← Chapters

အခန်း (၉၈၇)

Vol. 67 Ch. 987

အခန်း (၉၈၇)

Vol. 67 Ch. 987

အထက်နယ်မြေဆီမှ မြေဆီလွှာများ၏ အကူအညီဖြင့် တောဝက်ရိုင်းလေးသည် အမှတ်မထင်ဆိုသလိုပဲ မြေဝါးမြိုခြင်း သူတော်စင်သားရဲ၏ သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူသည် ခန္ဓာကိုယ်သွင်ပြင် တစ်ခုလုံး အသွင်ပြောင်းလဲခဲ့တော့၏။ တောဝက်ရိုင်းလေးဆိုသည့်နာမည်သည် အတိတ်မှာသာ ကျန်ရစ်ခဲ့ပြီ ဖြစ်တော့၏။ သူ၏ ပုံပန်းသွင်ပြင်အရဆိုလျှင် ခရမ်းရောင်လျှပ်စီးသားရဲနှင့် နှိုင်းယှဉ်မရဘူးဆိုလျှင်တောင်မှ အရင်ကထက်ပို၍ ချောမောကြည့်ကောင်းလာခဲ့တော့၏။

သို့ပေမဲ့ တောဝက်ရိုင်းလေးသည် သေလမ်းရှာခဲ့သည်။ သူသည် ကျွင်းချောင်ရှောင်းအား အမှန်ပင် လက်သီးနှင့် ထိုးခိုင်းခဲ့တော့သည်။ ၎င်း၏သတ္တိသည် ကြောက်မက်ဖွယ်ရာကောင်းလှသည့် အခြေအနေတစ်ခုသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

ကုန်းရှန့်သည် ၎င်း၏ ပဋိညာဉ်သားရဲ အသွင်ပြောင်းပြီးသည့်နောက်မှာ မည်မျှ အားကောင်းသနည်း ဆိုသည်ကို သိချင်နေမိ၏။ ထို့ကြောင့် လက်သီးချက်တွင် ငါးဆယ်ရာခိုင်နှုန်းသော အားအင်များကို ထုတ်ဖော်ကာ ထိုးခဲ့ခြင်းပင် ဖြစ်သည်။ သို့ပေမဲ့ တောဝက်ရိုင်းလေးသည် အဝေးဆီသို့ လွင့်စင်သွားပြီးသည့်နောက် မျက်လုံးများ ချာချာလည်ကာ ပါးစပ်မှ အမြှုပ်များပင် ထွက်လာပြီး သတိလစ် မေ့မျောသွားခဲ့၏။

………..

ဆေးကုသဆောင်၏ အိပ်ယာပေါ်တွင်တော့ တောဝက်ရိုင်းလေးသည် ၎င်း၏ ဒဏ်ရာများကို လျှာဖြင့်လျက်ကာ စိတ်ထဲမှာကြိတ်ကာ ရေရွတ်နေမိတော့သည်။ “သခင်က ဘာလို့ ဒီလောက် ကြမ်းရတာလဲ”

“ကောင်လေး”

ထိုအချိန်မှာပဲ ကျွင်းချောင်ရှောင်းသည် အထဲသို့ လျှောက်ဝင်လာပြီးသည့်နောက်မှာတော့ တောဝက်ရိုင်းလေး၏ ဦးခေါင်းကို လက်ဖြင့် အသာပွတ်သပ်လိုက်၏။ ပြီးနောက် အားရပါးရ ရယ်မောလိုက်သည်။ “ငါ့ရဲ့လက်သီးချက်တစ်ချက်ကို ခံယူပြီးတဲ့နောက်မှာ အသက်ရှင်နိုင်တယ်ဆိုတော့ မင်းက တကယ့်ကို အံ့အားသင့်စရာ အားကောင်းလာခဲ့တာပဲ”

တောဝက်ရိုင်းလေးသည် သူ၏သခင် ဤမျှနူးညံ့နေသည်ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။ ထို့ကြောင့် မျက်ရည်များ ကျဆင်းလာခဲ့တော့သည်။ “ဒဏ်ရာတွေ ပြန်ပြီးကောင်းလာတဲ့အချိန်မှာ ဆေးဟောခန်းဆီကို သွားပြီးတော့ အကြီးအကဲဝေနှင့် တခြားသူတွေကို ကူညီလိုက်လေ”

တောဝက်ရိုင်းလေး၏ အကာအကွယ်သည် ကျွင်းချောင်ရှောင်း၏ အသိအမှတ်ပြုမှုကို ခံရခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ ဤအရာသည် အရေးမကြီးချေ။ အရေးအကြီးဆုံးအရာမှာ မြေဆီလွှာများကို စားသုံးခဲ့ပြီးနောက် ပါးစပ်မှ ပြန်၍ ထွက်လာခဲ့သော အရာများသည် အလွန်အားကောင်းလှသော စိတ်ဝိညာဉ်မြေဆီလွှာများအဖြစ်သို့ ပြောင်းလဲသွား ခဲ့ခြင်းပင် ဖြစ်တော့၏။

“ကောင်းပါပြီ”

တောဝက်ရိုင်းလေး၏ အကြည့်များသည် ပိုမို၍ တည်ငြိမ်လာခဲ့တော့သည်။ “ကောင်းပါပြီ သခင်”

ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ ဆေးကုသဆောင်၏ အခန်းတံခါးရှေ့တွင် ရပ်လိုက်သည်။ ပြီးသည့်နောက်မှာတော့ နောက်ဘက်သို့ လှည့်မကြည့်ဘဲ ပြောလိုက်သည်။ “ငါ... ထိပ်ဆုံး အဆင့်ကို ရောက်တဲ့အချိန်ထိ မင်း ငါနဲ့ လိုက်ခဲ့ရမယ်”

တောဝက်ရိုင်းလေး၏ အမူအရာသည် ချက်ချင်းပဲ အေးခဲသွားခဲ့တော့၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးသည် စုစည်းလာခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ အားရပါးရဖြင့် အော်ဟစ် လိုက်တော့သည်။ “သခင်... ကျုပ်အလုပ်ကြိုးစားပါ့မယ်”

ရွှီး

ပြီးသည့်နောက် သူသည် ဆေးကုသဆောင်ကုတင်ပေါ်မှ ခုန်ချပြီးသည့်နောက်မှာတော့ အပြင်သို့ ပြေးသွားခဲ့တော့ သည်။ ဆေးဥယျာဉ်ထဲမှာတော့ တောဝက်ရိုင်းလေးသည် ရှေ့နောက် ပြေးလွှားလျက်ရှိနေပြီး ၎င်း၏ ဝမ်းဗိုက်ထဲမှ မြေဆီလွှာများသည်လည်း အပြင်ဘက်သို့ ပြန်၍ ထွက်လာလျက် ရှိနေတော့၏။ မြေဆီလွှာတစ်မှုံခြင်းဆီတိုင်းသည် စိတ်ဝိညာဉ်စွမ်းအားများနှင့် ပြည့်နှက်လျက် ရှိနေတော့သည်။

“ဂိုဏ်းချုပ်”

ခန်းမဆောင်ငယ်လေး၌ ထိုင်လျက်ရှိနေသော အကြီးအကဲဝေသည် ရေနွေးတစ်ခွက်ကို ကောက်သောက် ကာဖြင့် ပြောလိုက်တော့သည်။ “ဂိုဏ်းချုပ်ရဲ့ ပဋိညာဉ်သားရဲက အရမ်းကို ဇွဲကောင်းနေတာပဲ၊ ဒဏ်ရာတွေ ပြန်ပြီး မကောင်းသေးခင်မှာဘဲ ပိုပြီးတော့ ကြိုးစားနေပြီ”

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် လေသံဖြင့် ပြောလိုက်၏။ “ဒီလိုလုပ်မှပဲ သူပိုပြီး အားကောင်းလာ လိမ့်မယ်”

စနစ်သည် ဆွံ့အသွားမိ၏။ လက်ခံသူသည် သူ၏ ပဋိညာဉ်သားရဲအား လှည့်စားနေခြင်းဖြစ်ကြောင်း သူရှင်းရှင်း လင်းလင်း သိရှိနေမိသည်။

..............

ရက်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ဆေးတောင်ထွတ်၏ အောက်တွင်ရှိသော ဆေးဥယျာဉ်တစ်ခုလုံး သည် အသစ်ပြန်လည်ကာ သန့်စင်ပြီးသား အခြေအနေသို့ ရောက်ရှိသွားခဲ့တော့သည်။ ထို့နေရာတွင် တည်ရှိသော မြေဆီလွှာများအားလုံးသည် ကောင်းမွန်လှသည့် စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နှက်နေပြီး ဆေးပင်များကို စိုက်ပျိုးရန်အတွက် အလွန်အားကောင်းသည့် အခြေအနေတစ်ခုဆီသို့ ရောက်ရှိနေခဲ့၏။ ဆေးပင်များ၏ စိုက်ပျိုးမှုနှုန်းသည် ပိုမိုကာ တိုးတက်လာသည်သာမက ထိုဆေးပင်များတွင် ပါဝင်သော စိတ်ဝိညာဉ်စွမ်းအင်များသည်လည်း ယခင်ကထက် ပိုမို၍ များပြားလာခဲ့တော့သည်။

“တောဝက်ရိုင်းလေး”

ကျွင်းချောင်ရှောင်းသည် ဆာလောင်မြက်များ စိုက်ပျိုးထားသည့် တည်နေရာကို လက်ညှိုး ထိုးပြကာ ပြောလိုက်တော့သည်။ “အဲနေရာကိုလည်း အသွင်ပြောင်းပေးဖို့ လိုအပ်နေသေးတယ်”

“ကောင်းပါပြီ”

တောဝက်ရိုင်းလေးသည် ချက်ချင်းပဲသွားကာ အလုပ်လုပ်တော့၏။ သူ့အနေနှင့် ခန္ဓာကိုယ်တစ်ခုလုံး ပုံပန်းသွင်ပြင် ပြောင်းလဲပြီး သွေးမျိုးဆက်ပြောင်းလဲပြီးသည့်နောက်မှာတော့ ရက်အနည်းငယ် အလုပ်လုပ်ခဲ့သည် ဖြစ်သည်တောင်မှ ပင်ပန်းနွမ်းနယ်မှုကို မခံစားရချေ။ အလုပ်ပို၍ လုပ်လေ၊ ပို၍ စိတ်အားတက်ကြွလာလေ ဖြစ်လို့ နေ၏။

“အိုး... တောဝက်ရိုင်းလေးက ပြောင်းလဲသွားပြီပဲ”

“သူ့ကိုကြည့်ရတာ ပိုပြီးတော့ ကြည့်ကောင်းလာတယ်လေ”

“ငါကတော့ အရင်က ခပ်ဝဝနဲ့ တောဝက်လေးကိုပဲ ပိုပြီး နှစ်သက်တယ်”

ဂိုဏ်းထဲရှိ တပည့်များအားလုံးသည် တောဝက်ရိုင်းလေး၏ အသွင်အပြင်ပြောင်းလဲမှုကို မြင်လာရသည့်အချိန် မှာတော့ အားရပါးရ ဆွေးနွေးပြောဆိုလျက် ရှိနေတော့သည်။

ထိုအချင်းအရာကို တောဝက်ရိုင်းလေး ကြားသည့် အချိန်မှာတော့ သူသည် အလွန်ရှုပ်ထွေးလှသော ခြေလှမ်းကွက်များကို ထုတ်ဖော်ကာ ကြွားဝါလျက် ရှိနေတော့၏။ ယခင်တုန်းကဆိုလျှင် သူသည် ကုပ်ကုပ်၊ ကုပ်ကုပ်နှင့် ဆေးဥယျာဉ်ထဲတွင် နေ့စဉ်နေ့တိုင်း အလုပ်လုပ်ခဲ့ရတော့ သည်။ လက်ရှိအခြေအနေမှာတော့ ၎င်း၏ အားအင်များသည် တိုးတက်လာခဲ့ပြီဖြစ်၏။ ထို့ကြောင့် ဂုဏ်သိက္ခာ ထည်ဝါစွာဖြင့် မားမားမတ်မတ် အလုပ်လုပ်နိုင်ခဲ့ပြီ ဖြစ်၏။

“ကျုပ်... တောဝက်ရိုင်းလေးက ပြန်လည်မွေးဖွားလာခဲ့ပြီ၊ လောကကြီးတစ်ခုလုံးမှာ ဂုဏ်ယူဝံ့ကြွားစွာဖြင့် နေထိုင်နိုင်တဲ့နေ့ကို ရောက်ခဲ့ပြီ”

ဘုန်း

ဂုဏ်ယူဝံ့ကြွားလျက်ရှိနေသော တောဝက်ရိုင်းလေးသည် ရုတ်တရက် အနောက်ဘက်ဆီသို့ လွင့်စင်သွားခဲ့၏။ မြေပေါ်သို့ ပြုတ်ကျသွားပြီးသည့်နောက် သူသည် အလွန်တရာ နာကျင်သည့် ခံစားမှုကို ခံစားရ၍ လူးလိမ့်လျက် ရှိနေ၏။ အသွင်ပြောင်းလဲပြီးသည့်နောက်မှာတော့ သူ၏ ခန္ဓာကိုယ်သည် ပိုမိုကာ အားကောင်းလာ ခဲ့၏။ သို့ပေမဲ့ သူ့ကို ဝင်တိုက်ခိုက်လိုက်သူမှာ နဂါးလေးဖြစ်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ချက်ချင်းပဲ ပါးစပ်ကိုပိတ်ကာဖြင့် မည်သည့်စကားမှ မဆိုရဲတော့ချေ။ ဆေးဥယျာဉ်ဆီသို့သာ ခပ်တည်တည်နှင့် ထ၍ ထွက်သွားတော့၏။

“ရပ်စမ်း”

နဂါးလေးသည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်တော့၏။ “မင်း ငါ့ကို ဝင်တိုက်ခဲ့ပြီးတော့ ဘာလို့ အခုထိ မတောင်းပန်သေးတာလဲ”

“.........”

တောဝက်ရိုင်းလေးသည် စိတ်ထဲမှာတော့ ကြိတ်ကာ အော်ဟစ်လျက်ရှိသည်။ မင်း ငါ့ကို ဝင်တိုက်တာ မဟုတ်ဘူးလား။

“သူ့ဆီမှာ မျက်လုံးမှ ကောင်းကောင်းမရှိတာ၊ ဒါကြောင့် ဝင်တိုက်မိတာ နေမှာပေါ့” ခြေဖလာဖြင့် ရှောင်မိုရှန်းသည် အသာရောက်ရှိလာပြီးသည့်နောက် လှမ်းကာ ပြောလိုက်သည်။

နဂါးလေးသည် သူမကို စူးစိုက်ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ တောဝက်ရိုင်းလေးကို ပြန်ကြည့် လိုက်သည်။

“တောဝက်ရိုင်းလေး”

ရှောင်မိုရှန်းက ပြောလိုက်သည်။ “သူ့ကို ကြောက်စရာ မလိုဘူး”

.......................

သူသည် မြေဝါးမြိုခြင်း သူတော်စင်သားရဲ၏ သွေးမျိုးဆက်ကို နိုးထနိုင်ခဲ့သူတစ်ယောက်ဖြစ်ကြောင်း ပြန်လည် သတိရပြီးသည့်နောက် တောဝက်ရိုင်းလေးသည် ခေါင်းကိုမော့၊ ရင်ကိုကော့ကာဖြင့် ပြောလိုက်၏။ “မကြောက်ဘူး”

ဟူး ဟူး

နဂါးလေး၏ ခန္ဓာကိုယ်တစ်ခုလုံးသည် မီးတောက်များဖြင့် ဖုံးလွှမ်းသွားသည်။ ပြီးသည့်နောက်မှာတော့ ၎င်း၏ ဒုတိယတိုက်ပွဲဝင်ပုံစံအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။ ငယ်ရွယ်နုပျိုလှသော လူငယ်လေးတစ်ယောက်၏ ဦးခေါင်းသည် မီးတောက်များထဲမှ ထွက်ပေါ်လာပြီး အေးစက်စက် ပြောလိုက်၏။ “ငါမင်းကို ရိုက်တော့မယ်၊ လာစမ်း”

တောဝက်ရိုင်းလေးသည် အလွန်ပင် ယောက်ျားဆန်လွန်းနေသည်။

ဘန်း ဘန်း

“အိုက်ယား... အိုက်ယား” နေထွက်ချိန်မှာတော့ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လျက်ရှိသော တောဝက်ရိုင်းလေးသည် ဆေးဥယျာဉ်ထဲမှာ လဲလျောင်းလျက်ရှိသည်။ သူသည် ဒဏ်ရာများကို အချိန်တိုင်း လျှာဖြင့်လျက်လျှက်ရှိ၏။ မျက်နှာပေါ်မှာတော့ မျက်ရည်များ တစ်တောက်တောက်နှင့် ကျဆင်းနေ၏။ “သခင်... ကျုပ်က အားနည်းနေတုန်းပဲ”

..................

“ဂိုဏ်းချုပ်”

အကြီးအကဲဝေက ပြောလိုက်သည်။ “အရင် တွက်ချက်မှုအရဆိုရင် ဆေးဥယျာဉ်ကို အသစ် ပြန်လည် ပြင်ဆင်ပြီးတဲ့နောက်မှာ ဆေးပင်တွေရဲ့ စိုက်ပျိုးမှုနှုန်းက သုံးဆယ်ရာခိုင်နှုန်း ပိုပြီးတော့ တိုးလာတယ်”

“မဆိုးဘူး၊ မဆိုးဘူး” ကျွင်းကုန်းရှန့်က ပြုံးလိုက်မိသည်။ ဆေးခန်းမဆောင်မှ လိုအပ်သည့် ဆေးလုံးများကို ရရှိရန်အတွက် ဆေးခန်းမဆောင်၏ ထောက်ပံ့မှုကို လိုအပ်လျက်ရှိသည်။ ယခု ဆေးဥယျာဉ်၏ မြေဆီလွှာများ သည် ပိုမိုကာ အားကောင်းလာခဲ့ပြီဖြစ်သောကြောင့် ဂိုဏ်းတစ်ခုလုံး၏ တိုးတက်မှု၏ အကျိုးသက်ရောက်မှုသည် ပိုမိုကာ တိုးတက်လာခဲ့တော့သည်။

“ဒါအမှန်ပဲ”

ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါကာဖြင့် သန့်စင်ကျောက်စိမ်း စိတ်ဝိညာဉ်အပင်ကို ထုတ်ယူ လိုက်တော့သည်။ “ဒီကောင်းကင်ဘုံပစ္စည်းကို ဘာလုပ်သင့်တယ်လို့ ထင်လဲ”

အကြီးအကဲဝေသည် သေသေချာချာ စစ်ဆေးပြီးနောက် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ဘယ်လောက် သန့်စင်လိုက်တဲ့ စွမ်းအင်တွေလဲ၊ ဒါက နတ်ဘုရားအဆင့်ကို ရောက်လုနီးပါးပဲ”

ဤကဲ့သို့ အထူးရတနာများနှင့် ပတ်သက်လျှင် သူသည် သေသေချာချာ စမ်းသပ်စစ်ဆေးရန် လိုအပ်လျက် ရှိနေ၏။

“ဒီပစ္စည်းက အထက်နယ်မြေက ပစ္စည်းပဲ” ကျွင်းချောင်ရှောင်းသည် တည်ငြိမ်စွာ ပြောလိုက်သည်။

“အထက်နယ်မြေ ဟုတ်လား”

အကြီးအကဲဝေသည် မျက်လုံးပြူးသွားမိ၏။ “ဒီအဆင့်က နတ်ဘုရားအဆင့်ထက် ပိုပြီးမြင့်နိုင်တယ်၊ ဒါပေမဲ့” သူသည် သေသေချာချာ စစ်ဆေးပြီးနောက် ပြောလိုက်သည်။ “ဒါက အပြည့်အဝ မရင့်မှည့်သေးဘူးလေ”

“ဟုတ်လို့လား”

ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မိသွား၏။ သန့်စင်ကျောက်စိမ်း စိတ်ဝိညာဉ်အပင်သည် အစစ်အမှန် ရင့်မှည့်နေသည့်အပင်မျိုး မဟုတ်သေးချေ။ မဟုတ်ပါက ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် စည်းပွင့်ကာ ကြေညာခြင်းကို ပြုမူပေလိမ့်မည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းအတွက်တော့ ဤအရာမှာ ပြဿနာ မဟုတ်ခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူ့တွင် ကောင်းကင်ဘုံရတနာ မျိုးစေ့ကန် ရှိလို့နေခဲ့၏။ လုံလောက်သည့် စွမ်းအင်များကို ထောက်ပံ့ပေးထားသည်ဆိုပါက မြန်မြန်ဆန်ဆန် ရင့်မှည့်လာတော့မှာ သေချာသည်။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် သန့်စင်ကျောက်စိမ်း စိတ်ဝိညာဉ်အပင်သည် အသုံးမဝင်သေးချေ။ မည်သို့ပင် ဆိုစေကာမူ ကျွင်းချောင်းရှောင်းအနေဖြင့် စွမ်းအင်များကို မထည့်သွင်းဘဲ ဤအတိုင်းသာ မျိုးစေ့ကန်ထဲသို့ ထည့်ထားသည် ဆိုပါက ရင့်မှည့်ရန်အတွက် အချိန် တစ်ဒဿမငါးဆ ပိုမိုကာ မြန်ဆန်လာပေလိမ့်မည်။

“အကြီးအကဲဝေ... တပည့်တွေရဲ့ အရေအတွက် တိုးတက်လာတာနဲ့အမျှ ဆေးပင်တွေရဲ့ အရေအတွက် ကလည်း ပိုပြီးတိုးလာတယ်လေ၊ ဒီတော့ ဆေးဟောခန်းမဆောင်က သေသေချာချာ အလုပ်လုပ်မှ ဖြစ်လိမ့်မယ်”

“အင်း”

“ဟောခန်းသခင်လီ”

ကျွင်းချောင်ရှောင်းက ထပ်မံမေးလိုက်သည်။ “ရှောင်မို အခုတလော ဘာလုပ်နေလဲ”

လီလိုရှုက ပြောလိုက်သည်။ “ပြည့်စုံတဲ့ စိတ်ဝိညာဉ်စေတီထဲကို ဝင်ရောက်ပြီးတဲ့နေ့မှာ သတင်းပို့ချက်တွေ ထပ်ပြီး မကြားရတော့ဘူး”

“သူက အထဲမှာ တံခါးပိတ် ကျင့်ကြံနေတာပဲ ဖြစ်ရမယ်၊ ချင်းယန်နဲ့ တခြားသူတွေက သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားပြီလေ၊ ရှောင်မိုတစ်ယောက်ပဲ နောက်မှာကျန်ခဲ့တာ၊ ဒီတော့ ငါပေးထားတဲ့ စိတ်ဝိညာဉ် ကျောက်တုံးတွေနဲ့ ထိုက်ရွှမ်အအေးဂိုဏ်းရဲ့ သိုင်းပညာအရင်းအမြစ်တွေကို အမှီအခိုပြုပြီးတော့ အဆင့်ချိုးဖြတ် နိုင်ဖို့ မျှော်လင့်မိတယ်၊ ပြီးတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကကော လှုပ်ရှားမှု ရှိသေးလား”

“အခုထိတော့ မရှိသေးဘူး”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်မိ၏။ “ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို ဝင်တဲ့ ကျွမ်းကျင်သူတွေက ကြာကြာနေမှာ မဟုတ်ဘူးလေ၊ တကယ်လို့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကသာ အခွင့်အရေးကို အရယူပြီး တစ်စုံတစ်ခုမလုပ်ဘူးဆိုရင် နောက်ထပ် အခွင့်အရေး ရမှာ မဟုတ်တော့ဘူး”

စနစ် “………”

လက်ခံသူသည် လောကကြီးတစ်ခုလုံး ရှုပ်ထွေးသွားသည်ကို မြင်ချင်နေသည့် စိတ်နေစိတ်ထား ရှိနေသည်လား မပြောတတ်တော့ချေ။

“ဂိုဏ်းချုပ်”

လီလိုရှုသည် ခဏလောက် ငြိမ်သက်ပြီးနောက် ပြောလိုက်သည်။ “အရှေ့တောင်ပင်လယ် ကမ်းခြေ ကနေပြီးတော့ ပုလင်းတွေ လွင့်မျောလာတယ်ဆိုတဲ့ သတင်းကြားရတယ်၊ အထဲမှာ အကူအညီတောင်းတဲ့ စာတွေလည်း ရှိတယ်”

“အမ်”

ကျွင်းချောင်ရှောင်းသည် ငြိမ်သက်စွာဖြင့် နားထောင်လျက်ရှိနေသည်။ ဤအမျိုးသမီးသည် နေ့စဉ်နေ့တိုင်း တစ်လောကလုံး၏ သတင်းအချက်အလက်များကို ရရှိနေ၏။ သို့ပေမဲ့ အရာအားလုံးကို သတင်းမပို့ခဲ့ချေ။ ဤကဲ့သို့ ထုတ်ဖော်ပြောဆိုသည်ဆိုမှတော့ ကျိန်းသေပေါက် အရေးကြီးသည့်အရာပင် ဖြစ်ပေလိမ့်မည်။

လီလိုရှုက ပြောလိုက်၏။ “အကူအညီတောင်းတဲ့စာက ဆရာဖန်း ရေးထားတာတဲ့၊ သူက အရှေ့ဘက်ပင်လယ်ဒေသထဲမှာ ပိတ်မိနေတယ်လို့ပြောတယ်၊ များပြားလှတဲ့ ဂိုဏ်းအသီးသီးက စွမ်းအားမြင့် ကျင့်ကြံသူတွေကို သူ့ကို လာရောက်ကယ်တင်ဖို့ မျှော်လင့်နေတယ်တဲ့”

“ဆရာဖန်း ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်မိ၏။ “ဒီနာမည်ကို နည်းနည်း ရင်းနှီးနေသလိုပဲ”

All Chapters