← Chapters

နောက်ထပ် ဧည့်သည်

Vol. 11 Ch. 144

နောက်ထပ် ဧည့်သည်

Vol. 11 Ch. 144

“သူ့အကြောင်း တခြားဘာတွေများ မှတ်မိသေးလဲ”

အာရန်က အနာဂတ်တွင် ထိုသူအား မှတ်မိနိုင်မယ့် အရိပ်အမြွက်များရနိုင်ရန် ကြိုးစား၍ မေးလိုက်သည်။

ဆီရာက မျက်မှောင်ကြုတ်လိုက်ပြီး အသေးစိတ်အချက်အလက်များကို ပြန်လည်အမှတ်ရရန် ကြိုးစားကြည့်လိုက်သည်။

“သူက.... သူ့ကို မြင်ရတိုင်း မျက်နှာကလွဲလို့ သူ့ခန္ဓာကိုယ်အများစုကို ဖုံးအုပ်ထားတဲ့ ဝတ်ရုံရှည်ကြီးတစ်ထည်ကို အမြဲဝတ်ထားလေ့ရှိတယ်ပြီးတော့ လက်အိတ်တစ်ခုလည်းဝတ်ထားလေ့ရှိတယ်”

သူမတတ်နိုင်သလောက် မှတ်မိသည့်အရာများကို အာရန်အား အကောင်းဆုံး ပြောပြလိုက်သည်။

“သူက အနက်ရောင်ဝတ်ရုံ ဝတ်ထားပေမယ့် သူ့လက်အိတ်ကကျ လုံးဝအဖြူရောင်ပဲ သူ့အသံကလည်း အလွန်တည်ငြိမ်ပြီး အရာရာကိုသွေး အေးအေးပဲ လုပ်တတ်ပုံရတယ် ဒါပေမယ့် ကျွန်မမှတ်မိတာ အဲ့ဒါအကုန်ပဲ”

ကံမကောင်းစွာဖြင့် သူမသည် ထိုသူ၏ ပုံမှန်ဝတ်စုံကလွဲ၍ တခြားအချက်အလက်များကို မမှတ်မိခဲ့ပေ။

သူရဲကောင်းအကယ်ဒမီမှာ ဝတ်ရုံ ဒါမှမဟုတ် အင်္ကျီရှည် ဝတ်သော ပါမောက္ခ မြောက်များစွာရှိလေသည်။

ဝိညာဉ်လမ်းလျှောက်သူသည်လည်း အတူတူပင်ဖြစ်သည်။

သို့သော် အဖြူရောင်လက်အိတ်… ထိုအရာက အာရန်အား နည်းနည်း စိတ်ဝင်စားသွားစေသည်။

“ရှင် ဘာလို့ အဲ့ဒီလူအကြောင်းကို အဲ့လောက် မေးနေတာလဲ ရှင်လည်း သူ့ဆီက အကူအညီတစ်ခုခု လိုချင်နေတာလား”

ဆီရာသည် အာရန်အား သူ၏ စိတ်ကူးယဉ်ကမ္ဘာကနေ အမေးတစ်ခုဖြင့် ပြန်ခေါ်လိုက်လေသည်။

အာရန်က ဆီရာ၏ အမေးကို မဖြေခဲ့ချေ။ အကူအညီလား။ ထိုသို့မဟုတ်ပေ။

အကူအညီဆိုခြင်းထက် သူ့အား ခြိမ်းခြောက်နိုင်သည် အရာအားလုံးကို ဖယ်ရှားပစ်ချင်နေခဲ့သည်။

ထိုလူသည်လည်း ... သူဖယ်ရှားရမည့် လူများထဲမှတစ်ဦးပင် ဖြစ်လေသည်။

ထိုသူသည် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လေသည်။

‘ဒီလူ... သူက ကမ္ဘာကူးပြောင်းလာသူလား ဒါမှမဟုတ် အခြားအဓိကဇာတ်လိုက်တစ်ယောက်များလား ထားလိုက်ပါ ဒါတွေက အရေးမကြီးပါဘူး ဘယ်လိုပဲဖြစ်ဖြစ် တကယ်အရေးကြီးတာက သူက အန္တရာယ်ရှိနေတယ်ဆိုတာပဲ’

“မင်းင့ါကို…”

အာရန်သည် မိန်းကလေးထံမှ အကူအညီတစ်ခုထပ်မံတောင်းဆိုရန် ပြင်ဆင်နေစဉ် သူ၏ စကားမဆုံးခင်မှာပင် တံခါးတစ်ချပ်သည်ပွင့်သွားလေသည်။

“အကြီးအကဲ ရှင့်”

အမျိုးသမီးငယ်တစ်ဦး အလျင်အမြန် ဝင်လာခဲ့သည်။

ထိုအမျိုးသမီးငယ်သည် အသူရာဂိုဏ်းအား ဖျက်ဆီးရန် ဝင်ရောက်ခဲ့သော အပြင်စည်းတပည့်ကိုးယောက်ထဲမှ တစ်ဦးဖြစ်လေသည်။

“ဘာဖြစ်တာလဲ ဘာလို့ ဒီလောက် အလျင်လိုနေတာလဲ တိုက်ပွဲပြီးသွားပြီဆိုတာကို ငါ့ကို အသိပေးဖို့ပဲဆိုရင် မင်းလုပ်စရာ မလိုဘူး ငါ အခုပဲ ကိုယ်တိုင် မြင်နေရတယ်လေ”

တိုက်ခိုက်သံများ တိတ်ဆိတ်သွားတာသည်ကို အာရန်ကိုယ်တိုင် ခံစားသိနိုင်လေသည်။

မြေပြင်သည်လည်း တုန်လှုပ်ခြင်းများမရှိတော့ပေ။ထိုအရာသည် တိုက်ပွဲ ပြီးဆုံးသွားပြီဖြစ်သည့် အဓိပ္ပာယ်ပင်မဟုတ်ပါလား။

အပြင်စည်းတပည့်များသည် ထိုအရာကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သည်။

“မ-မဟုတ်ပါဘူး တိုက်ပွဲပြီးသွားတာမှန်ပေမယ့် တခြားတစ်ခု ဖြစ်သွားပါတယ် ကျွန်မတို့ အကြီးအကဲရဲ့ဆုံးဖြတ်ချက်ကို လိုအပ်နေပါတယ်”

“ဘာကြောင့်လဲ”

အာရန်က အနည်းငယ် ရှုပ်ထွေးသွားဟန်ဖြင့် မေးလိုက်သည်။

တိုက်ပွဲပြီးသွားရင် သူတို့ ဘာလိုအပ်ဦးမှာလဲ။ အခုချိန်ဆိုလျှင် ပျော်ပွဲခံနေသင့်ပြီမဟုတ်ပါလော။

“နောက်ထပ် ကောင်းကင်စစ်သင်္ဘောတစ်စင်းကို တွေ့လိုက်ရတယ် အလံမှာ သင်္ကေတတစ်ခု ပါတယ် အဲဒီသင်္ကေတက... အကြီးအကဲ ကိုယ်တိုင်သာ လာကြည့်ပါတော့ရှင်”

မိန်းကလေးက ထိတ်လန့်နေဟန်ဖြင့်ပြန်လည်တင်ပြလိုက်လေသည်။

သူမသည် စစ်ပွဲကို အနိုင်ရလိုက်သော်လည်း ပျော်ရွှင်နေပုံမရချေ။

ယင်းအစား သူမရဲ့ မျက်နှာအမူအရာမှာ အနည်းငယ်ပိုမို တင်းမာနေဟန်ပင်ရလေသည်။

“နောက်ထပ် စစ်သင်္ဘောတစ်စင်း”

အာရန်သည် ထိုအချက်ကို ကြားသောအခါ မျက်မှောင်ကြုတ်သွားလေသည်။

အရှေ့တိုက်တွင် မိစ္ဆာဂိုဏ်းတွင်သာ ထိုကဲ့သို့ ကောင်းကင်စစ်သင်္ဘောများ တည်ရှိခြင်းဖြစ်လေသည်။

ဂိုဏ်းက သူတို့အား ကူညီရန် နောက်ထပ် စစ်သင်္ဘောတစ်စင်း စေလွှတ်ခြင်းမှာ မဖြစ်နိုင်ချေ။

ဤသို့ဆိုပါက တစ်ခုတည်းသော ဖြစ်နိုင်ချေက... ထိုစစ်သင်္ဘောသည် တခြားတိုက်တစ်ခုမှ ရောက်လာခြင်းဟုဆိုလိုခြင်းမဟုတ်ပါလား။

“မင်းအမေက မင်းကို ပြန်ခေါ်ဖို့ လာတာလို့တော့ မပြောနဲ့နော်”

အာရန်သည် ဆီရာဘက်သို့ တစ်ချက်လှည့်ကြည့်ကာတွေးလိုက်မိသည်။

မစ်ထ် သည် ထိုကဲ့သို့အရာမျိုးကို ကိုယ်တိုင်လုပ်ဆောင်လိမ့်မယ်ဟု သူ မယုံကြည်သော်လည်း ဖြစ်နိုင်ခြေများကိုမူ လျစ်လျူရှုထား၍ မရပေ။

ထိုအချိန်တွင် ဆီရာမှာလည်း မည်သည့်အရာဖြစ်မှန်း တွေးကြည့်နေလေသည်။

“ကျွန်မလဲ သွားကြည့်လိုက်ဦးမယ်”

ဒြပ်စင်ခြယ်လှယ်ခြင်းအနုပညာစာအုပ်သည် ဤနေရာတွင် မရှိသောကြောင့် သူမအတွက် အသုံးမဝင်တော့သည့် ဤဘဏ္ဍာတိုက်မှ သူမသည် အလျင်အမြန် ထွက်လာခဲ့သည်။

သူမ၏ ကတိအတိုင်း ဤနေရာရှိ အရာအားလုံးသည် အာရန်၏ အပိုင်ဖြစ်ပြီး သူမသည် ထိုကတိကို တည်ခဲ့လေသည်။

အာရန်သည် လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်ကာ ဘဏ္ဍာတိုက်ရှိ အရာအားလုံးကို သူ၏ သိုလှောင်လက်စွပ်အတွင်းသို့ သိမ်းဆည်းလိုက်သည်။

ထို့နောက် ထိုနေရာတစ်ခုလုံး ရှင်းလင်းသွားသောအခါ ဘယ်သူကများ ဤနေရာသို့ ဝင်ရောက်ရန် ကြိုးစားနေသည်ကို သိလိုစိတ်ပြင်းပြစွာဖြင့် ထွက်လာခဲ့လေသည်။

အာရန်သည် အဆောက်အအုံမှ ထွက်လာပြီးနောက် အနောက်ဘက်အရပ်ဆီမှ သူတို့ထံသို့ ဦးတည် ပျံသန်းလာသော အခြားတိုက်ကြီးတစ်ခုမှ လေသင်္ဘောတစ်စင်းဟုယူဆပုံရသော အရာကို သတိပြုမိလိုက်သည်။

သင်္ဘောတစ်ခုလုံးသည် အလွန်တောက်ပ၍ မြင့်မြတ်ဟန်ရသော သင်္ကေတများဖြင့် ဖုံးလွှမ်းထားလေသည်။

သင်္ကေတများနှင့် ပတ်သက်၍... သာမန်လူများဆိုပါက ထိုသင်္ကေတများကို မမှတ်မိနိုင်သော်လည်း မိစ္ဆာဂိုဏ်းမှ လူများမှာမူ ထိုသင်္ကေတကို ကောင်းစွာ မှတ်မိကြလေသည်။

“သန့်စင် ဘုရားကျောင်းကလား သူတို့က ဒီကို ဘာလုပ်ဖို့ရောက်လာကြတာလဲ” အာရန်သည် အတော်လေး စိတ်ရှုပ်ထွေးသွားလေသည်။

မစ်ထ်သည် သူမ၏ သမီးကို အိမ်ပြန်ခေါ်ဆောင်ရန် ကောင်းကင်သင်္ဘောတစ်စင်း စေလွှတ်ခဲ့လျှင်ပင် အဓိပ္ပာယ်ရှိဦးမည်။

သို့သော် အဘယ့်ကြောင့် သန့်စင် ဘုရားကျောင်း ဖြစ်နေရသနည်း။

အာရန်သည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သော်လည်း ဆီရာ၏ အရိပ်အယောင်ကို မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။

“ဟိုမိန်းကလေးက ထွက်ပြေးသွားပြီလား”

အာရန်သည် ခေါင်း ပြန်ကုတ်လိုက်ရင်း အနည်းငယ် စိတ်ပျက်သွားသည်။

သို့သော် သူမ၏ အကြောင်းပြချက်များကို သူနားလည်လေသည်။

သူမသည် သာမန်လူတစ်ယောက် မဟုတ်ပေ။ သူမသည် တောင်ပိုင်းတိုက်မှ အရှင်သခင်တစ်ပါး၏ သမီးဖြစ်လေသည်။

အကယ်၍ သူမကိုသာ သန့်စင်ဘုရားကျောင်းသည် မိစ္ဆာဂိုဏ်းမှ အကြီးအကဲတစ်ဦးနှင့် အတူရှိနေသည်ကို မြင်တွေ့ခဲ့လျှင် နောက်ဆက်တွဲ အတော်လေး ရှုပ်ထွေးမှုများ ဖြစ်ပေါ်လာနိုင်လေသည်။

“အကြီးအကဲ ဒါကို ကျူးကျော်မှုတစ်ခုလို့သတ်မှတ်ရမလား”

အာရန် ၏နောက်ရှိ လူငယ်တစ်ဦးက မေးလိုက်သည်။

သူတို့သည် အသူရာဂိုဏ်းကို ဖြုတ်ချပြီးစဉ်လေးတွင်ပင် ပို၍ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ထပ်မံပေါ်ပေါက်လာသကဲ့သို့ ခံစားလိုက်ကြရသည်။

သူတို့သည် ယခုအချိန်တွင် သန့်စင်ဘုရားကျောင်းအား ရင်ဆိုင်ရန် အဆင်သင့် ဖြစ်မနေပေ။

ဤနေရာသည်လည်း မိစ္ဆာဂိုဏ်းနှင့် အလွန်ဝေးကွာနေပြီး အနောက်ပိုင်းတိုက်ကြီးရှိ သန့်စင် အင်ပါယာ နှင့်ပို၍နီးစပ်လေသည်။

ပိုဆိုးသည်မှာ သူတို့တွင် အကြီးအကဲတစ်ယောက်နှင့် ပြင်ပတပည့် အနည်းငယ်သာ ရှိလေသည်။

စစ်ပွဲတစ်ခုသာအမှန်တကယ် ဖြစ်ပွားခဲ့ပါက အသက်ရှင်ရန် အခွင့်အရေးသည် မရှိသလောက်ပင်ဖြစ်လေသည်။

“ဒါက ကျူးကျော်မှုတစ်ခုလို့ ငါမထင်ဘူး သန့်စင် ဘုရားကျောင်းက အရူးတွေမဟုတ်ဘူးလို့ ငါယုံတယ် သူတို့မှာ ခုလိုနစ်ခရိုမန်ဆာမျှော်စင်အတွက် စိုးရိမ်နေရတဲ့အချိန်မှာ အခြားအရှင်သခင်တစ်ပါးနဲ့ စစ်ခင်းချင်မှာမဟုတ်ဘူး” အာရန်သည် တပည့်များအား စိတ်တည်ငြိမ်သွားစေရန် ကြိုးစားရင်း ပြန်ဖြေလိုက်သည်။

‘ဒါပေမယ့် ဒါက တကယ်စစ်ပွဲတစ်ခုရဲ့ အစဆိုရင်ကော...’

အာရန်၏ အတွေးများထဲတွင်မူ အရာရာကို ဆက်လက်တွေးတောနေမိလေသည်။

အခြားတိုက်များတွင်လည်း အနာဂတ်နှင့်ပတ်သက်၍ မည်မျှပြောင်းလဲသွားပြီဖြစ်သည်ကို သူသည် သေခြာစွာမသိရှိနိုင်ချေ။

သူသည် ယခုအချိန်တွင် အရှေ့တိုက်မှ သူ၏ အနာဂတ်ကို ပြောင်းလဲနေသကဲ့သို့ အနောက်ဘက်တိုက်မှာလည်း အလားတူ သူ့ကဲ့သို့ ပြုမူနေသူတစ်ဦးရှိလေသည်။

ထို့ကြောင့် မည်သည့်အရာကိုမျှ သူသည် သေခြာစွာမပြောနိုင်တော့ပေ။

အာရန်သည် သူ၏ အနားရှိ တပည့်မတစ်ဦး၏ ခါးကို သိုင်းဖက်လိုက်ကာ သူတို့၏ စစ်သင်္ဘောဆီသို့ ပျံသန်းသွားလိုက်လေသည်။

ကျန်လူငယ်တပည့်များသည် စစ်သင်္ဘောပေါ်တွင် သူတို့ကို စောင့်ဆိုင်းနေကြလေသည်။

အာရန်သည် သင်္ဘောပေါ်သို့ ဆင်းသက်ကာ ထိုတပည့်မအား လွှတ်ပေးလိုက်သည်။

မျက်နှာတွင် အနည်းငယ် နီမြန်းနေသော မိန်းကလေးသည် သူမ၏ အဖွဲ့ဆီသို့ ပြန်လျှောက်သွားလိုက်သည်။

တစ်ချိန်တည်းမှာပင် အခြားမိန်းကလေးတပည့်များသည် သူမအား မနာလိုဝန်တိုသော အကြည့်များဖြင့် ကြည့်နေကြလေသည်။

သင်္ဘောမှ တိုက်ခိုက်မှုများကို အမိန့်ပေးစေခိုင်းခဲ့သော တပည့်မလေးသည်လည်း အခြားတပည့်များ တည်ရှိရာအပေါ်ထပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်လေသည်။

မူလ သင်္ဘောသားများသည် သင်္ဘော၏ တိုက်ခိုက်ရေးစနစ်များကို ပြန်လည်ထိန်းချုပ်လိုက်ပြီးဖြစ်လေသည်။

အာရန်သည် သင်္ဘော၏ ရှေ့ဆုံးတွင် တိတ်ဆိတ်စွာ ရပ်လျက် နီးကပ်လာသည့် လေသင်္ဘောတစ်စင်းအားကို စောင့်ဆိုင်းလျက်ရှိနေလေသည်။

#Catfoot

All Chapters