← Chapters

ခုခံနိုင်စွမ်း

Vol. 11 Ch. 147

ခုခံနိုင်စွမ်း

Vol. 11 Ch. 147

အာရန်သည် ဂိုဏ်းအုပ်ဘုန်တော်ကြီးနာသန်နီယယ်၏ တုံ့ပြန်မှုကြောင့် ခဏတာ စိတ်ရှုပ်ထွေးသွားသော်လည်း မကြာမီပင် အဖြေရရှိခဲ့လေသည်။

ထိုအရာကိုသတိထားမိလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ မျက်နှာအမူအရာ များ မှောင်မိုက်သွားရလေသည်။

သူ၏ ခန္ဓာကိုယ်တွင် တစ်စုံတစ်ခု မှားယွင်းနေသောကြောင့် မဟုတ်ပေ။

ယင်းအစား သူ၏ရှေ့တွင် အသိပေးချက်မျက်နှာပြင်တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်လေသည်။

[တော်ဝင်ပင်လယ်နဂါးသွေးမျိုးဆက်သည် အလယ်အလတ်အဆင့် အဆိပ်တစ်ခုကို ချေဖျက်လိုက်ပါပြီ]

အာရန်သည် အသိပေးချက်ကို မြင်သည်နှင့် တစ်ပြိုင်နက် အရာအားလုံးကို သဘောပေါက်သွားလေသည်။

တော်ဝင်ပင်လယ်နဂါးသွေးမျိုးဆက်သည် အလွန်မြင့်မြတ်သော သွေးမျိုးဆက်တစ်ခုဖြစ်သည်။

၎င်း၏ အားသာချက်တစ်ခုမှာ အဆိပ်အများစုကို ခုခံနိုင်စွမ်းရှိခြင်းပင်ဖြစ်သည်။

သူ၏ အဆိပ်လည်ဆွဲတွင် သိမ်းဆည်းထားသော အဆိပ်ကဲ့သို့ တော်ဝင်ပင်လယ်နဂါးကိုပင် သတ်နိုင်သော အဆိပ်များလည်း ဤကမ္ဘာတွင် ရှိနေသေးသေးသည်။

သို့သော် ထိုကဲ့သို့ အဆိပ်များသည် ရှာဖွေရန်အလွန်တရာမှ ခက်ခဲလှလေသည်။

ထို့ကြောင့် ပင်လယ်နဂါးများသည် အဆိပ်အားလုံးကို ခုခံနိုင်စွမ်းရှိသည်ဟူသော မှားယွင်းသည့် အယူအဆတစ်ခုပင် ရှိခဲ့ကြခြင်းဖြစ်လေသည်။

အမှန်တကယ်တွင်မူ ၎င်းတို့သည် အဆိပ်အများစုကိုသာ ခုခံနိုင်စွမ်းရှိခြင်းမျိုးဖြစ်လေသည်။

အာရန်သည် တော်ဝင်ပင်လယ်နဂါးများနှင့်တူညီသော သွေးမျိုးဆက်တစ်ခုကို ပိုင်ဆိုင်ထားသောကြောင့် တူညီသော ဂုဏ်သတ္တိကို ရရှိနိုင်ခဲ့ခြင်းဖြစ်လေသည်။

ဤစနစ်၏ အသိပေးချက်သာ မရှိခဲ့လျှင် သူသည် အဆိပ်ခတ်ခံခဲ့ရသည်ကိုပင် ဘယ်တော့မှ သိနိုင်မည်မဟုတ်ပေ။

ထိုအဆိပ်သည် သူ့အပါ်တွင်မူအလုပ်မဖြစ်ခဲ့ပေ။

သူ့ကို အဆိပ်ခတ်ခဲ့သူမှာ မည်သူဖြစ်နိုင်သည်ကို သိရှိရန် သူ့အတွက် အချိန်အကြာကြီး မယူခဲ့ရပေ။

ဤဝတ္ထု၏ သူရဲကောင်းဟုခေါ်သောသူမှလွဲ၍ အခြားမည်သူ ဖြစ်နိုင်မည်နည်း။

ယခုတစ်ကြိမ်တွင် အဓိကဇာတ်လိုက်သည် သူအားအမှန်တကယ် ဒုက္ခပေးရန်ကျိုးစားခဲ့လေသည်။

ရဲ့လန်သည် သူတစ်ဦးတည်းကိုသာ သတ်ရန် ကြိုးစားခြင်းမဟုတ်ပေ။

ယင်းအစား သူသည် သူ့အား အနောက်ဘက်တိုက်ကြီး၏ ဂိုဏ်းအုပ်ဘုန်တော်ကြီးတစ်ဦးနှင့်အတူ သတ်ရန် ကြိုးစားခဲ့သောကြောင့် ဖြစ်လေသည်။

အာရန်သည် ဂိုဏ်းအုပ်ဘုန်တော်ကြီးမှာ အလယ်အလတ်အဆင့် အဆိပ်ဖြင့် သေဆုံးနိုင်လိမ့်မည်ဟု တွေးထင်လောက်အောင် မိုက်မဲသူ မဟုတ်ပေ။

ဤသို့သောပုဂ္ဂိုလ်များသည် အခြားမည်သူထက်မဆို ပို၍ ခံနိုင်ရည်ရှိသူများဖြစ်လေသည်။ ကံမကောင်းစွာဖြင့် ယင်းသည် ပြဿနာတစ်ခုဖြစ်လေသည်။

ဤ ဂိုဏ်းအုပ်ဘုန်တော်ကြီး သည် သေမည်မဟုတ်ပေ။ ယင်းအစား သူသည် အသက်ရှင်ကျန်ရစ်ပြီး သူ့အား ထိုကိစ္စအတွက် အပြစ်တင်လိမ့်မည်ဖြစ်လေသည်။

သူသည် ထိုသို့ပြုလုပ်ရန် အမိန့်ပေးသူမဟုတ်ဘဲ တပည့်တစ်ဦးကသာ သူ့အား အဆိပ်ခတ်သည်ဟုပြောလျှင် မည်သူက ယုံကြည်မည်နည်း။

အကယ်၍ သူသာ ယခုဖြစ်ရပ်ကိုကောင်းစွာ မကိုင်တွယ်နိုင်ပါက တကယ်ကို ခေါင်းကိုက်စရာတစ်ခု ဖြစ်လာနိုင်လေသည်။

ယခုအချိန်တွင် ဂိုဏ်းအုပ်ဘုန်တော်ကြီး နှင့် ဆက်ဆံရေးသည် အဓိကဇာတ်လိုက်နှင့် ဆက်ဆံရေးထက်ပင် ပို၍ အရေးကြီးလေသည်။

ဂိုဏ်းအုပ်ဘုန်တော်ကြီး သည် သူ၏ လက်မကို ပြန်ကိုက်လိုက်ပြီး လက်မမှ သွေးများ စိမ့်ထွက်လာသည်။

သူ၏ ခန္ဓာကိုယ်အတွင်း စုပုံနေသော အဆိပ်များအားလုံး ပါဝင်သော သွေးများသည် ထိုလက်မမှ ထွက်လာသည်။

ထိုသွေးများသည် အနက်ရောင်သွေးများဖြစ်နေပြီး ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားလေသည်။

အာရန်လည်းထပ်မံ စောင့်မနေနိုင်တော့ပေ။

သူသည်လည်း သူ၏ရင်ဘတ်ကို ဆုပ်ကိုင်ကာ မြေပြင်ပေါ်သို့ လဲကျသွားကာ မျက်နှာမှာ ဖြူရော်လာလေသည်။

သူ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန်နှင့် စစ်ပွဲတစ်ခုကို တားဆီးရန် လိုအပ်နေပြီဖြစ်လေသည်။

ယင်းကို လုပ်ဆောင်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သူ၏ ဒုတိယတပည့်ရှေ့တွင် ပြုလုပ်ခဲ့သည့်အတိုင်း အကယ်ဒမီရထိုက်သော သရုပ်ဆောင်မှုတစ်ခုကို ပြုလုပ်ရန်ပင်ဖြစ်လေသည်။

“အကြီးအကဲရန”

အပြင်စည်းတပည့်ငယ်တစ်ဦးသည် အာရန်ဆီသို့ အလျင်အမြန် ပြေးလာပြီး သူမ၏ အသံသည် ထိတ်လန့်တကြားနှင့် လူတိုင်း၏ အာရုံကို ဖမ်းစားနိုင်လောက်အောင် ကျယ်လောင်နေခဲ့လေသည်။

ဂိုဏ်းအုပ်ဘုန်တော်ကြီး နသန်နီယယ်သည် အသက်ရှူသံများ မြန်ဆန်နေဆဲဖြစ်ပြီး အာရန်ဘက်သို့ လှည့်ကြည့်လိုက်လေသည်။

အာရန်လည်း မြေပြင်ပေါ်သို့ လဲကျနေသည်ကို တွေ့ရသောအခါ သူသည် အံ့အားသင့်သွားရလေသည်။

ထိုအကြီးအကဲသည်လည်း ထိုဝိုင်ကို သောက်ခဲ့သည်ကို ယခုမှ သူသတိရလိုက်သည်။

သူသည် ထိုဝိုင်ကို အဆိပ်ခတ်ခဲ့သူဖြစ်ပါက သူသည် အဘယ့်ကြောင့် လိုက်ပါသောက်ခဲ့မည်နည်း။

သူသည် အဆိပ်ဖြေဆေးကို အရင်သောက်ထားမှသာ အဓိပ္ပာယ်ရှိမည်။

သို့သော် ထိုသို့ဆိုလျှင် အဘယ့်ကြောင့် ဤသို့ လဲကျသွားရသနည်း။

ထို့ကြောင့် ထိုအရာသည် အဓိပ္ပာယ်မရှိကြောင်း သူသိလိုက်ရသည်။

အာရန်သည် သူ့အား အမှန်တကယ်သတ်လိုခဲ့လျှင် သူ၏ အဆိပ်ကို ဖယ်ရှားရန် ကြိုးစားနေချိန်တွင် သူ့အား ဝင်ရောက်တိုက်ခိုက်နိုင်လေသည်။

ထိုအချိန်တွင် သူသည် အားအနည်းဆုံးအချိန်ဖြစ်နေခဲ့လေသည်။

သို့သော် အာရန်သည် သူ့အား သတ်ရန် မကြိုးစားခဲ့ပေ။

ဆိုလိုသည်မှာ ထိုသူက သူ့အား သေစေလိုခြင်း မရှိပေ။ ယင်းအစား သူသည် လည်း အဆိပ်ကြောင့် နာကျင်နေရသည်မဟုတ်ပါလား။

ဆိုလိုသည်မှာ ဤအဆိပ်၏ ပစ်မှတ်သည် သူမဟုတ်ဘဲ ထိုအကြီးအကဲပင် ဖြစ်ခဲ့သလားဟုတွေးလိုက်မိသည်။

တစ်စုံတစ်ယောက်သည် ထိုအကြီးအကဲအား သတ်ရန် ကြိုးစားနေချိန်တွင် သူသည် ကြားဝင်ညှပ်မိခြင်းမျိုးပင်ဖြစ်မည်ဟုတွေးလိုက်မိသည်။

သို့သော် မိစ္ဆာဂိုဏ်း၏ အကြီးအကဲတစ်ဦးကို မည်သူက ဤသို့ လုပ်ကြံရဲမည်နည်း။

ဂိုဏ်းအတွင်းရှိ ရန်ငြှိုးများကြောင့်လား။

“သူ အဆိပ်ခတ်ခံထားရပုံရတယ် မင်းတို့ထဲက ဘယ်သူ့မှာများ အဆိပ်ဖြေဆေးရှိကြသလဲ သူ့ကို ပေးလိုက်ကြပါ”

ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်က ပြောလိုက်သည်။

သူသည် အထင်လွဲမှားမှုမျိုး မဖြစ်စေလိုသောကြောင့် အာရန်ဆီသို့ ကိုယ်တိုင် အနားကပ်စစ်ဆေးခြင်းမျိုးမပြုလုပ်ခဲ့ပေ။

ရဲ့လန်သည် အရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။

သူ၏ စိတ်ထဲတွင် သူသည် အတော်လေး စိတ်တိုနေလေသည်။

အဘယ့်ကြောင့် ဤအချိန်ကိုက်ဖြစ်မှုများသည် ဤမျှ မှားယွင်းနေရသနည်း။

အကယ်၍ နှစ်ဦးစလုံးသာ တစ်ချိန်တည်းတွင် အဆိပ်မိခဲ့ရပါက သူသည် လှုပ်ရှားမှုများ ပြုလုပ်နိုင်ခဲ့မည်ဖြစ်သည်။

ကံမကောင်းစွာဖြင့် ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ် ထိခိုက်ခံရသောအခါ အာရန်သည် ကောင်းမွန်စွာ ရပ်ကြည့်နေခဲ့သည်။

ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ် သက်သာလာသောအခါတွင်မှ အာရန်သည် လဲကျသွားခဲ့ခြင်းဖြစ်လေသည်။

ကံကြမ္မာသည် သူ့အား စနောက်နေသကဲ့သို့ ဖြစ်နေသည်။

သူသည် ယခု အာရန်ကို တိုက်ခိုက်ရန် ကြိုးစားနိုင်သော်လည်း အောင်မြင်ရန် အခွင့်အရေးသည် မရှိသလောက်ပင် နည်းပါးသွားပြီဖြစ်လေသည်။

အထူးသဖြင့် ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ် ဝင်ရောက်လာမည်ဆိုပါကဖြစ်လေသည်။

အဆိုးဆုံး အခြေအနေတွင် သူသည် သူ၏ နောက်ဆုံး အသက်ကယ်အဆောင်ကို ဖြုန်းတီးမိရုံသာမက တိုက်ကြီးနှစ်ခုလုံး၏ ဘုံရန်သူလည်း တစ်ချိန်တည်းတွင် ဖြစ်လာနိုင်လေသည်။

“ငါ့မှာ ဖြေဆေးတစ်ခု ရှိတယ်”

ရဲ့လန်သည် ဤအခွင့်အရေးကိုရင်နာနာနှင့်သာ လက်လွှတ်လိုက်ရန် တတ်နိုင်လေတော့သည်။

မည်သည့် သက်သေမှမကျန်ခဲ့ရန်အတွက် သူသည် ဝိုင်ပုလင်းကို မတော်တဆဟန်ဖြင့် လွှတ်ချလိုက်ပြီး အာရန်ဆီသို့ အလျင်အမြန် ပြေးသွားလိုက်သည်။

ပုလင်းသည် ကြမ်းပြင်ပေါ်သို့ ကျကွဲကာ အဆိပ်ခတ်ထားသော ဝိုင်များ နေရာအနှံ့ ပျံ့နှံ့သွားလေသည်။

သူသည် အာရန်နှင့် အနီးဆုံးတွင်ရှိနေသော အပြင်စည်းတပည့်ငယ်ကို ထိုဆေးလုံးအား ပေးလိုက်လေသည်။

ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်သည် တည်ငြိမ်နေသော်လည်း ရဲ့လန်ကို စောင့်ကြည့်နေလေသည်။

အဆိပ်ခတ်ထားသော ဝိုင်ကို တိုက်ခဲ့သော ထိုကောင်လေးသည် အလွန်သံသယဖြစ်ဖွယ်ကောင်းနေသည်။

“အကြီးအကဲရှင် ဒါက အကူအညီဖြစ်လိမ့်မယ်ထင်တယ်”

တပည့်မိန်းကလေးငယ်သည် ထိုဆေးလုံးကို အာရန်၏ ပါးစပ်ထဲသို့ ထည့်ရန် ကြိုးစားရင်း ပြောသည်။

အာရန်သည် သူမ၏ လက်ထဲမှ ဆေးလုံးကို အားနည်းစွာလှမ်းယူလိုက်ကာ သူ၏ ပါးစပ်ထဲသို့ထည့်လိုက်လေသည်။

သို့သော် သူသည် ဆေးလုံးကို သူ၏ သိုလှောင်လက်စွပ်ထဲတွင် လျှို့ဝှက်စွာ သိမ်းဆည်းထားပြီး လူတိုင်းကို သူသည်ထိုဆေးအား သောက်လိုက်သည်ဟု ထင်စေခဲ့သည်။

ဤဆေးလုံးသည် ရဲ့လန်ထံမှ လာခဲ့ခြင်းဖြစ်ပြီး အာရန်သည် ၎င်းသည် အဆိပ်ဖြေဆေးလား သို့မဟုတ် အခြားအဆိပ်တစ်ခုလားဆိုသည်ကို မသေချာနေခဲ့ပေ။

ရဲ့လန်သည် သူ၏ တော်ဝင်ပင်လယ်နဂါးသွေးမျိုးဆက်ကို ကျော်လွန်နိုင်သော အဆိပ်ကို ရှာဖွေရန် မဖြစ်နိုင်ကြောင်း သူသိနေသော်လည်း မည်သည့်အန္တရာယ်ကိုမျှ မခံယူလိုနေခဲ့ပေ။

“ကျုပ်တို့ မိစ္ဆာဂိုဏ်းကို ပြန်သွားသင့်တယ် သင်တို့ရဲ့ အကြီးအကဲဟာ ကုသမှုခံယူဖို့ လိုအပ်နေတယ်”

ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်သည် သူ့အလုပ်ကို ပြီးမြောက်ရန် ဤအခြေအနေကို အခွင့်ကောင်းယူဖို့ ကြိုးစားရင်း အကြံပြုလိုက်သည်။

“အဆင်... ပြေ…ပါ.. တယ်”

အာရန်က အားနည်းစွာ ပြောလိုက်ပြီး အပြင်စည်းတပည့်များ၏ အကူအညီဖြင့် ထရပ်လိုက်ကာ သူမည်မျှ အားနည်းနေကြောင်း ရှင်းရှင်းလင်းလင်း ပြသလိုက်သည်။

“အဆိပ်လောက်နဲ့ ငါ့ကို မတားနိုင်ပါဘူး... ဂိုဏ်းချုပ်ပေးထားတဲ့ အလုပ်ကို ပြီးမှ ပြန်မယ်” ဟု အာရန်မှ ထပ်မံပြောလိုက်သည်။

“အကြီးအကဲ ကျေးဇူးပြုပြီး စကားမပြောပါနဲ့ ရှင်ကအခုအချိန် အရမ်း အားနည်းနေပါတယ်”

လူငယ်တပည့်မလေးကက စိုးရိမ်တကြီး ပြောပြီး တခြားတပည့်များ၏ အကူအညီနှင့်အတူ သူ၏ အခန်းရှိရာဆီသို့ ဂရုတစိုက် ပြန်လည်ခေါ်ဆောင်သွားလေသည်။

အာရန်သည် ထိုတပည့်များအား စောဒကမတက်ခဲ့ချေ။ သူသည် သင်္ဘောသားများအား ညွှန်ကြားချက် ပေးပြီးသားဖြစ်သဖြင့် သင်္ဘောအား ဂိုဏ်းသို့ ပြန်သွားမည်ကို စိတ်ပူစရာမလိုအပ်ပေ။

လမ်းတွင် အာရန်သည် ရဲ့လန်အား ခဏတာ လှမ်းကြည့်လိုက်လေသည်။

ရဲ့လန်သည် ရုတ်တရက် ကြောရိုးထဲထိ စိမ့်ဝင်သွားတဲ့ အေးစက်သည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရလေသည်။

#Catfoot

All Chapters