ငါပြောဝံ့တယ် ... သွားရအောင်။ ”
စကားဆုံးသည်နှင့် အကြီးအကဲဝမ်မှ ထရပ်ကာ ထွက်ခွာသွားတော့သည်။ စုရီမှ သက်ပြင်းချလိုက်၏။
“ တကယ်တော့ မင်းတို့သေတဲ့အထိ ငါစောင့်ကြည့်လိုက်ရမှာ ... ဒါဆို ဒီနေ့လိုမျိုး ပြဿနာက ငါ့တံခါးဝ ရောက်လာမှာ မဟုတ်ဘူး။ ”
ထိုစကားကြောင့် ချောင်းလန်မှ အနည်းငယ်အဆင်မပြေ ဖြစ်သွားလေသည်။
“ ဒါပေမယ့် ... အခုလည်း နောက်မကျသေးပါဘူး မင်းတို့အသက်ကို ငါ ပြန်ယူလိုက်ရင် အားလုံးပြီးသွားမှာပါ။ ”
ဤတစ်ကြိမ်၌ ချောင်းလန်မှ စိတ်ပျက်သွားလေသည်။ လူငယ်ကို နှလုံးသား အတွင်းမှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့၏။ ထို့ကြောင့် ကြင်နာစွာသတိပေးခြင်း ဖြစ်သည်။
“ သခင်လေး ... တကယ်ပါ ဆဌမမင်းသားတောင် အင်ပါယာမြို့တော်မှာ ယွီမိသားစုကို မလွန်ဆန်ဝံ့ဘူး ငါတို့ ဒီမှာပဲ ရပ်လိုက်ရအောင်။ ”
“ မင်းအသက်ကို ငါကယ်ခဲ့တာ ကျေးဇူးတင်လား။ ”
စုရီက ပြန်မေးလိုက်သည်။
“ သဘာဝပါပဲ ... ။ ”
ချောင်းလန်မှ မစဉ်းစားဘဲ ခေါင်းညိတ်၏။
“ ဒါဆို မင်းထွက်သွားတော့ ... ။ ”
ချောင်းလန်မှ အံ့အားသင့်သွားသည်။
“ ဟားဟားဟား ... ကောင်းပြီ ချောင်းလန် အပြင်ကိုသွားပြီး စောင့်ပါ ဒီကလေးဘာလုပ်နိုင် မလဲ ငါကြည့်မယ်။ ”
အကြီးအကဲဝမ်မှ လှောင်ပြုံးဖြင့် ပြန်လှည့်လာပြီး ခုံ၌ဝင်ထိုင်လိုက်၏။ ထို့နောက် သူ့အကြည့်အတွင်း အေးခဲနေသောလူသတ်ရန် ရည်ရွယ်ချက် ရုန်းကြွလာတော့သည်။
ချာကျင်မှ သူတို့ထံ မော့ကြည့်သည်။ အကြီးအကဲဝမ်ဆိုသူ လက်ထဲ၌ မြွေတစ်ကောင် ထွက်ပေါ်လာ၏။
“ ငါ့မြွေက ဒီနေ့ ဖြည့်စွက်စာ မစားရသေးဘူး မင်းရဲ့ အသွေးအသားကို သူ ကြိုက်မှာပါ။ ”
ဤစကားများကို ပြောနေချိန်တွင် အကြီးအကဲဝမ်၏ မျက်ဝန်းများသည် ရူးသွပ်စွာ လည်ပတ်နေသော ရေစုပ်ဝဲကဲ့သို့ အပြာရောင် အလင်းများ ရုတ်တရက် ပေါ်လာသည်။
ထိုအကြည့်ဖြင့် ပြိုင်ဘက်၏ ဝိညာဉ်ကို စုပ်ယူသွားနိုင်၏။ ဤသည်မှာ စိတ်ဝိညာဉ်စား မျက်လုံးများဖြစ်သည်။
ယုတ်ညံ့ပြီး နတ်မိစ္ဆာဆန်သော လျှို့ဝှက်နည်းစနစ်ဖြစ်၏။ ပစ်မှတ်ထားခံရပါက မဟာသခင်ဖြစ်လျှင်ပင် ခုခံရန် နည်းလမ်းမရှိနိုင်ချေ။
ကြောက်စရာ အကောင်းဆုံးမှာ ရုတ်ချည်းအသက်သွင်းနိုင်ပြီး ပစ်မှတ်ကို တိုက်ရိုက်သတ်ခြင်းဖြစ်၏။
ထို့နောက် အကြီးအကဲဝမ်က ဂုဏ်ယူစွာဖြင့်၊
“ တစ်စုံတစ်ယောက်က သေချင်နေရင် ဘယ်သူမှ တားလို့မရဘူး မင်းဂုဏ်ယူသင့်တယ် ဒါက မဟာသခင်များစွာကို သတ်ခဲ့တဲ့ ... ငါ့ရဲ့ ဝှက်ဖဲ အစစ်အမှန်ပဲ။ ”
-ဟု ပြောကြားလာတော့သည်။
***