← Chapters

အခန်း (၉၈၆)

Vol. 67 Ch. 986

အခန်း (၉၈၆)

Vol. 67 Ch. 986

ဤထူးခြားလှသော မြေဆီလွှာထဲတွင် လဲလျောင်းရခြင်းမှာ တောဝက်ရိုင်းလေးအတွက် အလွန်ကောင်းမွန်သည့် အကျိုးသက်ရောက်မှုရှိနေသည်ကို သိရှိရသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် သူ၏ နဂါးစိမ်းလခြမ်း ဓားမော့ ကြီးကို ပြန်လည်သိမ်းဆည်းကာဖြင့် ဘေးတစ်ဖက်တွင် မတ်တပ်ရပ်ကာ ကြည့်ရှု နေလိုက်၏။

ဝှစ် ဝှစ်

များပြားလှသည့် ဓာတ်သဘာဝများသည် ပိုမိုကာ ထွက်ပေါ်လာခဲ့တော့၏။ ရုတ်တရက် တောဝက်ရိုင်းလေး၏ ခန္ဓာကိုယ်ပေါ်တွင် မျဉ်းကြောင်းများဖြစ်တည်လာပြီးသည့်နောက်မှာတော့ အလွန်တရာ ခန့်ညားလှသော အော်ရာများ သည် ထိုမျဉ်းကြောင်းများဆီမှ ထွက်ပေါ်လာခဲ့သည်။

“ဒါ…. ဒါက”

အကြီးအကဲဝေသည် အံ့အားတသင့်ဖြင့် ဖြစ်မိနေတော့၏။ “ဒါက အသက်ဝင်နိုးထတာမျိုးလား။”

ကြည့်ရသည်မှာ ဤပုံရိပ်ယောင်သားရဲသည် ခန္ဓာကိုယ်ထဲတွင်ရှိနေသော ပုန်းအောင်းလျက်ရှိနေသည့်စွမ်းအင်များ သည် အပြင်ဘက်သို့ ထွက်ပေါ်လာခြင်းဖြစ်ပုံပေါ်သည်။

ထို့ကြောင့်သာ ယခုအလွန်အားကောင်းလွန်းလှသော ပြင်ပစွမ်းအင်တစ်ခုခုနှင့်ထိတွေ့ပြီးသည့်နောက်မှာတော့ ပုံရိပ်ယောင်သားရဲ၏ခန္ဓာကိုယ်သည် နိုးထအသက်ဝင်ခဲ့ခြင်းသာဖြစ်ပေလိမ့်မည်။

ဤမြေဆီလွှာသည် ဆေးပင်များကိုပင် ပိုမိုမြန်ဆန်စွာ ပေါက်ရောက်နိုင်စေသည့်အစွမ်းကို ရှိသည့်အရာဖြစ်၏။

“အသက်ဝင်နိုးထတာလား။”

ကျွင်းချောင်ရှောင်းသည် ထိုအရာကို မျှော်လင့်နေသူတစ်ယောက်ဖြစ်၏။ ဤကောင်လေးသည် မြေဓာတ်အမျိုးအစား ပုံရိပ်ယောင်သားရဲတစ်ကောင်ဖြစ်သည်။ မြေဆီလွှာများ၏ အကူအညီနှင့် သူသည် မြေဓာတ်သဘာဝများကို ထိန်းချုပ်မှု ပိုမိုကာ အားကောင်းလာပေလိမ့်မည်။ ထိုသို့ဆိုလျှင် အနာဂတ်၌ အဆောက်အဦများဆောက်လုပ်ရာတွင် ပိုမိုသင့်တော်လှသည့် သားရဲတစ်ကောင်ဖြစ်လာမှာ သေချာသည်။

ဆွစ်

တောဝက်ရိုင်းလေးသည် ရုတ်တရက်မျက်လုံးကို ဖွင့်လိုက်၏။ မူလအားဖြင့် ဝမ်းနည်းသိမ်ငယ်လျက်ရှိနေသော မျက်လုံးများသည် စူးရှလာခဲ့တော့၏။ ခန္ဓာကိုယ်အပေါ်ကြီးရှိ မျဉ်းကြောင်းများဆီမှ ထွက်ပေါ်လျက်ရှိနေသော အော်ရာများသည် ကြောက်မက်ဖွယ်ရာကောင်းလှပေ၏။ အလွန်ပြင်းထန်လှသည့်အရှိန်အဟုန်လည်း ထုတ်ဖော်လျက်ရှိနေ၏။

ဟူး ဟူး ……။

ဤကောင်လေးသည် မတ်တပ်ထရပ်ကာဖြင့် ဟစ်ကြွေးလိုက်တော့သည်။ မြေပေါ်တွင်ရှိနေသော သဲမှုန်တစ်မှုန်ချင်းစီတိုင်းသည် ထိုအော်သံ၏ လွှမ်းမိုးမှုအောက်တွင် ပိုမိုကာ အားကောင်းလာခဲ့တော့သည်။

ပြီးသည့်နောက်မှာတော့ ထိုသဲမှုန်များအားလုံးသည် တောဝက်ရိုင်းလေး၏ အရှေ့ဆီသို့ ရောက်ရှိလာခဲ့ပြီးသည့် နောက်မှာတော့ ဘုရင်တစ်ပါး၏ တိုက်ပွဲဝင်ချပ်ဝတ်ကဲ့သို့ ခန္ဓာကိုယ်ပေါ်တွင် ထင်ပေါ်လာခဲ့သည်။

“ဂိုဏ်းချုပ်”

အကြီးအကဲဝေက တုန်လှုပ်သွားမိ၏။ “တောဝက်ရိုင်းလေးက တကယ်ပဲ ထူးဆန်းတဲ့ ခန္ဓာကိုယ်ကို အသက်ဝင်နိုးထခဲ့တာ ဖြစ်ရမယ်။”

ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းထောင့်များသည် ကော့တက်သွားခဲ့တော့သည်။

“ဆာလိုက်တာ။ ဆာလိုက်တာ။”

ခြောက်ကပ်ကပ်အသံတစ်ခုသည် တောဝက်ရိုင်းလေး၏ ပါးစပ်ဆီမှ ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ သူသည် မြေဆီလွှာထဲမှ အပြင်ဘက်ဆီသို့ လှမ်းလျှောက်ထွက်လိုက်တော့၏။

သူ၏ လက်များသည် မြေပေါ်ဆီသို့ ကျရောက်သည့်အချိန်မှာတော့ ရုတ်တရက် မြေဆီလွှာများအားလုံးသည် ၎င်း၏ ပါးစပ်ထဲသို့ ဝင်ရောက်သွားသည်။

ကျွင်းချောင်ရှောင်းနှင့်အကြီးအကဲဝေတို့သည် မျက်လုံးပြူးသွားမိ၏။ ဤကောင်လေးသည် စကားပြောဆိုနိုင်စွမ်း ရှိသည်ကို သူနားလည်နေ၏။ သို့ပေမဲ့ အဘယ့်ကြောင့် ဆာလောင်သည်ဟုဆိုကာ မြေဆီလွှာများကို စားသုံးနေရ သနည်း။ ဤကိစ္စသည် အဓိပ္ပာယ်မရှိလှချေ။

“ဆာတုန်းပဲ။”

တောဝက်ရိုင်းလေးသည် ပါးစပ်ကို ထပ်ကာ ဟလိုက်ပြီးသည့်နောက်မှာ မြေဆီလွှာများကို တမြုံ့မြုံ့နှင့် ဝါးလျက်ရှိ၏။ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ မြေဆီလွှာများအားလုံးသည် တွင်းကြီးတစ်ခုကဲ့သို့ပင် ဖြစ်တည်ပြီး ခန်းခြောက်သွားခဲ့တော့၏။

၎င်း၏ ဝမ်းဗိုက်ကြီးတစ်ခုလုံးသည်လည်း လုံးကားလျက်ရှိနေ၏။ ခန္ဓာကိုယ်ပေါ်တွင်ရှိနေသော မျဉ်းကြောင်း များသည် ပိုမိုကာ တောက်ပလာခဲ့တော့သည်။ အကြီးအကဲဝေ၏ နှုတ်ခမ်းများသည် တုန်ယင်သွားရသည်။ “တောဝက်ရိုင်းလေးက မြေဝါးမြိုသူများလား။”

“မြေဝါးမြိုသူ သူတော်စင်သားရဲလား။”

ကျွင်းချောင်ရှောင်းသည် ရှစ်ကျန်းရွမ် တစ်ချိန်တုန်းက ပြောခဲ့ဖူးသည့် အကြောင်းအရာများကို ပြန်လည်သတိရလိုက် မိ၏။ တောင်ပိုင်းသဲကန္တာရနယ်မြေထဲတွင် မြေဝါးမြိုသူ သူတော်စင်သားရဲတစ်ကောင်နေထိုင်ပြီးသည့်နောက် ကောင်းကင်နှင့်မြေကြီးတွင်ရှိသော ဓာတ်သဘာဝများကို ဝါးမြိုလျက်ရှိနေ၏။

နောက်ဆုံးမှာတော့ ၎င်းသတ္တဝါသည် ကျွမ်းကျင်သူတစ်ယောက်၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးနောက်မှာတော့ သွေးများသည် တောင်ပိုင်းသဲကန္တာရရှိ ကုန်းမြေများအားလုံးပေါ်သို့ ပျံ့နှံ့သွားခဲ့၏။ နောက်ဆုံးမှာတော့ ဤတောင်ပိုင်း တည်နေရာကြီးတစ်ခုလုံးသည် သဲကန္တာရတစ်ခုကဲ့သို့ ပြောင်းလဲခဲ့တော့သည်။

ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ဤကဲ့သို့ သူတော်အဆင့်ဟု သတ်မှတ်ခံရသော သားရဲများသည် အနည်းငယ်သာရှိပြီး အလွန်တရာပင် အားကောင်းလွန်းလှ၏။ ၎င်းတို့၏ အားအင်အဆင့်သည် သိုင်းနယ်မြေ ကျင့်ကြံသူနှင့်ပင် နှိုင်းယှဉ်၍ ရနိုင်ခဲ့၏။

“ဒီကောင်လေးက အဲလောက်တောင် အံ့အားသင့်စရာကောင်းတာလား။”

ကျွင်းချောင်ရှောင်းသည် သေမင်းတောင်ကြားထဲတွင် ဤကောင်လေးအား အမှတ်မထင် ဖမ်းဆီးမိသည့် အချိန်များကို ပြန်လည် စဉ်းစားကြည့်မိသည့်နောက်မှာတော့ သူ၏ပထမဦးဆုံး ပဋိညာဉ်သားရဲသည် သူတော်စင်သားရဲ တစ်ကောင် ဖြစ်နေသည်ကို မယုံကြည်နိုင်သလိုပင် ဖြစ်နေခဲ့သည်။

ခွီး …။

တောဝက်ရိုင်းလေးသည် ဗိုက်ပြည့်သွားပြီးသည့်နောက်မှာတော့ မြေဆီလွှာများထဲတွင် အသာလဲလျောင်းလိုက်၏။ ပတ်ဝန်းကျင်တွင် သဲများအားလုံးသည် ဖြည်းဖြည်းချင်း စုစည်းလာပြီးသည့်နောက်မှာတော့ ၎င်းအား ဝါးမြိုသွားကာ ကြီးမားလှသည့် တောင်ပို့ကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာခဲ့တော့၏။

အကြီးအကဲဝေသည် ခန့်မှန်းလိုက်သည်။ “ဒါက အသွင်ပြောင်းလဲနေတာဖြစ်ရမယ်။”

“ဘယ်လောက်ကြာမှာလဲ။”

“မသိဘူးလေ။”

…

ကျွင်းချောင်ရှောင်းသည် မည်သည့်စကားကိုမျှ မဆိုချေ။ သူသည် သေးငယ်လှသော ခန်းမဆောင်လေးထဲတွင် ထိုင်၍ စောင့်မျှော်လျက်ရှိနေ၏။ သုံးရက်တိတိစောင့်မျှော်ခဲ့သည်။ သို့ပေမဲ့ တောဝက်ရိုင်းလေးသည် တောင်ပို့ကြီးထဲတွင် ရှိနေတုန်းပင်။

“ဂိုဏ်းချုပ်”

အကြီးအကဲဝေက ပြောလိုက်သည်။ “သားရဲတွေ အသက်ဝင်နိုးထလာဖို့ဆိုတာ အချိန်တော်တော်ယူရတယ်လေ။ ဒီမှာထိုင်ပြီး စောင့်နေလို့မဖြစ်ဘူး။”

“တကယ်လို့ ဒါက ကျုပ်ရဲ့ စိတ်ဝိညာဉ်သားရဲလေ။ သူက အခုချိန်မှာ သန္ဓေပြောင်းလဲနိုးထမှုကို ဖြစ်တည်နေတာ မလား။ သခင်တစ်ယောက်အနေနဲ့ ကျုပ်က တစ်ချိန်လုံးကူညီပေးထားရမှာပေါ့။” ကျွင်းချောင်ရှောင်းသည် လေးနက် တည်ကြည်စွာပြောလိုက်မိ၏။

ဤစကားများသည် တောင်ပို့ကြီးအထဲတွင်ရှိနေ သော တောဝက်ရိုင်းလေး၏ နားထဲသို့ ရောက်ရှိသွားခဲ့၏။ မူလအားဖြင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျက်ရှိနေသော တောဝက်ရိုင်းလေး၏ တင်းတင်းပိတ်ထားသော မျက်လုံးဆီမှ မျက်ရည်နှစ်စက်သည် ကျဆင်းလာခဲ့သည်။

“ကောင်လေး မင်းမှတ်ထား။ ငါက အနာဂတ်မှာ လောကထဲမှာ အားအကောင်းဆုံး လူတစ်ယောက်ဖြစ်လာလိမ့်မယ်။ ငါ့ရဲ့ စိတ်ဝိညာဉ်သားရဲအနေနဲ့ မင်းကလည်း တစ်ခြားသူတွေမလုပ်နိုင်တဲ့ စွမ်းရည်မျိုးကို ရှိမှဖြစ်လိမ့်မယ်။ မြန်မြန် ပိုပြီး အားကောင်းအောင်လုပ်ထား။ ပြီးတော့ မင်းရဲ့သခင်နဲ့အတူ ဘုံကိုးပါးဆီကို သွားပြီးတော့ အရာအားလုံးကို သိမ်းပိုက်ကြမယ်။”

အလွန်တရာ နွေးထွေးလွန်းသော မှတ်ဉာဏ်များသည် တောဝက်ရိုင်းလေး၏ ဦးနှောက်ထဲတွင် ထပ်မံကာ ဖြစ်ပေါ်လာခဲ့တော့၏။

“ပိုပြီးအားကောင်းလာရမယ်။ ငါ ပိုပြီးအားကောင်းလာရမယ်။”

ဟူး ဟူး

အလွန်တရာအားကောင်းလှသော အော်ရာများသည် တောင်ပို့ကြီးပေါ်မှ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ တည်နေရာကြီးတစ်ခုလုံးသည် တုန်ခါလျက်ရှိနေ၏။ ဤကဲ့သို့သော ရုတ်တရက်ပြောင်းလဲမှုသည် အကြီးအကဲဝေ အား ထိတ်လန့်သွားစေသည်။

“တကယ့်ကို အသက်ဝင်နိုးထလာတော့မှာလား။”

ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို အနောက်သို့ပစ်ထား၏။ သူ၏ အမဲရောင်ဆံနွယ်များသည်တော့ လေနှင့် အတူ အနောက်ဘက်သို့ လွင့်လျက်ရှိနေ၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုက တည်ရှိလို့နေ၏။

“တောဝက်ရိုင်းလေး … ပိုပြီးတော့အားကောင်းလာရမယ်။ မင်းအနေနဲ့ အရမ်းကို ကြည့်ကောင်းလွန်းတဲ့သခင်နဲ့ လိုက်ဖက်ညီတဲ့ သားရဲတစ်ကောင်ဖြစ်မှဖြစ်မယ်။”

“ဝေါ့” စနစ်သည် မည်သို့မျှ သည်းမခံနိုင်တော့ချေ။

တောင်ပို့ကြီးသည် ရုတ်တရက် တုန်ခါလာ၏။ တစ်နေ့နှင့်တစ်ည ကြာပြီးသည့်နောက်မှာတော့ တောင်ပို့ကြီးပေါ်တွင် သေးငယ်သော အက်ကွဲကြောင်းလေးများ စတင်ဖြစ်တည်လာ၏။

ဖြောက် ဖြောက် ဖြောက်

အက်ကွဲကြောင်းများအားလုံးသည် ကြက်ဥအခွံ့ကွဲသလိုမျိုး တဖြည်းဖြည်းနှင့် ပိုမိုများပြားလာခဲ့တော့သည်။ အထဲ မှာတော့ အညိုရောင်အလင်းတန်းများသည် အက်ကွဲကြောင်းများဆီမှ တဖြည်းဖြည်းချင်းပင် ထွက်ပေါ်လျက် ရှိနေ၏ မြေဓာတ်သဘာဝများအားလုံးသည် အလွန်အားကောင်းစွာနှင့် ဖြစ်တည်လျက်ရှိနေတော့သည်။

ဘုန်း …..။

ရုတ်တရက် တောင်ပို့ကြီးသည် ပေါက်ကွဲထွက်သွား၏။ မြေဆီများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့ပြီးသည့်နောက်မှာတော့ အရာအားလုံးသည် သဲမှုန်များအဖြစ်သို့ ပြောင်းလဲကာ မြေပေါ်သို့ ကျဆင်း၏။

ဟူး ဟူး ……။

လေများတိုက်ခတ်ပြီးနောက်မှာတော့ အလွန်တရာ တောင့်တင်းခိုင်မာလှသော ခြေလက်လေးဖက်တို့သည် လေထဲမှ ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ ၂ ပေမှ ၃ ပေခန့်နီးပါးကြီးမားပြီး အညိုရောင်ခန္ဓာကိုယ်ရှိသော ကြမ်းတမ်းလှသည့် သားရဲတစ်ကောင်သည် ဆေးဥယျာဉ်ကွင်းပြင်ထဲတွင် မတ်မတ်ရပ်လျက်ရှိနေသည်။

ဤသားရဲ၏ ခန္ဓာကိုယ်သည် ကျားတစ်ကောင်နှင့်ဆင်တူလှ၏။ ခန္ဓာကိုယ်ပေါ်တွင် ထူထဲလှသော အမွေးများရှိနေပြီး ဦးခေါင်းမှာတော့ ဝံပုလွေတစ်ကောင်၏ ဦးခေါင်းနှင့်ဆင်တူလှပြီး ခေါင်းအထက်တွင် ချွန်ထက်လှသော ဆူးချွန်များ တည်ရှိလို့နေ၏။ အရောင်အဆင်းကို ကြည့်မည်ဆိုလျှင် မြေဆီရောင်ပေါက်လျက်ရှိ၏။

စကားလုံးတစ်လုံးထဲနှင့် ညွှန်းဆိုရမည်ဆိုလျှင် အလွန်တရာကြည့်ကောင်းလွန်းလှသည်။

ဟူး ……။

အသက်ရှုလိုက်တိုင်းတွင် သဲမှုန်များ လွင့်စင်လျက်ရှိနေတော့၏။ ဤသားရဲကြီးသည် ခေါင်းအစ ခြေအဆုံး ကြည့်ရှု လိုက်သည်နှင့် အလွန်တရာအားကောင်းလှသောအော်ရာများကို ထုတ်ဖော်လျက်ရှိနေ၏။ ဤမြေဆီလွှာများသည် မြေဓာတ်သဘာဝ မြေဆီလွှာများဖြစ်၏။ လက်ရှိအခြေအနေမှာတော့ ပိုမိုအားကောင်းသည့် မြေဆီလွှာများအဖြစ်သို့ ပြောင်းလဲနေပြီဖြစ်တော့၏။

“သခင်”

၎င်းသည် ခေါင်းကိုမော့ကာဖြင့် ရင်ကိုကော့လိုက်သည်။ “ကျုပ်က ဘုံကိုးပါးဆီကို တက်ပြီးတိုက်ခိုက်တဲ့ နေရာမှာ လိုက်ချင်တယ်။”

အမှန်ပဲဖြစ်သည်။ သူသည် အသွင်အပြင်ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။ ထို့အပြင် သူ၏ ဝှက်ဖဲကဲ့သို့သော အသွင်အပြင် သည် ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး ကြည့်ရှုလိုက်သည်ဆိုသည်နှင့် အလွန်တရာအားကောင်းလှသော ကြမ်းတမ်းလှသည့် သားရဲတစ်ကောင်၏ အသွင်သဏ္ဍာန်မျိုး ပြောင်းလဲသွားခဲ့ပြီဖြစ်၏။

ထို့အပြင် ၎င်း၏ခန္ဓာကိုယ်ဆီမှ ထွက်ပေါ်နေသော အော်ရာများသည်ကတော့ သိုင်းအုပ်စိုးသူအဆင့် စိတ်ဝိညာဉ်သားရဲ တစ်ကောင်နှင့် နှိုင်းယှဉ်၍ ရနိုင်မည့်အခြေအနေမျိုးပင်ဖြစ်နေသည်။

တွေတွေဝေဝေဖြင့် ရပ်လျက်ရှိသော ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ငါနဲ့အတူ ဘုံကိုးပါးကိုလိုက်ဖို့ …….. ဒါက စကားနဲ့မရဘူး။ မင်းဆီမှာ စွမ်းရည်ရှိမှဖြစ်မယ်။”

“နားလည်ပါပြီ။”

တောဝက်ရိုင်းလေးသည် မြေပေါ်တွင် အသာမှေးလိုက်၏။ ချက်ချင်းဆိုသလိုဘဲ တွင်းကြီးတစ်ခုသည် ဖြစ်တည်လာခဲ့တော့သည်။ သေသေချာချာကြည့်ရှုလိုက်မည်ဆိုပါက ၎င်းသည် ပါးစပ်ကို ဟလိုက်သည်နှင့်တပြိုင်နက် အထဲတွင်ရှိသော မြေဆီလွှာများအားလုံးကို ဗိုက်ထဲသို့ ဝါးမြိုလိုက်ခြင်းပင် ဖြစ်တော့၏။

လီချင်းယန်သည် ထိုအချင်းအရာကို မြင်သည်ဆိုပါက ကျိန်းသေပေါက်အံ့အားသင့်သွားပေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ဤကဲ့သို့ မြန်မြန်ဆန်ဆန် တွင်းကိုတူးနိုင်သည်ဆိုပါက ဆောက်လုပ်ရေးပြုလုပ်ရာတွင် အလွန်တရာ ကောင်းမွန်သည့် အကျိုးဆက်များကို ရရှိမှာ သေချာသည်မဟုတ်လား။

“တွင်းတူးတဲ့နှုန်းက အရမ်းကို မြန်တယ်။ ဒါပေမဲ့ ဒါက ထူးဆန်းတဲ့အရာမှမဟုတ်တာ။ ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။

“သခင်”

တောဝက်ရိုင်းလေးသည် အဝေးတစ်နေရာတွင် မတ်တပ်ရပ်၍ ဂုဏ်ယူစွာ ပြောလိုက်သည်။ “ကျုပ်ရဲ့စွမ်းရည်က တွင်းတူးတာမဟုတ်ဘူး။”

ဆွစ်

သူသည် ပါးစပ်ကို ဟပြီးသည့်နောက်မှာတော့ မြေဆီလွှာများကို ပြန်ကာ အန်ထုတ်လိုက်တော့၏။ သူတူးထားသော တွင်းကြီးသည် မြေဆီလွှာများနှင့် ပြန်လည်ကာ ပြည့်နှက်သွားခဲ့သည်။ “ကျုပ်စားလိုက်တဲ့ မြေဆီလွှာတွေအကုန်လုံးက စိတ်ဝိညာဉ်မြေဆီလွှာတွေ ဖြစ်သွားတာလေ။”

“စိတ်ဝိညာဉ်မြေဆီလွှာဟုတ်လား။”

ကျွင်းချောင်ရှောင်းသည် အနည်းငယ် ဆွံ့အသွားမိ၏။ အကြီးအကဲဝေသည် အလျင်အမြန်နှင့် ရောက်ရှိလာပြီးသည့် နောက်မှာတော့ တောဝက်ရိုင်းလေး အန်ထုတ်ထားသော မြေဆီလွှာများကို သေသေချာချာ ကိုင်တွယ်ကြည့်ရှုလိုက်၏။ ပြီးနောက် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။ “ဒီမြေဆီလွှာထဲမှာ စိတ်ဝိညာဉ်စွမ်းအင်တွေပါဝင်တယ်။ ဒီမှာအပင်တွေစိုက်ပျိုးမယ်ဆိုရင် ကျိန်းသေပေါက် ပိုမို အားကောင်းတဲ့ ဆေးပင်တွေရမှာပဲ။”

“အဲလောက်အားကောင်းတာလား။”

ကျွင်းချောင်ရှောင်းသည် ရှေ့သို့လှမ်းတက်လာပြီးသည့်နောက်မှာတော့ မြေဆီလွှာများကို လှမ်းယူကာ ကိုင်တွယ် ကြည့်လိုက်၏။ ၎င်း၏ စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကြည့်ရှုပြီးသည့်နောက်မှာတော့ အထဲတွင်ရှိသော မြေဆီလွှာတစ်မှုန်ချင်းစီ တိုင်းသည် အားဖျော့လွန်းသော စိတ်ဝိညာဉ်စွမ်းအင်များပါဝင်လျက်ရှိနေသည်ကို သိရှိလိုက်သည်။

သို့ပေမဲ့ ထိုစိတ်ဝိညာဉ်စွမ်းအင်များ နည်းပါးနေသည်ဆိုသည်မှာ လက်တစ်ဆုပ်စာလောက်ကို ကိုင်တွယ်သောကြောင့် ပင်ဖြစ်၏။ ဤအရာသည် အလွန်အမင်းအံ့အားသင့်စရာ ကောင်းလွန်းနေတော့၏။

“သခင်”

တောဝက်ရိုင်းလေးသည် ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။ “ကျုပ်က မြေဝါးမြိုသူ သူတော်စင်သားရဲရဲ့ သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့ပြီလေ။ ဒီတော့ မြေဆီလွှာတွေအကုန်လုံးကို လွယ်လွယ်ကူကူနဲ့ ပြောင်းလဲနိုင်တယ်။”

“ဟုတ်ပြီ။ ဒါပေမဲ့ ဒါက သာမန်ရှိသင့်တဲ့ စွမ်းရည်ပဲလေ။”

“ကျုပ်ရဲ့အစစ်အမှန်စွမ်းရည်က တိုက်ခိုက်ဖို့အတွက်ပဲ။ ကျုပ်က သခင့်အတွက် တိုက်ခိုက်ဖို့နဲ့ခုခံဖို့အတွက်ကို ဖန်တီးပေးနိုင်တယ်။ မယုံဘူးဆိုလို့ရှိရင် လက်သီးနဲ့စမ်းပြီး ထိုးကြည့်ပါလား။”

“တကယ်လား။”

ကျွင်းချောင်ရှောင်းသည် ရှေ့ဆီသို့ လှမ်းတက်လာပြီးသည့်နောက်မှာတော့ သူ၏ ညာဘက်လက်သီးသည် ရုတ်တရက် ထွက်ပေါ်လာခဲ့တော့သည်။

ဘန်း

တောဝက်ရိုင်းလေးသည် အလွန်တရာကြမ်းတမ်းလှသော အားအင်များကို ကြံ့ကြံ့ခံလိုက်၏။ သို့ပေမဲ့ သူ၏ မျက်လုံး များသည် ရုတ်တရက်ပြူးထွက်သွားခဲ့တော့၏။ ချက်ချင်းပဲ မီတာ ရာဂဏန်းအဝေးဆီသို့ လွင့်စင်သွားခဲ့တော့၏။

နောက်ဆုံးမှာတော့ သူ၏ မျက်လုံးများသည် ချာချာလည်လျက်ရှိပြီး မြေပေါ်တွင် လဲလျောင်းလျက်ရှိနေတော့၏။ ၎င်း၏ ပါးစပ်ထဲတွင်တော့ အမြှုပ်များထွက်ပြီး တစ်ကိုယ်လုံးသည်လည်း တွန့်လိမ်လျက်ရှိနေတော့သည်။

…

“စွန်းပုကုံး … စွန်းပုကုံး …… သူ့ကို ကယ်အုံး။ သူ့ကို ကယ်အုံး။”

ကျွင်းချောင်ရှောင်း၏ အော်သံသည် ဆေးတောင်ထွတ်ဆီမှ ထွက်ပေါ်လာခဲ့တော့၏။

All Chapters