အခန်း (၉၉၀)
Vol. 67 Ch. 990
မြို့တော်ဝန်ဟန်သည် နတ်ဆိုးအင်ပါယာနှင့်ပင် နှိုင်းယှဉ်မှုကို ပြုလုပ်နေ၏။ ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်ဟန်၏ စကားကို လက်မခံရဲချေ။ အောင်မြင်မှုအရဆိုလျှင် သူသည် လောကကြီးတစ်ခုလုံးကို ရင်ဆိုင်ကာ ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည့်သူနှင့် နှိုင်းယှဉ်၍ ရနိုင်လိမ့်မည် မဟုတ်ပေ။
သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ ဖွံ့ဖြိုးတိုးတက်မှုအရ ဆိုလျှင် သူသည် နတ်ဆိုးအင်ပါယာဂိုဏ်းထက် ပိုမိုအားကောင်း အောင် တည်ထောင် ဖန်တီးနိုင်ထားသည်။
သမိုင်းမှတ်တမ်းများအရဆိုလျှင် နတ်ဆိုးအင်ပါယာသည် နတ်ဆိုးအင်ပါယာဂိုဏ်းအား ရှေးယခင် ကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ကျင့်ကြံခြင်း အရင်းအမြစ်များကိုလည်း တဖြည်းဖြည်းချင်း ပိုမို အားကောင်း အောင် ဖန်တီးနိုင်ခဲ့သူဖြစ်၏။
ကျွင်းချောင်ရှောင်းမှာတော့ ဘာမှမရှိသည့် သုညဘဝတည်းက စတင်ခဲ့ရသူဖြစ်သည်။ သူ၏ ဂိုဏ်းသည် ဘာမှမဟုတ်သည့်အဆင့်မှသည် လက်ရှိအခြေအနေသို့ ရောက်ရှိလာခဲ့၏။ ထို့ကြောင့် နတ်ဆိုးအင်ပါယာသည် သူ့အားနှိုင်းယှဉ်ရနိုင်လိမ့်မည် မဟုတ်ချေ။
ဆိုရိုးစကားလည်း တည်ရှိနေ၏။ အစစ်အမှန် ကျွမ်းကျင်သူတစ်ယောက်သည် သင်ယူလိုစိတ် ရှိရမည်ဟူ၍ ဖြစ်သည်။
ကျွင်းချောင်ရှောင်းသည် အဆင့်မြင့်မြင့်ဖြင့် ဟိတ်ကြီးဟန်ကြီး နေထိုင်ခြင်းကို မပြုမူချင်ပေ။ သူ့အနေနှင့် သိုသိုသိပ်သိပ်ဖြင့်သာ ဂိုဏ်းကို ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ချင်နေမိ၏။ ထို့အပြင် တခြားသော ဂိုဏ်းကြီးများဆီမှ သင်ယူလေ့လာခြင်းကိုလည်း အစဉ်အမြဲ ပြုလုပ်လျက် ရှိနေ၏။
“ဂိုဏ်းချုပ်ကျွင်း”
မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “ကျုပ် ရေတွက်လို့မရအောင် များပြားတဲ့ လူတွေကို မြင်ဖူးတယ်၊ ခင်ဗျားနဲ့ ပြိုင်စံရှားဂိုဏ်းက ဒီအတိုင်းသာ ဆက်ပြီး တိုးတက်သွားမယ်ဆိုရင် ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အုပ်စိုးသူတွေ ဖြစ်လာကြမှာပဲ”
“ချီးတဲ့မှ...”
တစ်ဖက်လူသည် ပိုပို၍ပင် တရားလွန်လာတော့၏။ ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ကျုပ်က ဂိုဏ်းကို တည်တည်ငြိမ်ငြိမ်နဲ့ ဖွံ့ဖြိုးတိုးတက်အောင် ပြုလုပ်ချင်ရုံပဲလေ၊ တခြား ရည်မှန်းချက် မရှိပါဘူး၊ မြို့တော်ဝန်ဟန်... ကျုပ်ကို နတ်ဆိုးအင်ပါယာအဖြစ် ပြောမနေပါနဲ့ဗျာ၊ မဟုတ်ရင် တခြားသူတွေက နားလည်မှု လွဲသွားလိမ့်မယ်”
နတ်ဆိုးအင်ပါယာဆိုသည်မှာ မည်သူဖြစ်သနည်း။ လမ်းမှန်ဂိုဏ်းသားများအားလုံး၏ နံပါတ်တစ် ရန်သူပင် ဖြစ်တော့သည်။ အလွန်တရာအားကောင်းလှသည်ဟု ပြောဆိုချင်လျှင် တခြားသောအကြောင်းအရာများနှင့် ဥပမာပြုကာ ပြောဆိုနိုင်စွမ်း ရှိနေသေး၏။ နတ်ဆိုးအင်ပါယာနှင့် နှိုင်းယှဉ်၍ ပြောဆိုနေမည်ဆိုလျှင် တခြားသော ဂိုဏ်းကြီးများသည် ထိုအချင်းအရာကို ကြားသည်ဆိုပါက ကျိန်းသေပေါက် ပျော်ရွှင်လိမ့်မည်မဟုတ်ချေ။
ကျွင်းချောင်ရှောင်းသည် လမ်းမှန်ဂိုဏ်းသားများကို ရန်ပြုရန်အတွက် စိုးရွံ့လိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ သူသည် လောကကြီး တစ်ခုလုံး၏ ရန်သူအဖြစ်တော့ မဖြစ်ချင်ပေ။
“ဒါက အမှန်ပဲ”
မြို့တော်ဝန်ဟန်သည် လက်သီးကို ဆုပ်ကာဖြင့် လေးလေးစားစား ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းက တပည့်တွေကို ခေါ်ပြီးတော့ ဂြိုဟ်တိုက်ပွဲကြီးထဲကိုသာ အရင်ဆုံး မသွားခဲ့ဘူးဆိုရင် ကျုပ်တို့က သေဆုံးနှင့်တာ ကြာပြီလေ၊ ဒီတော့ နတ်ဆိုးအင်ပါယာထက် ပိုမိုကောင်းမွန်တဲ့ အရာတွေကို လုပ်ခဲ့တယ်လို့ ပြောရမှာပေါ့”
“..........”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွား၏။ တစ်ဖက်လူသည် စကားကို မည်သို့ပြောရမည်ဆိုသည်ကို ကောင်းကောင်း သိ၏။ သို့ပေမဲ့ နားထောင်ရသည်မှာတော့ အဆင်မပြေလှချေ။
....................
တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် ရံဖန်ရံခါ ဆိုသလို ပေါ်ပေါ်လာပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေး အတွေ့အကြုံများကို ပေးစွမ်းလျက်ရှိနေ၏။ ထိုသည်သာမက ခံတပ်တည်နေရာကြီး ပိုမိုကျယ်ပြန့်လာ အောင်လည်း ဖန်တီးပေးလျက်ရှိနေသေး၏။
“နေ့စဉ်နေ့တိုင်း ဒီအဖွဲ့တွေသာ လာမယ်ဆိုရင် မြို့တစ်ခု အရွယ်အစားအဆင့်ကို ရောက်ရှိသွားဖို့ဆိုတာ စိတ်ပူနေစရာ မလိုတော့ဘူး” ကုန်းရှန့်သည် ပြုံးကာ ပြောလိုက်မိသည်။
ဟူး ဟူး ……။
ခံတပ်၏ အတွင်းဘက်မှာတော့ တောဝက်ရိုင်းလေးသည် သူ၏မြေဓာတ်စိတ်ဝိညာဉ်များကို ထုတ်လွှတ်ကာဖြင့် တည်နေရာကြီးတစ်ခုကို ဖန်တီးပြုပြင်လျက်ရှိနေ၏။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် မြင့်မားလှသည့် နေရာတစ်ခုတွင် မတ်တပ်ထရပ်ကာ ပြောလိုက်တော့၏။ “တပည့်ရဲ့ အထင်အရဆိုရင် မြို့ရဲ့ အရှေ့ဘက်ပိုင်းကို ပိုပြီးပြင်ဆင်ဖို့ လိုသေးတယ်၊ အဲကို ချဲ့ထွင်ပြီးသွားရင် နံရံတွေ တည်ဆောက်မှ ဖြစ်မယ်ထင်တယ်”
“မြို့ဆိုမှတော့ နံရံတွေ ရှိရမှာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
လီချင်းယန်က ပြောလိုက်သည်။ “တပည့်ကလည်း ဒါကို စဉ်းစားနေတာလေ၊ နေ့စဉ်နေ့တိုင်း ခံတပ်ကြီးက ပိုပြီး ကျယ်ဝန်းလာတယ်ဆိုတော့ မြို့တစ်ခု အရွယ်အစားကို ရောက်ရှိဖို့ဆိုတာက သိပ်တော့ မလိုလောက်ဘူးလို့ ထင်တယ်”
ကျွင်းချောင်ရှောင်းသည် ခေါင်းညိတ်လိုက်မိ၏။ ပြီးသည့်နောက် ခံတပ်၏ အပြင်ဘက်ဆီသို့ ပျံသန်းကာ အမွေ အနှစ်များကို လိုက်လံကာ ရှာဖွေတော့သည်။ နောက်တစ်ရက်မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် ထပ်မံကာ ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် ဆယ်ရက်ကျော်ကြာ နေ့စဉ်ရက်ဆက် ရောက်ရှိလာခဲ့ကြခြင်း ဖြစ်သည်။ ဤအရာသည် ပြိုင်စံရှားဂိုဏ်းတပည့်များအားလုံးကို အတွေ့အကြုံများ ပေးစွမ်းလျက် ရှိနေတော့၏။
ဂိုဏ်း၏ အတွင်းစည်းတပည့်များ အားလုံးသည် တစ်နေ့ထက်တစ်နေ့ ပိုမိုကာ အားကောင်းလာခဲ့ကြ၏။ ပြိုင်စံရှား ဂိုဏ်းထဲမှာတော့ မြေဆီလွှာများ၏ အသွင်ပြောင်းလဲမှု ဖြစ်တည်ပြီးသည့်နောက်မှာတော့ ဆေးပင်များ၏ စိုက်ပျိုးမှု သည် ပိုမိုကာ အချိန်တိုတောင်းလာခဲ့တော့၏။ လီချင်းယန်သည် ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အလုပ်ရှုပ်နေ သည်သာမက ဆေးလုံးများ သန့်စင်ရန်အတွက်လည်း တာဝန်ယူထားရသေးသည်။
အရေးကြီးဆုံးအရာသည် သိုင်းဘုရင်ဆေးလုံးဖြစ်၏။ သိုင်းဘုရင်ဆေးလုံး ပါဝင်မှသာလျှင် လှိုင်းအဆောင်များကို ဖန်တီး၍ရမှာဖြစ်၏။ ထို့ကြောင့် လှိုင်းအဆောင်များသည်သာ ပေါပေါများများ ရှိမည်ဆိုလျှင် တပည့်များသည် မနှေးမမြန်ဆိုသလို သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိနိုင်ကြမှာ သေချာ၏။ ရှောင်ကျီသည်လည်း အလကားမနေပေ။ သူ့အနေနှင့် ပန်းပဲလုပ်ငန်းစဉ်များအား သေသေချာချာ တာဝန်ယူလျက် ရှိနေ၏။ ကျောက်ရိုင်းတုံးများ ရလာသည်ဆိုသည်နှင့်တပြိုင်နက် သူသည် ဂိုဏ်းသားများအတွက် လိုအပ်သည့်လက်နက် အမျိုးမျိုးကို သွန်းလုပ်ပေးလျက် ရှိနေ၏။
ပြိုင်စံရှားဂိုဏ်းတစ်ခုလုံးသည် ကောင်းမွန်သည့်အခြေအနေတစ်ခုဆီသို့ တိုးတက်ရောက်ရှိလျက် ရှိနေ၏။ ကျွင်းချောင်ရှောင်း၏ နေ့စဉ်တာဝန်မှာမူ အမွေအနှစ်များကို နေ့စဉ်သွားရောက် ရှာဖွေခြင်း၊ ငါးမျှားခြင်း လုပ်ငန်းသာ ရှိတော့သည်။
................
“သခင်... တိုက်ခိုက်ရေးစိတ်ဝိညာဉ်တွေကို နေ့စဉ်နေ့တိုင်း စေလွှတ်ပြီးတော့ အပြစ်ပေးနေတာ ကြယ်ကြွေ ကုန်းမြေတိုက်ကြီးကို ဘာတစ်ခုမှ မဖြစ်စေနိုင်ဘူးလေ၊ ပြီးတော့ သူတို့ရဲ့အားအင်တွေက ပိုပိုပြီး တိုးလာတာပဲ ရှိတာ၊ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် အုပ်ချုပ်ရေးဟောခန်းက လူတွေက သိရှိသွားလိမ့်မယ်၊ ဒါဆိုရင် ပြဿနာ ရှာလိမ့်မယ်လေ” ပုံရိပ်ယောင်နန်းတော်ကြီး တစ်ခုထဲတွင်တော့ ခါးကုန်းကုန်းနှင့် အဘိုးအိုသည် မျက်မှောင်ကုတ်ကာ ပြောလိုက်မိ၏။
“ဒီအင်ပါယာက သူတို့ အမိန့်ပေးတဲ့အတိုင်း လုပ်တာလေ၊ ဘာလို့ သူတို့က ပြဿနာ ရှာရမှာလဲ” ကြည့်ကောင်း လှသည့်အမျိုးသမီးသည် သလွန်ပေါ်တွင် ထိုင်လျက်ရှိနေ၏။ သလွန်၏ အနီးတဝိုက်တွင်တော့ တိမ်များ၊ မြူများဖြင့် လွှမ်းခြုံလျက် ရှိနေတော့သည်။
“သခင်”
အဘိုးအိုက ပြောလိုက်သည်။ “သူတို့ကိုယ်သူတို့ သက်သေပြတာက အကောင်းဆုံးလို့ ထင်တယ်လေ၊ ဒါမှ ကျုပ်တို့က သူတို့ကို နောက်ကနေ ပံ့ပိုးထားတယ်ဆိုတဲ့ အခြေအနေမျိုးကို မပြောကြမှာ မဟုတ်လား”
အမျိုးသမီးသည် ခဏလောက် စဉ်းစားကာ ပြောလိုက်မိ၏။ “ဒါဆိုလည်း ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကို စေလွှတ်လိုက်လေ”
“ဘယ်လောက်များများ စေလွှတ်လိုက်မလဲ”
“တစ်ယောက်ဆို လုံလောက်ပြီ”
“ကောင်းပါပြီ” အဘိုးအိုသည် အလျင်စလိုဖြင့် အနောက်သို့ ဆုတ်ခွာသွားခဲ့၏။
သလွန်ကို မှီလျက်ရှိနေသော အမျိုးသမီးသည် တီးတိုးပြောလိုက်မိ၏။ “လောကကြီးတစ်ခုလုံးကို ချိုးဖြတ်ဖို့ ကြိုးစားနေတဲ့ ဒီအင်ပါယာက သေးငယ်လှတဲ့ အုပ်ချုပ်ရေးဟောခန်းလေးကို ဘာလို့ ကြောက်နေရမှာလဲ”
...............
ခံတပ်ကြီး၏ အပြင်ဘက်မှာတော့ တည်နေရာတစ်ခုလုံးသည် ရုတ်တရက် တွန့်လိမ်သွား၏။ “တိုက်ခိုက်ရေး စိတ်ဝိညာဉ် ထပ်လာပြန်ပြီ”
ပြိုင်စံရှားဂိုဏ်းတပည့်များသည် သူတို့ ပြုလုပ်နေသည့်အရာများကို ရပ်တန့်ကာဖြင့် သွေးပူလေ့ကျင့်ခန်းပင် စတင်ကာ ပြုလုပ်လျက် ရှိနေတော့၏။ လအနည်းငယ်အတွင်း တိုက်ခိုက်ရေးစိတ်ဝိညာဉ်များသည် နေ့စဉ်နေ့တိုင်း ဆိုသလို ရောက်ရှိလာခဲ့ကြ၏။ ထိုအရာကို သူတို့သည် အသားကျနေကြပြီဖြစ်၏။
ကြက်သွေးရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်တစ်ကောင်သည် တည်နေရာ ဂိတ်တံခါး ဆီမှသည် အပြင်ဘက်ဆီသို့ လှမ်းထွက်လာခဲ့သည်။
“ဒါက အရင်နဲ့ ခြားနားနေတာပဲ”
ပြိုင်စံရှားဂိုဏ်းတပည့်များသည် အံ့အားသင့်မိနေကြ၏။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ မျက်နှာနှင့် ဆံပင်များသည် ရှင်းရှင်းလင်းလင်း မြင်နေရ၏။ မျက်လုံးများတွင်လည်း အနီရောင်အလင်းတန်းများ ရှိမနေချေ။ ဆိုလိုသည်မှာ တစ်ချက်ကြည့်လိုက်သည်ဆိုသည်နှင့် ဤတိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် လူသားတစ်ယောက်နှင့်မခြား တူညီနေ၏။
ကျွင်းချောင်ရှောင်းသည် အပြင်ဘက်သို့ လှမ်းထွက်ပြီးသည့်နောက်မှာတော့ အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီအော်ရာတွေက မြေအဆင့်စွမ်းအားမြင့် ကျင့်ကြံသူထက် ပိုပြီး အားကောင်းတဲ့ အော်ရာတွေပဲ၊ ဒါက ကောင်းကင်အဆင့်များလား မသိဘူး”
“အမှန်ပဲ”
စနစ်၏ အမျိုးသမီးအသံသည် ပေါ်ပေါက်လာခဲ့တော့၏။ “ဒါက ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ပဲ၊ အရမ်းအားကောင်းတယ်၊ ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ... သတိထားသင့်ပါတယ်”
“စိတ်ဝင်စားစရာပဲ”
ကျွင်းချောင်ရှောင်းသည် အမှန်ပင် စိတ်ဝင်စားမိ၏။ ဂြိုဟ်တိုက်ပွဲတည်နေရာထဲသို့ ဝင်ရောက် လာခဲ့သည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်၏။ သူတို့အနေနှင့် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူမျိုးကိုသာ သတ်ဖြတ်ခဲ့ဖူး၏။ ကောင်းကင်အဆင့်ဆိုသည်ကို တစ်ခါမှမမြင်ခဲ့ဘူးချေ။ ကောင်းကင်အဆင့်သည် မည်မျှ အားကောင်းနေ သနည်း။ သိုင်းအင်ပါယာနှင့် နှိုင်းယှဉ်၍ ရနေသည်လား။
“ဂိုဏ်းချုပ်ကျွင်း”
မြို့တော်ဝန်ဟန်သည် ရှေ့သို့ လျှောက်ထွက်လာပြီးသည့်နောက် လေးလေးနက်နက်နှင့် ပြောလိုက်သည်။ “တစ်ဖက်လူက ပြည့်စုံတဲ့အဆင့် ရောက်နေတာပဲ”
“ပြည့်စုံတဲ့အဆင့် ဟုတ်လား” ကျွင်းချောင်ရှောင်းသည် ဇဝေဇဝါ ဖြစ်မိနေကြ၏။
မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “သိုင်းနယ်မြေထိပ်ဆုံးအဆင့်ပြီးရင် ဒီအဆင့်ပဲလေ၊ ဒါကို သိုင်းနယ်မြေရဲ့ ပြည့်စုံတဲ့အဆင့်လို့ ခေါ်ကြတယ်၊ ဆိုလိုတာ သိုင်းနည်းစနစ်တွေ အကုန်လုံးကို အလုံးစုံနားလည်ပြီး ပြည့်စုံသွားတဲ့အဆင့်ပဲ၊ ဒီဟာကနေ အဆင့်ချိုးဖြတ်သွားနိုင်မယ်ဆိုရင်တော့ အင်ပါယာပုလ္လင်ကို တက်လှမ်းနိုင်မှာပဲလေ၊ ဒါဆိုရင် လေဟာနယ်တစ်ခုလုံးကို ချိုးဖြတ်ပြီးတော့ လောကကြီးတစ်ခုလုံးရဲ့ လျှို့ဝှက်ချက်တွေကို ရှာဖွေနိုင်စွမ်း ရှိလိမ့်မယ်”
ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိ၏။ “ဒါဆိုရင် သူရယ်၊ သိုင်းနယ်မြေရယ်၊ သိုင်းနယ်မြေတစ်ပိုင်း ကျင့်ကြံသူရဲ့ ကြားမှာ ဘာကွာလဲ”
“ဘာမှ မကွာဘူးလေ”
မြို့တော်ဝန်ဟန်က ပြောလိုက်သည်။ “အဆင့်မြင့်လာတာနဲ့အမျှ ပိုပြီးအားကောင်းလာ တာပဲ ကွာတယ်”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ စဉ်းစားလိုက်သည်။ “ပြောရမယ်ဆိုရင် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာ ကောင်းကင်အဆင့်ကို ရောက်ရှိတယ် ဆိုတာက သိုင်းအင်ပါယာ အားအင်မျိုးကို မရှိဘူးလို့ ဆိုလိုတာပေါ့”
စနစ်က ပြောလိုက်သည်။ “သိုင်းအင်ပါယာတွေဆိုတာက လောကကြီးမှာ အားအကောင်းဆုံး တည်ရှိသူတွေလေ၊ သူတို့က လေဟာနယ်ရွေ့လျားပြီးတဲ့နောက် အဆင့်မြင့် နယ်မြေတွေဆီကို သွားရောက် နိုင်ဖို့အတွက် အစဉ်အမြဲစဉ်းစားရင် အလုပ်ရှုပ်နေကြတာလေ၊ ဘယ်လိုဖြစ်လို့ အားအားယားယား ဂြိုဟ်တိုက်ပွဲ တည်နေရာထဲကို လာရမှာလဲ”
“တကယ်လို့ ငါသာ သိုင်းအင်ပါယာတစ်ယောက်ဆိုရင်တော့ ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို ကျိန်းသေပေါက် လာတယ်”
ကျွင်းချောင်ရှောင်း သည် လေးလေးနက်နက် ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ အားနည်းတဲ့သူတွေကို အနိုင်ကျင့်ရတာ ကောင်းလို့ပေါ့”
စနစ်သည် ထအော်လိုက်မိ၏။ “မင်းရူးနေလား”
“ဟောခန်းသခင်ကျိ” ကျွင်းချောင်ရှောင်းသည် လက်ကိုယမ်းခါကာဖြင့် ပြောလိုက်သည်။ “ထွက်ပြီးတော့ ကြိုဆို လိုက်အုံး”
ဝှစ်
ခရမ်းရောင်ဘုရင်သည် အဓိကတောင်ထွတ်ဆီမှ ပျံသန်းပြီးသည့်နောက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်နှင့် ပေတစ်ရာ အကွာအဝေးတွင် ရပ်လိုက်သည်။ ပြီးသည့်နောက်မှာတော့ သူသည် ဂုဏ်ယူဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။ “နောက်ဆုံးမှာတော့ တိုက်ခိုက်နိုင်တဲ့သူ လာပြီလေ”
ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် မော့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများသည် တဖြည်းဖြည်း နှင့် နီရဲလာသည်။ သူသည် ရှေ့သို့ လှမ်းတက်လာ၏။
ဘုန်း
ကျယ်လောင်လှသည့် ပေါက်ကွဲသံကြီးတစ်ခု ဖြစ်ပေါ်လာပြီးသည့်နောက် ဖုန်များ အလိပ်လိုက် တက်လာ၏။
ဝှစ်
ခရမ်းရောင်ဘုရင်သည် အရှေ့ဘက်ဆီသို့ လှမ်း၍ တိုးလာသည်။ ပြီးသည့်နောက်မှာတော့ သူ၏လက်များကို ကြက်ခြေခတ်ပုံစံထားကာဖြင့် တစ်ဖက်၏ တိုက်ခိုက်မှုကို မားမားမတ်မတ် ရင်ဆိုင်လိုက်သည်။ တိုက်ခိုက်ရေး စိတ်ဝိညာဉ်၏ တိုက်ခိုက်မှုသည် မမြန်ဆန်လွန်းပေ။ ထို့ကြောင့် အချိန်မီ ခုခံနိုင်ခဲ့၏။ သို့ပေမဲ့ ထိုလက်သီးချက်တွင် ပါဝင်နေသော အားအင်အဆင့်သည် မြေအဆင့်ကျင့်ကြံသူ ငါးယောက်၊ ခြောက်ယောက်တို့ ပူးပေါင်း တိုက်ခိုက် လိုက်သကဲ့သို့ပင် ဖြစ်သည်။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် အံ့အားတသင့်ဖြင့် ပြောလိုက်၏။ “ဒီတိုက်ခိုက်ရေး စိတ်ဝိညာဉ်က တကယ့်ကို အားကောင်းတာပဲ”
“ဒါက ဟုတ်တယ်” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဘုန်း …….။
ထိုအချိန်မှာပဲ ခရမ်းရောင်ဘုရင်၏ အဝတ်အစားများ အားလုံးသည် အပိုင်းပိုင်း ဖြစ်သွားခဲ့၏။ ပြီးသည့်နောက်မှာ တော့ ၎င်း၏ခန္ဓာကိုယ်ထဲတွင်ရှိသော မွန်းစတားအော်ရာများသည် ပေါက်ကွဲထွက်သွားခဲ့၏။ လေထုထဲတွင်တော့ များပြားလှသော လက်သီးချက်များသည် စုဝေးရောက်ရှိလာသည်။
ဘုန်း ဘုန်း
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ခံတပ်၏ အပြင်ဘက်တွင် ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများသည် တဝုန်းဝုန်းနှင့် ပေါက်ကွဲလျက်ရှိနေတော့သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အလျက် ရှိနေကြ၏။
ဘုန်း
ရုတ်တရက် တိုက်ခိုက်ရေးတည်နေရာတွင် ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာပြီးသည့်နောက် ဖုန်များ အလိပ်လိပ် တက်၍ လာပြန်သည်။ မြေပြင်တစ်ခုလုံးသည် ပေတစ်ရာနီးပါးခန့်ရှိသော တွင်းကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။
ဘုတ် ဘုတ် ဘုတ်
ခရမ်းရောင်ဘုရင် ပေတစ်ရာအကွာအဝေး အနောက်ဆီသို့ ဆုတ်ခွာသွားခဲ့ရတော့၏။ သူ၏ လက်ချောင်းများကို ဖြေ၍ ခါလျက် ရှိနေ၏။ သူ၏ လက်တစ်ခုလုံးသည် ထုံကျင်လျက်ရှိနေ၏။ သူသည် အသံပို့လွှတ်လိုက်သည်။ “ဂိုဏ်းချုပ်... ဒီကောင်က အရမ်းကို အားကောင်းလွန်းတယ်၊ မလွယ်ဘူး”