← Chapters

အိုမီဂါအဆင့်တိုက်ပွဲ

Vol. 12 Ch. 28

အိုမီဂါအဆင့်တိုက်ပွဲ

Vol. 12 Ch. 28

“ဘယ်သူတွေလဲ။” ခါးပတ်နဲ့မက်ဒါနာက ကျောင်းအဝင်ဝ ရှေ့ကို ကြည့်လိုက်ပါတယ်။ ရင်းနှီးတယ်ထင်ရပေမဲ့ တစ်ခါမှ သူမမြင်ဖူးတဲ့ အုပ်စုတစ်ခုက ကျောင်းထဲကို ဝင်လာခဲ့လို့ပါ။

ဆံပင်အတိုနဲ့သတ္တုလက်အိတ်ကို ဝတ်ထားတဲ့ မက်ဒါနာ၊ သတ္တုလက်အိတ်နဲ့ ဖရာလီတာ၊ ပုံစံတူ လင်ဒါနှစ်ယောက်နဲ့ အေမီနောက်တစ်ယောက်တို့ပါ။

“ကြည့်ရတာ နင်တော်တော် အံ့ဩသွားတဲ့ပုံပဲ။” တခြား မက်ဒါနာက ခါးပတ်နဲ့မက်ဒါနာကို ကြည့်ပြီး ပြောတယ်။

“အပြိုင်စကြဝဠာတွေရဲ့တည်ရှိမှုကို ရှုပ်ထွေးအောင် လုပ်နေတဲ့ နင့်ကို ရပ်တန်းကရပ်ဖို့ ငါလာခဲ့တာပဲ။”

ခါးပတ်နဲ့မက်ဒါနာက တခြားမက်ဒါနာ ပြောနေတာတွေကို နားမလည်တဲ့အတွက် သူ့ဘေးနားမှာရပ်နေတဲ့ ဆံပင်တိုနဲ့ အေမီကို မေးလိုက်ပါတယ်။

“ဘာတွေဖြစ်နေတာလဲ။ ဒီတစ်ယောက်​က ဆေလာ မက်ဒါနာတော့ မဟုတ်လောက်ဘူး မဟုတ်လား။” သူ့ရှေ့က သတ္တုလက်အိတ်ဝတ်ထားတဲ့ မက်ဒါနာက ဆေလာမက်ဒါနာနဲ့ လုံးဝမတူဘူး။ ပထမဆုံးအနေနဲ့ ဆံပင်က အမြွှာပိုတီတေး မဟုတ်ဘူး။ နောက်တစ်ခုက ပြောနေကျ စကားဖြစ်တဲ့ “လမင်းနဲ့အတူ ဘာဖြစ်တယ်ဆိုလား”ကို မပြောဘူး။

ဆံပင်တိုအေမီကလည်း အံ့ဩနေတဲ့ပုံစံနဲ့ “မမလေး၊ ကျွန်မတို့ တိုက်ပွဲဝင်စက်ရုပ်ကမ္ဘာကို သွားတုန်းက ကျွန်မနဲ့ အဲဒီက အရာရှိလိုဝတ်ထားတဲ့ မိန်းမတစ်ယောက်နဲ့ တိုက်ခဲ့တာ မှတ်မိသေးလား။”

မက်ဒါနာက မှတ်မိလေဟန်နဲ့ ခေါင်းညိတ်ပြလိုက်ပြီး “အင်း၊ နင်ပဲ အဲဒီတစ်ယောက် ကျပန်းဒိုင်မေးရှင်းတစ်ခုထဲကို ကျသွားတယ်လို့ ပြောခဲ့တယ်မဟုတ်လား။”

အေမီက လင်ဒါနှစ်ယောက်ကို လက်ညိုးထိုးပြလိုက်ပြီး “ကြည့်ရတာ အဲဒီတစ်ယောက်က နောက်ထပ် မမလေးကို ရှာပြီးတော့ ကျွန်မတို့လမ်းမှာ ဝင်ရှုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ ပုံပါပဲ။”

“နောက်ထပ် အပြိုင်ကမ္ဘာတွေကို ခရီးသွားနိုင်တဲ့ ငါ့ရဲ့မူကွဲလား။” ခါးပတ်နဲ့မက်ဒါနာ​က မန်မိုရီစတစ်တစ်ခုကို ဆွဲထုတ်လိုက်တယ်။ သူ့ပုံစံက အခြေအနေတွေ ထင်သလို ဖြစ်မလာခဲ့ပေမဲ့ စိုးရိမ်နေတဲ့ပုံ မပေါ်ပါဘူး။ အဲဒီအစား ပိုတက်ကြွလာပြီး နောက်လာမယ့် တိုက်ပွဲအတွက် ပိုလို့ မျှော်လင့်နေပုံတောင် ပေါ်ပါသေးတယ်။

“မမလေး၊ ဆေလာမက်ဒါနာပါ ထပ်ရောက်လာရင် အားလုံး ရှုပ်ကုန်လိမ့်မယ်နော်။”

“ကမ္ဘာကြီးကို ကယ်တင်ဖို့ဆိုရင် ဒီလောက်တော့ အခက်အခဲ ရှိမှာပေါ့။ ငါသူနဲ့ တရားမျှမျှတတ တိုက်ခိုက်ပြီး ငါက အဲဒီ နေရာနဲ့အထိုက်တန်ဆုံး မက်ဒါနာဆိုတာကို ပြသချင်တယ်။”

[maleficus System Ready]

[Gathon]

ခါးပတ်နဲ့မက်ဒါနာက မန်မိုရီစတစ်ကို ခါးပတ်ထဲ ထိုးထည့် လိုက်တယ်။ ချက်ချင်းဆိုသလိုပဲ သလင်းကျောက် စွမ်းအင်နဲ့လည်ပတ်နေတဲ့ ဂဋ္ဌုန်ငှက်ချပ်ဝတ်ကို ဝတ်ဆင်ပြီးသား ဖြစ်သွားတယ်။ ရေနွေးငွေ့ဖိအားကို အသုံးပြုပြီး ဝတ်ဆင်သူကို ခွန်အားတိုးပေးတာဖြစ်လို့ လှုပ်ရှားလိုက်တိုင်းမှာ ရေနွေးငွေ့တွေထွက်ပေါ်နေပြီး ကြည့်ရတာ ဆန်းကြယ်တဲ့ စစ်သည်တော် တစ်ယောက်လို ထင်ရတယ်။

“ငါက နင့်မှာ ဝတ်စုံကောင်းတစ်ခု မရှိမှာစိုးရိမ်နေတာ။” ဆံပင်တိုနဲ့မက်ဒါနာကလည်း လက်အိတ်ကိုထိလိုက်တယ်။ နန်းတက်ဘုရင်ဝတ်စုံက သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံပြီးသား ဖြစ်သွားပြီး သူ့ဘေးက အေမီကလည်း အနက်ရောင် လက်ကိုင်အိတ်ကို ဖွင့်လိုက်တယ်။ တံစဥ်ကိုင်ထားတဲ့ အနူးဘစ်ဝတ်စုံကို စက္ကန့်ပိုင်းအတွင်းမှာပဲ ဝတ်ဆင်ထား ပြီးသားဖြစ်သွားပါတယ်။

“မမလေး၊ ဗျူဟာကို မှတ်မိပါတယ်နော်။”

“အင်း...”

အဲဒီနောက်တော့ သူတို့နှစ်ယောက်က ရန်သူတွေဆီကို ဦးတည်ပြီး ပြိုင်တူပြေးထွက်သွားတယ်။ လေထုဟာ ချက်ချင်းပေါက်ကွဲထွက်သွားပြီး ကျယ်လောင်တဲ့ လေထုပေါက်ကွဲသံထွက်ပေါ်လာပြီး မကြာခင်က ပြိုကျခဲ့တဲ့ ပင်မခန်းမဆောင်ကြီးကိုတောင် ပြန်မဆောက်ရသေးတဲ့ လန်ဒန်မှော်ပညာကျောင်းရဲ့အုတ်ခင်းလမ်းတွေကို ရစရာမရှိအောင် မြေလှန်ပစ်လိုက်တယ်။

“လာစမ်းပါ။” တစ်ဖက်က တိုက်စစ်စဖွင့်တာကြောင့် ခုခံရင်း တန်ပြန်တိုက်ဖို့ပြင်နေတဲ့ ခါးပတ်နဲ့မက်ဒါနာက လှံကိုကိုင်ပြီး ရန်သူဝင်လာတာကို စောင့်တယ်။ သူက သူ့ရဲ့မူကွဲ သူ့ကို တိုက်ခိုက်လာတာကို စောင့်နေတာပါ။ ဒါပေမဲ့ ငွေရောင် စစ်သည်က သူ့ကိုကျော်သွားပြီး သူ့ဘေးမှာရပ်နေတဲ့ ရေမွန်ကို ဓားပြားကြီးနဲ့ ခုတ်ချလိုက်တယ်။

ထန်း...

ရေမွန်ကလည်း မြေဆွဲအားဓားကိုမြှောက်ပြီး သူ့ရင်ဘတ်ရှေ့ ကန့်လန့်ဖြတ်ကာလိုက်တယ်။ နှစ်ယောက် အားချင်းယှဥ်မိချိန်မှာ ရေမွန်က နောက်ကို ခြေလှမ်းတစ်လှမ်း ပြန်ဆုတ်လိုက်ရပေမဲ့ အသိသာကြီး ခွန်အားကွာခြားနေတာမျိုးတော့ မရှိပါဘူး။

“အို.... နင်က အယ်ဖာအဆင့်မှာ ပြိုင်ဘက်ကင်းနေပြီလား။ ဒါပေမဲ့ ဒီဓားကို နင်ဘယ်က ရလာတာလဲ။”

မက်ဒါနာက ရန်စတဲ့အနေနဲ့ ပြောလိုက်တယ်။ ဒါပေမဲ့ ရေမွန်က ဘာမှပြန်မဖြေဘဲ သူ့ဓားကိုသာ ပိုပြီးတော့ အာရုံစိုက်လိုက်တယ်။ နောက်တော့ နှစ်ယောက်လုံးက ဓားတွေကို ပြန်ခွာလိုက်ပြီး ဆက်တိုက်ဆိုသလိုပဲ ဓားကွက်တွေကို စတင်ယှဥ်ပြိုင်ထိုးခုတ်တယ်။

ထန်း... ထန်း... ထန်း...

ကင်မရာနဲ့အနှေးပြကွက်ရိုက်ရင်တောင်မှ သိပ်ကိုမြန်ဆန်တဲ့ ပုံရိပ်တွေအဖြစ်မြင်ရမယ့် ဓားရေးယှဥ်ပွဲက ချက်ချင်း ဖြစ်တည်လာတယ်။ သူတို့ရဲ့တိုက်ပွဲအရှိန်ကြောင့် ကျောင်းဝန်းကျင်တစ်ခုလုံးမှာ လေပြင်းတွေ တိုက်ခတ်နေပြီး အနီးအနားက ကျောင်းဆောင်တွေရဲ့ နံရံမှာ အက်ကွဲကြောင်းတွေပေါ်လာတယ်။

“စလိုက်ကြရအောင်...” အနူးဘစ်အေမီကလည်း တံစဥ်ကို လွှဲယမ်းပြီး ခါးပတ်မက်ဒါနာဆီ ပြေးဝင်လာတယ်။ ခံစစ် ပြင်ထားပြီးဖြစ်တဲ့ ခါးပတ်နဲ့မက်ဒါနာကလည်း အနူးဘစ်ကို စီးကြိုတိုက်ခိုက်လိုက်တယ်။

ထန်း...

နှစ်ယောက်လုံး ပြင်းထန်စွာ စတိုက်ခိုက်ရင်း သက်ရောက် အားလှိုင်းတွေကြောင့် လူချင်းခွဲလိုက်ရတယ်။ အေမီက အနည်းငယ် အရေးနိမ့်နေပြီး အသာရနေမှန်းသိတဲ့ ခါးပတ်နဲ့ မက်ဒါနာကတော့ ရှေ့ကိုအမြန်ပြေးတက်လာပြီး လှံနဲ့ ထိုးနှက်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ အာ့ခ် မီဂါက ဝင်လာပြီး အ​မြောက်လက်နက်တွေနဲ့ စတင်ပစ်ခတ်ကာ အေမီကို အကူအညီပေးတာကြောင့် ဂဋ္ဌုန်ငှက်လည်း ရုန်းကန်နေရတဲ့ အခြေအနေကြားထဲ ရောက်သွားပါတယ်။

ဆံပင်တိုနဲ့အေမီကတော့ သေနတ်ကိုကိုင်ပြီး ရေမွန်နဲ့ တိုက်ခိုက်နေတဲ့ မက်ဒါနာကို ပစ်ခတ်ဖို့လုပ်ပေမဲ့ လင်ဒါ နှစ်ယောက်က ပြိုင်တူတိုက်ပွဲဝတ်စုံတွေကိုဝတ်ကာ သူတို့ ရှေ့မှာ ပိတ်ရပ်လိုက်ပါတယ်။

“ဘယ်သူ့ကို ချောင်းပစ်မလို့လဲ။” နင့်ရဲ့ပြိုင်ဘက်က ငါတို့ပဲ။

...

ဘုန်း...

တိုက်ပွဲစတာ ငါးမိနစ်ကြာပြီးနောက်မှာတော့ နှစ်ဘက် တိုက်ပွဲတွေက အလွန်ပြင်းထန်လာပြီး မြို့ထဲမှာ ဆက်ပြီး တိုက်ခိုက်လို့မရတဲ့ အခြေအနေအထိ ဖြစ်လာတယ်။ ငွေရောင်စစ်သည်က ရေမွန်ရဲ့ရင်ဘတ်ကို ဆောင့်ကန်ပြီး ကောင်းကင်ပေါ်ကို ပစ်တင်လိုက်တယ်။ အဲဲဒီနောက်တော့ နောက်ကနေ ပျံသန်းလိုက်ပါရင် သေနတ်တောင်ပံတွေကနေ အလင်းဒြပ်စင်တွေနဲ့ ပစ်ခတ်ပါတယ်။

ရေမွန်က ဓားနဲ့ကျည်ဆန်တွေကို တားဆီးလိုက်ရင်းနဲ့ ဓားပေါ်က အရံအတားကို ဆွဲဖြုတ်လိုက်တယ်။ “မြေဆွဲအား ခြောက်ဆယ့်လေးဆ။”

ဝုန်း...

မြေဆွဲအားဓားကြောင့် ပတ်ဝန်းကျင်လေထုက ဖိသိပ်ခံလိုက်ရပြီး ဧရာမဓားအားလှိုင်းကြီးတွေကို ရေမွန်က စတင်ထုတ်ဖော်တယ်။ ဝတ်စုံထဲမှာရှိနေတဲ့ မက်ဒါနာက ပြုံးလိုက်ပြီး...

“ငါ့ရဲ့ဓားကို နင်က အဲဒီလိုသုံးတာလား။ ဒါဆိုရင် ငါလည်း နောက်တစ်ကွက်ပြရသေးတာပေါ့။”

ဟာရီးကိန်းဓားချက်။

မက်ဒါနာရဲ့အမြန်နှုန်းက ရေမွန်မလိုက်နိုင်လုနီးပါးအထိ မြင့်တက်သွားတယ်။ လေမုန်တိုင်းတစ်ခုက ရေမွန်ဆီ တည့်တည့်ပြေးဝင်လာပြီး ရေမွန်ရဲ့အနက်ရောင်ခြုံလွှာကြီး တစ်စစီဖြစ်သွားတယ်။ တစ်ချိန်တည်းမှာပဲ ရေမွန်က သူ့ရဲ့ မျက်လုံးတွေကို ကျယ်ကျယ်ဖွင့်ထားလိုက်ပြီး...

“ဘယ်လိုလုပ်ပြီး ခင်ဗျားက ဒီအကွက်ကို တတ်နေရတာလဲ။”

“ငါက အဲဒီအကွက်ကို ထွင်ခဲ့တဲ့သူမလို့လေ။” မက်ဒါနာက ရေမွန်ရဲ့လည်ပင်းကို ဖမ်းကိုင်လိုက်တယ်။ အဲဒီနောက် သူက ဝတ်စုံရဲ့ဂျက်အင်ဂျင်အားလုံးကိုဖွင့်ကာ ရေမွန်ကို မြေပြင်ပေါ်ဆွဲခေါ်သွားတယ်။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ရှင်းပါတယ်။ ရေမွန်ကို မြေပြင်နဲ့ဆောင့်ချပြီး အပြီးသတ် ပေးမလို့ပါ။

ဒါပေမဲ့... ရေမွန်ရဲ့မျက်လုံးတွေထဲကနေ မျက်ရည်တွေ ထွက်လာပြီး...

“အစ်မကြီး... အဲဒါကတိကို ခင်ဗျားမမေ့ပါဘူးနော်။”

ငွေရောင်စစ်သည်ရဲ့အရှိန်က ရုတ်ချည်းလျော့ကျသွားပြီး လက်တွေက တုန်ယင်နေတယ်။ ဝတ်စုံထဲမှာ ရှိနေတဲ့ မက်ဒါနာကလည်း တစ်ကိုယ်လုံး တုန်ယင်လို့ နေပါတယ်။

“မင်းလား... ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

...

အေမီက လင်ဒါနှစ်ယောက်ရဲ့တိုက်ခိုက်မှုကြောင့် နောက်ကို တစ်ဆုတ်တည်း ဆုတ်နေရပါတယ်။ လင်ဒါတစ်ယောက်စီက သူနဲ့ အင်အားအတူတူပဲဆိုပေမဲ့ နှစ်ယောက်ဖြစ်သွားတဲ့ အချိန်မှာတော့ ထိန်းထားရုံသာ တတ်နိုင်ပါတော့တယ်။

“မမလေး၊ ဒီအခြေအနေကို ဖောက်ထွက်ဖို့ တစ်ခုခုလုပ်မှ ဖြစ်တော့မယ်။”

အေမီက လှမ်းပြီးသတိပေးလိုက်တော့ အနူးဘစ်နဲ့ အာ့ခ်မီဂါကို ပြိုင်တူတိုက်ခိုက်ပြီး အသာစီးရနေတဲ့ ခါးပတ်နဲ့ မက်ဒါနာက မျက်မှောင်ကြုတ်လိုက်တယ်။ စစ်မြေပြင်မှာ သူက လွဲပြီးတော့ အားလုံးအရေးနိမ့်နေပါပြီ။ ပြီးတော့ ရေမွန်နဲ့ရင်ဆိုင်နေတဲ့ မက်ဒါနာကိုပါ ကြည့်လိုက်ပြီး

“ဒီမက်ဒါနာက ငါမြင်ဖူးသမျှထဲမှာ စွမ်းအားအကြီးဆုံးပဲ။ ဒါတောင် သူ့ခွန်အားကုန် မဟုတ်သေးဘူးလို့ ခံစားနေရတယ်။”

နောက်တော့ ခါးပတ်နဲ့မက်ဒါနာက ဖော​က်ထွက်ဖို့ ပြင်ဆင်တဲ့ အနေနဲ့ လှံကိုအားကုန်ဝေ့ယမ်းပြီး ဖရာလီတာနဲ့အေမီကို နောက်ဆုတ်သွားအောင် လုပ်လိုက်တယ်။ အဲဲဒီနောက် အချိန်ဖြုန်းမနေတော့ဘဲ နောက်ထပ်မန်မိုရီကတ်တစ်ခုကို လဲလှယ်လိုက်ပါတယ်။

[maleficus system ready]

[Battler]

ဘုန်း...

ဂဋ္ဌုန်ငှက်ပုံစံက ပျောက်သွားပြီး ဒိုင်းကိုင်ထားတဲ့နည်းပညာ ချပ်ဝတ်ကို ခါးပတ်နဲ့မက်ဒါနာက ဝတ်ပြီးသားဖြစ်သွားတယ်။ အဲဒီဝတ်စုံကို မြင်တာနဲ့ အေမီနဲ့တိုက်ခိုက်နေတဲ့ လင်ဒါ နံပါတ်နှစ်က ဒေါသထွက်လာပြီး လှည့်ထွက်သွားတယ်။

“နင်ကများ.... မင်းလွင်ရဲ့ဝတ်စုံကို...”

ထန်း...

လင်ဒါဝတ်ထားတဲ့ ဓားဝတ်စုံကလည်း လက်ရှိခါးပတ်နဲ့ မက်ဒါနာဝတ်ထားတဲ့ ဒိုင်းဝတ်စုံက အစုံလိုက်လာတာပါ။ ပစ္စည်းအစုံလိုက်ရှိတဲ့သူတွေ အတူတူတိုက်ခိုက်ဖို့ ထုတ်လုပ်ခဲ့တာဖြစ်ပေမဲ့ အခုတော့ အချင်းချင်းတိုက်ခိုက် နေရသလိုဖြစ်နေပါပြီ။

“ဒီလက်ပတ်ကို ငါယူလိုက်လို့ရမလား။” ခါးပတ်နဲ့ မက်ဒါနာက လင်ဒါရဲ့လက်က လက်ပတ်နာရီကို ထိကိုင်လိုက်တယ်။

တစ်ချိန်တည်းမှာပဲ ခါးပတ်ကနေပြီး အသံတစ်သံ ထွက်ပေါ်လာပါတယ်။ “Battler မန်မိုရီစတစ်စကို အဆင့်မြှင့်နေပါပြီ။ စွမ်းအင်ရယူခြင်းပြီးဆုံး။”

“ဘာ...” အားလုံးရှေ့မှာပဲ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာတယ်။ လင်ဒါရဲ့လက်မှာပတ်ထားတဲ့ နာရီက ပျောက်ကွယ်သွားပြီး ခါးပတ်နဲ့မက်ဒါနာရဲ့လက်မှာ ပေါ်လာတယ်။ အဲဒီနောက် ခါးပတ်နဲ့မက်ဒါနာက လင်ဒါ နံပါတ်နှစ်ကို ကန်ထုတ်ပစ်လိုက်တယ်။ သူအကျမနာအောင် လင်ဒါနံပါတ်တစ်က နောက်ကနေ ဖမ်းဆွဲထားပေးခဲ့ပေမဲ့ လင်ဒါနံပါတ်နှစ်က ရူးသွပ်နေသူတစ်ယောက်လိုမျိုး အဓိပ္ပါယ်မဲ့ အော်ဟစ်နေပါပြီ။

“မဟုတ်ဘူး.... အဲဒီနာရီနှစ်ခုကို သူပေါင်းမိသွားလို့ မဖြစ်ဘူး။ ငါတို့နိုင်တော့မှာမဟုတ်ဘူး။”

ဒါပေမဲ့ နောက်ကျသွားခဲ့ပြီလေ။ ရန်သူက နာရီနှစ်ခုလုံးကို ရသွားပြီ။ “နဂါးဖြူစက်ရုပ်၊ ထွက်လာခဲ့တော့။”

ဘုန်း...

ကောင်းကင်မှာဧရာမ ပေါ်တယ်ကြီးပွင့်လာတယ်။ မီတာ ခြောက်ဆယ်လောက်ရှိတဲ့ တိုက်ပွဲဝင်စက်ရုပ်ကြီးက မြေပေါ်ကို ပြုတ်ကျလာတယ်။ လန်ဒန်မှော်ပညာသင် ကျောင်းကြီးတစ်ခုလုံး ပြားပြားဝပ်သွားပြီ။ လင်ဒါ နံပါတ်တစ်၊ ဖရာလီတာနဲ့ အနူးဘစ်အေမီတို့က သူတို့ကို တားဖို့ကြိုးစားပေမဲ့ ခါးပတ်မက်ဒါနာက ဆံပင်တိုအေမီနဲ့ လူစုပြန်ဖွဲ့လိုက်ပြီး စက်ရုံပေါ်ကို ခုန်တက်သွားတယ်။

“ရှုစားကြလော့၊ အပြိုင်စကြဝဠာတိုင်းမှာ ပြိုင်ဖက်ကင်း ဖြစ်လာတော့မယ့် ငါ့ရဲ့မမလေးကို။”

ဆံပင်တိုအေမီက ကြွေးကြော်လိုက်ပြီးတဲ့နောက်မှာ နှစ်ယောက်လုံးက စက်ရုပ်ကြီးထဲဝင်သွားပြီး ဒိုင်းနဲ့ဓားကို ကိုင်ထားတဲ့ နဂါးဖြူစက်ရုပ်ရဲ့မျက်လုံးတွေက အဖြူရောင် စွမ်းအင်တွေနဲ့တောက်ပလာခဲ့တယ်။

ကျွီ... ကျွီ... ကျွီ...

မီတာခြောက်ဆယ်မြင့်တဲ့စက်ရုပ်ကြီးကနေ ထွက်ပေါ်နေတဲ့ အလင်းဒြပ်စင်စွမ်းအင်လှိုင်းတွေကတင် ပတ်ဝန်းကျင်မှာ ရှိနေတဲ့ အရာဝတ္ထုတွေကို စတင်အရည်ပျော်လာစေတယ်။ လင်ဒါနံပါတ်တစ်ကတော့ အဲဒါကိုကြည့်နေရင်းနဲ့ ကျောချမ်း လာဟန်နဲ့ ပြောလိုက်ပါတယ်။

“အဲဒီနာရီနှစ်ခု ပေါင်းမိသွားရင် နဂါးဖြူစက်ရုပ်က တည်ရှိနေရုံနဲ့တင် ကမ္ဘာကြီးကိုဖျက်ဆီးနိုင်တဲ့ အဆင့်ကို ရောက်သွားမှာ။”

အာ့ခ်မီဂါထဲက ဖရာလီတာကလည်း ဒီတော့မှ သတိဝင်သွားပြီး “သူက အိုမီဂါဖြစ်သွားပြီလို့ ဆိုလိုတာလား။”

...

“မဟုတ်တာပဲ။ အဲဒီဖြစ်ရပ်က ငါ့အိပ်မက်ထဲမှာ ဖြစ်ခဲ့တာလေ။”

မက်ဒါနာက ရေမွန်ရဲ့လည်ပင်းကို ဖမ်းကိုင်ထားတုန်းပဲ။ ဒါပေမဲ့ မြေပြင်နဲ့ မကိုင်ဆောင့်ခဲ့ပါဘူး။ အဲဒီအစား ရေမွန်ရဲ့ ခန္ဓာကိုယ်က မြေပြင်နဲ့လက်မ အနည်းငယ်အကွာမှာ ရပ်တန့် နေခဲ့တာပါ။

“အဲဒါက အိပ်မက်မဟုတ်ပါဘူး။ ကျွန်တော်တို့ ထာဝရအတူ ရှိနေမယ်လို့ သင်္ဘောပေါ်မှာ ကတိပေးခဲ့ကြတာလေ။ အစ်မက အဲဒါကိုသိနေတယ်ဆိုတော့... အစ်မ မသေသေးဘူးဆိုတဲ့ သဘောပဲမဟုတ်လား။”

ရေမွန်က ပြုံးထားရင်းနဲ့ ငွေရောင်စစ်သည်ရဲ့လက်ကို ကိုင်လိုက်တယ်။ ဒါပေမဲ့ မက်ဒါနာက ခေါင်းကိုခါယမ်းရင်း ရေမွန်ကို လွှတ်ပေးလိုက်တယ်။

“မဟုတ်ဘူး... မင်းသိတဲ့ မက်ဒါနာက တကယ်သေသွား ခဲ့တာပါ။ ငါကတော့စစ်ဆေးမှုကို ဖြတ်ကျော်ဖို့သက်သက်နဲ့ မင်းရဲ့ကမ္ဘာကို အလည်သက်သက် လာဖြစ်ခဲ့ရုံပဲ။”

နောက်တော့ မက်ဒါနာက ရေမွန်ကို ကျောခိုင်းလိုက်တယ်။ ရေမွန်က မက်ဒါနာ ချစ်ရတဲ့သူပါ။ ဒါပေမဲ့ သူ့ကမ္ဘာမှာ ရှိတဲ့ ရေမွန်မဟုတ်သလို သူကလည်း ရေမွန်ရဲ့မက်ဒါနာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်ကြားက သံယောဇဥ်က လိပ်ပြာတစ်ကောင်မက်တဲ့ အိပ်မက်လိုပဲ အကောင်အထည် မရှိဘူး။ ဇာတ်လမ်းကို ရှေ့ဆက်ဖို့အတွက် အဓိပ္ပါယ် မရှိတဲ့အတွက် မက်ဒါနာက အဲဒီကိစ္စကို မေ့ထားခဲ့တာ။

“အဲဒီကိစ္စကို မင်းမေ့ထားလိုက်တာက ငါ့အတွက်ရော မင်းအတွက်ပါ အကောင်းဆုံးပဲ။”

မက်ဒါနာရဲ့စကားကြောင့် ရေမွန် ခေါင်းငိုက်စိုက် ကျသွားခဲ့ပါပြီ။ သူ့မှာ ဆက်လက်တိုက်ခိုက်လိုတဲ့ စိတ်ဆန္ဒ မရှိ​တော့ဘူး။ သူ့ရှေ့က မက်ဒါနာက သူသိတဲ့ မက်ဒါနာ မဟုတ်တော့ဘူးဆိုတာ သူသိပါတယ်။ ဒါပေမဲ့ ခံစားချက် ဆိုတာက ပြောရခက်တဲ့ အရာတစ်ခုပဲလေ။

“ဒီတစ်ခါတော့ တစ်​ယောက်ချင်း တိုက်ကြတာပေါ့။”

ကျယ်လောင်လှတဲ့ အသံတစ်သံက တစ်ဖက်ကနေပြီး ထွက်ပေါ်လာတဲ့အတွက် မက်ဒါနာက ကြည့်လိုက်တော့ တည်ရှိနေရုံနဲ့တင် ကမ္ဘာလောကရဲ့ဖြစ်တည်မှုကို ခြိမ်းခြောက်နိုင်စွမ်းရှိနေတဲ့ ဧရာမစက်ရုပ်ဖြူကြီးကို မြင်လိုက်ရတယ်။

မက်ဒါနာက အဲဒီမြင်ကွင်းကို ကြည့်ရင်းနဲ့ ပြုံးလိုက်တယ်။ “နောက်ဆုံးတော့ ထိုက်တန်နဲ့ ပြိုင်ဘက်ရောက်လာပြီပေါ့။”

ဘုန်း...

ငွေရောင်စစ်သည်ရဲ့ရင်ဘတ်က ကျောက်မျက်ရတနာ ငါးခုက စတင်တောက်ပလာတယ်။ ဝတ်စုံကနေပြီး တစ်ပြိုင်နက်တည်း သားရဲငါးကောင်လုံးရဲအရှိန်အဝါတွေ ဖြာထွက်နေပြီး ငွေရောင်စစ်သည်ကိုယ်တိုင်က နဂါးဖြူ စက်ရုပ်ကြီးလိုပဲ ကမ္ဘာလောကရဲ့တည်ရှိမှုကို ခြိမ်းခြောက် နိုင်စွမ်းရှိတဲ့ အငွေ့အသက်တွေကို စတင်ထုတ်လွှတ်ပါတယ်။

“ငါတို့အဆင့်တိုက်ပွဲတွေကို ခံနိုင်တဲ့ တစ်ခုတည်းသော နေရာကို သွားကြစို့။”

ဘုန်း...

ငွေရောင်စစ်သည်က မြေပြင်ကိုဆောင့်ကန်ပြီး မိုးကောင်းကင် အမြင့်ကြီးပေါ်ကို ထိုးတက်သွားတယ်။ တခြားသူတွေက သူ့ကို ကြယ်တံခွန်တစ်ခုအဖြစ်သာ မြင်ရတယ်။ နဂါးဖြူစက်ရုပ်ကြီးကလည်း နောက်ကနေ လ်ိုက်လာတယ်။ သူတို့နှစ်ယောက်က တဖြည်းဖြည်းနဲ့ ကမ္ဘာ့လေထုအလွှာအထပ်ထပ်ကို ဖြတ်သန်းလာပြီး ကောင်းကင်ကြီးက မပြာတော့ဘဲ အနက်ရောင် ပြောင်းသွားတဲ့အထိ ထိုးတက်တယ်။ တဖြည်းဖြည်းနဲ့ ကမ္ဘာကြီးက သူတို့အတွက် သေးငယ်တဲ့ကျောက်ခဲအရွယ် အရာလေးတစ်ခုအဖြစ်ပဲ မြင်ရတော့တဲ့အချိန်မှ သွားနေတာကို ရပ်လိုက်ပါတယ်။

“ငါကလည်း နင့်လို အဆင့်ရှိတဲ့ ပြိုင်ဘက်တစ်ယောက်ကို ရှာနေတာ ကြာပြီ။” ငွေရောင်စစ်သည်က လက်ဆစ်တွေကို ချိုးလိုက်ရင်း ပြောလိုက်ပါတော့တယ်။

All Chapters