နာမည်နှင့်မျက်နှာမသိသူ
Vol. 11 Ch. 143
အာရန်သည် အသူရာဂိုဏ်း၏ ဘဏ္ဍာတိုက်တွင် သိမ်းဆည်းထားသော ရတနာများကို စစ်ဆေးနေခဲ့သည်။
သူသည် ရှေးဟောင်းပစ္စည်းများကို တစ်ခုပြီးတစ်ခု ခွဲခြားသတ်မှတ်ခြင်း အစွမ်းကို အသုံးပြု၍ ရွေးချယ်နေခဲ့သည်။
ဘဏ္ဍာတိုက်သည် သူထင်ထားသည်ထက် များစွာ ပိုကြီးပြီး ရှေးဟောင်းပစ္စည်းအရေအတွက်မှာလည်း အတော်များပြားလေသည်။
မိစ္ဆာဂိုဏ်းချုပ်သည် ထိုကဲ့သို့ အရေးမပါသော ဂိုဏ်းမှ ပစ္စည်းများကို ဂရုမစိုက်သောကြောင့် သူသည် ၎င်းတို့ကို ဂိုဏ်းသို့ ပေးရန် မလိုအပ်ပေ။
ထို့ကြောင့် သူသည် ဤရတနာများအားလုံးကို စိတ်ကြိုက် သိမ်းဆည်းထားနိုင်လေသည်။
အာရန်သည် သူ့အတွက် အသုံးဝင်သော ကောင်းမွန်သည့် ရှေးဟောင်းပစ္စည်း အတော်များများကို တွေ့ခဲ့ရသည်။
ထိုအထဲမှ သူ၏ တပည့်များကို ပေးလိုသော ပစ္စည်းအနည်းငယ်ကိုလည်း ရလိုက်လေသည်။
ဤဘဏ္ဍာတိုက်တစ်ခုလုံးရှိ ရှေးဟောင်းပစ္စည်းများသည် သူ၏ တပည့်များကို ပေးရန် အတွက် ဈေးဝယ်စင်တာတစ်ခုကဲ့သို့ပင် တူနေလေသည်။
ထို့နောက် စိတ်ကြိုက်ရွေးချယ်မှုများပြုလုပ်ပြီးသောအခါ ဆီရာဆီသို့ လှည့်ကြည့်လိုက်သည်။ ဆီရာသည် နောက်ဆုံးစာအုပ်စင်ကို စစ်ဆေးနေသည်ကို တွေ့လိုက်ရသည်။
သူမ၏ မျက်နှာအမူအရာသည် စိတ်ပျက်ခြင်းများဖြင့် ပြည့်နှက်နေပြီး ထိုသို့ဖြစ်နေရသည့် အကြောင်းအရင်းကိုလည်းသူသည် ကြိုတင်သိရှိပြီးသားဖြစ်လေသည်။
သို့သော် အာရန်သည် ထိုအရာကို ထုတ်ဖော်မပြောဘဲ “မင်း ရှာနေတာ တွေ့ပြီလား” ဟု မေးလိုက်သည်။
“အဲ့ဒါက ဒီမှာ မရှိဘူး”
ဆီရာက ထိုစာအုပ်စင်ရှိ နောက်ဆုံးစာအုပ်ကို ပြန်ထားလိုက်သည်။
သူမ၏ မျက်နှာသည် မေးခွန်းများဖြင့် ပြည့်နှက်နေခဲ့သည်။
ဒြပ်စင်ခြယ်လှယ်ခြင်းအနုပညာ စာအုပ်သည် မည်သည့်နေရာသို့ရောက်ရှိသွားရသနည်း။
၎င်းသည် ဤနေရာတွင် ရှိသင့်သည်မဟုတ်ပေဘူးလား။ တစ်စုံတစ်ယောက်မှု သူမထက်လက်ဦးမှု ရယူသွားခဲ့ခြင်းများလား။
“အဲ့ဒီစာအုပ်က အစကတည်းက ဒီနေရာမှာ ရှိခဲ့တယ်ဆိုတာ မင်း ကဘယ်လိုလုပ်သေခြာသိနေတာလဲ ကောလာဟလတစ်ခုလဲ ဖြစ်နိုင်နေတာပဲလေ”
“ကောလာဟလ မဟုတ်ဘူး”
“မင်း ဘာကြောင့် သေချာပြောနိုင်ရတာလဲ”
“ကျွန်မမှာ သတင်းရင်းမြစ်ကောင်းတစ်ခုရှိတယ် သူက အကယ်ဒမီက ပါမောက္ခတစ်ယောက်ပေ့ါ”
ဆီရာသည် အာရန်မှ သူမအား မယုံကြည်ဟု ထင်သောကြောင့် စတင်ရှင်းပြလိုက်သည်။
“သေမင်းတောအုပ်ထဲက အမွေအနှစ်ရယ် ဆုံးရှုံးခြင်းတောင်က နှောင်ကြိုးဖြတ်ဓားနဲ့ ခုအသူရာဂိုဏ်းထဲက ဒြပ်စင်ခြယ်လှယ်ခြင်း စာအုပ်အကြောင်းတွေကို သူပြောပြခဲ့တာ”
“ကျွန်မက သေမင်းတောအုပ်ထဲက ရှေးဟောင်းအမွေအနှစ်ကို ရှာတွေ့နိုင်ခဲ့တယ် ဒါပေမယ့် ရှင်ကအဲ့ဒီအရာကို ယူသွားခဲ့တယ် ပြီးတော့ ဆုံးရှုံးခြင်းတောင်ကို သွားတဲ့အခါမှာလဲ နှောင်ကြိုးဖြတ်ဓားကို ထပ်မံရှာတွေ့ခဲ့တယ်”
“ဒါကြောင့် နောက်ဆုံးမှာ ကျွန်မ ဒီကို ရောက်လာခဲ့တာပဲ အခုထိတော့ သူ့စကားတွေက တစ်ခုမှ မမှားဘူးသေးဘူး အဲ့ဒီစာအုပ်ကလည်း ဒီမှာ ရှိနေသင့်တာပဲ ခုလိုမဖြစ်သင့်ဘူး”
‘နှောင်ကြိုးဖြတ်ဓားလား ဒါ..ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ နောက်လအနည်းငယ်ကြာမှ အဲ့ဓားကို ရဲ့လန်က ယူဆောင်နိုင်ရမှာမဟုတ်လား နောက်တစ်ကြိမ် အနာဂတ်က ထပ်ပြီး ပြောင်းလဲသွားပြန်ပြီ’
အာရန်သည် သူ၏ကိုယ်ပုင် အတွေးများဖြင့် တိတ်ဆိတ်သွားခဲ့သည်။
အာရန်သည် နှောင်ကြိုးဖြတ်ဓားကို ရယူလိုခဲ့သော်လည်း ဆုံးရှုံးခြင်းတောင်ပေါ်သို့ ခြေချလိုစိတ်မရှိပေ။
ယင်းသည် ခွန်အား ကျွမ်းကျင်မှုအစရှိသည့်အရာများကြောင့်မဟုတ်ပေ။
ထိုနေရာသို့ ဝင်ရောက်ရန်မှာ လွယ်ကူသော်လည်း ထိုနေရာမှ ပြန်လည်ထွက်ရန် မူကား အလွန်ခက်ခဲလေသည်။
ကံကောင်းမှု တစ်ခုနှင့်သာမကြုံကြိုက်ခဲ့ပါက အရှင်သခင်တစ်ဦးပင်လျှင် ဤအရှေ့တိုက်ရှိ တားမြစ်နယ်မြေတစ်ခုဖြစ်သော ဆုံးရှုံးခြင်းတောင်မှ အလွယ်တကူ ပြန်လည်ထွက်ခွာနိုင်မည်မဟုတ်ဟု ဆိုရိုးရှိလေသည်။
အာရန်သည် သူ၏ ကံသည် မည်မျှဆိုးရွားကြောင်းကို သိထားပြီးဖြစ်သဖြင့် ထိုနေရာသို့ ကိုယ်တိုင် မသွားရန် ဆုံးဖြတ်ခဲ့သည်။
သူသည် ရဲ့လန်ကို ထိုနေရာသို့ စေလွှတ်ပြီးမှသာ ထိုဓားကို သူ့ထံမှ လုယူရန် စီစဉ်ထားခဲ့ခြင်းဖြစ်သည်။
‘ဒါဆို ငါတစ်ယောက်တည်း အနာဂတ်ကို ပြောင်းလဲနေတာ မဟုတ်ဘူးပဲ ဒါက ဒုက္ခများတော့မှာပဲ တောင်ပိုင်းတိုက်ကြီးကနေပြီး ဒီအရှေ့ဘက်တိုက်ကြီးရဲ့ အနာဂတ်ဖြစ်စဉ်တွေကို ပြောင်းလဲဖို့ကြိုးစားနေတဲ့ ဒီပါမောက္ခက ဘယ်သူလဲ’
အာရန်သည် အနည်းငယ်ခေါင်းကိုက်လာခဲ့သည်။ အရာအားလုံး တည်ငြိမ်လာပြီဟု သူထင်မိသောအခါ နောက်ထပ် ဒုက္ခရောက်စရာတစ်ခု ရောက်ရှိလာခြင်းမျိုးသည် ပုံမှန်လိုပင်ဖြစ်နေလေသည်။
“ဒီပါမောက္ခ... သူက ဒီလိုမျိုး သိနိုင်ရအောင် သူ့မှာ ဘယ်လို စွမ်းရည်မျိုးတွေများရှိနေတာလဲ”
“ကျွန်မလည်း သေချာတော့ မသိဘူး ရတနာတွေ ရှာဖွေတာနဲ့ ပတ်သက်နိုင်မလား ဒါပေမဲ့ ကျွန်မ ဘယ်တုန်းကမှ ဒီကိစ္စတွေ မစပ်စုဘူးဘူး အကယ်ဒမီက လူအတော်များများကို သူကူညီပေးခဲ့တာကိုပဲ သိတယ်”
ဆီရာက ပြန်ဖြေလိုက်သည်။
“အစပိုင်းမှာ ကျွန်မလည်း သံသယဝင်ခဲ့တယ် ဒါပေမယ့် သူကကျွန်မကို နှစ်ကြိမ်တိုင်တိုင် မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့တယ် ဒါက တိုက်ဆိုင်မှု မဖြစ်နိုင်တော့ဘူး”
သူမက တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“ဒါကြောင့်ပဲ ကျွန်မနားမလည်နိုင်ဖြစ်သွားတာ ဒြပ်စင်ခြယ်လှယ်ခြင်း စာအုပ်က ဘာလို့ ဒီမှာ မရှိနေတာလဲ”
“ဒါနဲ့ သူ့နာမည်ကိုကော ပြောပြပေးနိုင်မလား”
အာရန်သည် ထိုပါမောက္ခကို စိတ်ဝင်တစားဖြင့် မေးလိုက်သည်။
ထိုလူ၏ စွမ်းဆောင်ရည်နှင့်ပတ်သက်၍ သူ့တွင် မကောင်းသော ခံစားချက်တစ်ခု ရှိနေလေသည်။
ထိုသူသည် တောင်ပိုင်းတိုက် ဝတ္ထုအတွင်းမှ အဓိကဇာတ်လိုက်များလား။
သို့မဟုတ် သူသည် သူ့ကဲ့သို့ပင် အခြားသော ကမ္ဘာကူးပြောင်းလာသူ တစ်ဦးပင်လော။
အာရန်သည် ဤလူကို လျစ်လျူရှု၍ မရကြောင်း သိနေလေသည်။
“ရပါတယ် သူ့နာမည်က...”
ဆီရာက ဖြေရန် ကြိုးစားလိုက်သော်လည်း နာမည်ကိုခေါ်ခါနီးတွင် ရပ်တန့်သွားလေသည်။
“ဟမ် သူ့နာမည်ကို ငါဘာလို့ မမှတ်မိတော့တာလဲ”
သူမသည် ထိုသူ၏နာမည်ကို မှတ်မိရန် ကြိုးစားလိုက်သော်လည်း ဘာကြောင့်မှန်းမသိ သူမလုံး၀မမှတ်မိနိုင်ဖြစ်နေရလေသည်။
သူမသည် မည်မျှပင် သတိရအောင် ကြိုးစားစေကာမူ ထိုပါမောက္ခ၏ နာမည်ကို မစဉ်းစားနိုင်ခဲ့ပေ။
“သူက ဘယ်လိုပုံစံမျိုးလဲ”
အာရန်သည် မေးခွန်းကို ပြောင်းလဲမေးလိုက်သည်။
သူ့တွင် ဖြစ်ပေါ်နေသော မကောင်းသည့် ခံစားချက်တစ်ခုသည် ပိုမို၍ ပြင်းထန်လာလေသည်။
ဆီရာသည် မှာလည်း ပို၍ စိတ်ရှုပ်ထွေးနေပုံရလေသည်။
သူမသည် ထိုသူ၏ နာမည်ကို မမှတ်မိနိုင်ရုံသာမက ထိုသူ၏ မျက်နှာကိုပါ မမှတ်မိတော့ပေ။
သူမ ထိုသို့ဖြစ်ခြင်းသည် အလွန်ထူးဆန်းကြောင်း သိလိုက်သည်။
သူမ၏ မှတ်ဉာဏ်တွင်ပင် တစ်စုံတစ်ခု မှားယွင်းနေ၍လားဟုတောင် တွေးလိုက်မိသည်။
သူမသည် ကျန်အရာများ အားလုံးကို မှတ်မိနိုင်လေသည်။
သူရဲကောင်းအကယ်ဒမီရှိ အခြားပါမောက္ခများ၏ နာမည်များနှင့် မျက်နှာများကို သူမ သေခြာစွာမှတ်မိနေသော်လည်း ထိုသူသည် သူမ လုံး၀ မှတ်မိမနေသည် တစ်ဦးတည်းသော ပါမောက္ခတစ်ဦးလည်း ဖြစ်လေသည်။
ဆီရာသည် သူမ၏ နဖူးကို ပြန်လည်ပွတ်သပ်လိုက်သည်။
“ငါဒီမှာ ဘာတွေ ဖြစ်နေတာလဲ သူ့နာမည် ဒါမှမဟုတ် မျက်နှာလေးကိုတောင် ဘာလို့ မမှတ်မိနိုင်ရတာလဲ”
“တော်ပြီ မင်း ထပ်ကြိုးစားရင်တောင် သူ့ကို မှတ်မိမယ်လို့ ငါမထင်တော့ဘူး ဒါကသူ့ရဲ့ သွေးမျိုးဆက်စွမ်းရည်တွေထဲက တစ်ခုဖြစ်မယ်ထင်တယ် တခြားသူတွေက သူ့ကို တိုက်ရိုက် မကြည့်နေရင် သူ့နာမည်နဲ့ မျက်နှာကို မေ့သွားစေတဲ့ စွမ်းရည်မျိုးပေါ့ ဒါကြောင့် မင်း အရင်က သတိမထားမိခဲ့တာ”
အာရန်သည် တောင်ပိုင်းတိုက်ကို ပုံဖော်ထားသော ဝတ္ထုကို မဖတ်ဖူးခဲ့ပေ။
တောင်ပိုင်းတိုက်အကြောင်း သူသိထားသည့်အရာမှာ သူဖတ်ခဲ့ရသော အရှေ့တိုက်၏ ဝတ္ထုတွင် ဖော်ပြထားသော အနည်းငယ်မျှသာဖြစ်လေသည်။
ထို့ကြောင့် သူသည် ဝိညာဉ်လမ်းလျှောက်သူ နှင့် သူရဲကောင်းအကယ်ဒမီမှ အခြား သန်မာသော သူရဲကောင်းအချို့အကြောင်းကိုသိနေခဲ့ခြင်းဖြစ်လေသည်။
သို့သော် ရတနာများ ရှာဖွေရန် သို့မဟုတ် လူများအား သူ၏ တည်ရှိမှုအကြောင်း မေ့သွားစေနိုင်သောစွမ်းရည်ပိုင်ဆိုင်ထားသော သူရဲကောင်းအကြောင်းကိုမူ ဖော်ပြထားခြင်း မရှိပေ။
သူသည် ၀တ္ထုတွင်ပါဝင်ရန် အရေးမပါလွန်းသောကြောင့် သို့မဟုတ် သူ့တွင် အခြားထူးခြားသည့်အရာတစ်ခုခု ဖြစ်ပျက်နေသောကြောင့်လည်း ဖြစ်နိုင်လေသည်။
သို့သော် ရှင်းလင်းသော အရာတစ်ခုမှာ ယခုတစ်ကြိမ်တွင် ထိုသူသည် အခြားတိုက်များတွင် သူ၏ တည်ရှိမှုအကြောင်းကို လူသိရှင်ကြား ပြသရန် ကြိုးစားနေခြင်းပင်ဖြစ်လေသည်။
ထိုသူသည် အရှေ့တိုက်၏ အနာဂတ်ကို ပြောင်းလဲပစ်နေရုံသာမက ထိုသူ၏ လုပ်ရပ်များသည် သူ၏ အနာဂတ်အစီအစဉ်များကိုလည်း ပျက်စီးစေနိုင်လေသည်။
ယင်းသည် အရှေ့ဘက်တိုက်တစ်ခုတည်းတွင်သာ ဖြစ်ပျက်နေခြင်းလား ဆိုသည်ကိုလည်း အာရန်သည် သေချာမသိနိုင်ပေ။
ထိုသူသည် အခြားတိုက်များ၏ အနာဂတ်ကိုလည်းအလားတူ ပြောင်းလဲရန်ကျိုးစားနေခြင်းလား။
ဤသို့သာဆိုပါက သူသည် ဝိညာဉ်လမ်းလျှောက်သူထက်ပင် ပို၍ ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်လေသည်။
အာရန်သည် သူ၏ အကန့်အသတ်ရှိသော သိရှိထားမှုပေါ် အခြေခံ၍ ယူဆချက်အနည်းငယ် ပြုလုပ်နိုင်ခဲ့လေသည်။
ဤယူဆချက်များကြောင့် သူ၏ ခေါင်းပင် အနည်းငယ်ပို၍ ကြိမ်းလာခဲ့လေသည်။
#Catfoot