အခန်း (၉၉၂)
Vol. 67 Ch. 992
နတ်ဘုရားလက်နက်ခန်းမဆောင်တွင်ရှိသော လက်နက်များ အားလုံးသည် မှတ်ဉာဏ်အမွေအနှစ်ကို ဆက်ခံ နိုင်စွမ်းရှိ၏။ ထိုအရာကို ကိုင်ဆောင်လိုက်သည်ဆိုသည်နှင့် ထိုမှတ်ဉာဏ်များသည် ကိုင်ဆောင်သူ၏ အသိဉာဏ်ထဲသို့ ရောက်ရှိသွားမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပဲ ပေါင်းစပ်သွားပေလိမ့်မည်။
ခရမ်းရောင်ဘုရင်သည် ငရဲဒေါသကို ဝတ်ဆင်လိုက်ပြီးသည့်နောက် ချက်ချင်းပဲ မည်ကဲ့သို့ အသုံးပြုရမည် ဆိုသည်ကို နားလည်သွားမိခဲ့တော့၏။ နည်းလမ်းသည် အလွန်တရာ ရိုးရှင်းလွန်းလှ၏။ ရှိရှိသမျှသော ၎င်း၏ စွမ်းအင်အကုန်လုံးကို လက်သီးဆီသို့ ပို့လွှတ်ပြီးသည့်နောက်မှာတော့ လက်ဝှေ့အိတ်နှင့် ထိုးနှက်လိုက်ရုံသာ။
ထို့ကြောင့် ခရမ်းရောင်ဘုရင်သည် မှတ်ဉာဏ်များကို ရရှိခဲ့ပြီးသည့်နောက် ကျဆင်းလာသော ပုဆိန်၏ အလင်းတန်း ကို မရှောင်ရှားခဲ့ချေ။ ထိုအစား သူ၏စွမ်းအင်လက်သီးများကို စုဝေးကာဖြင့် တန်ပြန်တိုက်ခိုက်ခြင်း ကို ပြုမူခဲ့သည်။
ဘုန်း ဘုန်း
လေများ တိုက်ခတ်လာပြီးသည့်နောက် တည်နေရာသည် အပိုင်းပိုင်း ဖြစ်တည်သွားခဲ့သည်။
“ကောင်းကင်ဘုံ”
မြို့တော်ဝန်မူနှင့် တခြားသောသူများ အားလုံးသည် မျက်လုံးအပြူးသား ဖြစ်မိသွားခဲ့ကြသည်။ ခရမ်းရောင်ဘုရင် လက်သီးချက်သည် ယခင်ကထက် ပိုမို၍ ကြောက်မက်ဖွယ်ရာကောင်းသည့် စွမ်းအင်များ ပါဝင် နေသည်ဖြစ်ကြောင်း ကို ၎င်းတို့ ရှင်းရှင်းလင်းလင်း သိရှိနိုင်စွမ်းရှိ၏။
ဤပန်းရောင် လက်ဝှေ့အိတ်ကြောင့်များ ဖြစ်နေသည်လား။ ဤအရာသည် အလွန်တရာ အဆင့်မြင့်မားလှသော အထူးရတနာ တစ်ခုခု ဖြစ်နေသည်လား။
ဘုန်း ဘုန်း
ပေါက်ကွဲမှု၏ အသံများသည် ပဲ့တင်ထပ်လျက် ရှိနေ၏။ ပုဆိန်ဆီမှကျဆင်းလာခဲ့သော အလင်းတန်းများ အားလုံးသည် ဤလက်သီးချက်ကြီး၏ အောက်တွင်တော့ အလုံးစုံဖျက်ဆီးခြင်းကို ခံလိုက်ရ၏။ စွမ်းအင်လှိုင်းများဖြင့် ဖြစ်တည်နေသော လေဟာနယ်ကြီး တစ်ခုလုံးသည်လည်း ကွဲအက်သွားခဲ့၏။
ဟူး ဟူး
လေပြင်းများတိုက်ခတ်ပြီးသည့်နောက် ဟောခန်းသခင်ကျိ၏ ခရမ်းရောင်ဆံပင်များ အားလုံးသည် လွင့်လျက်ရှိ၏။ ၎င်း၏ မျက်နှာပေါ်တွင်တော့ အလွန်တရာ မောက်မာလှသည့် အရိပ်အယောင်များလည်း ထင်ပေါ်လျက်ရှိနေ၏။ သူသည် ပထမတုန်းက ပန်းရောင်လက်အိတ်ကို ဝတ်ဆင်ရန်အတွက် မနည်း ကြိုးစားခဲ့ရ၏။ သို့ပေမဲ့ ဝတ်ဆင် ပြီးသည့်နောက်မှာတော့ ဤအရာသည် သူ၏ အားအင်များကို ဆထက်ထမ်းပိုး ပိုမို၍ တိုးတက်စေသည့်အရာ ဖြစ်ကြောင်းကို ကောင်းကောင်းနားလည်မိလိုက်တော့သည်။
“ကောင်းတယ်၊ အရမ်းမိုက်လွန်းတယ်”
ဆွစ်
ထိုအချိန်မှာပဲ တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် ပုဆိန်ကြီးကို ကိုင်ဆောင်၍ ထပ်မံကာ ခုတ်ပိုင်းလိုက်ပြန်သည်။ အလင်းတန်းများသည် ထပ်မံကာ ဖြစ်တည်လာ၏။
ဘုန်း
ခရမ်းရောင်ဘုရင်သည် လက်သီးနှင့်ပင် ထိပ်တိုက်ရင်ဆိုင်ခဲ့သည်။ လက်ဝှေ့အိတ်၏ ထောက်ပံ့မှုအောက်မှာ တော့ ကြမ်းတမ်းလွန်းလှသော မွန်းစတားအော်ရာများ အားလုံးသည် ထိုပုဆိန်ခုတ်ချက်ကြီးကို ထပ်မံကာ ဖျက်ဆီးခဲ့တော့သည်။
ဆွစ် ဆွစ် ဆွစ်
သူသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ဆီသို့ ချဉ်းကပ်ကာ ပျံသန်းသွားခဲ့တော့သည်။ ပန်းရောင်လက်သီးချက်ကြီး သည် ချက်ချင်းပဲ တည်နေရာထဲတွင် ထင်ပေါ်လာခဲ့၏။
ဘုန်း ဘုန်း ဘုန်း
လက်သီးချက်ကြီးသည် ကြက်သွေးရောင်ချပ်ဝတ်အပေါ်သို့ အမြှောက်နှင့်ပစ်သလို တဒိုင်းဒိုင်းနှင့် ကျရောက်လျက်ရှိနေပြီး တစ်ဖက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်မှာ အနောက်သို့ တဆုတ်တည်း ဆုတ်လျက် ရှိနေ၏။ နောက်ဆုံး အချိန်မှာတော့ ဘန်းဟူသည့်အသံနှင့်အတူ အဝေးတစ်နေရာဆီသို့ လွင့်စင်ကာ မြေပေါ်သို့ ပြုတ်ကျသွား၏။ ရင်ဘတ်ရှေ့တွင် ရှိနေသော ချပ်ဝတ်သည် တွန့်လိမ်သွားသည်။
“မဆိုးဘူး၊ မဆိုးဘူး”
ကျွင်းချောင်ရှောင်းသည် ပြုံးလိုက်မိသည်။ သူ့အနေနှင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ ချပ်ဝတ်သည် အလွန်တရာ အားကောင်းလှသည်ကို သိရှိပြီးဖြစ်သည်။ သို့ပေမဲ့ နတ်ဘုရားလက်နက်ကို ဝတ်ဆင်ပြီးသည့်နောက်မှာတော့ ဟောခန်းသခင်ကျိသည် ထိုချပ်ဝတ်ကြီးအား တွန့်လိမ်အောင်ပင် ထိုးနှက်နိုင်စွမ်း ရှိနေ၏။ ဂိုဏ်းစုဆောင်းမှတ် တစ်သောင်း အသုံးပြုရသည်မှာ အလကား မဟုတ်တော့ချေ။
ဆွစ် ဆွစ်
ခရမ်းရောင်မွန်းစတားဘုရင်သည် အရှေ့သို့ လှမ်းတက်ပြီးသည့်နောက် ၎င်း၏ ရန်သူ ရှေ့တည့်တည့်တွင် ရပ်တန့်လိုက်သည်။ ပြီးသည့်နောက်မှာတော့ သူသည် လက်သီးကို မြှောက်ကာဖြင့် ထိုးနှက်လိုက်ပြန်၏။
ဟူး ဟူး ဟူး
ပန်းရောင်လက်သီးချက်ကြီးသည် အလွန်တရာ ပြင်းထန်လှသော အားအင်နှင့်အတူ တိုက်ခိုက်ရေးစိတ်ဝိညာဉ် ဆီသို့ မိုးသီးမိုးပေါက်များ ရွာချသလို တဘောင်းဘောင်းနှင့် ကျဆင်းလျက် ရှိနေတော့သည်။
ဘုန်း ဘုန်း ဘုန်း
ဖုန်များသည် တလိပ်လိပ် တက်လာတော့၏။ မြေတည်နေရာတစ်ခုလုံးသည်လည်း ကွဲအက်သွားခဲ့သည်။
“ဒါက” မြို့တော်ဝန်ဟန်နှင့် တခြားသောသူများအားလုံးသည် ဆွံ့အလျက်ရှိနေကြ၏။
ဘုန်း
နောက်ဆုံးလက်သီးချက် ကျဆင်းလာပြီးသည့်နောက် တည်နေရာတစ်ခုလုံး တုန်ခါနေခြင်းမှ ရပ်တန့်သွားခဲ့တော့ သည်။ ဖုန်များ ပြန်လည်ငြိမ်သက်သွားပြီးသည့်နောက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် အလွန်တရာ နက်ရှိုင်း လှသော တွင်းကြီးထဲတွင်ရှိနေသည်ကို အားလုံးက မြင်လိုက်ရတော့သည်။
ဤနေရာသည် ဂြိုဟ်တိုက်ပွဲ တည်နေရာ၏ မြေပြင်ဖြစ်နေသောကြောင့်သာ ခံနိုင်ခြင်းဖြစ်သည်။ ကြယ်ကြွေကုန်းမြေတိုက်ရှိ မြေတည်နေရာ တစ်ခုခုတွင်သာ ဖြစ်ပါက အလွန်ကြီးမားသော တွင်းကြီး အဆုံးအစမဲ့စွာ ဖြစ်တည်နေမှာ သေချာ၏။
“ပြီးသွားပြီလား”
“သူ့ရဲ့လက်အိတ်က နတ်ဘုရားအဆင့်များလား”
ကြီးမားလှသော တွင်းကြီးထဲတွင် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် လဲလျက်ရှိသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်ကို မြင်ရသည့် အချိန်မှာတော့ မြို့တော်ဝန်ဟန်နှင့် တခြားသောသူများ အားလုံးသည် ကြောက်လန့်မှုကြောင့် ခန္ဓာကိုယ်များပင် တုန်ခနဲ ဖြစ်သွားမိ၏။ ၎င်းတို့ဘက်သည် အောက်စည်းသို့ ရောက်ရှိနေကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရ၏။ သို့ပေမဲ့ လက်အိတ်ကို ဝတ်ဆင်ပြီးသည့်နောက်မှာတော့ တစ်ဖက်ရန်သူအား ပြင်းပြင်းထန်ထန်ပင် ပြန်လည် တိုက်ခိုက်နိုင်စွမ်း ရှိနေတော့သည်။ ထို့ကြောင့် ဤလက်နက်သည် နတ်ဘုရားအဆင့် လက်နက်ဖြစ်မည်ဟု သူတို့ ကောက်ချက်ချလိုက်ခြင်းပင် ဖြစ်ပေတော့၏။
ဖြောင်း ဖြောင်း ဖြောင်း
ထိုအချိန်မှာပဲ တွင်းနက်ထဲတွင် ရှိနေသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် အနည်းငယ် လှုပ်ခါလာခဲ့၏။ ပြီးနောက် ဝှစ်ဟူသော အသံနှင့်အတူ ခရမ်းရောင်ဘုရင်၏ ဆယ်ပေအထက်တွင် မတ်မတ် ရပ်လိုက်ပြန်သည်။ ၎င်း၏ ကြက်သွေးရောင်ချပ်ဝတ်ပေါ်တွင် များပြားလှသော လက်သီးရာများ တည်ရှိနေသည်ဆိုသော်လည်း ၎င်း၏ မျက်လုံးထဲရှိ အလင်းများမှာတော့ ပိုမိုကာ တောက်ပလာခဲ့သည်။
ခရမ်းရောင်ဘုရင်သည် မျက်လုံးပြူးသွားမိတော့သည်။ သူသည် လက်သီးချက်ပေါင်းများစွာကို ထိုးနှက်တိုက်ခိုက်ခဲ့ပြီးပြီဖြစ်သည်။ သို့ပေမဲ့ ၎င်း၏ ပြိုင်ဘက်သည် လှုပ်ရှားရန်အတွက် အားအင်များ ကျန်နေခဲ့သေး၏။
ဟူး ဟူး
ရုတ်တရက် တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် ၎င်း၏ ဦးခေါင်းကို မော့လိုက်၏။ အနီရောင်မျဉ်းကြောင်းများသည် သူ၏ အသားအရည်တွင် ပေါ်လာခဲ့တော့သည်။ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြက်သွေးရောင်အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားပြီးသည့်နောက်မှာ မီးလူသားတစ်ယောက်ကဲ့သို့ ဖြစ်တည်ပြောင်းလဲသွားသည်။
ရွှီး ရွှီး
၎င်းသည် လေထုထဲမှာပင် ပျောက်ကွယ်သွားခဲ့၏။
“မကောင်းတော့ဘူး” ခရမ်းရောင်ဘုရင်၏ အမူအရာသည် ပြောင်းလဲသွားခဲ့၏။ သူသည် အလောတကြီးဖြင့် အသာလှည့်ပြီးသည့်နောက် လက်ကိုရင်ဘတ်ရှေ့တွင် ကာကာဖြင့် တားဆီးထားလိုက်သည်။
ဘုန်း
တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် ချက်ချင်းပဲ ခရမ်းရောင်ဘုရင်၏ ရှေ့တည့်တည့်တွင် ပေါ်လာ၏။ သူသည် ညာဘက်လက်ကို မြှောက်ကာဖြင့် ခရမ်းရောင်ဘုရင်အား ထိုးနှက်လိုက်၏။
ဘုန်း
ဤလက်သီးချက်သည် ယခင်ကထက် ပိုမို၍ အားကောင်းလွန်းသည်။ ခရမ်းရောင်ဘုရင်သည် ထိုလက်သီးချက်ကို ထိပ်တိုက်ခံယူပြီးသည့်နောက် မျက်နှာတစ်ခုလုံးသည် ပျက်ယွင်းသွားခဲ့သည်။
ခန္ဓာကိုယ်သည်မှာလည်း ပစ်လွှတ်လိုက်သော အမြှောက်ဆန်ကဲ့သို့ ပြောင်းလဲသွားတော့သည်။ တိုက်ခိုက်ရေး စိတ်ဝိညာဉ်မှာတော့ တည်နေရာမှထပ်မံကာ ပျောက်ကွယ်သွားပြန်သည်။ ပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင် ကျဆင်းလာမည့်နေရာရှေ့သို့ ကြိုတင်ကာရောက်ရှိနေ၏။ သူသည် လက်သီးကို မြှောက်ကာဖြင့် ထပ်မံထိုးနှက်လိုက်၏။
ဘောင်း
ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းသိမ်းနိုင်စွမ်း မရှိသော ခရမ်းရောင်ဘုရင်သည် လေထဲတွင် မည်သို့မျှ ရှောင်ရှားနိုင်ခြင်း မရှိတော့ချေ။ ရင်ဘတ်ကို လက်သီးဖြင့် ထိုးနှက်ခံရပြီးသည့်နောက် ကောင်းကင်ပေါ်သို့ လွင့်စင်သွားပြန်သည်။
ဘန်း ဘန်း ဘန်း
တိုက်ခိုက်ရေးစိတ်ဝိညာဉ်သည် တည်နေရာရွှေ့ပြောင်းမှုကို ပြုလုပ်ပြီးနောက် ဟောခန်းသခင်ကျိ ပေါ်လာမည့် တည်နေရာထဲသို့ ကြိုတင်ရောက်ရှိကာ ဆက်တိုက် တိုက်ခိုက်ခြင်းကို ပြုမူနေတော့သည်။ ဟောခန်းသခင်ကျိသည် ဟိုဘက်၊ ဒီဘက် ရိုက်ပုတ်ခံနေရသော ဘော်လီဘောကဲ့သို့ပင် ဖြစ်လျက် ရှိနေ၏။
ဘုန်း
ဆယ်ကြိမ်ထက်မနည်း ထိုးနှက်ခံရပြီးသည့်နောက် ခရမ်းရောင်ဘုရင်သည် လက်အိတ်ကို အသုံးပြုကာ ထိုးနှက် ခံရမှုကို ကာကွယ်လိုက်၏။ ပြီးသည့်နောက်မှာတော့ တိုက်ခိုက်နိုင်သည့် အကွာအဝေးအတွင်းမှ အပြင်ဘက်သို့ ဆုတ်ခွာလိုက်သည်။
ဝေါ့
ခရမ်းရောင်ဘုရင်သည် သွေးတွေ အန်ထွက်လာတော့၏။
“ဟောခန်းသခင်ကျိ” အဘိုးကြီးတင်းနှင့် တခြားသူများသည် ထအော်လိုက်မိသည်။
“ချီးတဲ့မှ...”
ခရမ်းရောင်ဘုရင်သည် သူ၏လက်ကိုမြှောက်ကာဖြင့် နှုတ်ခမ်းတွင်ရှိနေသော သွေးများကို သုတ်လိုက်သည်။ မျက်နှာတစ်ခုလုံးသည် ဒေါသတရားများဖြင့် တောက်လောင်လျက်ရှိနေသည်။ ရုတ်တရက် သူသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။ လက်သီးနှစ်ခုသည် ထိပ်တိုက် တွေ့ဆုံသွားပြီးသည့်နောက်မှာတော့ လက်ဝှေ့အိတ်ပေါ်တွင်ရှိသော အသဲပုံနှစ်ခုသည် ချိတ်ဆက်သွားခဲ့တော့၏။ ချက်ချင်းပဲ တလက်လက် တောက်ပ နေသော ပန်းရောင်အလင်းတန်းများ ဖြစ်တည်လာခဲ့၏။
“ဒါ... အဆုံးသတ် တိုက်ကွက်လား” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဟူး ဟူး
ခရမ်းရောင်ဘုရင်သည် ပန်းရောင်အလင်းများနှင့် လွှမ်းမိုးခြင်းကို ခံလိုက်ရတော့သည်။ သူသည် ရှေ့ကို လှမ်းတက် လိုက်ပြီးသည့်နောက် လက်သီးများသည် လေဟာနယ်ထဲဆီသို့ စုံထိုးလွှတ်ပြန်သည်။ “ချစ်ဒေါသလက်သီး”
ကျွင်းချောင်ရှောင်း ဆွံ့အသွားမိသည်။ ခရမ်းရောင်ဘုရင်သည် ကိုယ်၏ ပုံပန်းသွင်ပြင်နှင့် မလိုက်ဖက်စွာပဲ အလွန်တရာ ကဗျာဆန်လှသော တိုက်ကွက်၏ နည်းစနစ်ကို အော်ဟစ်လျက် ရှိနေ၏။
စနစ်သည် ဆွံ့အသွားခဲ့၏။ “တခြားသူတွေရဲ့ရှေ့မှာ အသဲပုံ ပုံစံလေးလုပ်၊ ဖင်လေးကို လိမ်ပြီးတော့ ငါ့အချစ်လေး၊ သွားတော့ဆိုပြီး အော်တတ်တဲ့လူက သူများကို ဒီလိုပြောဖို့ ဘာအရည်အချင်း ရှိလို့လဲ”
ဝှစ် ဝှစ်
ခရမ်းရောင်ဘုရင်သည် အဆုံးသတ်တိုက်ကွက်ကို ထုတ်ဖော်အသုံးပြုခဲ့ခြင်းပင်ဖြစ်တော့၏။ ချက်ချင်းပဲ သူ၏ လက်ဆီမှ လက်ဝှေ့အိတ်များသည် အပြင်ဘက်ဆီသို့ လွှင့်စင်သွားပြီးသည့်နောက်မှာတော့ အလွန်တရာကြီးမား လှသော လက်ဝှေ့အိတ်ကြီးကဲ့သို့ပင် ဖြစ်တည်လာခဲ့တော့၏။
ဟူး ဟူး
ကြီးမားလှသော လက်ဝှေ့အိတ်ကြီးနှစ်ခုသည် ဘယ်နှင့်ညာဆီမှ ထွက်ပေါ်သွားပြီးသည့်နောက် တိုက်ခိုက်ရေး စိတ်ဝိညာဉ်အား ဘယ်ညာ ဝိုက်လက်သီးများဖြင့် တိုက်ခိုက်တော့သည်။
ဘုန်း
ခရမ်းရောင်ဘုရင်သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ လေထဲသို့ ခုန်လိုက်ပြန်သည်။ ကြီးမားလှသော လက်ဝှေ့အိတ်ကြီးနှစ်ခုသည် မြန်ဆန်လွန်းသော အရှိန်နှင့်အတူ တိုက်ခိုက်ရေး စိတ်ဝိညာဉ်အား အပြင်းအထန် တိုက်ခိုက်လျက်ရှိနေ၏။ အလွန်တရာ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများသည် တည်နေရာတစ်ခုလုံးတွင် ပျံ့နှံ့လျက်ရှိနေသည်။ လေဟာနယ်တစ်ခုလုံးသည် ကွဲထွက်လျက်ရှိနေပြီး ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံး သည်လည်း စုတ်ပြတ်သတ်ကုန်၏။
ဘုတ် …..။
အဆုံးသတ်တိုက်ကွက်ကို အသုံးပြုပြီးသည့်နောက် ခရမ်းရောင်ဘုရင်သည် မြေပေါ်တွင် ထိုင်ချလိုက်သည်။ သူ၏ မျက်နှာသည် နီနီရဲလျက် ရှိသည်။ အသက်ကိုလည်း ပြင်းပြင်းထန်ထန် ရှူနေရသည်။ ခန္ဓာကိုယ်တစ်ခုလုံး တွင် စွမ်းအင်များ မရှိတော့သလိုပင် ခံစားနေမိသည်။
“အခုအချိန်မှာ တစ်ဖက်လူက မသေဘူးဆိုရင်တော့ ငါဘာမှ ဆက်လုပ်လို့ မရတော့ဘူး”
ပြောပြီးသည့်နောက်မှာ တော့ ကြီးမားလှသော လက်ဝှေ့အိတ်ကြီးနှစ်ခုသည် အိတ်ကပ်တစ်ခု အရွယ်အစားသို့ ပြန်လည်ပြောင်းလဲပြီးသည့် နောက်မှာတော့ သူ၏ဘေးဆီသို့ ကျဆင်းလာ၏။
လေထဲတွင် မတ်မတ်ရပ်လျက် ရှိနေသော တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ ချပ်ဝတ်ပေါ်မှာတော့ အက်ကွဲကြောင်းများ ဖြစ်တည်လာခဲ့သည်။ ချပ်ဝတ်၏ တည်နေရာတော်တော်များများသည် ကြွေကျကုန်၏။ အလွန်ခိုင်ခံ့လှသော ကာကွယ်မှုသည် ကျိုးပြတ်သွားခဲ့တော့၏။ သို့ပေမဲ့ တစ်ဖက်ရန်သူ၏ မျက်လုံးများသည် တောက်ပလျက် ရှိနေသေး၏။ ပြန်လည်တိုက်ခိုက်ရန်အတွက် စွမ်းအင်များ အပြည့်အဝ ရှိနေသေးပုံလည်း ပေါ်၏။
“ဂိုဏ်းချုပ်”
ခရမ်းရောင်ဘုရင်သည် မြေပေါ်တွင် လှဲပြီးသည့်နောက် စိတ်ဓာတ်ကျဆင်းစွာဖြင့် ပြောလိုက်သည်။ “ကျုပ် အကောင်းဆုံးကြိုးစားခဲ့တယ်”
အဆုံးသတ်တိုက်ကွက်ကို အသုံးပြုပြီးသည့်နောက် သူသည် ပြိုလဲလုမတတ်ပင် ပင်ပန်းနွမ်းနယ်နေခဲ့ပြီဖြစ်သည်။ သို့ပေမဲ့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ ချပ်ဝတ်ကိုသာလျှင် ချိုးဖြတ်နိုင်ခဲ့တော့သည်။ ဤတိုက်ပွဲသည် သူ၏ တစ်လျှောက်လုံး ဂုဏ်ယူခဲ့ရသော စွမ်းအင်များနှင့် ပတ်သက်၍ သံသယဝင်မိသည့် တိုက်ပွဲပင် ဖြစ်တော့၏။
ဝှစ်
ကျွင်းချောင်ရှောင်းသည် ခံတပ်၏ အပြင်သို့ ထွက်ခွာသွားပြီးသည့်နောက် ခရမ်းရောင်ဘုရင်၏ ဘေးတွင် ဆင်းသက်လိုက်သည်။ “ဒီကိစ္စကို ကျုပ်တာဝန်ထားလိုက်တော့”
“သူ့တာဝန် ထားရမယ် ဟုတ်လား”
ခရမ်းရောင်ဘုရင်သည် ကြောင်အသွားမိတော့သည်။ ဂိုဏ်းချုပ်သည် အားမနည်းလှကြောင်းကို သူသိ၏။ သို့ပေမဲ့ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်နှင့် ယှဉ်ပြိုင်ဖို့ ဆိုသည်မှာ သူကဲ့သို့သော သားရဲပင်လျှင် ပြုလုပ်နိုင်သည့်အရာမျိုး မဟုတ်ချေ။ ဂိုဏ်းချုပ်က ပြုလုပ်မည် ဆိုသည်မှာ သူ့အတွက်တော့ အံ့အားသင့်စရာဖြစ်မိစေ၏။
သို့မဟုတ် ဟိုတစ်ခေါက် အသုံးပြုခဲ့သည့် စာလုံးများ ရေးသားထားသော ဓားမော့ကြီးကို ထုတ်ဖော်အသုံးပြု တော့မည်လား။ အရင်တစ်ကြိမ် စည်းဓားမော့ကြီးကို ထုတ်ဖော်၍ အဆက်မပြတ် သတ်ဖြတ်မှုကို ပြန်လည် စဉ်းစားပြီးသည့်နောက်မှာတော့ ခရမ်းရောင်ဘုရင်က ပြောလိုက်သည်။ “အဲဒါကြီးနဲ့ ဆိုရင်တော့ ကောင်းကင် အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကို အနိုင်ယူနိုင်စွမ်း ရှိလိမ့်မယ်”
ဆွစ်
ကျွင်းချောင်ရှောင်းသည် လက်ကို ပေါ့ပေါ့ပါးပါးဖြင့် ယမ်းခါလိုက်ပြီးသည့်နောက်မှာတော့ မှော်ပညာဖြင့် အဆင့် မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီးကို ထုတ်ယူလိုက်၏။ ပြီးသည့်နောက်မှာတော့ ဂုဏ်ယူစွာဖြင့် ခပ်မော့မော့ ရင်ကော့ကာ ပြောလိုက်၏။ “ဒီအရာက မသန့်ရှင်းတဲ့ အရာတွေပဲ”
“ဒင်... အထူးအသက်သွင်းမှု အသက်ဝင်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၂၇၆၅၀ / ၇၀၀၀၀”
ဆွစ်
ကျွင်းချောင်ရှောင်းသည် ပျံသန်းလာခဲ့၏။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ မျက်လုံးများသည် အေးစက်သွားခဲ့သည်။ ကြက်သွေးရောင်အလင်းများနှင် တိုက်ခိုက်ချက်ကြီးတစ်ခုအား ချက်ချင်းပဲ ထုတ်ဖော်တော့၏။ အားအင်အဆင့်အရဆိုလျှင် ခရမ်းရောင်ဘုရင်နှင့် တိုက်ခိုက်ခဲ့စဉ်ကထက် အားမနည်းခဲ့ချေ။
ကျွင်းချောင်ရှောင်းသည် ၎င်း၏ ဖုန်စုပ်စက်ခေါင်းကို အသာတည်ပြီးသည့်နောက် အသက်သွင်းခဲ့တော့သည်။ ကြက်သွေးရောင်စွမ်းအင်များအားလုံးသည် ဖုန်စုပ်စက်ထဲသို့ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။
“ချီးတဲ့မှ... ဒါက အလုပ်ဖြစ်တာပဲလား” ခရမ်းရောင်ဘုရင်သည် ရုတ်တရက် မျက်လုံးပြူးသွားမိ၏။
ဆွစ်
ကျွင်းချောင်ရှောင်းသည် ဖုန်စုပ်စက်ကြီးဖြင့် ပျံသန်းလာခဲ့ပြီးသည့်နောက် တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ ဦးခေါင်းကို တည်ကာ ဖုန်စုပ်စက်ကြီးဖြင့် စုပ်ယူတော့သည်။
အလွန်တရာအားကောင်းလှသော စုပ်ယူခြင်းစွမ်းအင်များ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏ ကိုယ်ထဲတွင်ရှိသော ကြက်သွေးရောင်စွမ်းအင်များသည် စုပ်ယူခြင်း ခံလိုက်ရတော့ သည်။ တိုက်ခိုက်ရေးစိတ်ဝိညာဉ်၏မျက်လုံးများသည် လင်းလက်နေသည်မှ တဖြည်းဖြည်း မှိန်ကျသွား၏။ ပြီးသည့်နောက်မှာတော့ ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိနေသော စွမ်းအင်များကို စုပ်ယူခြင်း ခံလိုက်ရတော့၏။
ကျွင်းချောင်ရှောင်းသည် မြေပေါ်သို့ အသာဆင်းသက်ပြီးသည့်နောက် ဂုဏ်ယူစွာဖြင့် ပြောလိုက်မိသည်။ “တိုက်ပွဲက ပြီးသွားပြီ”
ဝေါ့
ခရမ်းရောင်ဘုရင်သည် သူ၏ ဒဏ်ရာများကို ဖိနှိပ်နေရင်းမှ သွေးတစ်လုတ် အန်ထုတ်လိုက်သည်။ ပြီးနောက် စိတ်ထဲမှ ရေရွတ်လိုက်သည်။ ဒါကြီးကို သုံးပြီးတော့ တိုက်ခိုက်လို့ရတယ်ဆိုရင်လည်း အစောကြီးကတည်းက ဘာလို့ လာပြီးတော့ မတိုက်ခိုက်တာလဲ။