ချီနီ ... ။
Vol. 12 Ch. 141
“ ဝှစ် ... ။ ”
တစ်ချိန်တည်းမှာပင် မြွေနီလေးက မျက်နှာချင်းဆိုင်တွင် ထိုင်နေသော စုရီ၏ လည်မျိုဆီသို့ ပျံသန်းလာသည်။
အကြီးအကဲဝမ်မှ အနည်းငယ် ပြုံးလိုက်တော့၏။ ဤမြွေနီလေးသည် မီးမြွေ မျိုးဆက်သွေး ပါရှိ၏။
ခန္ဓာကိုယ် သေးငယ်သော်လည်း ချီသန့်စင်ခြင်း နှောင်းပိုင်းမှ ကျွမ်းကျင်သူကို သတ်နိုင်သည်။ သဘာဝမှ မွေးဖွားလာသော လုပ်ကြံသတ်ဖြတ်နိုင်သူ ပေပင်။
“ ဖပ် ... ။ ”
ဤသည်မှာ သူ့အမြင်သာ ဖြစ်၏။ လမ်းတစ်ဝက်၌ လက်နှစ်ချောင်းမှ မြွေခေါင်းကို ဖမ်းချုပ်လိုက်သည်။
မည်မျှပင် ရုန်းကန်နေပါစေ လွတ်မြောက်ခြင်းမရှိ ဖြစ်နေသည်။ စုရီမှ ပျင်းရိစွာဖြင့်၊
“ ဒီလိုသားရဲမျိုးက သွေးကို စားသုံးပြီး ရှင်သန်ကြီးထွားတယ် တစ်နေ့ သူ့ခန္ဓာကိုယ်မှာ အကြေးခွံတွေပေါ်လာပြီး ဦးချိုတွေ ပေါက်လာလိမ့်မယ် ...
... အဲဒီအချိန်မှာ သူက မင်းကိုသတ်ပြီး နဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းသွားမှာ၊ ဒီနေ့ ငါမင်းကို မသတ်ခဲ့ရင်တောင် အနာဂတ်မှာ မင်းက သူ့စားတာခံရလိမ့်မယ်။ ”
-ဟု မှတ်ချက်ပေးလိုက်သည်။ အကြီးအကဲဝမ်ခမျာ ၎င်းကို စိတ်မဝင်စား နိုင်တော့ပဲ သံသယမျက်ဝန်းများဖြင့်၊
“ မင်း ... ဘာမှ မခံစားရဘူးလား။ ”
-ဟု ပြန်မေးလာ၏။
“ မင်းရဲ့ စိတ်ဝိညာဉ် တိုက်ခိုက်ခြင်း နည်းစနစ်က ရွှံ့ထဲမှာ ကစားနေတဲ့ ကလေးလိုပဲ ငါ့အပေါ် ထိရောက်မှု မရှိပါဘူး ... ။ ”
ထို့နောက် စုရီထံမှ လျှို့ဝှက် ဆန်းကြယ်သော အပြာရောင်အလင်းတန်းများ ပြေးထွက်သွားတော့၏။
“ မင်းပြောတာ မှန်တယ် တစ်ယောက်ယောက် သေချင်နေရင် ဘယ်သူမှ သူ့ကိုတားလို့မရဘူး။ ”
“ ခရစ် ... ။ ”
“ အား ... ငါ့မျက်လုံး ... ငါ့မျက်လုံး ... ။ ”
ဤသည်မှာ ငရဲဘုံကိုးပါးဓားရောင်ဝါ ကြိုးမျှင်ပေပင်။ အကြီးအကဲဝမ် တစ်ယောက် နာကျင်စွာ ညည်းတွားလျက် မျက်လုံးများ ပေါက်ထွက် သွေးစီးကျလာသည်။
သူ့ကျွမ်းကျင်မှုအားလုံးသည် ဝိညာဉ်စားမျက်လုံးတွင်ရှိ၏။ ပြိုင်ဘက်တိုင်းကို ၎င်းဖြင့်ပင် အငိုက်ဖမ်း သတ်ပစ်ခဲ့သည်။
ယခုမူ ချီစုစည်းခြင်း အဆင့်မှ လူငယ်တစ်ယောက်သည် ၎င်းကို ဖျက်ဆီးပစ် ခဲ့ချေပြီ။ ကြောက်စရာ ကောင်းလှ၏။ ချက်ချင်း မတ်တပ်ထရပ်ကာ ထွက်ပြေးရန် ပြင်မိသည်။
“ ငါအခု မျက်စိကန်းသွားပါပြီ ... ကျေးဇူးပြုပြီး … ကျေးဇူးပြုပြီး ... အု။ ”
တောင်ပန်စကားပြောကြားနေစဉ် သူ့ပါးစပ်ထဲ တစ်စုံတစ်ရာ ဝင်ရောက်လာသဖြင့် ချက်ချင်း တောင့်တင်းသွား၏။
လက်ချောင်းများဖြင့် ပါးစပ်ထဲ နှိုက်ထုတ်ကာ ရုန်းကန်တော့သည်။ သို့သော် ခဏအကြာတွင် ဒွာရခုနစ်ပါးမှ သွေးများ စီးကျလာပြီး အတွင်းအင်္ဂါများပြတ်တောက် ကုန်တော့၏။
“ အား ... မဟုတ်ဘူး ... မဟုတ်ဘူး ... ။ ”
စုရီက ထိုမြင်ကွင်းကို လက်ဖက်ရည် သောက်လျက် ပေါ့ပေါ့ပါးပါး ထိုင်ကြည့်နေ လေသည်။
“ ဝှစ် ... ။ ”
အဆုံးတွင် ဦးခေါင်းကို ဖောက်လျက် မြွေနီလေးပြန်ထွက်လာ၏။ ၎င်းက ချက်ချင်း ထွက်ပြေးရန်ပြင်စဉ် စုရီမှ လက်နှစ်ချောင်းဖြင့် ပြန်လည်ဖမ်းယူလိုက်တော့သည်။
ကြမ်းပြင်၌ အကြီးအကဲဝမ်၏ ခန္ဓာကိုယ်သည် အရိုးနှင့် အရေခွံများသာ ကျန်ရစ်ခဲ့၏။
ဤမြင်ကွင်းက ချောင်းလန်ကို ထိတ်လန့်သွားပြီး ဝိညာဉ်ပင် ခန္ဓာကိုယ်ထဲမှ ခုန်ထွက်လုနီးပါး ဖြစ်စေခဲ့သည်။
“ ဒီမြွေက မင်းရဲ့အဖော်ကို သတ်သွားတဲ့သားရဲပဲ မင်းလက်စားချေမှာလား ဒါမှမဟုတ် သတင်းပေးဖို့ ပြန်မလား။ ”
ချောင်းလန် တစ်ကိုယ်လုံး တုန်လှုပ် သွားပြီးနောက် မျက်နှာ ပျက်ယွင်းသွားတော့၏။ တစ်ဖက်လူသည် မဟာသခင် တစ်ပါးကို သတ်နိုင်မှန်းသိသော်လည်း ထိုင်ရာမထ သတ်နိုင်လိမ့်မည်ဟု မထင်ထားချေ။
“ သခင်လေး ... မင်းယွီမိသားစုနဲ့ ညှိနှိုင်းခွင့် မရှိတော့ဘူး။ ”
ချောင်းလန်မှ လေးလေးနက်နက် သက်ပြင်းချလိုက်ပြီး ခံစားချက်များ ရောထွေး ကုန်သည်။
“ ညှိနှိုင်းချင်တယ်လို့ ... မင်းကိုငါ ပြောမိလား သေမျိုးကမ္ဘာရဲ့ မျိုးနွယ်စုတစ်ခုက ကျေးဇူးကန်းပြီး သေချင်နေကြတာပဲ ...
... မင်းလက်စားမချေဝံ့ရင် ပြန်သွား မင်းရဲ့မျိုးနွယ်စုခေါင်းဆောင်ကို ငါဒီည ဒီမှာ စောင့်နေမယ် ပြန်ပြောလိုက်။ ”
“ သခင်လေး ခွင့်လွှတ်ပါ၊ ဒါပေမယ့် မင်းရဲ့လုပ်ရပ်တွေကို ဒီတကြိမ် ဆဋ္ဌမမင်းသား ညွှန်ကြားခဲ့တာလား ငါသိချင်ပါတယ်။ ”
“ ဟား ဟား ဟား ... အခုချိန်ထိ ကျိုးကျစ်လီက ငါ့နောက်ခံလို့ မင်းထင်နေ သေးတာလား ... မင်းအသက်ကို ကယ်ခဲ့ တာတောင် ငါ့တံခါးဝလာပြီး ... ငါ့ကို ခြိမ်းခြောက်နေတယ် မင်းအသက် မရှင်ချင်တော့ဘူးလား။ ”
“ ဒီလိုမျိုး ဘယ်တော့မှ မတွေးဝံ့ပါဘူး။ ”
“ တွေးရင်လည်း သူ့လိုပဲ ... မင်းကို ငါသတ်ပြီးပြီ ငါပြောတဲ့အတိုင်း ယွီမိသားစုကို အတိအကျပြောပါ ... ဒီည မလာဘူးဆိုရင် ...
... နောင်မှာ ငါမပျော်ရင် ... မင်းရဲ့ ယွီမိသားစုကို ငါလာခဲ့မယ် ... ငါ့ကြမ်းပြင်ကို သန့်ရှင်းရေးလုပ်ပေးခဲ့ ... ။ ”
စုရီက ထရပ်ကာ အခန်းထဲ လှမ်းဝင်လိုက်တော့သည်။ ထို့နောက် ချာကျင် လက်ထဲရှိ ကျားပေါက်လေးထံ သွေးမြွေကို ပစ်ကျွေးလိုက်၏။
“ မင်းလက်ဆောင်တွေ ပြန်ယူသွားဖို့ မမေ့နဲ့။ ”
ချောင်းလန်မှ အလောင်းကို ဦးစွာ ထုပ်ပိုးပြီးနောက် ကြမ်းပြင်ပေါ် သန့်ရှင်းရေး လုပ်ကာ စားပွဲပေါ်ရှိ လက်ဆောင် ပစ္စည်များ နှင့်အတူ ပြန်ထွက်သွားတော့သည်။
“ ဝူး ... ။ ”
မျက်လုံးစိမ်း ကြက်သွေးရောင် မီးတောက်ကျားငယ်က ချာကျင်လက်အတွင်းမှ ခုန်ဆင်းကာ မြွေနီလေးကို ပါးစပ်ဖြင့် ဖမ်းကိုက်လျက် မြိန်ရေရှက်ရေ စားသောက်ပစ်ခဲ့သည်။
“ ဒီလိုချစ်စရာ ကောင်လေးက ... သွေးထွက်သံယိုနဲ့ ရွံရှာဖွယ် အရာတွေကို ဘယ်လိုများ စားနိုင်တာလဲ။ ”
ချာကျင်မှ ညည်းတွားလေသည်။
“ သူက တစ်ချိန်မှာ ... ဘုရင်ဖြစ်လာမဲ့ သားရဲပဲ ... ဒီလိုပိုးမွှားကိုတောင် မစားနိုင်ရင် ဘုရင်လို့ ခေါ်နိုင်မလား။ ”
“ သခင်လေး ... မင်းနာမည်ပေးချင်လား။ ”
“ စိတ်ကြိုက်လုပ်ပါ ... ။ ”
“ သူ့ခန္ဓာကိုယ်ထဲမှာ ခြင်္သေ့နဂါးရဲ့ မျိုးဆက်သွေးရှိနေတော့ ချီနီလို့ ခေါ်ရအောင်။ ”
ချာကျင်မှအမည်ကို စဉ်းစားပြီး ဖြစ်သောကြောင့် ချက်ချင်း ပြောကြားလိုက်၏။ စုရီက တွေးမနေတော့ဘဲ ‘ကောင်းတယ်’-ဟု အတည်ပြုပေးလိုက်သည်။
“ မင်း ... ကုတင်မှာ လာအိပ်။ ”
“ သခင်လေး ... မင်းအတင်းအကြပ် လုပ်ချင်တာလား ငါမင်းခွန်အားကို မလွန်ဆန် နိုင်ပေမယ့် ဒီလိုမျိုးမကြိုက်ဘူး တစ်သက်လုံး မုန်းမိလိမ့်မယ်။ ”
ချာကျင်မှ ရှက်ရွံ့စွာဖြင့် တုန့်ပြန်လိုက်၏။ သူမစိတ်သည် ရှုပ်ထွေးသွားပြီး အတွေးမျိုးစုံနှင့် ပြည့်လျှံလာတော့သည်။
စုရီတစ်ယောက် အံ့အားသင့်သွားကာ ထူးဆန်းသော အကြည့်ဖြင့်၊
“ မင်း အရမ်းတွေးနေပြီ ... ငါက ဘယ်မိန်းမကိုမှ အတင်းအကြပ် ... မလုပ်ဖူးဘူး အရင်ကလည်း မလုပ်ဘူး ... ခုလည်းမလုပ်ဘူး နောင်လည်း မလုပ်ဘူး။ ”
-ဟု ပြောကြားလိုက်သည်။
စုရွှမ်ကြွယ်ဘဝတွင် သူနှင့် အိပ်ချင်သည့် နတ်သမီးများပင် ရှိချေပြီ။ သေမျိုးကမ္ဘာမှ မိန်းမ တစ်ယောက်နှင့် အင်အားစိုက်ထုတ်နေပါက ယောကျ်ားဟု မည်သို့ ခေါ်ဆိုနိုင်မည်နည်း။
“ ဒါဆို ... အခု ဘာအတွက်လဲ သခင်လေး။ ”
“ ဒီညမှာ အန္တရာယ်တစ်ခုခု ရောက်လာနိုင်တယ် ဒါကြောင့် ငါဧည့်ခန်းမှာ အိပ်မလို့။ ”
စုရီက စကားပြောရသည်ကို ပျင်းရိလာသဖြင့် ဆိုဖာပေါ် လဲလျောင်းလိုက် ပြီးနောက်၊
“ မှတ်ထားပါ ... နောင်လည်း အလားတူအရာတွေအတွက် ... ငါထပ်ပြီး ရှင်းပြတော့မှာ မဟုတ်ဘူး။ ”
-ဟု မှာကြားလျက် အိပ်မောကျသွား၏။
ခမ်းနားသော စံအိမ်တစ်ခု၏ ခန်းမအတွင်း အရေခွံနှင့် အရိုးများသာကျန်ရှိသည့် ခန္ဓာတစ်ခု လဲလျောင်းနေသည်။
ချောင်းလန်က အလောင်းဘေးတွင် ရပ်နေပြီး နှလုံးခုန်မြန်လာကာ အသက်ရှူရ ခက်နေခဲ့၏။
ထိုင်ခုံပေါ်ရှိ ယွီပိုင်တျန်မှ ဒေါသမထွက်ဘဲ ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေသဖြင့် ပို၍ မသက်မသာဖြစ်လာစေသည်။
အချိန်အနည်းငယ်ကြာပြီးနောက်၊
“ ချောင်းလန် ... ။ ”
“ ဟုတ်ကဲ့ ... ။ ”
“ မင်းငါ့ကို ကိစ္စသုံးခု လုပ်ဆောင်ပေးပါ။ ”
“ နားထောင်နေပါတယ်။ ”
“ လူတိုင်းကို ထုပ်ပိုးပြင်ဆင်ခိုင်းပါ တစ်နာရီအတွင်း ယန်ကူမြို့ကနေ ထွက်မယ်။ ”
“ ဟုတ်ကဲ့ ... ။ ”
ယွီပိုင်တျန် အမူအရာသည် တည်ငြိမ်နေခဲ့ပြီးနောက် သူ့အသံတွင် မည်သည့် ခံစားချက်မှ မပါရှိချေ။
“ လက်ဖက်ရည် သောက်ပွဲအကြောင်း ဆွေးနွေးဖို့ ဒီည ငါလာတွေ့မယ်လို့ ပြည်နယ် ဦးစီးချုပ် ရှန့်တျန်ချူးဆီ စာပို့ပေးပါ။ ”
“ ဟုတ်ကဲ့ ... ။ ”
“ နောက်ဆုံးကိစ္စက ဆဋ္ဌမမင်းသားကို မနက်ဖြန် နေ့လည်မတိုင်ခင် မိုယွင်မျှော်စင်မှာ ငါ့ကို လာတွေ့ဖို့ စာပို့ပါ။ ”
ချောင်းလန်တစ်ယောက် ခန်းမအတွင်းမှ ထွက်လာချိန်တွင် နှလုံးသားတစ်ခုလုံး လေးလံ နေခဲ့သည်။
ဘိုးဘေးသည် ယနေ့ညတွင် လက်တုံ့ပြန်သည့် လုပ်ရပ်ကို ချက်ချင်း မလုပ်ဆောင်ခဲ့ခြင်းဖြင့် မည်မျှ အမြင်ကျယ် သည်ကို သက်သေပြခဲ့၏။
ယနေ့ည ယန်ကူမြို့မှ ပြောင်းရွှေ့ရန် ဆုံးဖြတ်ခြင်းသည် အကြီးအကဲဝမ်သေဆုံးမှုမှ လာသော အန္တရာယ် အငွေ့အသက်ကို သတိထားခြင်းဖြစ်သည်။
ဤအရပ်သည် ယွီမိသားစု၏ နယ်မြေ မဟုတ်ချေ။ နာရီဝက်အကြာတွင် ယွီမိသားစု သည် ညအမှောင်အတွင်း အင်ပါယာမြို့သို့ အရှိန်အဟုန်ဖြင့် ခရီးပြင်းနှင်တော့၏။
ထို့နောက် ပြည်နယ်ဦးစီးမှူးနှင့် ချက်ချင်း သွားရောက်တွေ့ဆုံသည်။ ရှန့်တျန်ချူးက စံအိမ် အတွင်းထိုင်ကာ လက်ဖက်ရည်သောက် စောင့်နေ၏။
သူသည် အနည်းငယ် ဖောင်းပွသော မီးခိုးရောင် မုတ်ဆိတ်မွေးများရှိကာ လင်းယုန် တစ်ကောင်ကဲ့သို့ စူးရှသည့် အကြည့်များ ပိုင်ဆိုင်ထားသည်။
ပြည်နယ်တစ်ခု အုပ်ချုပ်သူအနေဖြင့် အခြားသူများအပေါ် ခြိမ်းခြောက်နိုင်လွန်းသည့် ရောင်ဝါမျိုးရှိ၏။
ကျင့်ကြံမှုအရ တတိယအဆင့် မဟာသခင်ဖြစ်သည်။ များကြာမီတွင် အင်္ကျီ လက်ရှည်၊ မုတ်ဆိတ်မွေးတိုတိုနှင့် ယွီပိုင်တျန် ရောက်ရှိလာသည်။
ရှန့်တျန်ချူးမှ မတ်တပ်ထရပ်ပြီး သူ့ကို ပြုံးပြကာ၊
“ အစ်ကိုယွီ ... မင်းယန်ကူမြို့မှာ အနားယူနေတယ်ဆိုတာ ငါကြားတယ် ဒါနဲ့ ညလယ်မှာ ဘာလို့ အမြန်ပြန်လာရတာလဲ၊ ကြီးကြီးမားမား ဖြစ်ခဲ့တာလား။ ”
“ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး ... ဒါပေမယ့် ဒီအကြောင်းပြောဖို့ ငါဒီမှာရှိတယ်။ ”
“ အရင်ထိုင်ပါဦး ... ။ ”
ရှန့်တျန်ချူးက လက်ဖက်ရည်သောက်ရန် အစေခံများကို အမိန့်ပေးလိုက်၏။ ယွီပိုင်တျန်မှ သူ့ကို ဟန့်တားလိုက်ပြီး၊
“ အစ်ကိုရှန့် ... ဒါတွေ လုပ်နေစရာ မလိုပါဘူး ... ငါပြောပြီးရင် ပြန်မှာပါ။ ”
“ ကောင်းပြီ ... နားထောင်နေပါတယ်။ ”
“ မနက်ဖြန် နေ့လည်မတိုင်မီ မိုယွန်မျှော်စင်မှာ ... ငါဆဋ္ဌမမင်းသားနဲ့ ချိန်းထားတယ်။ ”
ထိုစကားကြောင့် ရှန့်တျန်ချူး မျက်ဝန်းများ ချက်ချင်း ကျဉ်းမြောင်းသွားသည်။
“ အစ်ကိုယွီ၊ မင်းဒီည အလျင်လိုလာတာ ... ဆဋ္ဌမမင်းသားကို ရွေးတဲ့အကြောင်း ငါ့ကို ပြောဖို့လား။ ”
“ ဘယ်ဟုတ်မလဲ ... ဆဋ္ဌမမင်းသားနဲ့ ညှိနှိုင်းဖို့ အတွက် အစ်ကိုရှောင်ရဲ့ စွမ်းအားကို ငှားချင်တာပါ။ ”
“ ဘာအဓိပ္ပါယ်လဲ။ ”
ရှန့်တျန်ချူးမှ မျက်မှောင်ကြုတ်လိုက်သည်။
“ ဆဌမမင်းသားရဲ့ လက်အောက်ခံတွေက ဒီနေ့ပဲ ငါ့သမီးကိုနှောင့်ယှက်ပြီး ငါ့ကိုအရမ်းကြီး စိတ်မသက်မသာ ဖြစ်စေတယ်။ ”
“ မင်းပြောချင်တာ ဆဋ္ဌမမင်းသားက ... မင်းရဲ့သမီး အသက်ကို ခြိမ်းခြောက်ပြီး ... သူနဲ့ ပူးပေါင်းဖို့ အတင်းအကြပ် စီစဉ်နေတာလား။ ”
ယွီပိုင်တျန်မှ ခေါင်းယမ်းလျက်၊
“ ဆဋ္ဌမမင်းသား ဘာတွေတွေးနေလဲ ငါမသိဘူး ... ဒီနေ့ ဖြစ်သွားပြီဆိုတော့ ... သူ ဖြေရှင်းချက် ပေးရမှာပေါ့။ ”
“ အစ်ကိုယွီ ... စိတ်မပူပါနဲ့ ... ဆဌမမင်းသားလို မင်းသားလေးတစ်ယောက်ကို ကိုင်တွယ်ဖို့ ငါသဘောတူပါတယ် ... အခုလို ဒုတိယမင်းသားနဲ့အတူ ရပ်တည်တာက မင်းအတွက် အကျိုးမယုတ်ပါဘူး။ ”
ယွီပိုင်တျန်မှ ချက်ခြင်းထရပ်ပြီး၊
“ မင်းပြောတာကို ကြားရတာ စိတ်သက်သာရာရသွားပြီ အစ်ကိုရှန့် ငါ့ကို ခွင့်ပြုပါဦး နှုတ်ဆက်ပါတယ်။ ”
-ဟု ပြောကာ ချက်ချင်း ထွက်ခွာသွားတော့၏။
***