← Chapters

သူတို့ရောက်လာပြီ

Vol. 11 Ch. 136

သူတို့ရောက်လာပြီ

Vol. 11 Ch. 136

အသူရာဂိုဏ်းသည် မိစ္ဆာဂိုဏ်းပြီးလျှင် အထင်ရှားဆုံး ဂိုဏ်းများထဲမှ တစ်ခုဖြစ်သည်။

၎င်းတို့သည် မိစ္ဆာဂိုဏ်းနှင့် အင်အားချင်း မယှဉ်နိုင်သော်လည်း ၎င်း၏ ဒေသတွင်မူ သိသာထင်ရှားသော လွှမ်းမိုးမှုအရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားလေသည်။

ထိုသို့ဖြစ်ရခြင်းမှာ အထူးသဖြင့် မိစ္ဆာဂိုဏ်းမှ အဝေးဆုံးဖြစ်သော တိုက်ကြီး၏ ဆန့်ကျင်ဘက်အစွန်းဘက်အရပ်တွင် ဂိုဏ်းတည်ရှိနေသောကြောင့်လည်း ဖြစ်လေသည်။

ဖန်းယုသည် မိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်ရာထူးကိုရယူပြီးနောက် အရှေ့ဘက်တိုက်ကြီး၏ အရှင်သခင် ဖြစ်လာသောအခါ သူမ၏ ဂိုဏ်းတည်ရှိရာ ပြည်နယ်ရှိ ဂိုဏ်းများအားလုံးကို ကိုယ်တိုင် ချေမှုန်းပစ်ကာ အကြွင်းမဲ့ အာဏာကို တည်ထောင်နိုင်ခဲ့လေသည်။

သူမသည် တစ်ချိန်က မိစ္ဆာဂိုဏ်းနှင့် တူညီသော အင်အားစုများကို ပိုင်ဆိုင်ထားခဲ့ကြသော ထင်ရှားသည့် ဂိုဏ်းများစွာကိုပင် ဖျက်ဆီးခဲ့လေသည်။

အရှေ့တိုက်ကြီးရှိ အခြားသောပြည်နယ်များမှ ဂိုဏ်းများသည်လည်း ဤသည်မှာ သူတို့၏ အဆုံးသတ်ဟု ထင်မိခဲ့ကြသည်။

ထို့ကြောင့် မိစ္ဆာဂိုဏ်းချုပ် သူတို့ထံ ရောက်မလာခင် သူတို့၏ ဂိုဏ်းများကို ကိုယ်တိုင်ဖျက်သိမ်းရန် ပြင်ဆင်နေခဲ့ကြသည်။

သို့သော် ကံကောင်း‌ထောက်မစွာဖြင့် ဖန်းယုသည် သူမ၏ တိုက်ခိုက်မှုကို ရပ်တန့်ခဲ့သည်။

သူမသည် အခြားဂိုဏ်းများအားဆက်လက် တည်ရှိရန် ခွင့်ပြုပေးခဲ့သည်။

ထိုသို့ အဘယ်ကြောင့် အခြားဂိုဏ်းများကို ဆက်လက်တည်ရှိစေခဲ့သည်ကို မည်သူမျှ မသိခဲ့ကြပေ။

အချို့က ၎င်းတို့သည် သူမ၏ ဂိုဏ် လုပ်ငန်းစဥ်များကို ထိခိုက်စေသည်အထိ အရေးမပါသောကြောင့်နှင့် နေရာဒေသအရ အလွန်ဝေးကွာ လွန်းသောကြောင့်ဟု ထင်‌ကြေးပေးခဲ့ကြသည်။

အချို့ကမူ အခြားအကြောင်းတစ်ခုခုကြောင့်ဖြစ်မည် ဟု ထင်ခဲ့ကြသည်။ သို့သော် မည်သူမျှ အမှန်တရားကို မသိခဲ့ကြချေ။

သူမသည် အခြားပြည်နယ်များရှိ ဂိုဏ်းများကို အလုံးစုံ မချေမှုန်းခဲ့သော်လည်း ထိုအချိန်မှစ၍ မိစ္ဆာဂိုဏ်းသည် အရှေ့ဘက်တိုက်ကြီးတွင် အကြွင်းမဲ့ အာဏာကို ပိုင်ဆိုင်ခဲ့လေသည်။

ဤသို့ဖြင့် ထိုအချိန်တွင် ဂိုဏ်းအချို့သည်

အရှေ့ဘက်တိုက်ကြီးအတွင်း အသက်ဆက်နိုင်ခဲ့လေသည်။

၎င်းတို့သည် ဤသို့သာ အမြဲတည်ရှိနေမည်ဟု ယုံကြည်နေခဲ့ကြသော်လည်း မိစ္ဆာဂိုဏ်း၏

ကောင်းကင်စစ်သင်္ဘောတစ်စင်းသည် အသူရာဂိုဏ်းဆီသို့ ပျံသန်းနေသောကြောင့် ၎င်းတို့ဂိုဏ်း၏ နေဝင်ချိန်သည် နီးကပ်နေပြီဖြစ်ကြောင်းကိုမူ မည်သူမျှ သတိမထားမိခဲ့ကြပေ။

အသူရာဂိုဏ်းသည် ယခုနှစ်များတစ်လျှောက်တွင် အတော်လေး အားကောင်းလာခဲ့လေသည်။

၎င်းသည် အတိတ်က ၎င်းတို့၏ အင်အားအကောင်းဆုံးအချိန်ထက်ပင် ကျော်လွန်အောင် စီမံနိုင်ခဲ့ကြသည်။

ထို့ကြောင့်ပင် အသူရာဂိုဏ်းချုပ်သည် အခြားဂိုဏ်းများနှင့် ပူးပေါင်းပါက မိစ္ဆာဂိုဏ်းကို ဖြုတ်ချနိုင်သည်ဟု ယုံကြည်မိခဲ့ခြင်းဖြစ်လေသည်။

ကံမကောင်းစွာဖြင့် အသူရာဂိုဏ်း၏ အခြေအနေသည် ယခုအချိန်တွင် အကောင်းဘက်တွင် ရှိမနေခဲ့ပေ။

အသူရာဂိုဏ်းချုပ်သည် သူ၏ သား နှင့်အတူ ရုတ်တရက် သေဆုံးသွားခဲ့ရသည်။

ထိုသို့ လုပ်ဆောင်သူမှာ မိစ္ဆာဂိုဏ်းမှ အကြီးအကဲ တစ်ဦးဖြစ်သည်ဟု ပြောသံများလည်း ကျယ်လောင်စွာထွက်ပေါ်နေခဲ့လေသည်။

အစပိုင်းတွင် အသူရာဂိုဏ်း၏ မဟာအကြီးအကဲ အများအပြားသည် မိစ္ဆာဂိုဏ်းမှ ၎င်းတို့၏ ပုန်ကန်ရန် အစီအစဉ်များကို ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်ခဲ့ကြသည်။

၎င်းတို့သည် ချေမှုန်းခံရတော့မည်ဟု အပြည့်အဝ မျှော်လင့်ကာ ဂိုဏ်း၏ ကာကွယ်ရေး၀င်္ကဘာများကိုပင် ကြိုတင် အသက်သွင်းခဲ့ကြလေသည်။

ကံကောင်းစွာဖြင့် နောက်ထပ် ရက်သတ္တပတ်ကြာသည်အထိ မည်သည့်အရာမျှ ဖြစ်မလာခဲ့ပေ။

ဂိုဏ်းမှ ကာကွယ်ရေး၀င်္ကဘာအား အဆက်မပြတ် လည်ပတ်စေခဲ့ရသည့်အတွက် ၎င်းတို့၏ အရင်းအမြစ်များစွာကိုပင် ကုန်ဆုံးစေခဲ့ရလေသည်။

နောက်ဆုံးတွင် ၎င်းတို့သည် မိစ္ဆာဂိုဏ်းသည် ၎င်းတို့၏ အစီအစဉ်များကို မသိရှိကြောင်း ကောက်ချက်ချခဲ့ကြသည်။

အသူရာဂိုဏ်းချုပ်သေဆုံးခဲ့သော မြို့မှ ထွက်ပြေးလွတ်‌မြောက်လာသူများအချို့ထံမှ ကြားသိရသောအချက်အလက်များအရ ၎င်းတို့၏ သံသယများကို အတည်ပြုခဲ့ကြသည်။

အသက်ရှင်ကျန်ရစ်သူများ၏ အဆိုအရ ဂိုဏ်းချုပ်ကို သတ်ခဲ့သူသည် မိစ္ဆာဂိုဏ်းမှ အကြီးအကဲရန်ဆိုသူ ဖြစ်လေသည်။

ထိုသို့ သူတို့၏ ဂိုဏ်းချုပ်အား သတ်ပစ်ခဲ့ရခြင်း၏ အကြောင်းရင်းမှာ ဂိုဏ်းချုပ်၏ သားသည် မိစ္ဆာဂိုဏ်း၏ တပည့်တစ်ဦးကို လုပ်ကြံတိုက်ခိုက်ရန် ကြိုးစားခဲ့သောကြောင့်ဖြစ်သည်။

“ငါတို့ရဲ့ ဂိုဏ်းချုပ်တောင် အဲဒီမိစ္ဆာဂိုဏ်းက သာမန်အကြီးအကဲတစ်ယောက်ရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတယ် ငါတို့က အဲဒီဂိုဏ်းကို ဘာမဆို လုပ်လို့ရတယ်လို့ ခုထိမင်းတို့က ထင်နေကြသေးတာလား”

ဂိုဏ်း၏ အနာဂတ်နှင့် ပတ်သက်သော အရေးကြီး အစည်းအဝေးတစ်ခုတွင် မဟာအကြီးအကဲတစ်ဦးမှ ထ၍ မေးလိုက်လေသည်။

ထိုအစည်းအဝေးမှာ ဂိုဏ်းခေါင်းဆောင်အသစ်ကို ရွေးချယ်ရမယ့် အစည်းအဝေးလည်း ဖြစ်လေသည်။

“ဒီဟာက မိုက်မဲတဲ့ အစီအစဉ်တစ်ခုဆိုတာ ကျုပ်က အမြဲသိနေခဲ့တယ် မိစ္ဆာဂိုဏ်းကို ဖြုတ်ချဖို့ဆိုတာ မဖြစ်နိုင်ဘူး အဲဒီအစား အဆိပ်ရှိတဲ့ မြွေတွင်းကို တူးဆွမိသလိုမျိုး ကျုပ်တို့ ကိုယ်တိုင်ကိုပဲ ပြန်ပြီး ထိခိုက်စေမှာဖြစ်တယ်”

“ဒီလို အစီအစဉ်မျိုး ရှိခဲ့တယ်ဆိုတာကို မေ့လိုက်ပြီး အကုန်အသစ်ကနေ ပြန်စတင်သင့်တယ် ကျုပ်တို့ဟာကျုပ်တို့ ဂိုဏ်းရဲ့တိုးတက်မှုပိုင်းကိုပဲ အာရုံစိုက်သင့်ပြီး ဒီဒေသမှာပဲ လွှမ်းမိုးမှုတွေကို ချဲ့ထွင်နိုင်ဖို့ကျိုးစားသင့်တယ်”

“မိစ္ဆာဂိုဏ်းထက် အားနည်းတယ်ဆိုတာကို လက်ခံလိုက်တာက ရှက်စရာ မရှိပါဘူး”

“ဟုတ်ပါတယ် ဂိုဏ်းချုပ်က သူ့အဖေရဲ့ သေဆုံးမှုမှာ အရမ်း စိတ်ခံစားမှုပြင်းထန်နေခဲ့တာ ခုသူ သေသွားတာလဲ ကောင်းပါတယ် မဟုတ်ရင် ဂိုဏ်းတစ်ခုလုံးကို သူ့နဲ့အတူ ဆွဲချသွားနိုင်တယ်”

အသူရာဂိုဏ်း၏ မဟာအကြီးအကဲများသည် ထိုအစီအစဉ်ကို တစ်ယောက်ပြီးတစ်ယောက် သဘောတူခဲ့ကြလေသည်။

ယခုအချိန်တွင် ၎င်းတို့အားလုံးသည် ကြောက်ရွံ့နေကြပြီဖြစ်လေသည်။

ဂိုဏ်းချုပ် အသက်ရှင်နေစဉ်တွင် သူသည် ဂိုဏ်းအတွင်း အားအကောင်းဆုံး ကျင့်ကြံသူတစ်ဦးဖြစ်နေသောကြောင့် ၎င်းတို့သည် မည်သို့မျှ လွန်ဆန်ရန် မဝံ့ရဲကြချေ။

ယခု ၎င်းတို့၏ ကိုယ်ပိုင်ရပ်တည်ရေးအတွက် ဆုံးဖြတ်ရန် အခွင့်အရေး ရရှိလာခဲ့ကြပြီဖြစ်သည်။

၎င်းတို့၏ သစ္စာခံမှုသည် ဂိုဏ်းချုပ်အပေါ်ထက် ၎င်းတို့ကိုယ်တိုင်အတွက်သာ ပို၍ ဦးတည်သောကြောင့် ၎င်းတို့သည် လက်စားချေရန်ပင် မစဉ်းစားခဲ့ကြပေ။

“ကျုပ်တို့တွေ အရင်ဂိုဏ်းချုပ်ရဲ့ အကြံအစဉ်တွေအကြောင်းကို ပေါက်ကြားစေလို့မရဘူး ဒါပေမဲ့ အခြားဂိုဏ်းက ဂိုဏ်းချုပ်တွေကိုကော ဘယ်လိုလုပ်မလဲ”

ရုတ်တရက် မဟာအကြီးအကဲ တစ်ယောက်က မေးလိုက်သည်။

နောက်ဆုံးတော့ ဤအစီအစဉ်ကို သိနေသူများသည် ၎င်းတို့သက်သက်ချည်းမဟုတ်ခဲ့ပေ။

ဂိုဏ်းချုပ်သည် ဤအစီအစဉ်ကို အခြားဂိုဏ်းများ၏ ဂိုဏ်းချုပ်များနှင့်လည်း ဆွေးနွေးခဲ့လေသည်။

“အခြားဂိုဏ်းချုပ်တွေလည်း ဒီအကြောင်းကို မပေါက်ကြားစေဘူးဆိုတာ ကျုပ်က အာမခံနိုင်ပါတယ် နောက်ဆုံးတော့ သူတို့လည်း ကျုပ်တို့နဲအတူတူ တူညီတဲ့ အပြစ်ကို ကျူးလွန်ထားကြတဲ့

တလှေတည်းစီးသူတွေချည်းပဲလေ ဒါကြောင့် ကျုပ်တို့ ဒီကိစ္စကိုစိတ်ပူစရာ မလိုပါဘူး”

“ပိုပြီး လုံခြုံစိတ်ချရအောင် ကျုပ်တို့ ဂိုဏ်းချုပ်နဲ့ ဆက်သွယ်ခဲ့တဲ့ အခြားဂိုဏ်းတွေရဲ့ ဂိုဏ်းချုပ်တွေကို လုပ်ကြံသတ်ပစ်လိုက်ရင်ကော ဘယ်လိုလဲ”

“မလွယ်ဘူး ဒီလိုသာလုပ်ခဲ့ရင် အဲဒီကိစ္စဟာ ကျုပ်တို့အပေါ်ကို တန်ပြန်အန္တရာယ်ပြုလာနိုင်တယ် အခုတော့ ဒီအကြောင်းကို ခဏလောက်မပြောပဲနေကြရအောင် ကျုပ်တို့ အခုဒီကိုရောက်လာတာဟာ ကျုပ်တို့ ဂိုဏ်းရဲ့ နောက်ဂိုဏ်းချုပ်အသစ်တစ်ယောက်ကို ရွေးချယ်ဖို့ ပဲအဓိကမဟုတ်ဘူးလား ပြီးတော့ ဂိုဏ်းချုပ်အသစ်ကို ရွေးချယ်ဖို့ကိစ္စနဲ့ပတ်သတ်ပြီး ကျုပ်နည်းလမ်းတစ်ခု စဉ်းစားထားတယ်”

“ဘယ်နည်းလမ်းလဲ”

“ကျုပ်တို့တွေ…”

ဒုန်း….

မဟာအကြီးအကဲများသည် အသူရာဂိုဏ်း၏ နောက်ထပ်ဂိုဏ်းချုပ်သစ် တင်မြှောက်ရေးကိစ္စကို ဆွေးနွေးနေကြစဉ် အစည်းအဝေးခန်းမ တံခါးသည် ရုတ်တရက် ဒုန်းခနဲ ပွင့်သွားခဲ့သည်။

သတ်လတ်ပိုင်းအရွယ် လူတစ်ယောက်သည် အတွင်းသို့ ပြေးဝင်လာပြီး သူသည် တစ္ဆေသရဲများကို မြင်ခဲ့ရသကဲ့သို့ မျက်နှာတွင် ထိတ်လန့်မှုကြောင့် သွေးရောင်ပင်မရှိတော့ပေ။ သူသည် အမှန်တကယ် ကြောက်လန့်နေခဲ့လေသည်။

“အကြီးအကဲဝေ ခင်ဗျားက ယဉ်ကျေးမှုဆိုတာကို မေ့သွားတာလား ဒီကို ခွင့်ပြုချက်မတောင်းဘဲ ဝင်လာရဲတယ်ပေ့ါ”

“မ-မဟာအကြီးအကဲများ ခင်ဗျာ ခုကအဲ့ဒါကိုပြောနေရမဲ့ အချိန်မဟုတ်ပါဘူး သူတို့…. သူတို့ ရောက်လာကြပြီ သူတို့ တကယ်ရောက်လာပြီ”

သက်လတ်ပိုင်းအရွယ်လူသည် ကြောက်ရွံ့တုန်လှုပ်မှုကြောင့် ခြေလက်များပင်အေးစက်နေကာ အသက်ရှူမှန်အောင်ပင် ပင်မနဲကျိုးစားနေရလေသည်။

မဟာအကြီးအကဲများသည် အချင်းချင်းမျက်လုံးချင်း ဖလှယ်လိုက်ကြပြီးနောက် အကြီးအကဲဝေ ထံသို့ အာရုံပြန်ရွှေ့လိုက်ကြသည်။

“သူတို့ ရောက်လာပြီ ဆိုတာ ခင်ဗျားက ဘာကိုဆိုလိုတာလဲ ဘယ်သူတွေ ရောက်လာတာလဲ”

စိတ်လှုပ်ရှားနေသော ထိုလူကို စိတ်တည်ငြိမ်သွားစေရန် ကြိုးစားရင်း မဟာအကြီးအကဲ တစ်ယောက်က မေးလိုက်သည်။

အကြီးအကဲ ဝေသည် အသက်ပြင်းပြင်းရှူကာ -

“မိစ္ဆာဂိုဏ်း… သူတို့ရဲ့ ကောင်းကင်စစ်သင်္ဘောတစ်စီးကို ကျွန်တော်တို့ ဂိုဏ်းရဲ့ မိုင်အနည်းငယ်အကွာမှာ တွေ့လိုက်ရပါတယ် ပြီးတော့ သူတို့ရဲ့ ဦးတည်ရာက... ကျွန်တော်တို့ ဂိုဏ်းကိုပါ” ဟု ပြန်ပြောလိုက်လေသည်။

“ဘာ”

မဟာအကြီးအကဲများ အားလုံး မတ်တပ်ရပ်လိုက်ကြပြီး ၎င်းတို့၏ မျက်နှာများ တွင် အရောင်ပြောင်းသွားကြတော့သည်။

ထို့နောက် ကုလားထိုင်များ လဲကျသံများသည် ပရမ်းပတာဆန်စွာဖြင့် ထိုအခန်းထဲတွင် ပြည့်နှက်သွားလေသည်။

All Chapters