အဓိကတာဝန်ကို အောင်မြင်ရန်
Vol. 11 Ch. 139
အသူရာဂိုဏ်းသည် မိစ္ဆာဂိုဏ်းနှင့် တိုက်ပွဲတွင် အနိုင်မရနိုင်ကြောင်း သိနေခဲ့သော်လည်း သူတို့၏ အကာအကွယ်ပုံစံကွက်များ၏ အကူအညီဖြင့် အနည်းဆုံး အကြီးအကဲတစ်ဦးနှင့် တပည့်အနည်းငယ်ခန့်ကိုမူ သတ်နိုင်ခဲ့မည်ဟု ယုံကြည်ထားကြလေသည်။
သူတို့၏ ရည်မှန်းချက်မှာ ယခုရောက်ရှိလာသော မိစ္ဆာဂိုဏ်းမှလူအားလုံးကို အနိုင်ယူရန် မဟုတ်ပေ။
သူတို့ကို တိုက်ခိုက်ရန်ဦးဆောင်ညွှန်ကြားနေသော အကြီးအကဲကို ဖြုတ်ချနိုင်ရန်သာ ဖြစ်လေသည်။
ကံကောင်းပါက တိုက်ပွဲအပြီး ထွက်ပြေးနိုင်ရန်အတွက် မိစ္ဆာဂိုဏ်း၏ ကောင်းကင်စစ်သင်္ဘောကိုပင် သိမ်းယူနိုင်ပေလိမ့်မည်။
ယင်းက သူတို့အား ဂိုဏ်း၏ အဖိုးတန်ပစ္စည်းများအားလုံးကို သယ်ဆောင်ကာ အရေးပါသော တပည့်များစွာကို ထိုစစ်သင်္ဘောဖြင့် ပင် ခေါ်ဆောင်သွားစေမည်ဖြစ်သည်။
ဤတိုက်ပွဲအပြီးတွင် သူတို့သည် အရှေ့တိုက်ကြီးတွင် ဆက်လက်နေထိုင်ရန် မဖြစ်နိုင်တော့သောကြောင့် အခြားတိုက်တစ်ခုသို့ ထွက်ပြေးရန် စီစဉ်ထားလေသည်။
သူတို့သည် အခြားတိုက်များမှ ခေါင်းဆောင်များနှင့် ထိုနေရာအတွင်း ဝင်ရောက်ခိုလှုံခွင့်အတွက်ပင် မိစ္ဆာဂိုဏ်း၏ ထိုသင်္ဘောကို လဲလှယ်နိုင်ပေသေးသည်။
မိစ္ဆာဂိုဏ်းနှင့်ရန်ဘက်ဖြစ်သော တောင်ပိုင်းတိုက်သည် ၎င်းတို့အတွက် ခိုလှုံရန် အကောင်းဆုံးနေရာဟု သတ်မှတ်ထားလေသည်။
မစ်ထ် ၏ အကာအကွယ်ဖြင့်ဆိုပါက ထိုတောင်ဘက်တိုက်ကြီးတွင်ပင် သူတို့ဂိုဏ်း၏ အခြေခံအုပ်မြစ်ကို အစမှ ပြန်လည်စတင်နိုင်မည်ဖြစ်လေသည်။
အရှေ့တိုက်မှ လာသောကြောင့် ထိုဒေသရှိလူများ၏ နှိမ်ချ ဆက်ဆံခြင်းကို ခံရလျှင်ပင် ဤနေရာတွင် သေဆုံးရခြင်းထက် ပို၍ကောင်းမွန်ဦးမည်ဖြစ်လေသည်။
……
တပည့်ကိုးယောက်တို့သည် ကောင်းကင်မှ ဆင်းသက်လာကြလေသည်။
သို့သော် မြေပြင်သို့ မဆင်းသက်မီမှာပင် အားကောင်းသော နဂါးများစွာသည် သူတို့ထံသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။
နဂါးများသည် သူတို့၏ခန္ဓာကိုယ်များကို ဆုတ်ဖြဲနိုင်ရန် ကြိုးစားရင်း သူတို့၏ ဧရာမပါးစပ်များကို ဟလိုက်ကြသည်။
တပည့်ကိုးယောက်သည်လွန်စွာ ကြောက်လန့်သွားကြလေသည်။
သူတို့သည် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုနဂါးများကို ရှောင်ရှားရန် ကြိုးပမ်းလိုက်ရသဖြင့် သူတို့၏ တည်ငြိမ်မှုများကို ဆုံးရှုံးသွားကြလေသည်။
“ဒီပုံရိပ်ယောင်ဝင်္ကဘာကလည်း သိပ်မဆိုးဘူးပဲ”
ကောင်းကင်စစ်သင်္ဘောပေါ်တွင် ရပ်နေသော အာရန်က အပြင်စည်းတပည့်များ၏ တုံ့ပြန်မှုကို စောင့်ကြည့်နေခဲ့လေသည်။
ဤတုံ့ပြန်မှုအတွက် သူတို့ကို အပြစ်မတင်ခဲ့ပေ။
သူသည်ယခုကဲ့သိုတည်ငြိမ်နိုင်ခြင်းမှာ ဝိညာဉ်လမ်းလျှောက်သူအပါအဝင် ပင်လယ်နဂါးနှင့် တိုက်ခိုက်ခဲ့ဘူးသောအတွေ့အကြုံများကြောင့်ဖြစ်လေသည်။
သူကိုယ်တိုင်ပင် ယခင်ဤကမ္ဘာသို့စရောက်ခါစက ကြောက်ရွံ့နေသော ကလေးတစ်ယောက်ကဲ့သို့ စိတ်ဓာတ်မျိုးရှိခဲ့စဉ်တွင်သာ ထိုသို့ကြုံတွေ့ခဲ့ရပါက သူသည်လည်းကြောက်လန့်တကြား ဖြစ်နေဦးမည်သာ ဖြစ်ပေသည်။
သို့သော်ယခုတွင်မူ သူ၏ အတွင်းပိုင်း၌ တစ်စုံတစ်ခု ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
သတိထားမိသလောက်ဆိုပါက သွေးပင်လယ်မှ ပြန်ရောက်လာသည့်အချိန်မှစ၍ သူသည်ထိုသို့ ပြောင်းလဲသွားခဲ့ခြင်း ဖြစ်လေသည်။
ယင်းသည် နဂါးသွေးမျိုးဆက်ကြောင့်လော သို့မဟုတ် သေလုမြောပါး အတွေ့အကြုံများစွာကို ဖြတ်သန်းခဲ့ရ၍ကြောင့်လောဟူ၍ သူသေချာမသိပေ။
အကြောင်းပြချက်အစစ်အမှန်ကို သူမသိနိုင်သော်လည်း သေခြာသည်တစ်ခုမှာ ယခုအချိန်တွင် သေခြင်းတရားသည် သူ့အတွက် ယခင်ကလောက် ကြောက်စရာကောင်းသောချိန်းခြောက်မှုတစ်ခု ဟုတ်မနေတော့ခြင်းပင်ဖြစ်သည်။
“အခုပဲ”
အာရန်သည် ငြိမ်သက်စွာရပ်နေရာမှ စတင်အမိန့်ပေးလိုက်သည်။
စကားလုံးသည် သူ့ နှုတ်ခမ်းမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သင်္ဘောမှ အခြား အားကောင်းသော စွမ်းအင်ဗုံးတစ်လုံး ထပ်မံထွက်ပေါ်လာလေသည်။
ထိုစွမ်းအင်ဗုံးဆီမှ ရောင်ဝါများသည် ပုံရိပ်ယောင် နဂါးများကို ဖြတ်တောက်ကာ ပုံရိပ်ယောင်၀င်္ကဘာပုံစံကွက်၏ အဓိကဗဟိုချက်ဆီသို့ တိုက်ရိုက် ဦးတည်သွားလေသည်။
ပုံရိပ်ယောင်၀င်္ကဘာပုံစံကွက်ကို ကာကွယ်နေသော အကြီးအကဲများသည် ထိုကောင်းကင်မှ တောက်ပသော အလင်းရောင်များကျဆင်းလာသည်ကို တုံ့ပြန်ရန် အချိန်အနည်းငယ်သာ ရရှိခဲ့သည်။
သူတို့ တုံ့ပြန်နိုင်ခြင်းမရှိခင်မှာပင် ယင်းသည် သူတို့၏ အပေါ်သို့ ကျဆင်းလာခဲ့သည်။
သူတို့သည် အော်ဟစ်ရန် အခွင့်အရေးတစ်ခုပင် မရရှိလိုက်ဘဲ သေဆုံးသွားကြလေသည်။
ထိုပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် ပုံရိပ်ယောင်၀င်္ကဘာပုံစံကွက်မှာလည်း လုံး၀ ပျက်စီးသွားခဲ့လေသည်။
ကောင်းကင်စစ်သင်္ဘော၏ အမိန့်ပေးခန်းအတွင်းတွင် အမျိုးသမီးငယ်တစ်ဦးသည် သူမကို ကူညီပေးနေသော သင်္ဘောသားများ ဝန်းရံလျက် မျက်နှာပြင်တစ်ခုရှေ့တွင် ရပ်နေလေသည်။
“ကျွန်တော်တို့ ၀င်္ကဘာပုံစံကွက်ရဲ့ ဗဟိုချက်ကို တွေ့ရှိထားပြီးပါပြီ အဲ့ဒါဟာ အရှေ့ဘက်ခြမ်းမှာ ရှိနေပါတယ် နေရာအတိအကျကို မှတ်သားထားပါတယ်” သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက သူမကို အသိပေးလိုက်လေသည်။
အာရန်က အဘယ့်ကြောင့် ဤထိန်းချုပ်မှုများကို ထိုမိန်းကလေးအား ပေးအပ်ခဲ့ခြင်းဆိုသည်ကို သူတို့ နားမလည်နိုင်ကြပေ။
သူတို့သည် ဤအခြေအနေကို ပို၍ ထိရောက်စွာ ကိုင်တွယ်နိုင်သော်လည်း အာရန်က သူတို့အား မည်သည့်အရာကိုမျှ မထိရန် တားမြစ်ထားလေသည်။
ဤတိုက်ပွဲအတွင်း ထိုမိန်းကလေးသည် သင်္ဘော၏ တိုက်ခိုက်ရေးစနစ်များကို အပြည့်အဝ ထိန်းချုပ်ခွင့်ရထားလေသည်။
တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်ပါက သူမအမိန့်ဆီမှသာ လာရမည်ဖြစ်လေသည်။ သင်္ဘောသားများသည် သူမ၏ နောက်မှသာ လမ်းညွှန်ပြသပေးနိုင်လေသည်။
အကြောင်းပြချက်ကို နားမလည်သော်လည်း သူတို့သည် အကြီးအကဲရန်၏ အမိန့်ကို လိုက်နာခဲ့ကြလေသည်။
သူတို့သည် သူမအား တတ်နိုင်သမျှ ကူညီပေးခဲ့ကြသည်။
သူတို့၏ အကူအညီကြောင့်ပင် အမျိုးသမီးငယ်သည် အသူရာဂိုဏ်း၏ နယ်မြေတစ်ဝိုက်တွင် ပြန့်ကျဲနေသော ၀င်္ကဘာပုံစံကွက်များ၏ ဗဟိုများကို ရှာဖွေနိုင်ခဲ့လေသည်။
ဤသို့ဖြင့် အသူရာဂိုဏ်း အားကိုးနေသော ပုံစံကွက်များအားလုံး တစ်ခုပြီးတစ်ခု ပျက်စီးသွားကြလေသည်။
အသူရာဂိုဏ်းမှ မဟာအကြီးအကဲများသည် ကြောက်လန့်တကြား ကြည့်ရှုနေရုံသာ တတ်နိုင်ကြတော့သည်။
သူတို့သည် သူတို့နှင့် အကြီးအကဲတစ်ဦးကြား တိုက်ပွဲဟု ထင်မှတ်ထားခဲ့ကြလေသည်။
သို့သော် ယခုကဲ့သို့ သူတို့နှင့် စစ်သင်္ဘောအကြားတိုက်ပွဲတစ်ခုအဖြစ် မည်သို့ဖြစ်သွားမှန်း မသိနိုင်ကြချေ။
ဤမိစ္ဆာဂိုဏ်းမှ အကြီးအကဲသည် သူတို့နှင့် မျှတစွာ မတိုက်ခိုက်ခဲ့ဘဲ ပြင်ပအင်အားကို အသုံးပြုခြင်းကဲ့သို့ ရှက်စရာကောင်းသော နည်းလမ်းကိုသာ အသုံးပြုခဲ့လေသည်။
မိစ္ဆာဂိုဏ်း၏ အကြီးအကဲများအကြောင်း သူတို့ကြားထားသည့်အရာများနှင့် အဘယ့်ကြောင့် ဤမျှ ကွဲပြားခြားနားနေရသနည်း။
ပုံစံကွက်များအားလုံး ပျက်စီးသွားသည်ကို မြင်သောအခါ မဟာအကြီးအကဲလီယန် သည် သူ၏ လက်များ တုန်လှုပ်နေသည်ကို ခံစားလိုက်ရသည်။
“မဆိုးဘူးပဲ”
အာရန်က အပျက်အစီးမြင်ကွင်းကို ကြည့်ရှုရင်း ပြုံးလိုက်သည်။
သူသည် ဖန်ခွက်အလွတ်တစ်ခုကို ကိုင်ထားသောလက်ကို ကမ်းပေးလိုက်သည်။
ရဲ့လန်သည် စစ်မှန်သော အစေခံတစ်ဦးကဲ့သို့ အာရန်၏ ဖန်ခွက်ထဲသို့ ဝိုင်များ ထပ်ထည့်ပေးသောအခါ သူ၏ နှုတ်ခမ်းများတွင် အပြုံးတစ်ခုပေါ်လာလေသည်။
“ဒါက အချိန်အကြာကြီး မယူလိုက်ရပါလား”
အာရန်က အက်ရှင်ရုပ်ရှင်ကားတစ်ကား ကြည့်နေသကဲ့သို့ ထိုမြင်ကွင်းကို ခံစားရင်း ပြောလိုက်သည်။
ပုံစံကွက်များ ပျက်စီးသွားသည်နှင့် တပြိုင်နက် သင်္ဘောမှ တိုက်ခိုက်မှုများသည် မဟာအကြီးအကဲများဆီသို့ရောက်ရှိသွားလေသည်။
တစ်ချိန်တည်းမှာပင် တပည့်ကိုးယောက်သည် ဂိုဏ်းအတွင်းသို့ ဝင်ရောက်ကာ တိုက်ခိုက်မှုများကိုစတင်လုပ်ဆောင်ကြတော့သည်။
အာရန်ရွေးချယ်ထားသည့် မိန်းကလေးတစ်ဦးတည်းသာ အခြားတပည့်များ၏ တိုက်ပွဲတွင် မပါဝင်ဘဲ အမိန့်ပေးခန်းအတွင်းမှနေ၍ မဟာအကြီးအကဲများကို တိုက်ခိုက်နေခဲ့လေသည်။
အာရန်သည် ကလိန်ကကျစ်ကျရန် အကောင်းဆုံးနည်းလမ်းကို အမှန်တကယ် ရှာဖွေတွေ့ရှိခဲ့လေသည်။
ဤကဲ့သို့ ကောင်းမွန်သော လက်နက်အဖြစ်အသုံးပြုနိုင်သော သင်္ဘောသာရှိနေပါက သူအဘယ့်ကြောင့်သူသည် အခြားအရာများကို စိုးရိမ်နေရဦးမည်နည်း။
ဖန်းယုသည် ဤခရီးအတွက် ဤသင်္ဘောကို သူ့အား ပေးအပ်သောအခါ ဤအရာကို တွေးမိခဲ့မည်မဟုတ်ကြောင်း သူသေချာသိနေခဲ့သည်။
သူမသည် သူအား တပည့်များစွာကို ခေါ်ဆောင်သွားရန်မျှော်လင့်ခဲ့သောကြောင့် ခရီးသွားရန်အတွက်သာ ဤသင်္ဘောကို အသုံးပြုခွင့်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းသည် တပည့်များအတွက် လေ့ကျင့်ရေးပုံစံတစ်ခုလည်းဖြစ်လေသည်။
အာရန်သည် သင်္ဘော၏ ပထမလုပ်ဆောင်ချက်ကို ဂရုမစိုက်ခဲ့ပေ။ သူဂရုစိုက်သော အရာအားလုံးသည် ဒုတိယလုပ်ဆောင်ချက်သာဖြစ်လေသည်။
သူသည် သင်္ဘောကို ခဏတာအဖြစ် မိန်းကလေးအား ဦးဆောင်ခွင့် ပေးအပ်လိုက်သောအခါ ထိုအရာသည် သူမ၏ လက်နက်သာဖြစ်သည်ဟု ထည့်တွက်၍ရလေသည်။
ထို့ကြောင့် ဂိုဏ်းကို တိုက်ခိုက်နေကြသူများမှာ အားအနည်းဆုံး တပည့်ဆယ်ယောက်သာ ဖြစ်သည်ဟု ပြော၍ရပေသည်။
သူသည် သူတို့အစားဝင်ရောက် တိုက်ခိုက်ပေးနေခြင်း မဟုတ်ပေ။
ထိုအခါ စနစ်၏ စည်းမျဉ်းများအားလုံးကို လိုက်နာပြီးသား ဖြစ်သွားပြီမဟုတ်ပါလား။
ယင်းသည် ကလိန်ကကျစ်ကျခြင်းတစ်ခုဖြစ်သော်လည်း အထူးသဖြင့် သူ့ကို အမြဲတမ်း ဒုက္ခပေးရန် ကြိုးစားနေသော စနစ်နှင့် ပတ်သက်လာလျှင် စည်းမျဉ်းအတိုင်း လိုက်နာရန်မလိုဟု သူသည်ဆုံးဖြတ်ထားပြီးဖြစ်သည်။
“ကျွန်တော် ဝိုင်တွေထပ်ယူလာပေးပါ့မယ်”
ရဲ့လန်သည် ပုလင်းအလွတ်ကို ဝှေ့ယမ်းပြကာ အာရန်အား သူ၏ အတွေးများမှ နိုးထလာစေရန် ပြောလိုက်သည်။
“ဟမ် ငါတို့ အများကြီး ထပ်လိုမှာ သေချာတယ်”
အာရန်က နောက်တစ်ငုံ သောက်ရင်း ခေါင်းညိတ်သည်။
ထို့နောက် ရဲ့လန်သည် လှည့်ထွက်သွားခဲ့သည်။
သူသည် အခြားဝိုင်ပုလင်းတစ်လုံးကို ကောက်ယူလိုက်သည်။
သူသည် အခြားသူများ ရှိမရှိသေခြာစေရန် ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
သူတစ်ယောက်တည်း ရှိကြောင်း အတည်ပြုပြီးနောက်တွင် ပုလင်းကို ဖွင့်လိုက်သည်။
“မင်းက ငါ့ကို အစေခံအဖြစ် ခေါ်လာဖို့ ဆုံးဖြတ်ပြီး ငါ့ကို အပြစ်ပေးနိုင်မယ်လို့ တွေးနေတယ် ဒါပေမယ့် မင်း ဒီဆုံးဖြတ်ချက်ကို နောင်တရစေရမယ် မင်းရဲ့ မိုက်မဲတဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ငါ့ရဲ့ အဓိကတာဝန်ကို ဒီနေရာမှာပဲ ပြီးမြောက်အောင် လုပ်ဆောင်နိုင်တော့မယ်”
ရဲ့လန်သည် သူ၏ စနစ်သိုလှောင်ခန်းအတွင်းမှ ဖန်ပြွန်ငယ်လေးတစ်ခုကို ထုတ်ယူလိုက်သည်။
သူသည် အမည်မသိသော အနက်ရောင်အမှုန့်ငယ်များဖြင့် ပြည့်နှက်နေသော ထိုပြွန်ငယ်လေးကို ဖွင့်လိုက်သည်။
ထို့နောက်ရဲ့လန်သည် ထိုဝိုင်ပုလင်းထဲသို့ အနက်ရောင်အမှုန့်လေးများကို ဂရုတစိုက် လောင်းထည့်လိုက်လေသည်။
#Catfoot