နတ်ဘုရားမအားစော်ကားခြင်း
Vol. 11 Ch. 149
အခန်း ၁၄၉- ဘုရားသခင်ကို စော်ကားခြင်း
အာရန်သည် နောက်နေ့ နံနက်စောစောတွင် သူ၏ အခန်းအတွင်းမှ ထွက်လာခဲ့လေသည်။
သူထွက်လာသည်နှင့် တစ်ပြိုင်နက် အပြင်တွင် စောင့်ဆိုင်းနေသော အပြင်စည်းတပည့်များကို မြင်လိုက်ရလေသည်။
အချို့မှာ ထိုနေရာတွင်ပင် အိပ်ပျော်နေကြသည်။
“အကြီးအကဲရန်”
တပည့်တစ်ဦးက အာရန်ထွက်လာသည်ကို မြင်သောအခါ အော်ဟစ်လိုက်သည်။
အာရန်သည် အနည်းငယ် ဖြူဖျော့နေပုံရသော်လည်း ညကထက် များစွာ ပိုကောင်းမွန်လာပုံရလေသည်။
အိပ်ပျော်နေသော တပည့်များသည်လည်း နိုးလာပြီး မတ်တပ်ရပ်လိုက်ကြသည်။
အာရန်သည် ဤနေရာတွင် တပည့်များကို တွေ့သောအခါ အတော်လေး အံ့အားသင့်သွားသည်။
သူတို့သည် သူသာ တစ်ခုခုဖြစ်သွားခဲ့လျှင် ရင်ဆိုင်ရမည့် အကျိုးဆက်များကို စိုးရိမ်နေကြသလားဟု တွေးတောမိလိုက်သည်။
“မင်းတို့ အားလုံး ဒီမှာ ဘာလုပ်နေကြတာလဲ ငါတို့က တာဝန်နဲ့ ဒီကို ရောက်နေကြတယ်ဆိုတာ မေ့သွားကြတာလား”
အာရန်သည် အံ့အားသင့်မှုကို မပြသခဲ့ပေ။
အထူးသဖြင့် မိစ္ဆာဂိုဏ်းဖြစ်သောကြောင့် အကြီးအကဲတစ်ဦး၏ ဂုဏ်သိက္ခာကို သူဆက်လက်ထိန်းသိမ်းထားရန်လိုအပ်လေသည်။
ထို့ပြင် ဂိုဏ်းအုပ်ဘုန်တော်ကြီးနာသန်နီယယ်လည်း ဤသင်္ဘောပေါ်တွင် ရှိနေသေးလေသည်။
“ငါတို့ နောက်ထပ် ပစ်မှတ်တည်နေရာတစ်ခုကို ရောက်တော့မယ် ပြင်ဆင်ထားကြ”
“ဟုတ်ကဲ့ပါ” တပည့်တစ်ဦးက အလျှင်အမြန်တုံ့ပြန်လိုက်သည်။
အာရန်က သူတို့၏ စိုးရိမ်ပူပန်မှုများကို မကျေမနပ်ဖြစ်နေသည်ကို သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ စိတ်ဆိုးပုံမပေါ်ခဲ့ပေ။
၎င်းသည် သူတို့အတွက် လုံးဝပုံမှန်လိုပင်ဖြစ်လေသည်။
ထိုအရာအားလုံးကြားမှ သူတို့သည် အာရန်အား ကျေးဇူးတင်နေကြဆဲပင်ဖြစ်သည်။
အကြီးအကဲရန်သည် သူတို့အား ကူညီတော့မည်မဟုတ်ဟု ဆိုခဲ့သော်လည်း အသူရာဂိုဏ်းအား ဖျက်ဆီးရန် သင်္ဘော၏ တိုက်ခိုက်မှုစွမ်းရည်များကို အသုံးပြုခွင့်ပေးခဲ့လေသည်။
အကြီးအကဲရန်မှလွဲ၍ အခြားမည်သည့် အကြီးအကဲကမျှ ထိုသို့ပြုလုပ်မည် မဟုတ်ကြောင်းသိထားကြလေသည်။
အကြီးအကဲရန်မှ သူတို့အားဂရုမစိုက်ဟန် ပြသနေလျှင်ပင် သူတို့သည် အာရန်အား အခြားအကြီးအကဲများထက်ပို၍ နှစ်သက်မိကြလေသည်။
အထူးသဖြင့် သူ၏ ဆွဲဆောင်မှုရှိသော ရုပ်ရည်ကြောင့် အပြင်စည်းတပည့်မလေးများမှာပို၍ပင် နှစ်သက်မိကြလေသည်။
သူတို့သည် အတွင်းစည်းတပည့်များ ဖြစ်လာနိုင်သည့် အခွင့်အရေးကိုလည်း မမေ့သေးပေ။
အာရန်သည် တပည့်များနှင့်အတူ သင်္ဘောကုန်းပတ်ပေါ်သို့ တက်သွားခဲ့သည်။
နေသည် အဝေးတစ်နေရာမှ စတင်မြင့်တက်စပြုလာနေသောကြောင့် သင်္ဘောကုန်းပတ်ပေါ်မှ မြင်ကွင်းများသည် ပိုမိုရှင်းလင်းလာခဲ့သည်။
ဂိုဏ်းအုပ်ဘုန်တော်ကြီးနာသန်နီယယ်သည်လည်း ကုန်းပတ်ပေါ်တွင် ရပ်လျက်ရှိနေပြီး နေရောင်ခြည်၏ အလင်းရောင်ကိုခံစားရင်း သူ၏ နတ်ဘုရားမထံမှ ကောင်းချီးတစ်ခုသဖွယ် အာရုံပြုနေလေသည်။
ခြေသံများ ကြားလိုက်သောအခါမှသာ သူသည်သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
လှည့်ကြည့်လိုက်သောအခါ တပည့်များဖြင့် လိုက်ပါလာသော အာရန်ကို မြင်လိုက်ရသည်။
“သင် အများကြီး သက်သာလာပုံရတယ်” ဟု ဂိုဏ်းအုပ်ဘုန်တော်ကြီး က ပြောလိုက်သည်။
“အဆိပ်လောက်နဲ့တော့ ငါ့ကို ဖြုံမသွားစေနိုင်ပါဘူး” အာရန်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ဝိုင်ကို ဘယ်သူ အဆိပ်ခတ်ခဲ့တယ်ဆိုတာကိုကော သင်သိပြီးပြီလား”
အာရန်နှင့် နာသန်နီယယ်တို့ စကားပြောနေကြသည်ကို ရဲ့လန်သည် ဂရုတစိုက် နားထောင်နေလေသည်။
အာရန်သည် ဘယ်သူဖြစ်သည်ကို သိပြီးဖြစ်နိုင်သည်ဟု သူယုံကြည်ပြီးဖြစ်သည်။
“သေချာတော့ မသိသေးဘူး ကျုပ်က ဂိုဏ်းထဲမှာ ရန်သူအနည်းငယ် ဖန်တီးထားမိခဲ့နိုင်တယ် ပြီးတော့ ကျုပ်ရဲ့ ခုတာဝန်အကြောင်းကိုလည်း လူတော်တော်များများ သိထားပြီးဖြစ်တယ် ဒါကြောင့် ဒီသင်္ဘောပေါ် မတက်ခင်ကတည်းက အဆိပ်ကို ကြိုတင်ပြင်ဆင်ထားခဲ့တာလည်း ဖြစ်နိုင်တယ်...”
“ဒါကြောင့် ဒီမြေဟာ ရှုပ်ထွေးတဲ့နယ်မြေလို့ ကျုပ်ပြောခဲ့တာ နတ်ဘုရားမ ဖရေယာရဲ့ ကောင်းချီးမရှိတဲ့ မြေဟာ ကြာရှည်ခံနိုင်မှာ မဟုတ်ဘူး” ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်က ပြန်ဖြေလိုက်သည်။
“ကံမကောင်းစွာနဲ့ မင်းတို့က နတ်ဘုရားမကို စွန့်ပစ်ခဲ့ကြတယ် သူမရဲ့ အရိပ်အာဝါသအောက်ကို မဝင်လာမချင်း မင်းတို့ရဲ့တည်ရှိမှုဟာ ဘယ်လိုမှ ဆေးကြောလို့မရတဲ့ပြစ်မှုကြီးတစ်ခုလည်းဖြစ်နေဦးမှာပဲ”
“ကျုပ်စကားကို အတည်ပြောပါ့မယ် တကယ် ကယ်တင်ခြင်း လိုအပ်နေတဲ့ လူတွေက မြောက်ဘက်တိုက်ကြီးမှာ ရှိနေကြပါတယ် ခင်ဗျားတို့ တကယ် တော့ အဲဒီဘက်ကို ပိုပြီးအာရုံစိုက်သင့်တယ်” အာရန်က ပျင်းရိစွာ ပြန်ဖြေလိုက်သည်။
သူသည် ဤကမ္ဘာ၏ နတ်ဘုရားများကို မမုန်းတီးပေ။ သို့သော်သူသည် နတ်ဘုရားများကို မယုံကြည်ပေ။
အကယ်၍ အရာအားလုံးကို ချုပ်ကိုင်နိုင်သောအာဏာရှိသည့် နတ်ဘုရားများသာ ဤကမ္ဘာတွင် အမှန်တကယ်ရှိနေခဲ့လျှင် အနောက်ဘက်တိုက်ကြီးသည် အဘယ့်ကြောင့် မြောက်ဘက်တိုက်ကြီးကို အနိုင်မယူနိုင်သေးရသနည်း။
အဘယ့်ကြောင့် နစ်ခရိုမန်ဆာမျှော်စင်သည် ယနေ့အထိ တည်ရှိနေနိုင်ရသနည်း။
ဘာပဲဖြစ်ဖြစ် အနောက်ဘက်တိုက်သည် ထိုနတ်ဘုရားမ၏ ကောင်းချီးကို ရရှိထားသော်လည်း တိုက်ကြီးလေးခုသည် အင်အားအဆင့်ချင်း တူညီကြလေသည်။
ထိုအရာက ထိုကောင်းချီးသည် အရေးမပါဟု ဆိုလိုခြင်း မဟုတ်ပေဘူလား။
“သင်က အရမ်းခေါင်းမာတယ် ဒါပေမယ့် တစ်နေ့မှာတော့... သင်ဟာ အမှန်တရားတစ်ခုကို မြင်နိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”
ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်က နေထွက်ရာ ဘက်သို့ ပြန်လှည့်ရင်းပြောလိုက်သည်။
“သင့် မျက်လုံးတွေကို မှိတ်ထားနိုင်ပေမယ့် အဲဒါက နေရောင်ကို ပျောက်ကွယ်သွားစေမှာ မဟုတ်ဘူး ထာဝရအမှန်တရားဆိုတာကို သင်မြင်တွေ့နိုင်ဖို့ဆိုတာ အချိန်တစ်ခုသာ လိုအပ်တာပါ”
“ကံမကောင်းစွာနဲ့ ကျုပ် လက်ခံထားတာထက် ပိုပြီးလင်းတဲ့ အလင်းရောင်တစ်ခုကို မြင်တွေ့ခဲ့ဖူးတယ်” အာရန်က ပြန်ဖြေတယ်။
“ဒီကမ္ဘာက ခင်ဗျားတွေးထင်ထားတာထက် ပိုပြီးရှုပ်ထွေးတယ်”
ဒီကမ္ဘာက တကယ်တည်ရှိနေတဲ့နေရာလား။ ဒါမှမဟုတ် အတုအယောင်လောကတစ်ခုလား။ စာရေးဆရာလို့ခေါ်တဲ့သူကကောဘယ်သူလဲ။
အာရန်တွင် မေးခွန်းများစွာ ရှိနေခဲ့ခြင်းသည် ဤကမ္ဘာ၏ အမှန်တရားအချို့ကို သူမြင်တွေ့ခွင့်ရခဲ့လို့ပင် ဖြစ်လေသည်။
တစ်ဖက်တွင်မူ ဂိုဏ်းအုပ်ဘုန်တော်ကြီးနာသန်နီယယ်သည် သူ၏ ထာဝရအမှန်တရားအဖြစ် ယူဆထားသောအရာထဲတွင် နစ်မြုပ်နေပြီး ထိုထက်နက်နဲစွာကျော်လွန်နေသော အရာများ ရှိနေသေးသည်ကို သဘောမပေါက်နိုင်ခဲ့ချေ။
အနောက်ဘက်တိုက်ကြီးမှာ နတ်ဘုရားမတစ်ပါး အမှန်တကယ်ရှိနေခဲ့မည်ဆိုလျှင်ပင် သူမြင်ခဲ့တဲ့ စာရေးဆရာနဲ့ ယှဉ်ပါက သူမ သည် မည်မျှ ဘယ်လောက် အင်အားကြီးနိုင်ဦးမည်နည်။
မည်သို့ပင်ဆိုစေ သူ့အား ဤကမ္ဘာသို့ ခေါ်ဆောင်လာခဲ့သောသူများ၏ ချုပ်ကိုင်မှုများလက်မှ ထိုအနောက်ဘက်တိုက် ၏ နတ်ဘုရားမကိုယ်တိုင်ပင်လျှင် လွတ်မြောက်နိုင်မည် မဟုတ်ဟူ၍ ခံစားမိလေသည်။
စကားပြောဆိုနေမှုများသည် ရုတ်တရက် ရပ်တန့်သွားသည်။
ဂိုဏ်းအုပ်ဘုန်တော်ကြီး နာသန်နီယယ်သည် အာရန်၏ စကားများကို စဉ်းစားနေသောကြောင့် တိတ်ဆိတ်လျက်ရှိနေသည်။
တစ်ဖက်တွင်မူ ရဲ့လန်သည် သက်ပြင်းတစ်ချက်ချလိုက်မိလေသည်။
အာရန်သည် သူ့အား သံသယဝင်နေသည့်ပုံမရပေ။
အကယ်၍သာသံသယဝင်ခဲ့ပါက သူ့အားသတ်ရန်ကြိုးစားလိမ့်မည်ဟု ထင်ခဲ့လေသည်။
သူ၏ အသက်ကို ကယ်တင်နိုင်သော လျှို့ဝှက်ရတနာအကြောင်း ကို အာရန်သိရှိနေခြင်းအား သူ မသိနိုင်ခဲ့၍လည်း ထိုသို့ပင်ကောက်ချက်ချခဲ့ခြင်းဖြစ်လေသည်။
စကားစသည် အခြားဦးတည်ရာတစ်ခုသို့ ပြောင်းလဲသွားခဲ့ပြီး အဆိပ်အကြောင်းအား မေ့မေ့ပျောက်ပျောက်ဖြစ်သွားသည်ကို သူပို၍ပင် ဝမ်းသာနေခဲ့သည်။
“သင့်စကားတွေက နတ်ဘုရားမကို စော်ကားရာရောက်တယ်လို့ ယူဆနိုင်တယ်ဆိုတာကော သင်သိရဲ့လား ခုစကားက သင့်ကိုယ်သင် နတ်ဘုရားမထက် ပိုသိနေတယ်လို့ ပြောနေတာနဲ့မတူနေဘူးလား”
“နတ်ဘုရားမကို စော်ကားရာရောက်တယ်ဟုတ်လား” အာရန် ပြုံးလိုက်သည်။
“ကျုပ်တောင် မယုံကြည်တဲ့အရာတစ်ခုကို ကျုပ်က ဘယ်လိုလုပ် စော်ကားနိုင်မှာလဲ”
လွန်ခဲ့သော လအနည်းငယ်ခန့်ကအထိ သူသိထားသည်မှာ ဤကဲ့သို့ ကမ္ဘာမျိုးသည် တစ်စုံတစ်ယောက်မှ စိတ်ကူးယဉ်ဖန်တီးထားသော ဇာတ်လမ်းတစ်ခုထက် မပိုခဲ့ပေ။
ဤကမ္ဘာ၏လူများအတွက် ၎င်းသည် အရာအားလုံးဖြစ်သည်။
သို့သော်အာရန်အတွက် မူ သူ၏ ဖြစ်တည်ခြင်းကပင် ဤကမ္ဘာရှိ အများလက်ခံထားသောအရာများထက် ကျော်လွန်သော အရာတစ်ခုဖြစ်နေလေသည်။
ထို့အပြင်ထိုအရာသည် နတ်ဘုရားမ နှင့်မည်သို့မျှသက်ဆိုင်ခြင်းမရှိမနေချေ။
ကောင်းကင်စစ်သင်္ဘောသည် အခြားဂိုဏ်းတစ်ခု၏တည်နေရာသို့ ရောက်သောအခါ ဖြည်းဖြည်းချင်း အရှိန်လျော့သွားသည်။
အသူရာဂိုဏ်း ဖျက်ဆီးခံရသည့် သတင်းသည် မပျံ့နှံ့သေးသောကြောင့် ဤနေရာရှိလူများက အသူရာဂိုဏ်း၏ ကံကြမ္မာကို မသိကြသေးပေ။
“ကျန်ဂိုဏ်းတွေက အသူရာဂိုဏ်းထက် အများကြီး အားနည်းတယ် ဒါကြောင့် ဒီတစ်ခါ မင်းတို့ကို အမြှောက်တွေရဲ့ အကူအညီ သုံးခွင့် မပေးဘူး”
အာရန်သည် တပည့်ဆယ်ယောက်ကို သတိပေးလိုက်သည်။ ဒီတစ်ခါတွင်မူ သူတို့သည် ပြင်ပအကူအညီ ရတော့မည်မဟုတ်ပေ။
“အဲ့ဒါအစား ဒါတွေကို သုံးနိုင်တယ်”
သူတို့အား အကူအညီ မရတော့ဘူးလို့ ပြောပြီးသည်နှင့် အာရန်သည် သူ့၏ သိုလှောင်လက်စွပ်အတွင်းမှ အသူရာဂိုဏ်းတွင် သိမ်းပိုက်ရရှိထားခဲ့သော လက်နက်နဲ့ အကာအကွယ်ပစ္စည်းအချို့ကို ထုတ်ယူလိုက်လေသည်။
အပြင်စည်းတပည့်များသည် ထိုလက်နက်များ၏ အရည်အသွေးကို မြင်လိုက်သော အခါ အတော်လေး အံ့အားသင့်သွားကြသည်။
မိစ္ဆာဂိုဏ်းမှ အဓိကတပည့်များ ပိုင်ဆိုင်ထားသောသော အရာများ၏ အရည်အသွေးနှင့် မနီးစပ်သော်လည်း အပြင်စည်းတပည့်များအတွက်မူ ဤအရာများသည် အကောင်းဆုံးအရာများဖြစ်လေသည်။
သူတို့သည် ပစ္စည်းတစ်ခုစီအား ရွေးချယ်ပြီးနောက် အောက်ဘက်မြေပြင်ဆီသို့ ခုန်ဆင်းသွားကြလေသည်။
#Catfoot