← Chapters

အခန်း (၉၈၄)

Vol. 67 Ch. 984

အခန်း (၉၈၄)

Vol. 67 Ch. 984

“သန့်စင်ကျောက်စိမ်း စိတ်ဝိညာဉ်အပင် ဟုတ်လား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

ခရမ်းရောင်ဘုရင်သည် တောက်ပနေသော မျက်လုံးအစုံဖြင့် ကြည့်ကာပြောလိုက်သည်။ “ဒါက အထက်နယ်မြေ မှာသာရှိတဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ရတနာတစ်ခုပဲ၊ ကျုပ်တို့သားရဲမျိုးနွယ်တွေသာ ဒါတစ်ခုကို စားလိုက်မယ် ဆိုရင် ကျင့်ကြံခြင်းအဆင့် နှစ်တစ်ထောင်လောက် ကျင့်ကြံလိုက်ရသလို တိုးမြင့်သွားလိမ့်မယ်”

ကျွင်းချောင်ရှောင်းများသည် လင်းလက်သွား၏။ “တကယ်လို့ လူတွေစားမယ်ဆိုရင်ကော”

“ချက်ချင်း သေသွားမှာပေါ့” ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။

ဤအလှည့်အပြောင်းသည် အလွန်တရာ မြန်ဆန်လွန်းနေ၏။ ဂိုဏ်းချုပ်ကျွင်းသည် ချက်ချင်းပဲ ကောင်းကင်ပေါ်မှ ပြုတ်ကျသွားသလိုပင် ခံစားလိုက်မိ၏။

သားရဲမျိုးနွယ်များ စားသောက်သည်နှင့် ကျင့်ကြံခြင်းအဆင့် တိုးမြင့်သွားရပြီး လူသားများ စားသုံးမည် ဆိုပါက တစ်ခါတည်း သေဆုံးသွားနိုင်သည်။ ဤအရာသည် မည်ကဲ့သို့သော အပင်မျိုး ဖြစ်သနည်း။

အဘယ်ကြောင့်ဆိုသော် ဆေး၏ အကျိုးသက်ရောက်မှုသည် အလွန်တရာ အားကောင်းလွန်းလှ၏။ လူသားတို့၏ ခန္ဓာကိုယ်သည် သားရဲမျိုးနွယ်များနှင့် နှိုင်းယှဉ်ပါက အလွန်တရာ အားနည်းလွန်းနေ၏။ ထို့ကြောင့် ဆေး၏ ပေါက်ကွဲတတ်သော အားအင်ကို မခံစားနိုင်ကြချေ။ ထို့ကြောင့် ဤဆေးပင်ကို စားသုံးလိုက်မည်ဆိုပါက တစ်ခါတည်းပေါက်ကွဲ၍ သေဆုံးသွားနိုင်သည်။

“ဒါပေမဲ့”

ခရမ်းရောင်ဘုရင်က ထပ်ပြောလိုက်သည်။ “တခြားသောအပင်တွေနဲ့ ပေါင်းစပ်ပြီးတော့ သန့်စင်လိုက်မယ်ဆိုရင်တော့ ဘာတွေ အကျိုးသက်ရောက်မှု ဖြစ်သွားမလဲဆိုတာတော့ မသိဘူး”

ဤအရာသည် လူသားတို့၏ ဉာဏ်ပညာနှင့် တီတွင်ဖန်တီးနိုင်မှုပင် ဖြစ်တော့၏။ အပင်များသည် မည်မျှ အားကောင်းသည်ဆိုဆို စနစ်တကျ ကျွမ်းကျင်စွာဖြင့် သန့်စင်ထားနိုင်မည်ဆိုပါက အကျိုးသက်ရောက်မှုသည် ပိုမိုကာအားကောင်းသွားပေလိမ့်မည်။ အကြမ်းထည်ကြီးကို စားသုံးရသည်ထက် ပိုမို၍ ကောင်းမွန်သည့်အရာမျိုး ဖြစ်လာမှာတော့ သေချာ၏။

ခရမ်းရောင်ဘုရင်သည် အလောတကြီးဖြင့် ရှေ့သို့ လျှောက်သွားခဲ့တော့သည်။ သူသည် ဤကဲ့သို့ ကျင့်ကြံခြင်း အဆင့် တိုးမြင့်နိုင်ရန်အတွက် နဂါးမျိုးနွယ်ထဲသို့ပင် ဝင်ရောက်၍ နဂါးဥကို ခိုးယူခဲ့သေးသည် မဟုတ်ပါလား။ ယခု သန့်စင်ကျောက်စိမ်း စိတ်ဝိညာဉ်အပင်သည် ၎င်း၏ရှေ့တွင် တည်ရှိနေပြီဖြစ်၏။ ထို့ကြောင့် သူသည် အမှန်တကယ်ပဲ စိတ်လှုပ်ရှားမိနေသည်။

ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ဆေးပင်ကို တစ်ခါတည်းနှုတ်ယူ၍ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းလိုက်တော့သည်။ ပြီးနောက် သူက ပြောလိုက်တော့၏။ “ဒီလို ကောင်းမွန်တဲ့ အရာတွေကို တွေ့ကရာလျှောက်ပြီးစားလို့ မဖြစ်ဘူး”

ခရမ်းရောင်ဘုရင်သည် သူ၏ခေါင်းကို ဆုပ်ကိုင်ကာဖြင့် ထအော်လိုက်မိ၏။ “တစ်ကိုက်တည်း စားချင်တာပါ”

“လာခဲ့”

ကျွင်းချောင်ရှောင်း က ပြောလိုက်သည်။ “ခင်ဗျားရဲ့ပါးစပ်ကြီးနဲ့ တစ်ကိုက်တည်းစားပစ်လိုက်ရင် အမြစ်တွေတောင် ပါသွားအုံးမယ်”

ကောင်းကင်နှင့် မြေကြီး၏ ရတနာတစ်ခုလည်းဖြစ်ပြီး ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်နိုင်စွမ်းလည်းရှိ၏။ ဤအရာသည် ကျိန်းသေပေါက် ကောင်းကင်ရတနာပင် ဖြစ်ပေလိမ့်မည်။ အနာဂတ်တွင် ပိုမိုကောင်းမွန်သည့် အရာမျိုး ဖြစ်လာရန်အတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သိမ်းဆည်းထားခြင်းက အကောင်းမွန်ဆုံး ဖြစ်ပေလိမ့်မည်။ ဥပမာအားဖြင့် သိုင်းနယ်မြေတစ်ပိုင်း ဆေးလုံးမျိုးကို ဖန်တီးနိုင်သည်ဆိုပါက အကောင်းမွန်ဆုံးပင်။

စနစ်သည် ဆွံ့အသွားမိ၏။ “ဘာလို့ သိုင်းအင်ပါယာ ဆေးလုံးဆိုပြီးတော့ မစဉ်းစားတာလဲ၊ ဒါကိုစားလိုက်ရင် တစ်ခါတည်း သိုင်းအင်ပါယာတန်းဖြစ်သွားမှာပေါ့၊ ဒါဆိုရင် အကောင်းဆုံးသော အခြေအနေကို ရောက်သွားပြီ”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီလိုမျိုး လုပ်နိုင်တယ်ဆိုရင်လည်း အကောင်းဆုံးပေါ့”

စနစ် “...”

“ဒီကောင်းကင်နဲ့မြေကြီးရဲ့ ရတနာတွေကို စိုက်ပျိုးနိုင်တဲ့ မြေကြီးကလည်း ကောင်းမွန်တဲ့အရာပဲ ဖြစ်ရမယ်၊ ဒါက သာမန်မဟုတ်ဘူး”

ခဏလောက် စဉ်းစားပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ဟောခန်းသခင်ကျိ နှင့် အဘိုးကြီးတင်းတို့အား ဤမြေဆီလွှာများကို သိမ်းဆည်းခဲ့ရန် အမိန့်ပေးခဲ့တော့သည်။

လှိုဏ်ဂူထဲတွင် အချိန် အတော်ကြာ ရှာဖွေပြီးသည့်နောက်မှာတော့ တခြား မည်သည့် ကောင်းမွန်သည့်ရတနာကိုမှ ရှာဖွေ မတွေ့ရှိခဲ့ပေ။ ထို့ကြောင့် လှိုဏ်ဂူဝအတိုင်း အပြင်သို့ ပြန်လည်ကာ လျှောက်ထွက်လာခဲ့ကြ၏။

၎င်းတို့သည် ကျောက်တံခါး ကြီးရှေ့သို့ ရောက်ရှိလာသည့်အချိန်မှာတော့ တွေးလိုက်မိသည်။ “ဒီလောက် မာကျောလှတဲ့ ကျောက်တံခါးကြီးကို ဒီအတိုင်း ထားခဲ့လို့ မဖြစ်ဘူး”

ဆွစ် …။

သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာဖြင့် ကျောက်တံခါးကြီးကို သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်း လိုက်တော့သည်။

“ဒီလိုပဲ ပြီးသွားပြီလား”

ကျောက်တံခါးကြီးကို သိမ်းဆည်းရာတွင် ဤမျှလောက် လွယ်ကူ လိမ့်မည်ဟု ကျွင်းချောင်ရှောင်း မထင်မှတ်မိခဲ့ချေ။

စနစ်က သက်ပြင်းချလိုက်မိသည်။ “ကုန်းရှန့်သာ နေရာတစ်ခုခုထဲကို ဝင်သွားသွားပြီဆိုရင်တော့ အထဲမှာရှိတဲ့ မြက်တစ်ပင်တောင် ကျန်ခဲ့မှာ မဟုတ်တော့ဘူး”

“ကောင်းပြီ”

ကျွင်းချောင်ရှောင်းသည် လက်ဖျောက်တီးကာ ပြောလိုက်၏။ “ပြန်ကြစို့”

၎င်းတို့သုံးယောက်သည် သစ်တော၏ အပြင်ဘက်ဆီသို့ လျှောက်ထွက်လာခဲ့ကြ၏။ အမွေအနှစ်ကို ယူဆောင်ပြီးပြီ ဖြစ်သောကြောင့် ပတ်ဝန်းကျင်ပြောင်းလဲမှုနှင့် အကြောင်းအရာများသည် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်တော့သည်။ သို့ပေမဲ့ အဝင်ဝတံခါးကြီးတောင်မှ ယူဆောင်သွားခြင်းကို ခံရပြီဖြစ်သောကြောင့် လေထုထဲတွင် ကြမ်းတမ်းသော လေလှိုင်းများနှင့် ပြည့်နှက်လျက်ရှိနေတော့သည်။

အမွေအနှစ် “သောက်ကျိုးနည်း လူများပါတကား”

……..

လွန်ခဲ့သည့်နာရီဝက်ခန့်ကို ပြန်လည်သွားရောက်မည်ဆိုပါက အဘိုးကြီးတင်းသည် ကျောက်တံခါးကြီးကို နှိပ်လိုက်သည့်အချိန်မှာတော့ အလွန်တရာတောက်ပလှသော အလင်းတန်းများသည် ကောင်းကင်ပေါ်တွင် ဖြစ်တည်လာခဲ့ တော့သည်။ ဤသက်တန့်ရောင်အလင်းတန်းများ အားလုံးသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီး တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့တော့သည်။

“သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုတွေ ပေါ်လာပြီပဲ၊ အမွေအနှစ်တစ်ခုခုက ပေါ်လာတာဖြစ်မယ်”

“ဒီလောက်အားကောင်းလှတဲ့ အလင်းတန်းတွေအရဆိုရင် ကျိန်းသေပေါက် အဆင့်မြင့်ရတနာတစ်ခု ဖြစ်လိမ့်မယ်”

များပြားလှသော ဂြိုဟ်အသီးသီးမှ ကျွမ်းကျင်သူများအားလုံးသည် ကောင်းကင်ပေါ်သို့ ထိုးတက်လျက်ရှိနေသော အလင်းတန်းများကို မြင်ရသည့်အချိန်မှာတော့ မျက်လုံးများ လင်းလက်သွားခဲ့ကြတော့၏။ ပြီးသည့်နောက် ၎င်းတို့၏ ခံတပ်များဆီမှ ပျံထွက်သွားပြီးသည့်နောက်မှာတော့ ထိုအလင်းတန်းများ တည်ရှိရာနေရာဆီသို့ ဦးတည်ကာ ရောက်ရှိလာခဲ့ကြ၏။

“ဘာကြီးလဲ”

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိနေသော မြို့တော်ဝန်ဟန်နှင့် တခြားသူများ အားလုံးသည်လည်း ထိုအချင်းအရာကို သတိပြုမိကြသည်။ ၎င်းတို့သည် မျက်လုံးအပြူးသားဖြင့် ဖြစ်မိနေကြ၏။

ကုန်းစွန်းဟောင်းဟိုင်က ပြောလိုက်သည်။ “ဒါက ဂြိုဟ်တိုက်ပွဲတည်နေရာကြီးရဲ့ အမွေအနှစ် ဖြစ်လိမ့်မယ်”

“အမွေအနှစ် ဟုတ်လား” အားလုံးသောသူများ၏ မျက်လုံးများသည် လင်းလက်သွား၏။

“သွားကြစို့”

ဂိုဏ်းကြီးတစ်ခု၏ ကျင့်ကြံသူတစ်ယောက်က ပြောလိုက်သည်။ “ထွက်ပြီးတော့ သွားကြည့်ကြမယ်”

ဝှစ် ဝှစ်

ချက်ချင်းပဲ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ထိပ်တန်းကျွမ်းကျင်သူများသည် ခံတပ်၏ အပြင်ဘက်သို့ လျှောက်ထွက်လိုက်ကြသည်။ မြို့တော်ဝန်ဟန်သည်သာမက မိုချန်းဟုန်နှင့် စစ်တုဟောင်ယွင်တို့သည်လည်း ထိုအထဲတွင် ပါဝင်လာခဲ့ကြသည်။

ဤဂြိုဟ်တိုက်ပွဲ တည်နေရာကြီးသည် အထက်နယ်မြေမှ ဖန်တီးခဲ့သော တည်နေရာကြီးဖြစ်၏။ ထို့ကြောင့် ဤနေရာတွင် တည်ရှိနေသော အမွေအနှစ်များ အားလုံးသည်လည်း အလွန်တရာပင် အားကောင်းပေလိမ့်မည်။ ၎င်းတို့အနေနှင့် ရယူနိုင်စွမ်း မရှိဘူးဆိုလျှင်တောင်မှ သွား၍ ကြည့်ရှုနိုင်ရုံသာ တတ်နိုင်ကြတော့သည်။

“ဒုတိယစီနီယာအစ်ကို”

ရှောင်ကျီက လေးနက်တည်ကြည်စွာပြောလိုက်၏။ “ဂိုဏ်းချုပ်နဲ့ အဘိုးကြီးတင်းတို့ ထွက်သွားခဲ့တဲ့ တည်နေရာပဲ မဟုတ်လား”

လီချင်းယန်သည် ခေါင်းညိတ်ကာ ပြောလိုက်၏။ “မှန်တာပေါ့”

...........

ဝှစ် ဝှစ်

ကောင်းကင်ပေါ်မှာတော့ အလင်းတန်းများသည် အလွန်တရာ မြန်ဆန်သည့်နှုန်းဖြင့် ထိုးတက်လျက် ရှိနေ၏။ မြို့တော်ဝန်ဟန်နှင့် တခြားသောသူများသည် ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ထိတ်လန့်တုန်လှုပ် နေမိ၏။ အမွေအနှစ်ပေါ်ပေါက်လာရာနေရာသည် များပြားလှသော စွမ်းအားမြင့် ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ခဲ့ကြ၏။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးရှိ များပြားလှသော ဂြိုဟ်အသီးသီးမှ ကျွမ်းကျင်သူများ အားလုံးသည် ဤနေရာသို့ လာရောက်စုဝေးလျက် ရှိနေတော့သည်။

“အားလုံးပဲ”

ရှေ့ဆုံးမှ ပျံသန်းလျက်ရှိသော သိုင်းနယ်မြေကျင့်ကြံသူက လေးလေးနက်နက် ပြောလိုက်သည်။ “ဒီမှာ စွမ်းအားမြင့် ကျင့်ကြံသူတွေ အများကြီးပဲ၊ ကျုပ်တို့က ပွဲကြည့်ရုံသက်သက် လာခဲ့တာ၊ ဝင်မရှုပ်ကြနဲ့”

“နားလည်ပါပြီ” အားလုံးသည် ဆုံးဖြတ်ချက်ကို ချမိလိုက်ကြ၏။ သူတို့အနေနှင့် ကောင်းမွန်သည့်အရာများကို မည်မျှလိုချင်သည်ဆိုဆို ဤအရာကို ယူဆောင်နိုင်ရန် စွမ်းဆောင်ရည်လည်း မရှိကြပေ။ ထို့အပြင် ကောင်းကင်ပေါ် တွင် ပျံသန်းသွားနေသူများမှာ အနိမ့်ဆုံးအဆင့်အဖြစ် သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများဖြစ်ကြ၏။ ထိုသူများ၏ လက်ထဲမှ အမွေအနှစ်ကို သွားရောက်ယူခြင်းသည် သေလမ်းရှာခြင်းနှင့်ပင် ဆင်တူနေပေလိမ့်မည်။

ထင်မှတ်ထားသည့်အတိုင်းပင်ဖြစ်သည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ သိုင်းကျင့်ကြံသူများသည် အလင်းများ ထွက်ပေါ်ရာနေရာဆီသို့ ရောက်ရှိလာသည့်အချိန်မှာတော့ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူများ တစ်ရာကျော် သည်သာမက သိုင်းနယ်မြေကျင့်ကြံသူများလည်း စုဝေးရောက်ရှိနေသည်ကို မြင်လိုက်ကြရသည်။ ၎င်းတို့အားလုံး သည် ထိတ်လန့်တုန်လှုပ်စွာဖြင့် သက်မပင် ချမိလိုက်ကြ၏။

၎င်းတို့၏ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ဆိုလျှင် ဤကဲ့သို့ သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ အနည်းငယ် လောက် ပေါ်ပေါက်လာသည် ဆိုသည်နှင့်ပင် ကြီးမားသည့် ဖြစ်ရပ်ကြီး ဖြစ်ပွားခြင်းပင် ဖြစ်ပေလိမ့်မည်။ လက်ရှိ အခြေအနေမှာတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင် ထိုကဲ့သို့သော ကျင့်ကြံသူများသည် ဒုနှင့်ဒေး များပြား လျက်ပင် ရှိနေသေးသည်။

များပြားလှသော ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများ အားလုံးသည် အလင်းတန်းထွက်ပေါ်နေရာ လေထုထဲတွင် ပျံသန်းလျက် ရှိနေကြ၏။ ၎င်းတို့၏ မျက်လုံးများသည် တောက်ပလျက်ရှိနေ၏။ ယခု ဖြစ်ပေါ်လာသော ပတ်ဝန်းကျင် ပြောင်းလဲမှုသည် အရင်တစ်ကြိမ် ဥကြီးထွက်ပေါ်လာသည့်အချိန်ထက်ပင် ပို၍ အားကောင်းသေး၏။ ထို့ကြောင့် အမွေအနှစ်၏ အဆင့်အတန်းသည် ပိုမိုကာ မြင့်မားပေလိမ့်မည်။

ဥကြီး၏ အကြောင်းကို ပြောရမည်ဆိုလျှင် ၎င်းတို့ အားလုံးသည် ကျွင်းချောင်ရှောင်း အကြောင်းကို မတွေးဘဲ မနေနိုင်ကြချေ။ ကျွင်းချောင်ရှောင်း၏ ရူးရူးမူးမူး သတ်ဖြတ်မှုကို ပြန်လည်မြင်ယောင်ပြီးသည့်နောက်မှာတော့ အားလုံးသည် ခန္ဓာကိုယ်တစ်ခုလုံးပင် တုန်ယင်သွားမိကြသည်။

“နေအုံး.... ဒီလူလည်း ဒီမှာ ရောက်နေတာလား” များပြားလှသော ဂြိုဟ်အသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများ သည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ မြို့တော်ဝန်ဟန်နှင့် တခြားသော သူများကို မြင်လိုက်ကြတော့၏။

“ကြယ်ကြွေကုန်းမြေတိုက်ကြီးက သိုင်းကျင့်ကြံသူတွေပဲ”

“ကောင်းကင်ဘုံ... သူတို့က ဘာလို့ ဒီကို ရောက်နေတာလဲ”

“သူတို့က အမွေအနှစ်တွေကို လာပြီး လုယူချင်လို့ နေလိမ့်မယ်”

“ငါတို့က ကြည့်ရုံပဲ ကြည့်ရတော့မယ်နဲ့တူတယ်”

ကြယ်ကြွေကုန်းမြေတိုက်ကြီးက သိုင်းကျင့်ကြံသူများသည် အားလုံးသောသူများမှာ သူတို့ကို ကြည့်ရှုနေသည်ကို မြင်ရသည့်အချိန်မှာတော့ ထိတ်လန့်တုန်လှုပ်သွားမိကြသည်။

“အမ်... မဟုတ်ပါဘူး”

မြို့တော်ဝန်ဟန်၏ အမူအရာသည် ပြောင်းလဲသွား၏။ “ငါတို့ ဒီအမွေအနှစ်ကို လုယူမယ်လို့ သူတို့ ထင်နေတာနဲ့တူတယ်”

“မစိုးရိမ်နဲ့၊ မစိုးရိမ်နဲ့”

ဂိုဏ်းကြီးတစ်ခုဆီမှ သိုင်းနယ်မြေကျင့်ကြံသူသည် မိမိကိုယ်ကို စိတ်တည်ငြိမ်အောင် ထိန်းသိမ်းပြီးသည့်နောက်မှာတော့ လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “အားလုံးပဲ... ကျုပ်တို့က ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲကို ဝင်လာတာ ဒီအမွေအနှစ်ကြီးကို လုယူချင်လို့ လာခဲ့တာ မဟုတ်ပါဘူး၊ ကျုပ်တို့က ပွဲကြည့်ချင်ရုံ သက်သက်ပါပဲ၊ ဝင်ပြီး လုယူမှာ မဟုတ်ပါဘူး”

တခြားသော ကျင့်ကြံသူများ အားလုံးသည် ဆွံ့အသွားခဲ့ကြသည်။ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ပါဝင် ပတ်သက်ခြင်း မပြုဘူးလား။ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးတွင် များပြားလှသော ပစ္စည်းကောင်းများ တည်ရှိလို့ နေ၏။ ၎င်းတို့အားလုံးသည် ဤဂြိုလ်တိုက်ပွဲ တည်နေရာကြီးတွင် ရှိနေသော အမွေအနှစ်များကို တကယ်ပင် ဂရုမစိုက်လေသည်လား။

ကျွင်းချောင်ရှောင်းသည် ဓားကြီးကို ထုတ်ကာဖြင့် အားလုံးသောလူများကို သတ်ဖြတ်ခဲ့သည့်မြင်ကွင်းကို စဉ်းစား ကြည့်လိုက်သည့်အချိန်မှာတော့ အမွေအနှစ်များကို စိတ်မဝင်စားဟုဆိုသော စကားကို သူတို့ မယုံကြည်နိုင်သလို ဖြစ်မိနေကြ၏။

“ဂိုဏ်းချုပ်... ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာ ရှိတဲ့လူတွေက ကျုပ်တို့ထင်ထားတာထက် ပိုပြီးအားကောင်းတယ်” အကြီးအကဲတစ်ယောက်သည် အသံပို့လွှတ်လိုက်၏။

“ဒီတော့”

ထိုဂိုဏ်းချုပ်သည် လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။ “ငါတို့ သူတို့ကို ရန်ပြုလို့ မဖြစ်ဘူး”

ဝှစ် ဝှစ်

ထိုအချိန်မှာတော့ ကောင်းကင်ပေါ်ရှိ အလင်းတန်းများ ထွက်ပေါ်ရာနေရာသည် ရုတ်တရက်ပျောက်ကွယ်သွားခဲ့ တော့သည်။ သစ်တောထဲတွင် ရှိနေသော အစီအရင်သည် လေထုထဲမှာတင် ပျောက်ကွယ်သွားခဲ့သည်။

“အမွေအနှစ်က စတင်ဖြစ်တည်လာပြီပဲ”

များပြားလှသော ဂြိုဟ်အသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများသည် ထိုအချင်းအရာကို သိရှိပြီးသည့်နောက်မှာ တော့ အမွေအနှစ်အား လုယူရန် ကြိုတင်ကာ ပြင်ဆင်မိတော့၏။

ဝှစ်

ရုတ်တရက်ပဲ အလင်းတန်းသုံးခုသည် ပေါ်ပေါက်လာခဲ့သည်။

ဝှစ် ဝှစ် ဝှစ်

များပြားလှသော ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများအားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော် ကာဖြင့် ထိုအလင်းတန်းများကို လုယူရန် စဉ်းစားလိုက်မိကြ၏။ သို့ပေမဲ့ နောက်တစ်စက္ကန့်အတွင်းမှာပဲ ၎င်းတို့၏ ခန္ဓာကိုယ်ရှိ ကိုယ်ရှိန်များသည် တန့်သွားခဲ့၏။ ၎င်းတို့၏ မျက်လုံးများသည်လည်း ပြူးထွက်သွားခဲ့ကြသည်။

“အမ်”

သစ်တောထဲမှ လျှောက်ထွက်လာခဲ့သော ကျွင်းချောင်ရှောင်းသည် အရှေ့တွင် များပြားလှသည့်လူများ တည်ရှိနေသည်ကို တွေ့လိုက်သည့်အချိန်မှာတော့ ဇဝေဇဝါနှင့် ဖြစ်မိသွား၏။ “ဘာတွေဖြစ်နေတာလဲ”

“ဂိုဏ်းချုပ်ကျွင်းလား” မြို့တော်ဝန်ဟန်နှင့် တခြားသောသူများသည်လည်း ဆွံ့အသွားမိကြ၏။

“ခင်ဗျားတို့ ဒီမှာ ဘာလာလုပ်နေကြတာလဲ” ကျွင်းချောင်ရှောင်းသည် ပို၍ နဝေတိမ်တောင် ဖြစ်မိနေသည်။

“ဂိုဏ်းချုပ်”

ကုန်းစွန်းဟောင်းဟိုင်သည် အဝေးဆီမှ ရောက်ရှိလာပြီးသည့်နောက် အသံပို့လွှတ်လိုက်သည်။ “ဒီတောထဲမှာ သဘာဝပတ်ဝန်းကျင်ပြောင်းလဲမှု အခြေအနေက ဖြစ်ပေါ်ခဲ့တာလေ”

ကျွင်းချောင်ရှောင်းသည် အခြေအနေကို အကြမ်းဖျင်း နားလည်လိုက်မိပြီဖြစ်၏။ သူသည် အိတ်ကပ်အရွယ်အစား ရှိသော စည်းဓားမော့ကို ထုတ်ယူကာ ပြောလိုက်မိ၏။ “ဒီနေရာမှာရှိတဲ့ အမွေအနှစ်ကို ဒီကျွင်းက ယူပြီးသွားပြီလေ၊ ဒီတော့ ခင်ဗျားတို့အနေနဲ့ လုယူချင်တယ်ဆိုရင်လည်း လွတ်လွတ်လပ်လပ်နဲ့ အရှေ့ကို တက်လာခဲ့ကြပါ”

“ဂိုဏ်းချုပ်ကျွင်း.... နှုတ်ဆက်ပါတယ်”

“ဂိုဏ်းချုပ်ကျွင်း..... ရေစက်ပါရင် နောက်မှဆုံကြရပေါ့”

“ဂိုဏ်းချုပ်ကျွင်း... နောက်မှ ဆုံကြမယ်နော်”

ဝှစ် ဝှစ် …..။

ချက်ချင်းပဲ များပြားလှသော ဂြိုဟ်အသီးသီးမှ ကျင့်ကြံသူများသည် အမြန်ဆုံးနှုန်းဖြင့် ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်၏။

မြို့တော်ဝန်ဟန်နှင့် တခြားသောသူများသည် သတိ ပြန်လည်ဝင်လာသည့်အချိန်မှာတော့ ပတ်ဝန်းကျင် တည်နေရာကြီးတစ်ခုလုံးတွင် ၎င်းတို့သာ ကျန်ရှိတော့ကြောင့်ကို အံ့အားတသင့်ဖြင့် တွေ့လိုက်မိကြတော့သည်။

All Chapters