အခန်း (၉၉၅)
Vol. 67 Ch. 995
အထက်နယ်မြေ၏ စည်းမျဉ်းစည်းကမ်းအရဆိုလျှင် မြို့တစ်ခုအရွယ်အစား ရောက်ရှိသွားသော ဂြိုဟ်တစ်ခု အနေနှင့် စိန်ခေါ်ပွဲကို ပြုလုပ်ရန် အခွင့်အရေး ရှိနေ၏။ စိန်ခေါ်ပွဲပြုလုပ်ရန် လိုအပ်သည့်အချက်သည် နှစ်ဖက် လုံးတွင် တူညီသည့် အရွယ်အစား ရှိနေရမည်ဖြစ်ပြီး ၎င်းတို့အနေနှင့် သဘောမကျသည့် ဂြိုဟ်များအားလုံးကို ရွေးချယ်ကာ တိုက်ခိုက်နိုင်ခြင်းဖြစ်၏။ အထူးတာဝန်တစ်ဆယ်သည် စိန်ခေါ်ရမည့်ဂြိုဟ်ကို ရွေးချယ်ရန် လိုအပ် နေ၏။ ထို့အပြင် သတ်ဖြတ်ခြင်းကုန်းမြေတွင် အနိုင်ရရန်လည်း လိုသေး၏။
ထို့ကြောင့်ပင် ကျွင်းချောင်ရှောင်းသည် မည်သည့်ဂြိုဟ်အား စိန်ခေါ်ရမည်ဆိုသည့် အကြောင်းကို သေသေချာချာ စဉ်းစားလျက် ရှိနေ၏။ သို့ပေမဲ့ သူပင် မဆုံးဖြတ်ရသေးချေ။ ကြက်သွေးရောင်ပင်လယ် ကုန်းမြေတိုက်နှင့် လင်းယွမ် ကုန်းမြေတိုက်ဆီမှ လူများ ရောက်ရှိလာပြီး သဘာဝစိတ်ဝိညာဉ်ကျောက်တုံး တော်တော်များများကို လာရောက်ပေးအပ်ကြသည်။
“ဒါက”
သိုလှောင်လက်စွပ်အနည်းငယ်ကို ကိုင်ဆောင်ထားရင်းမှ ခံတပ်၏ အပြင်ဘက်တွင် မတ်တပ်ရပ်နေသော ကျွင်းချောင်ရှောင်းသည် နဝေတိမ်တောင် ဖြစ်မိနေ၏။ တစ်ဖက်လူများသည် ရုတ်တရက် ရောက်ရှိလာပြီး သူ့အား စိတ်ဝိညာဉ်ကျောက်တုံးများ ပေးအပ်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
“ဂိုဏ်းချုပ်ကျွင်း”
ဟုန်ရောင်သည် ပြုံးကာ ပြောလိုက်၏။ “ဂြိုဟ်တိုက်ပွဲတည်နေရာကြီးရဲ့ စည်းမျဉ်းစည်းကမ်းက သတ်ဖြတ်ဖို့ပဲလေ၊ ဒီတော့ ကျုပ်တို့အနေနဲ့ ရွေးချယ်ဖို့ မရှိဘူး၊ ကျေးဇူးပြုပြီး အရင်တုန်းက ကျုပ်တို့ ရန်ပြုခဲ့တဲ့ အတွက် ဒီဟာတွေကို လက်ခံပေးပါ၊ စိတ်ထဲမထားပါနဲ့”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ နားလည်လိုက်မိ၏။ တစ်ဖက်လူများသည် သူလာရောက်ကာ စိန်ခေါ်မည်ကို စိုးရိမ်နေကြခြင်းဖြစ်သည်။ ထို့ကြောင့်ပင် စိတ်ဝိညာဉ်ကျောက်တုံးများကို အရင်ဆုံး လာရောက် ပေးအပ်ထားခြင်း ဖြစ်တော့၏။
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်၏။ “ကျုပ်က တွက်ကပ်တတ်တဲ့ လူတစ်ယောက် မဟုတ်ပါဘူး၊ ခင်ဗျားတို့ဘက်က ဒီလောက် ယဉ်ကျေးနေပြီဆိုမှတော့ အရင်တုန်းက ဖြစ်ခဲ့သမျှ အရာတွေ အားလုံးကို သင်ပုန်းချေလိုက်ရအောင်”
ဟုန်ရောင်နှင့် လင်းယွမ်ကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများသည် တိတ်တဆိတ် ကြိတ်ကာ ပျော်ရွှင်သွားမိကြ သည်။ အချက်အလက်အားဖြင့် အထက်နယ်မြေ၏ စည်းမျဉ်းစည်းကမ်းအရဆိုလျှင် စိန်ခေါ်ပွဲကို ပြုလုပ်သည့် အချိန်တွင် ငြင်းပယ်ခွင့်ရှိနေ၏။
သို့ပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ပြဿနာကို ဖြေရှင်းရန်အတွက် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုလိုက်မည်ဆိုလျှင် တစ်ချိန်လုံး ဂရုစိုက်နေစရာ မလိုအပ်တော့ချေ။ ဤအရာသည် အကောင်းမွန်ဆုံးသော ဖြေရှင်းချက်ပင် ဖြစ်ပေလိမ့်မည်။
အတိအကျ ပြောရမည်ဆိုလျှင် သူတို့သည် ကျွင်းချောင်ရှောင်းအနေနှင့် ပြဿနာ လာရောက်ရှာမည်ကို စိုးရိမ်သောကြောင့် စိတ်ဝိညာဉ်ကျောက်တုံးများကို အသုံးပြုကာ ကပ်ဘေးကြီးကို ရှောင်ရှားလိုက်ခြင်းပင် ဖြစ်တော့သည်။
.....................
“စိတ်ဝိညာဉ်ကျောက်တုံးတွေက ရှာဖွေရ လွယ်တာပဲ” အဓိကဟောခန်းထဲမှာ ထိုင်နေပြီးသည့်နောက်မှာတော့ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းကျော်ကို ရေတွက်ရင်းမှ ကျွင်းချောင်ရှောင်း မျက်နှာပေါ်တွင် အပြုံးများ ဖြစ်တည်လျက် ရှိနေ၏။
စနစ်က ပြောလိုက်သည်။ “လက်ခံသူ... သူတို့ရဲ့ပစ္စည်းတွေကို ယူလိုက်ပြီဆိုတော့ ဘယ်သူကို သွားစိန်ခေါ်မလို့လဲ”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာ ဂြိုဟ်တွေ အများကြီး ရှိတယ်လေ၊ သူတို့ကို စိန်ခေါ်လို့မရရင် တခြားသူတွေကို စိန်ခေါ်ရမှာပေါ့”
“........”
စနစ်သည် မည်သည့်စကားမှ မဆိုချေ။ ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးနှင့် လင်းယွမ် ကုန်းမြေတိုက် ကြီးတို့သည် အလယ်အလတ်ဂြိုဟ်စာရင်းတွင် ပါဝင်ကြ၏။ ထိုသူများသည်ပင်လျှင် သေမတတ် ကြောက်ရွံ့နေကြသည်ဆိုလျှင် တခြားသောဂြိုဟ်များသည်လည်း စိန်ခေါ်မှုကို ပြုလုပ်မည်ဆိုပါက ကျိန်းသေပေါက် ငြင်းပယ်ကြမှာ သေချာသည်။ မဟုတ်ပါက ၎င်းတို့ဦးခေါင်းများသည် မြင်းကန်ခံထားရသည့် အရာများ ဖြစ်နေပေလိမ့်မည် မဟုတ်ပါလား။
ကျွင်းချောင်ရှောင်းသည်လည်း ထိုအချက်ကို စဉ်းစားမိ၏။ သို့ပေမဲ့ တစ်ဖက်လူများ အားလုံးသည် သူ့အား စိတ်ဝိညာဉ်ကျောက်တုံးများ ပေးအပ်သည်ဆိုမှတော့ ကာကွယ်စောင့်ရှောက်ခ ပေးအပ်ခြင်းနှင့်ဆင်တူပေ လိမ့်မည်။ ထို့ကြောင့် သူ့အနေနှင့် စိန်ခေါ်ပွဲကို ပြုလုပ်ရန် မသင့်တော့ချေ။ ထိုတင်မကသေးပေ။ ထိုဂြိုဟ်နှစ်ခု၏ အားအင်အဆင့်သည်လည်း မဆိုးလှပေ။ အကယ်၍ သူသည်သာ သွားရောက် စိန်ခေါ်၍ သတ်ဖြတ်ခြင်း ကုန်းမြေတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုပါက အထက်စည်းမှ ရယူနိုင်မည်မဟုတ်ကြောင်း သေချာနားလည်သည်။
ကျွင်းချောင်ရှောင်းသည် ဤအချက်တွေနှင့်ပတ်သက်လျှင် သေသေချာချာ တွေးတော စဉ်းစားထားပြီးသားဖြစ်၏။ လူတိုင်းသည် သူ့အား ကြောက်ရွံ့နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် လူပေါင်းနှစ်သောင်းကျော် တို့အား ရူးရူးမူးမူး သတ်ဖြတ်ခြင်းကြောင့် ဖြစ်ပေလိမ့်သည်။ သို့ပေမဲ့ ဤအရာသည် စည်းဓားမော့ကြီးအား အသုံးပြုကာ သတ်ဖြတ်ခဲ့ခြင်းပင်ဖြစ်၏။ ထိုစည်းဓားမော့ကြီးသာ မရှိပါက ကုန်းရှန့်သည် ဘာမှမဟုတ်ချေ။
ပြိုင်စံရှားဂိုဏ်း၏ လက်ရှိအားအင်အရဆိုလျှင် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးနှင့် ကျိန်းသေပေါက် ထိပ်တိုက် ရင်ဆိုင်နိုင်လိမ့်မည် မဟုတ်ချေ။ သူတို့ဘက်တွင် ခရမ်းရောင်ဘုရင်ကဲ့သို့ တစ်ယောက်တည်း နှင့် များပြားလှ သော ကျင့်ကြံသူများကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်သူ ရှိနေသည် ဆိုလျှင်တောင်မှ လွယ်ကူလိမ့်မည် မဟုတ်ချေ။ သူ့တွင်လည်း စည်းဓားမော့၏ စည်းဖွင့်ခြင်းအဆောင်သည် တစ်ခုတည်းသာ ကျန်ရှိတော့၏။ သေခြင်းရှင်ခြင်း အချိန်မျိုးတွင်သာ ဤအရာကို ထုတ်ဖော်အသုံးပြုရန် စဉ်းစားထားသည်။
ထို့ကြောင့် ကျွင်းချောင်ရှောင်းသည် ရူးရူးမိုက်မိုက်ဖြင့် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ် ကုန်းမြေတိုက်တို့အား စိန်ခေါ်မှုကို ပြုလုပ်လိမ့်မည် မဟုတ်ချေ။ တစ်ဖက်လူများသည် စိုးရိမ်ကြီးစွာဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများ လာရောက်ပေးအပ်ခြင်းက သူမမျှော်လင့်ထားသည့် ကိစ္စပင်ဖြစ်တော့၏။ ၎င်းတို့၏ စိတ်ဝိညာဉ်ကျောက်တုံးများသည် မလိုအပ်ဘဲ ကုန်ဆုံးသွားသည်ကိုသာ သိရှိမည်ဆိုပါက ကြက်သွေးရောင် ပင်လယ်ကုန်းမြေတိုက်နှင့် လင်းယွမ်ကုန်းမြေတိုက်ဆီမှ သိုင်းကျင့်ကြံသူများအားလုံးသည် ကျိန်းသေပေါက် သွေးအန်ပေလိမ့်မည်။
.........................
စွမ်းအားမြင့်ကျင့်ကြံသူများသည် ဂြိုဟ်တိုက်ပွဲဆီသို့ ဝင်ရောက်ပြီးသည့်နောက် ရှိရှိသမျှ လူများအားလုံးသည် ထိုသူများကို လွမ်းဆွတ်လျက် ရှိနေကြ၏။ အားလုံးသောသူများသည် ကိုယ့်အလုပ်နှင့်ကိုယ် ရှုပ်လျက် ရှိနေသည်။
ထို့အတူ ကျင့်ကြံခြင်းလောကတစ်ခုလုံးသည်လည်း ရှုပ်ထွေးလျက်ရှိနေ၏။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုး အင်ပါယာဂိတ်ဂိုဏ်းသည် ထပ်မံကာ ပေါ်လာသောကြောင့်ပင် ဖြစ်တော့၏။ ဤတစ်ကြိမ်မှာတော့ ဖြစ်ပေါ်လာ သော မုန်တိုင်းသည် အလွန်ပင် ကြမ်းတမ်းလွန်းလှ၏။ တစ်ညအတွင်းမှပဲ ဂိုဏ်းဆယ်ဂိုဏ်းကျော်တို့သည် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။
“ဂိုဏ်းချုပ်”
ရှိရှိနေသမျှသော သတင်းအချက်အလက်များ အားလုံးသည် နေရာအနှံ့ဆီမှ မိုးဆွေဟောခန်းသို့ ရောက်ရှိလာ၏။ လီလိုရှုသည် အရာအားလုံးကို သေသေချာချာ ဆန်းစစ်သုံးသပ်ပြီးသည့်နောက်မှာတော့ လာရောက်ကာ သတင်းပို့တော့သည်။ “တစ်ညအတွင်း အဆင့်ငါးဂိုဏ်း ကိုးဂိုဏ်းနဲ့ အဆင့်လေးဂိုဏ်းနှစ်ဂိုဏ်းတို့ ဖျက်ဆီးခံလိုက်ရ တယ်”
“နောက်ဆုံးတော့ သူတို့ ငြိမ်မနေနိုင်တော့ဘူးပေါ့” နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ပြန်ပေါ်လာသည်နှင့်ပတ်သက်၍ ကျွင်းချောင်ရှောင်းသည် အံ့အားသင့်မှုတော့ မရှိချေ။
“အခု ဂိုဏ်းတွေ အကုန်လုံးက စတင်ပြီး စုစည်းနေကြပြီ”
လီလိုရှုက ပြောလိုက်သည်။ “ဒါပေမဲ့ ပထမအသုတ် စွမ်းအားမြင့် ကျင့်ကြံသူတွေ ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို ဝင်ရောက်တဲ့ အရေအတွက်က မနည်းဘူးလေ၊ ဒီတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ ရန်ကို သေသေချာချာ ကာကွယ်နိုင်ဖို့က သိပ်ပြီး မလွယ်ဘူးနဲ့ တူတယ်”
“ထိုက်ရွှမ်အအေးဂိုဏ်းဆီကကော ဘာသတင်း ရသေးလဲ”
“မရပါဘူး”
ကျွင်းချောင်ရှောင်းသည် တစ်ချိန်လုံး ငြိမ်သက်နေသည်။ ပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ “နတ်ဆိုး အင်ပါယာဂိတ်ဂိုဏ်းက အချိန်အကြာကြီး ပုန်းကွယ်နေခဲ့ကြတာလေ၊ သူတို့က ထပ်ပြီး ပြဿနာရှာဖို့အတွက် သေသေချာချာ ပြင်ဆင်လာမှာ သေချာတယ်၊ ကျုပ်တို့ ပွဲကြီးပွဲကောင်း စောင့်ကြည့်ရမယ်”
“ကောင်းပါပြီ”
“ဒါနဲ့ အကြီးအကဲကျန့်ကို သတင်းပို့လိုက်၊ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ဘယ်နေရာကို ရွှေ့သွားတယ်ဆိုတာကို ရှာဖွေပေးဖို့”
ယွမ်သခင်လေးသည်သာ ဤစကားကို ကြားမည်ဆိုပါက ကျိန်းသေပေါက် ထ၍ ငိုမိနေပေလိမ့်မည်။ “ထင်ထားတဲ့ အတိုင်းပဲ၊ သူ ငါ့ကို လက်လွှတ်မပေးသေးဘူးကိုး”
ထိုနေ့လယ်မှာတော့ ကျန့်ရာသည် ပြိုင်စံရှားဂိုဏ်းဆီမှ ထွက်ခွာသွားပြီးသည့်နောက်မှာတော့ နတ်ဆိုးအင်ပါယာ ဂိတ်ဂိုဏ်း၏ တည်နေရာကို သွားရောက်ကာ ရှာဖွေတော့သည်။ ရက်အနည်းငယ်လောက် ကြာပြီးသည့်နောက်မှာတော့ ထိတ်လန့်တုန်လှုပ်စရာ သတင်းများသည် တစ်ခုပြီးတစ်ခု ဖြစ်ပေါ်လာခဲ့၏။
ထိပ်တန်းဂိုဏ်းများ ဦးဆောင်သည့် လမ်းမှန်ဂိုဏ်းသားများ အစုအဖွဲ့သည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ထိပ်တိုက် သွားရောက်ရင်ဆိုင်ကာ တိုက်ခိုက်ကြသည်။ လီလိုရှုသည် ထိုသတင်းကို ရရှိပြီးသည့်နောက် အလျင် အမြန်ပဲ လာရောက်ကာ သတင်းပို့တော့သည်။
“ဂိုဏ်းချုပ်... မနေ့တုန်းက ကျောက်စိမ်းကောင်းကင်ဂိုဏ်းက ဦးဆောင်ပြီးတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းနဲ့ အကြီးအကျယ် တိုက်ခိုက်ကြတယ်တဲ့၊ အားလုံးပေါင်း တိုက်ပွဲမှာ သိုင်းနယ်မြေကျင့်ကြံသူ ခြောက်ယောက်တို့ တိုက်ခိုက်ခဲ့ကြတယ်၊ တောင်ကြီးတစ်ခုလုံးတောင် ကြေသွားတယ်”
“အဲလောက်ထိ တိုက်ပွဲက ကြီးတာလား”
“နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်လေ၊ လမ်းမှန်ဂိုဏ်းသား တွေက သိုင်းနယ်မြေကျင့်ကြံသူနှစ်ယောက်ကို ဆုံးရှုံးခဲ့ရတယ်”
ကျွင်းချောင်ရှောင်းသည် ထိတ်လန့်တုန်လှုပ်သွားမိ၏။ “ဒီလောက်ကြီးတဲ့ တိုက်ပွဲလား”
ရက်အနည်းငယ်အတွင်းမှာပဲ နောက်ထပ်သတင်းများ ထပ်မံရောက်ရှိလာခဲ့သည်။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း သည် အချိန်အတိုင်းအတာတိုအတွင်းမှာပဲ တော်တော်များပြားသော ဂိုဏ်းများကို ဖျက်ဆီးနိုင်ခဲ့တော့၏။ ၎င်းတို့ တိုက်ခိုက်လိုက်သည်နှင့်တပြိုင်နက် လမ်းမှန်ဂိုဏ်းထဲတွင်ရှိသော သိုင်းအုပ်စိုးသူ၊ သိုင်းဘုရင်များ အားလုံးသည် တစ်ယောက်ပြီးတစ်ယောက် သေဆုံးခြင်းကို ရောက်ကုန်၏။ သိုင်းဘုရင်များသည်တောင်မှ အလွန်တရာ အားကောင်းလှသော ခေတ်ကြီးထဲတွင် စွမ်းအားမြင့် ကျင့်ကြံသူများ သေဆုံးနေသည့်သတင်းသည် ကြောက်မက် ဖွယ်ကောင်းသည့် အချက်အလက်များဖြစ်သည်ကို ကောင်းကောင်းသိရှိနိုင်နေ၏။
ဂိုဏ်းများကြား ဤကဲ့သို့ တိုက်ပွဲများ ဖြစ်ပေါ်နေခြင်းပင် မကသေးပေ။ များပြားလှသော စီရင်စုနှင့် နိုင်ငံများသည် လည်း ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုးတွင် နိုင်ငံ့စစ်ပွဲများကို စတင်ကာ တိုက်ခိုက်လျက် ရှိနေ ကြ၏။ စစ်တပ်တော်တော်များများသည် နေရာယူထားပြီးသည့်နောက်မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီး တစ်ခုလုံးသည် စစ်မီးများ တောက်လောင်လာခဲ့တော့သည်။
“ဂိုဏ်းချုပ်ကျွင်း”
မြို့တော်ဝန်ရှဲ့သည် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာပြီးသည့်နောက် မျက်မှောင်ကုတ်ကာ ပြောလိုက်သည်။ “ဒီအတောအတွင်း နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက တော်တော်ကြီး ပြဿနာ ရှာနေတယ်၊ အဆင့်လေးဂိုဏ်းနဲ့ အဆင့်ငါးဂိုဏ်းတွေ အကုန်လုံးက တစ်ခုပြီးတစ်ခု ဖျက်ဆီးခံလိုက်ရတယ်တဲ့၊ တခြား စီရင်စုနဲ့ နိုင်ငံတွေကလည်း တစ်ခုနဲ့တစ်ခု တိုက်ခိုက်နေကြတယ်၊ ဒီကိစ္စတွေ အကုန်လုံးက ချင်းယန်နိုင်ငံ့ကို လာပြီး သက်ရောက်မှာ စိုးရိမ်မိတယ်”
“စိုးရိမ်စရာ မလိုပါဘူး”
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ယှက်ကာဖြင့် အေးစက်စက်ပြောလိုက်သည်။ “တစ်စုံတစ်ယောက်ကသာ ချင်းယန်နိုင်ငံကို လာပြီး ကျူးကျော်ရဲတယ်ဆိုရင် အဲလူတွေ အားလုံးကို သတ်ပစ်မယ်”
...............
ဝှစ် ဝှစ်
မဲမှောင်နေသော တောအုပ်ကြီးအတွင်းမှာတော့ အမဲရောင်ဝတ်စုံနှင့် မျက်နှာဖုံးတပ် လူတစ်ယောက်သည် ပျံသန်း ထွက်ခွာလာ၏။ ပြီးသည့်နောက်မှာတော့ သူသည် ရှေ့တွင်ရှိသော မိန်းမလှလေးများကို သေချာ ကြည့်ရှုလိုက်၏။
“ဒုအကြီးအကဲ”
နောက်လိုက်တစ်ယောက်သည် တီးတိုး ပြောလိုက်သည်။ “ဒီလူတွေက လိုင်လီနတ်ဂိုဏ်းက တပည့်တွေ၊ ကျုပ်တို့ ရုတ်တရက် တိုက်ခိုက်ကြမလား”
ဝှစ် ဝှစ်
အမဲရောင်ဝတ်စုံနှင့် မျက်နှာဖုံးတပ် လူတစ်ဒါဇင်ကျော်တို့သည် မည်သည့်ရှင်းပြချက်မှ မပေးဘဲ အရှေ့တွင် ရှိနေသော အမျိုးသမီး ကျင့်ကြံသူများအား သွားရောက် တိုက်ခိုက်တော့သည်။
ဘုန်း ဘုန်း ဘုန်း
အရေအတွက်နှင့် အားအင်အဆင့် ကွာခြားချက်ကြောင့် အမဲရောင်ဝတ်စုံနှင့် မျက်နှာဖုံးတပ် လူများသည် အမျိုးသမီး ကျင့်ကြံသူများအား ခဏအတွင်းမှာပဲ ဖိနှိပ်ထားနိုင်ခဲ့၏။ ၎င်းတို့အား ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့တော့သည်။
“ရှင်... ရှင်တို့ ဘယ်သူတွေလဲ” ဒဏ်ရာရထားသော အမျိုးသမီး ကျင့်ကြံသူသည် ဖြူလျော်နေသည့်မျက်နှာဖြင့် ပြောလိုက်၏။
“ငရဲပြည်ကို ရောက်ရင် သိလိမ့်မယ်”
အမဲရောင်ဝတ်စုံနှင့် မျက်နှာဖုံးတပ် လူတွေထဲမှ တစ်ယောက်သည် ဓားကို ထုတ်ကာ ခုတ်ပိုင်းလိုက်သည်။ သို့ပေမဲ့ သူသည် ဘေးတွင်ရှိသော တစ်စုံတစ်ယောက်၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။ ပြီးသည့်နောက်မှာတော့ ထိုသူသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “ဒုအကြီးအကဲ... ဒီလူတွေက လိုင်လီနတ်ဂိုဏ်းဆီက မဟုတ်ဘူး”
ဒုအကြီးအကဲသည် တုန်လှုပ်စွာဖြင့် မေးလိုက်သည်။ “မဟုတ်ဘူးလား”
ထိုအချင်းအရာကိုကြားတော့ အမျိုးသမီးသည် တစ်စုံတစ်ခု လွဲမှားနေကြောင်းကို သိလိုက်သည်။ ထို့ကြောင့် သူမ၏ ခါးတွင်ရှိသော ကျောက်စိမ်းပြားကို ထုတ်ကာ ပြောလိုက်သည်။ “ကျွန်မတို့က မြောင်ဟွာခန်းမက တပည့် တွေပဲ”
“မြောင်ဟွာခန်းမ ဟုတ်လား”
“ဒုအကြီးအကဲ... ဒီနာမည်ကို ရင်းနှီးနေသလိုပဲ”
“သွားပြီ... သွားပြီ”
ဒုအကြီးအကဲသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ပြောလိုက်သည်။ “မြေင်ဟွာခန်းမဆိုတာ ပြိုင်စံရှားဂိုဏ်းရဲ့ မဟာမိတ်အဖွဲ့တွေထဲက တစ်ဖွဲ့ပဲ၊ ယွမ်သခင်လေးက သူတို့ကို သွားပြီး ပြဿနာမရှာဖို့ သတိပေးထားတယ်လေ”
..............
လီလိုရှုက သတင်းပို့လိုက်သည်။ “မြောင်ဟွာခန်းမက တပည့်ခုနှစ်ယောက်တို့က မျက်နှာဖုံးတပ်လူတွေရဲ့ ခြုံခို တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်၊ ငါးယောက်က ဒဏ်ရာရရှိသွားပြီး နှစ်ယောက်က သေဆုံးသွားတယ်”
ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်ပစ်ကာ အေးစက်စက် ပြောလိုက်၏။ “ယွမ်သခင်လေး... မင်းကတော့ လွန်နေပြီ”