စတိုင်ကျကျ ကလိန်ကကျစ်ကျနည်း
Vol. 11 Ch. 137
“မိစ္ဆာဂိုဏ်းရဲ့ ကောင်းကင်စစ်သင်္ဘောတစ်စီးက ဒီကိုလာနေတယ်ဆိုတာ သေချာလား” အခြားအကြီးအကဲတစ်ဦးက အသံတုန်တုန်ဖြင့် ပြန်မေးလိုက်သည်။
အကြီးအကဲဝေက ခေါင်းညိတ်ကာ -
“စောင့်ကြည့်နေတဲ့သူတွေဆီကနေအတည်ပြုချက်ရထားပြီးပါပြီ ပြင်ဆင်ဖို့အချိန်မရှိတော့ပါဘူး မိနစ်ပိုင်းအတွင်းရောက်လာကြပါလိမ့်မယ်” ဟုပြန်ဖြေလိုက်သည်။
များစွာသောမဟာအကြီးအကဲများသည် ၎င်းမှာ ထင်ယောင်ထင်မှားတစ်ခုသာ ဖြစ်ပါစေဟု မျှော်လင့်ခဲ့ကြသည်။
သို့သော် မိစ္ဆာဂိုဏ်းမှ ဤနေရာသို့ ဦးတည်လာနေကြောင်း အတည်ပြုချက် ရလိုက်သောအခါ အခန်းတစ်ခုလုံးသည် ကမောက်ကမဖြစ်သွားခဲ့ရလေသည်။
ထို့နောက် အသူရာဂိုဏ်းရှိ မဟာအကြီးအကဲများသည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန်အငြင်းပွားမှုများဖြစ်ပွားကြလေတော့သည်။
အချို့ကချက်ချင်းအညံ့ခံဖို့ အကြံပေးခဲ့ကြသည်။
အချို့ကမူ ပြန်လည်တိုက်ခိုက်ချင်နေခဲ့ကြသည်။
“အညံ့ခံရင်အသက်ရှင်နိုင်သေးတယ် မနိုင်တဲ့ပွဲကို ဘာကြောင့်တိုက်နေရမှာလဲ”
“အညံ့ခံရင်တောင်အသက်ရှင်ခွင့်မပေးဘူးဆိုတာ မင်းကမေ့နေတာလား အဲ့ဒီခံစားချက်မရှိတဲ့မိစ္ဆာမက အခြားဂိုဏ်းတွေကို ချေမှုန်းတုံးက အချိန်ကိုပြန်တွေးစမ်း အညံ့ခံသူတွေတောင် အကုန်အသတ်ခံခဲ့ရတာပဲ”
“အညံ့ခံရင် ပိုပြီးမြန်မြန်သေနိုင်တယ်”
အကြီးအကဲများသည် ပိုမိုထိတ်လန့်လာသည် နှင့်အမျှ အငြင်းပွားမှုများမှာ မြင့်တက်လာခဲ့သည်။
“တော်လောက်ပြီ”
အေးစက်စက် အသံတစ်ခုသည် ကမောက်ကမဖြစ်နေသော ထိုဆွေးနွေးပွဲကို အသံတိတ်သွားစေလေသည်။
ထိုအသံမှာ မဟာအကြီးအကဲများထဲတွင် အသက်အကြီးဆုံးနှင့် အလေးစားခံရဆုံးဖြစ်သော မဟာအကြီးအကဲလီယန် ၏အသံပင်ဖြစ်သည်။
“မိစ္ဆာဂိုဏ်းက ကျုပ်တို့ ဂိုဏ်းကို ဖျက်ဆီးဖို့ဆုံးဖြတ်ပြီးပြီဆိုရင် အညံ့ခံရုံနဲ့ လွတ်မြောက်နိုင်မှာမဟုတ်ဘူး”
“ဒါဆိုတိုက်ခိုက်စရာတစ်ခုပဲ ရွေးစရာကျန်တော့တာလား ထွက်ပြေးရင်ကော မရနိုင်ဘူးလား”
အခြားမဟာအကြီးအကဲတစ်ဦးက ထမေးလိုက်သည်။
“မိစ္ဆာဂိုဏ်းကဒီအတွက်ကြိုတင်မပြင်ဆင်လာဘူးလို့ မင်းကထင်နေတာလား ထွက်ပြေးတာက ပိုပြီးမြန်မြန်ရှုံးနိမ့်စေလိမ့်မယ်”
မဟာအကြီးအကဲလီယန်မှ ပြန်ပြောလိုက်သည်။
“ဒါဆိုကျွန်တော်တို့က ကံကိုလက်ခံလိုက်ပြီး ဒီအတိုင်းအသေခံ တိုက်ရုံပဲ ရှိတော့တာလား”
“မဟုတ်ဘူး တိုက်ရင်နိုင်နိုင်တယ် မတိုက်ရင်ရှုံးမှာသေချာတယ် မိစ္ဆာဂိုဏ်းက မာနကြီးတယ် သူတို့က သူတို့ရဲ့ မဟာအကြီးအကဲတွေကိုတောင် မလွှတ်လိုက်ဘူးထင်တယ် ဂိုဏ်းချုပ်ဖန်းယုတောင်ကိုယ်တိုင်ပါမလာဘူး”
“ဂိုဏ်းချုပ်က လွယ်လွယ်နဲ့ သေသွားတဲ့အတွက် သူတို့က ကျုပ်တို့ကို လျှော့တွက်သွားတာထင်တယ် သာမန်အကြီးအကဲတစ်ယောက်နဲ့ တပည့်အနည်းငယ်ပဲ လွှတ်လိုက်တာဆိုရင် ကျုပ်တို့အတွက် အခွင့်အရေးရှိနိုင်တယ်”
“ဘယ်လိုအခွင့်အရေးရှိမှာလဲ အကြီးအကဲတစ်ယောက်နဲ့ တပည့်အနည်းငယ်ဆိုတာတောင် ကျုပ်တို့အတွက် ရင်ဆိုင်ဖို့မလုံလောက်ဘူး ဂိုဏ်းချုပ်တောင် မနိုင်ခဲ့တဲ့သူကို ကျုပ်တို့က ဘယ်လိုနည်းနဲ့ရင်ဆိုင်နိုင်မှာလဲ” တစ်စုံတစ်ဦးကပြန်ငြင်းချက်ပေးလိုက်သည်။
“ဒါကကျုပ်တို့ရဲ့နေရာ ကျုပ်တို့ရဲ့ပိုင်နက်ဖြစ်တယ် ဂိုဏ်းရဲ့ ကာကွယ်ရေးအစီအမံတွေ၊ ၀င်္ကပါတွေ အားလုံးရဲ့အထောက်အပံ့ရှိနေတယ် ဒါတွေကိုသာ မှန်မှန်ကန်ကန် အသုံးချနိုင်ခဲ့ရင် ခုဦးဆောင်လာတဲ့ အကြီးအကဲနဲ့ ကျန်တဲ့ တပည့်တွေကိုသတ်ပစ်နိုင်တယ် ဒါဆိုအခြားအကြီးအကဲတွေ ထပ်မလာခင် အချိန်တစ်ခုဆွဲထားလိုက်နိုင်လိမ့်မယ်”
“ဒါပေမယ့် အခုချိန်ထွက်ပြေးရင်တော့ အဲ့ဒီရရှိထားတဲ့ အားသာချက်တွေ အကုန်လုံးကို စွန့်လွှတ်လိုက်ရလိမ့်မယ် မင်းတို့ ဘယ်လမ်းကို ပိုကြိုက်ကြသလဲရွေးပါ ဂိုဏ်းအပြင်မှာတိုက်မလား၊ အတွင်းမှာတိုက်မလား”
မဟာအကြီးအကဲလီယန်၏ အသံသည် ခန်းမတစ်ခုလုံးအား ပဲ့တင်ထပ်သွားလေသည်။
သူ၏ စကားသံအဆုံးတွင် နေရာတစ်ခုလုံးမှာ တိတ်ဆိတ်ကျသွားခဲ့လေသည်။
အငြင်းပွားနေကြသော မဟာအကြီးအကဲများပင် ငြိမ်သက်သွားကြလေသည်။
ထွက်ပြေးရင်း အပြင်မှာတိုက်မယ့်အစား ဂိုဏ်းအတွင်း ၌ ရေမြေ အားသာချက်ဖြင့် ပြန်လည် ခုခံတိုက်ခိုက်ခြင်းသည် ပိုမိုကောင်းမွန်သော ရွေးချယ်မှုဖြစ်လေသည်။
“ဂိုဏ်းဝင်ပေါက်ဂိတ်တွေကို ပိတ်လိုက်တော့ ပြီးရင် ကာကွယ်ရေး အစီအရင်တွေကို အသက်သွင်းလိုက်ကြ အချိန်ကိုရနိုင်သမျှဆွဲထားရမယ်”
“ဒါပေမယ့်အကြီးအကဲလီယန်”
အခြားအကြီးအကဲတစ်ဦးကမေးလိုက်သည်။
“ကျွန်တော်တို့ရဲ့ အရင်းအမြစ်တွေကုန်ခမ်းနေပါပြီ ဒီ၀င်္ကဘာ အစီအရင်ကို ဘယ်လောက်ကြာကြာထိန်းထားနိုင်မှာလဲ”
“ရွေးချယ်စရာမရှိဘူး”
မဟာအကြီးအကဲလီယန်က ပြန်ပြောလိုက်သည်။
“ဒီ၀င်္ကဘာ အစီအရင်တွေ မပျက်စီးသွားခင် သူတို့ကိုအမြန်ချေမှုန်းနိုင်မှရမယ် ဒါကြောင့် မြန်မြန်လုပ်ကြပါ”
“အချိန်မရှိတော့ဘူး အခြားအကြီးအကဲတွေကိုအပြန်အသိပေးလိုက် ဂိုဏ်းဝင်ပေါက်မှာ အတူဆုံကြမယ်”
အသူရာဂိုဏ်း၏ အကြီးအကဲများသည် အကြီးအကဲလီယန်၏ အမိန့်အား နာခံကာ အကောင်အထည်ဖော်ရန် လျင်မြန်စွာဖြင့် ထွက်ခွာသွားကြလေသည်။
………..
ကောင်းကင်စစ်လေသင်္ဘောပေါ်မှာ အာရန်သည် ဦးခန်းပိုင်းတွင် ရပ်လျက် မိုးကုပ်စက်ဝိုင်းအား ငေးမောကြည့်ရှုနေလေသည်။
အားအနည်းဆုံးတပည့်ဆယ်ဦးမှာ သူ၏ နောက်တွင် ရပ်လျက်ရှိနေကြသည်။
အချိန်အတော်ကြာပြီဖြစ်သော်လည်း သူတို့သည် သူတို့ လုပ်ဆောင်ရမည့်အရာများကိုပင် မသိရသေးပေ။
သူတို့သိထားသည့်အချက်မှာ ယခုအကြိမ်လာရောက်ခြင်းသည် အသူရာဂိုဏ်းနှင့် သက်ဆိုင်နေသည် ဆိုသည့်အချက်တစ်ချက်သာဖြစ်သည်။
“အကြီးအကဲအာရန်ခင်ဗျာ အသူရာဂိုဏ်းကိုရောက်ရင်ဘာလုပ်ကြရမှာလဲ” ဂိုဏ်းတပည့်တစ်ဦးမှာ မနေနိုင်တော့ပဲ အသံတုန်တုန်ဖြင့် မေးလိုက်သည်။
အာရန်သည် ထိုတပည့်များဘက်သို့ လှည့်ကြည့်လိုက်ကာ အေးဆေးတည်ငြိမ်စွာ ပြန်ပြောလိုက်သည်။
“မင်းတို့ရဲ့တာဝန်ကရိုးရိုးလေးပါ အသူရာဂိုဏ်းထဲဝင်ပြီး လူတိုင်းကိုသတ်ရမယ်”
အညံ့ဆုံးဂိုဏ်းတပည့် ဆယ်ယောက် - “….”
“ဒါပေမယ့်စိတ်မပူပါနဲ့ ဂိုဏ်းချုပ်ကိုတော့မင်းတို့ တိုက်စရာမလိုပါဘူး ငါအရင်သတ်ပြီးပြီ မင်းတို့အတွက် အဆိုးဆုံးအခြေအနေဆိုရင်တော့ မဟာအကြီးအကဲအချို့နဲ့ရင်ဆိုင်ရမှာပဲဖြစ်တယ်”
တပည့်များကယခင်က ဤအခွင့်အလမ်းအတွက်စိတ်လှုပ်ရှားနေခဲ့ကြသည်။
သော်ဤတာဝန်၏ အသေးစိတ်အချက်အလက်များကို ကြားလိုက်ရသောအခါ သူတို့သည် လွန်စွာထိတ်လန့်သွားခဲ့ကြသည်။
အသူရာဂိုဏ်း၏ မဟာအကြီးအကဲများကိုသတ်ရမည် ဆိုသည်မှာ ပြောရလွယ်သော်လည်း လက်တွေ့လုပ်ဆောင်ရန်မှာ ခက်ခဲသည့်အလုပ်ဖြစ်လေသည်။
သာမန်အကြီးအကဲများကို သတ်ရန်ပင် သူတို့အတွက်ခက်ခဲလွန်းနေပြီဖြစ်သည်။
အကြီးအကဲရန်သည် ဂိုဏ်းချုပ်မှလွဲ၍ လူတိုင်းကိုသတ်ရန်ပြောသည်မှာ စျေးထဲတွင် ဟင်းရွက်၊ကန်စွန်းရွက်ဝယ်သကဲ့သို့ပင် ရိုးရှင်းဟန် ဖော်ပြထားသည်။
သို့သော်သူတို့တွင်အခြားရွေးချယ်စရာမရှိတော့ပေ။
အာရန်၏လက်တွင် သေဆုံးရခြင်းထက် ဤအန္တရာယ်ရှိသော်လည်း အကျိုးကျေးဇူးများနိုင်သည့် တာဝန်များကို ထမ်းဆောင်ရခြင်းက ပိုမိုကောင်းမွန်မည်ဖြစ်သည်။
ထို့အပြင်အကြီးအကဲရန် ဆိုသူသည် သာမန်အကြီးအကဲတစ်ဦး မဟုတ်ပေ။
အကယ်၍ သူတို့သာ ထိုအရာကို မစွမ်းဆောင်နိုင်ဟုထင်ခဲ့ပါက သူသည် သူတို့ကိုရွေးချယ်မည်မဟုတ်ပေ။
ဤတာဝန်ပျက်ကွက်ပါက မိစ္ဆာဂိုဏ်းအတွက်အရှက်ရစရာဖြစ်လိမ့်မည်ဖြစ်သည်။
ထို့ကြောင့်ဖြစ်နိုင်ချေနှစ်ခုသာရှိသည်။
ပထမတစ်ခုမှာ အကြီးအကဲရန် သည် ဤတိုက်ပွဲတွင်မပါဝင်ဟု လိမ်ထားခဲ့ခြင်းဖြစ်သည်။
နောက်ပိုင်းတွင် သူကိုယ်တိုင်ပါဝင်မည်ဖြစ်သည်။
ဒုတိယဖြစ်နိုင်ချေမှာ ဤတာဝန်သည်ခက်ခဲသည်ဟုထင်ရသော်လည်း အမှန်တွင်မူ သူတို့ဖာသာပြီးမြောက်အောင်လုပ်နိုင်သည့်အဆင့်တွင်သာရှိသည် ဟူသောအချက်ပင်ဖြစ်သည်။
အသူရာဂိုဏ်း၏ အကြီးအကဲများသည်သူတို့ထက်အားနည်းခြင်းမျိုးလည်းဖြစ်နိုင်လေသည်။
သူတို့၏ ဂုဏ်သတင်းသည်လွန်ကဲလွန်းနေသည်များလား။ ထိုအရာကိုတော့ သူတို့မသေချာနေခဲ့ကြပေ။
အသူရာဂိုဏ်းအနီးတွင်တည်ဆောက်ထားသောမြို့ငယ်များရှိသည်။
သို့သော်မြို့သူမြို့သားများသည် မိုးပေါ်တွင် မျောပါပျံသန်းလာသော ဧရာမစစ်လေသင်္ဘောကြီးတစ်စင်း ကိုမြင်ကြရသောအခါ လူတိုင်းသည် အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားကြလေသည်။
သူတို့သည် ထို စစ်လေသင်္ဘောမှာ မိမိတို့၏ မြို့များကိုဖြတ်ကျော်ကာ အသူရာဂိုဏ်း၏ ဌာချုပ်တည်နေရာသို့ ဦးတည်နေသည်ကိုမြင်လိုက်ရသည်။
များစွာသောမြို့သူမြို့သားများသည် မကြာမှီတွင် ကြီးမားသောအရာတစ်ခု ဖြစ်တော့မည်ကို စိုးရိမ်မိလိုက်ကြသည်။
အနည်းငယ်သောသူများကသာ ဤစစ်လေသင်္ဘောသည် မိစ္ဆာဂိုဏ်း၏ သင်္ဘောဖြစ်ကြောင်း မှတ်မိထားကြလေသည်။
မကြာခင်မှာပင် ထိုကောင်းကင်စစ်သင်္ဘောသည် အသူရာဂိုဏ်းတည်ရှိရာ ချိုင့်ဝှမ်းဒေသသို့ ရောက်ရှိလာခဲ့လေသည်။
ထိုအချိန်တွင် အသူရာ ဂိုဏ်း၏ ကာကွယ်ရေး၀င်္ကပါ အစီအစဉ်များမှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာလေသည်။
အာရန်သည် ထိုအစီအစဉ်၀င်္ကပါအား တစ်ချက်ကြည့်ရင်းပြုံးလိုက်မိသည်။
“လမ်းတစ်လျှောက်လုံးမှာ ဒီတာဝန်ကိုပြီးမြောက်ဖို့ ဘယ်လိုလှည့်ကွက်မျိုး ထုတ်သုံးရမလဲလို့ ခေါင်းစားနေခဲ့ရတာ ဒါပေမယ့် နောက်ဆုံးတော့ ဒါကအကောင်းဆုံးရွေးချယ်မှုပဲ ကလိန်ကကျစ်ကျမယ် ဆိုရင်လည် စတိုင်ကျကျနဲ့ပဲ ကလိန်ကကျစ်ကျရတာပေါ့”