← Chapters

အခန်း (၉၉၇)

Vol. 67 Ch. 997

အခန်း (၉၉၇)

Vol. 67 Ch. 997

နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းနှင့် လမ်းမှန်ဂိုဏ်းသားများ၏ တိုက်ခိုက်မှုသည် အလွန်တရာ ပြင်းထန်သည့် အခြေအနေသို့ ရောက်ရှိနေသည်။ တချို့သော တိုက်ပွဲများသည် တချို့သော တောင်ပေါ်တွင် ဖြစ်ပွားလျက် ရှိနေပြီး တချို့သော တိုက်ပွဲများမှာတော့ တောနက်တွင် ဖြစ်ပွားလျက်ရှိနေ၏။ နိုင်ငံတစ်ခုလုံးသည် ရှုပ်ထွေးလျက်ရှိနေပြီး သာမန်လူများ အားလုံးသည် တိတ်တဆိတ် ကြိတ်ကာဖြင့် ဆုတောင်းလျက်သာ နေနိုင်ကြတော့၏။

ဤကဲ့သို့သော တိုက်ပွဲမျိုးသည် အပြစ်ကင်းစင်လှသောလူများကို ထိခိုက်နိုင်စွမ်း ရှိ၏။ ထို့ကြောင့် ၎င်းတို့အနေနှင့် ပိုမိုလုံခြုံသည့်တည်နေရာများကို ရှာဖွေကာ နေထိုင်ခြင်းကို ပြုမူနေကြရသည်။

သို့ပေမဲ့ သေသေချာချာ ရှာဖွေ၍ ဘေးကင်းရာ၌ နေထိုင်ရန် စဉ်းစားလိုက်ချိန်မှာလည်း နိုင်ငံချင်းတိုက်ခိုက်နေသည့် တိုက်ပွဲများက ထပ်မံကာ ဖြစ်ပွားနေခဲ့သည်။ ထို့ကြောင့်လောကကြီးတစ်ခုလုံးသည် ရှုပ်ထွေးလျက်ရှိနေသည်ဟု ဆိုရမည်။

"နိုင်ငံ့အုပ်ချုပ်သူ"

ကျန်းယန်နိုင်ငံ၏ ရုံးခန်းအတွင်းမှာတော့ ဗျူဟာမှူးတစ်ယောက်က ပြောလိုက်၏။ "မြို့တော်ဝန်မူက ဂြိုဟ်တိုက်ပွဲတည်နေရာထဲကိုဝင်ပြီး ပြန်မလာသေးဘူးလေ၊ ဒီတော့ သူ တစ်စုံတစ်ခု ဖြစ်နေတာလည်း ဖြစ်နိုင်တယ်၊ ဒါကိုအခွင့်အရေးယူပြီးတော့ တခြားနိုင်ငံတွေကို ဘာလို့ သွားမတိုက်ခိုက်တာလဲ"

"အင်း"

ကျိုးချောင်ချင်း သည် သက်ပြင်းချကာဖြင့် ပြောလိုက်၏။ "ကျုပ်လည်း တိုက်ခိုက်ချင်တယ်၊ ဒါပေမဲ့ ပြိုင်စံရှားဂိုဏ်းက ရှိနေတယ်မဟုတ်လား၊ သူတို့ကိုသွားပြီး ပြဿနာရှာတာက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး"

ဤလောကကြီးသည် ကြောက်မက်ဖွယ်ရာကောင်း၏။ ထို့အပြင် နေရာတိုင်းမှာလည်း စစ်မီးက တောက်လောင် လျက်ရှိသည်။ ရည်မှန်းချက်ကြီးမားလွန်းသော နိုင်ငံ့အုပ်စိုးသူတစ်ယောက်အနေဖြင့် သူသည် ဤအခွင့်အရေးကို အရယူကာ သူ၏ တည်နေရာနယ်မြေကို ချဲ့ထွင်ချင်မိ၏။ သို့ပေမဲ့ အင်ပါယာမြို့တွင်ရှိသော မူချန်းဟုန် ထွက်ခွာ သွားခဲ့သည်ဆိုသော်လည်း ချင်းယန်နိုင်ငံတွင် ကျွင်းချောင်ရှောင်းက ရှိနေသေး၏။

ဗျူဟာမှူးသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်သည်။ "ဒီလူသာမရှိရင် ကျုပ်တို့ ကျန်းယန်နိုင်ငံက တခြားအနီး ပတ်ဝန်းကျင်မှာရှိတဲ့ နိုင်ငံတွေကို စုစည်းပြီးသားဖြစ်လိမ့်မယ်"

ကျိုးချောင်ချင်းသည် ရုတ်တရက် ငိုချင်စိတ်ပင် ပေါက်မိနေ၏။ သူသည် အရင်တုန်းက ဟီယန်နိုင်ငံနှင့် ဟွာယန် နိုင်ငံတို့ကို စစ်ကြေညာကာ သိမ်းပိုက်ခဲ့၏။ တခြားသောတည်နေရာများကိုလည်း အရှိန်အဟုန် ကောင်းကောင်းဖြင့် ဆက်လက်သိမ်းပိုက်ရန် ပြင်ဆင်ထားသေးသည်။ သို့ပေမဲ့ ချင်းယန်နိုင်ငံ၌ သူတို့သည် တားဆီးခံလိုက်ရပြီး ကြီးမားလှသည့် စစ်တပ်ကြီးကို ဆုံးရှုံးခဲ့ရုံသာမက ကျွင်းချောင်ရှောင်း သည်လည်း သူ့ဆီသို့ ရောက်ရှိလာပြီး ကောင်းကောင်းရိုက်နှက်သွားခဲ့သေးသည်။

သူသည် ဤကဲ့သို့သော နိုင်ငံများအား သိမ်းပိုက်မည့်အစီအစဉ်ကြီးအား အချိန်ကြာမြင့်စွာ စီစဉ်ခဲ့ခြင်းဖြစ်ပြီး အောင်မြင်ခါနီးအခြေအနေသို့ပင် ရောက်ရှိခဲ့၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းဆိုသောသူသည် မည်သည့်နေရာမှ ထွက်လာမှန်းမသိဘဲ ရောက်ရှိလာကာ သူ့အား ဒုက္ခပေးခဲ့သည်။ ဤအရာသည် အလွန်ဝမ်းနည်းစရာ ကောင်းလွန်းလှ၏။

ဗျူဟာမှူးက ပြောလိုက်သည်။ "ကျုပ်တို့ ချင်းယန်နိုင်ငံကို မတိုက်ခိုက်ဘူးဆိုရင် ပြိုင်စံရှားဂိုဏ်းက ဝင်ရှုပ်မှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မဟုတ်လား"

ကျိုးချောင်ချင်းသည် အတွေးနက်လျက်ရှိနေ၏။ မြို့တော်ဝန်မူ မရှိပေ။ ထို့ကြောင့် အရှေ့တောင်နယ်မြေတစ်ခုလုံး ကို ဂရုစိုက်မည့်လူဟူ၍ ကောင်းကောင်းမရှိဟု ဆိုနိုင်၏။ ဤအချိန်တွင်တော့ စစ်သည်များကို စေလွှတ်ကာဖြင့် တခြားသော နိုင်ငံနှင့် မြို့များကို သိမ်းပိုက်နိုင်မည့် အချိန်ကောင်းပင် ဖြစ်တော့သည်။ ဤအခွင့်အရေးကို သူမလွဲချော်ချင်ပေ။

"မြို့တော်ဝန်"

ထိုအချိန်မှာပဲ နောက်လိုက်တစ်ယောက်သည် အထဲသို့ လျှောက်ဝင်လာပြီး စာတစ်စောင်ကို ကမ်းပေးလိုက်သည်။ "ပြိုင်စံရှားဂိုဏ်းဆီက စာပို့လာပါတယ်"

"ပြိုင်စံရှားဂိုဏ်းဆီက စာပို့လာတယ် ဟုတ်လား"

ကျိုးချောင်ချင်းသည် စာကို ဖွင့်ကြည့်ပြီးသည့်နောက်မှာတော့ အထဲတွင် ရေးသားထားသော အကြောင်းအရာကို မြင်လိုက်ရ၏။

"ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ မြို့တော်ဝန်မူ မဝင်ခင်မှာ သူက အရှေ့တောင်ရန်ကျူးတစ်ခုလုံးကို ဂရုစိုက်ဖို့တာဝန် ကျုပ်ကိုပေးခဲ့တယ်၊ အခု တစ်လောကလုံးက ရှုပ်ထွေးနေတာ၊ နိုင်ငံအုပ်ချုပ်သူတစ်ချို့ ကိုယ့်နေရာကိုယ် သိတာ အကောင်းဆုံးဖြစ်လိမ့်မယ်၊ ပြီးမှ ကျုပ်ကို အပြစ်မတင်ပါနဲ့"

အောက်တွင် ကျွင်းချောင်ရှောင်းဟူသော လက်မှတ်ကို ရေးထိုးထား၏။

ဤအဓိပ္ပာယ်သည် ‘ခင်ဗျားအနေနဲ့ ကောင်းကောင်းမွန်မွန်နေ၊ မနေရင် ကျုပ်လာပြီး ရိုက်မယ်’ ဆိုသည့် အဓိပ္ပာယ်ပင် ဖြစ်တော့သည်။

ကျိုးချောင်ချင်းသည် လေးလေးနက်နက် အမူအရာဖြင့် ပြောလိုက်၏။ "တိုက်ခိုက် တာတွေ၊ သတ်ဖြတ်တာတွေက ကောင်းတာ မဟုတ်ဘူး၊ အိမ်မှာနေပြီး ငါးမျှားနေတာက အကောင်းဆုံးသော နည်းလမ်းပဲ"

လောကကြီးတစ်ခုလုံးကို အနိုင်ယူသိမ်းပိုက်မည်ဆိုသော အကြံအစည်သည် ကျွင်းချောင်ရှောင်း၏ စာတစ်စောင် အောက်တွင် ပျောက်ကွယ်သွားခဲ့ရပြီ ဖြစ်သည်။

................

"ဂိုဏ်းချုပ်"

လီလိုရှုက ပြောလိုက်သည်။ "ဒီလိုမျိုး နိုင်ငံ့စစ်ပွဲတွေမှာ ဂိုဏ်းတွေအနေနဲ့ ပါဝင်ပတ်သက်ခွင့် မရှိဘူး၊ နိုင်ငံအုပ်ချုပ်သူကျိုး က စာကိုရယူပြီးတဲ့နောက်မှာ ပူးပေါင်းပါဝင်မှုမလုပ်မှာ စိုးရိမ်ရတယ်"

"တကယ်လို့ သူ ပူးပေါင်းမပါဝင်ဘူးဆိုရင်လည်း ကျုပ်ဂိုဏ်းကတပည့်တွေက မနက်ဖြန်မှာ ကျန်းယန်နိုင်ငံကို သွားပြီး အနိုင်ကျင့်တိုက်ခိုက်ကြတာပေါ့" ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“...........”

လီလိုရှုသည် ဆွံ့အသွား၏။ ဂိုဏ်းချုပ်သည် ကျန်းယန်နိုင်ငံသို့ သွားပြီးသည့်နောက် ရှိရှိနေသမျှသော ဂိုဏ်းနှင့် လူများအားလုံး သွားရောက်ပြဿနာရှာသည့်ကိစ္စကို ပြုလုပ်နိုင်သေး၏။ ထိုအရာသည် နိုင်ငံ့တိုက်ခိုက်ပွဲတွင် ပါဝင်သည့်အကြောင်းအရာ မဟုတ်ချေ။

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "နိုင်ငံအုပ်ချုပ်သူကျိုးက ဉာဏ်ကောင်းတဲ့လူတစ်ယောက်လေ၊ ဒါကြောင့် ဒီလို အရေးကြီးတဲ့ အခိုက်အတန့်မှာ အမှားလုပ်မယ်လို့ ကျုပ်မထင်ဘူး"

လီလိုရှုက ပြောလိုက်၏။ "နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်က မနေ့က ဂိုဏ်းတော်တော်များများကို တိုက်ခိုက်ခဲ့တယ်"

"အင်း... ဒီအတောအတွင်း ယွမ်သခင်လေးက တကယ့်ကို ရူးရူးမူးမူး တိုက်ခိုက်ခဲ့တာပဲ၊ ပြီးတော့ များပြားလှတဲ့ ဂိုဏ်းတွေကိုလည်း ဖျက်ဆီးခဲ့တယ်လေ၊ ဒီတော့ သူ့လက်ထဲမှာ များပြားလှတဲ့ အရင်းအမြစ်တွေ တော်တော်များများ ရောက်နေလောက်ပြီ" ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်သည်။

လီလိုရှုက ပြောလိုက်၏။ "သူသိမ်းပိုက်ခဲ့တဲ့ ဂိုဏ်းရဲ့ ရတနာခန်းတွေ၊ လျှို့ဝှက်ခန်းတွေ အကုန်လုံးကတော ပြောင်ရှင်းသွားတာပဲ၊ အရာအားလုံးကို ယူဆောင်သွားတယ်တဲ့"

ကျွင်းချောင်ရှောင်း၏ အကြည့်များသည် အေးစက်သွား၏။ "သူတို့က ကျုပ်တို့ရဲ့ မဟာမိတ်တွေကိုတောင်မှ ရန်စရဲနေတာကိုး၊ အကြီးအကဲကျန့်က တည်နေရာကို တိတိကျကျ သိပြီဆိုတာနဲ့ အမှန်တရားအတွက် သွားပြီးတော့ တောင်းဆိုရမယ်"

စနစ်က ပြောလိုက်သည်။ "လက်ခံသူအနေနဲ့ မြောင်ဟွာခန်းမအတွက် အမှန်တရားကို ရှာဖွေချင်တာလား၊ သူတို့ဆီသွားပြီး လုယူချင်တာလား"

"နှစ်ခုလုံးပေါ့" ကျွင်းချောင်ရှောင်းက ပြန်ပြောလိုက်၏။

"ကောင်းပါပြီ"

လီလိုရှုက ပြန်ပြောလိုက်သည်။ "ခန်းမသခင်ရှစ်က ကျွန်မတို့ဂိုဏ်းဆီကို လာတဲ့လမ်းမှာ ရောက်နေပြီလို့ သတင်းကြားတယ်၊ သူက နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ သူ့တပည့်တွေအပေါ် တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်ပြီးတော့ ရောက်လာတာပဲ ဖြစ်ရမယ်"

...................

နေ့လယ်မှာတော့ ရှစ်ကျန်းရွမ်သည် လန့်ရှင်းရွှဲ့ကို ခေါ်ကာဖြင့် ပြိုင်စံရှားဂိုဏ်းဆီသို့ ရောက်ရှိလာခဲ့၏။ ကျွင်းချောင်ရှောင်းသည် သူမအား ဂိတ်တံခါးတွင် ကိုယ်တိုင်ကိုယ်ကျ ထွက်၍ ကြိုဆိုသည်။

မျက်မှန် တပ်ထားပြီး အလွန်တရာလှပလှသော မိန်းကလေးတစ်ယောက်သည် တစ်လှမ်းချင်းလှမ်း၍ တက်လာသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် မတွေးဘဲ မနေနိုင်တော့ချေ။ "ဒီလောကကြီးမှာ ဒီလို လှပမှုမျိုးကတော့ ရှိကိုရှိသင့်တယ်"

စနစ်က ပြောလိုက်သည်။ "သူမသာ လက်ခံသူ ဖန်တီးထားတဲ့ ဂိုဏ်းဝတ်စုံကို ဝတ်လိုက်မယ်ဆိုရင် ပိုပြီးတော့ လှသွားမှာ"

"ဒါက အမှန်ပဲ"

ကျွင်းချောင်ရှောင်း သဘောတူညီလိုက်မိ၏။ လှပသော မိန်းကလေးတစ်ယောက်သည် မျက်မှန်ကို တပ်ထားလျှင် ပိုမို၍လှပ၏။ ထို့အပြင် ပြိုင်စံရှားဂိုဏ်း၏ ဝတ်စုံကိုသာ ထပ်မံဝတ်ဆင်လိုက်မည်ဆိုပါက အလွန်တရာ လှပသည့် မိန်းကလေးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

စဉ်းစားနေတုန်းမှာပဲ ရှစ်ကျန်းရွမ်သည် တောင်၏ ဂိတ်တံခါးဆီသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

သူမသည် တိမ်ထဲတွင် လွင့်မျောလျက် ရှိသော တောင်တန်းကြီးအား ကြည့်ရှုပြီးသည့်နောက်မှာတော့ အံ့အား တသင့်ဖြင့် ပြောလိုက်၏။ "ဂိုဏ်းချုပ်ကျွင်း... ရှင်တို့ဂိုဏ်းက တော်တော်ကြီးကို ပြောင်းလဲသွားတာပဲ"

ကျွင်းချောင်ရှောင်းသည် ပြုံးကာ ပြောလိုက်၏။ "ခန်းမသခင်ရှစ်လိုပေါ့၊ ပိုပြီးလှလာတယ် မဟုတ်လား"

ဘေးတစ်ဖက်တွင် ရှိနေသော ဧည့်သည်ထွက်ကြိုသည့် လီလိုရှုသည် မျက်လုံးအပြူးသား ဖြစ်မိသွား၏။ ဂိုဏ်းချုပ်က ဒီလိုမျိုးတွေလည်း ပြောတတ်တယ်ပေါ့၊ အနောက်ဘက်က နေများထွက်လာတာလား။

ရှစ်ကျန်းရွမ်၏ မျက်နှာသည် နီရဲသွားသည်။

"ခန်းမသခင်"

လန့်ရှင်းရွှဲ့သည် ဘေးတစ်ဖက်ဆီမှ တီးတိုးပြော လိုက်၏။ "ဒီကိုရောက်လာတဲ့ အကြောင်းအရင်းကို မမေ့သွားနဲ့အုံး"

"အင်း"

ရှစ်ကျန်းရွမ်သည် အလောတကြီးဖြင့် သူမ၏ အမူအရာကို ပြန်လည်ထိန်းသိမ်းလိုက်သည်။ ပြီးနောက် ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း"

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ "ဒီကျွင်းက ခင်ဗျားတို့ဂိုဏ်းက တပည့်တွေ တောနက်ထဲမှာ တိုက်ခိုက်ခံ ရတဲ့အကြောင်းကို အစောကြီးကတည်းက ကြားပြီးသားလေ"

"သူသိပြီ ဟုတ်လား" ရှစ်ကျန်းရွမ်သည် ကြောင်အသွား၏။

ပြိုင်စံရှားဂိုဏ်း၏ သတင်းအချက်အလက်ကွန်ယက် သည် အလွန်အားကောင်းလွန်းလှ၏။ ကုန်းရှန့်သည် သိသည်သာမဟုတ်၊ မြောင်ဟွာခန်းမထက်ပင် ပိုမိုမြန်ဆန်စွာ သိရှိခဲ့သေးသည်။

"ခန်းမသခင်ရှစ်"

ကျွင်းချောင်ရှောင်းသည် လေးလေးနက်နက် ပြောလိုက်၏။ "ခင်ဗျားနဲ့ ကျုပ်တို့က မိတ်ဆွေတွေလေ၊ ဂိုဏ်းတွေကလည်း မဟာမိတ်ဖွဲ့ထားတယ်၊ မြောင်ဟွာခန်းမကို အနိုင်ကျင့်တဲ့ လူတွေ အကုန်လုံးက ပြိုင်စံရှားဂိုဏ်းကို အနိုင်ကျင့် တိုက်ခိုက်တာနဲ့ တူတူပဲ၊ ရက်အနည်းငယ်အတွင်းမှာ ဒီကျွင်းက ခင်ဗျားတို့ ဂိုဏ်းအတွက် အမှန်တရားကို သွားရှာပေးမယ်"

ရှစ်ကျန်းရွမ်က ပြောလိုက်သည်။ "ဂိုဏ်းချုပ်ကျွင်း... ကျွန်မတို့ဂိုဏ်းက တပည့်တွေကို ထိခိုက်ဒဏ်ရာ ရအောင် လုပ်ခဲ့တာ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းပေါ့"

"သိပ်မှန်တာပေါ့"

"ဂိုဏ်းချုပ်ကျွင်း... နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ အားအင်အဆင့်က အထင်သေးလို့ မဖြစ်ဘူးလေ၊ သူတို့က လက်ရှိမှာ ကျင့်ကြံခြင်းလောက တစ်ခုလုံးကို မွှေနှောက်နေတာ၊ ဂိုဏ်းတော်တော်များများကလည်း ဒုက္ခရောက် ပြီးသွားပြီ၊ ကျွန်မတို့ အထင်အရဆိုရင် ဒီကိစ္စကို မေ့လိုက်ကြရင်ကော"

ရှစ်ကျန်းရွမ်သည် ကျွင်းချောင်ရှောင်းအနေနှင့် ယွမ်သခင်လေးအား တိုက်ခိုက်ရိုက်နှက်ခဲ့သည်ဆိုသည်ကို ကောင်းကောင်းမြင်ဖူးခဲ့၏။ သို့ပေမဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် အလွန်အားကောင်းလှသည် ဆိုသည်ကိုတော့ သူမ ယုံကြည်နေမိ၏။ ထို့ကြောင့် သူမ၏ဂိုဏ်းအတွက်နှင့် ကျွင်းချောင်ရှောင်းကို ဒုက္ခမရောက် စေချင်ပေ။ အရိုးသားဆုံး ပြောရမည်ဆိုလျှင် သူသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ နှိပ်စက်မှုကို ကုန်းရှန့် တစ်ယောက် ခံရမည်ကို စိတ်ပူနေခြင်းပင် ဖြစ်တော့၏။

ဤတစ်ကြိမ်မှာတော့ ရှစ်ကျန်းရွမ် ဒီနေရာသို့ ရောက်ရှိလာခဲ့သည်မှာ သူ၏ တပည့်များ အလစ်ချောင်း တိုက်ခိုက် ခံရသည့်အတွက် တစ်ခုတည်းတော့ မဟုတ်ပေ။ အဓိက လာရောက်ရသည့်အကြောင်းသည် ရှုပ်ထွေးလှသော ကျင့်ကြံခြင်းလောကထဲတွင် မည်ကဲ့သို့ နေထိုင်ရမည်ဆိုသည်ကို လာရောက်ဆွေးနွေးခြင်းပင် ဖြစ်သည်။

ကျွင်းချောင်ရှောင်းက လေးလေးနက်နက် ပြောလိုက်သည်။ "တပည့်တွေ အပြင်ထွက်တုန်း သတ်ဖြတ်ခံရတဲ့ ကိစ္စကို ဒီအတိုင်း လက်လွှတ်ပေးလို့ ဘယ်ဖြစ်မှာလဲ"

ရှစ်ကျန်းရွမ်သည် ပြုံးကာ ပြောလိုက်၏။ "အလုံးစုံသော စွမ်းအားတွေအောက်မှာ အသက်ရှင်ရပ်တည်နေရတာ ကိုက ကောင်းမွန်နေပြီ မဟုတ်လား"

သူမ၏ တပည့်နှစ်ယောက်သည် သတ်ဖြတ်ခြင်းကို ခံခဲ့ရ၏။ ခန်းမသခင် တစ်ယောက်အနေဖြင့် အလွန်ပင် စိတ်ဓာတ်ကျမိ၏။ သို့ပေမဲ့ သူမ လုပ်နိုင်သည့်အရာသည် ထိုအရာအကုန်သာ ဖြစ်၏။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် အလွန်အားကောင်းလွန်းလှပြီး အဆင့်သုံးဂိုဏ်းနှင့် အဆင့်လေး ဂိုဏ်းများကိုပင် လွယ်လွယ်ကူကူ ဖျက်ဆီးနိုင်သည့်လူများ ဖြစ်ကြသည်။ သူမသည် သွားရောက်၍ တိုက်ခိုက်မည် ဆိုပါက သေဆုံးခြင်းအဖြစ်သို့သာ ရောက်ရှိနိုင်၏။

"ခန်းမသခင်ရှစ်"

ကျွင်းချောင်ရှောင်းသည် လေးနက်သည့်အမူအရာဖြင့် ပြောလိုက်၏။ "ကျုပ်တို့ဂိုဏ်းတွေက မဟာမိတ်ဖွဲ့ထားတာ ကြာပြီ၊ ခင်ဗျားရဲ့တပည့်တွေကလည်း ကျုပ်ရဲ့ တပည့်တွေပဲ၊ နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းရဲ့ တိုက်ခိုက်သတ်ဖြတ်ခြင်းကို ခံရတယ်ဆိုတာ ဒီကြားထဲမှာ ဖြစ်ပွားတဲ့ အမုန်းတရားက ကြီးမားတယ်၊ ခင်ဗျားဂိုဏ်းကို အရင်ပြန်လိုက်၊ ကျန်တဲ့ကိစ္စတွေအားလုံးကို ကျုပ်တာဝန်ထားလိုက်"

"ဂိုဏ်းချုပ်ကျွင်း"

ရှစ်ကျန်းရွှမ်သည် စိတ်လှုပ်ရှားသွားမိ၏။ သို့ပေမဲ့ သူမသည် မျှမျှတတနှင့် အကြံပေးလိုက်သည်။ "နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက အရမ်းအားကောင်းတယ်လေ၊ သူတို့နဲ့ ပြဿနာမတက်တာက အကောင်းဆုံး ဖြစ်မယ်နဲ့တူတယ်"

ထိုအချိန်မှာပဲ ကျန့်ရာသည် အဝေးတစ်နေရာဆီမှ ပျံသန်းရောက်ရှိလာပြီးသည့်နောက် ပြိုင်စံရှားဂိုဏ်း၏ အတွင်းခြံဝန်းတစ်နေရာဆီ ဆင်းသက်လိုက်၏။ သူသည် အသံပို့လွှတ်လိုက်သည်။ "နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းက ဝိညာဉ်တောင်ကြားထဲမှာ ပုန်းအောင်းနေကြတာ"

"ဝိညာဉ်တောင်ကြား ဟုတ်လား"

ကျွင်းချောင်ရှောင်း နှာခေါင်းရှုံလိုက်သည်။ "ယွမ်သခင်လေး... တကယ့်ကို နက်ရှိုင်းလှတဲ့နေရာဆီ တစ်မိသားစုလုံး ပြောင်းသွားကြတာကိုး"

All Chapters