အခန်း (၉၉၈)
Vol. 67 Ch. 998
ရွှီး ရွှီး
သံမဏိအရိုးတောင်၏ ထိပ်မှာတော့ များပြားလှသော အလင်းတန်းများသည် ပျံသန်းသွားခဲ့ကြသည်။ ရှေ့ဆုံးမှ ဦးဆောင်သွားသည့်လူသည် ကျွင်းချောင်ရှောင်းဖြစ်ပြီး နောက်မှ လိုက်ပါသွားသူများမှာတော့ ခရမ်းရောင်ဘုရင်၊ တောင်တစ်ရာဘုရင်၊ တင်းရှင်းဝမ်၊ ကုန်းစွန်းဟောင်ဟိုင်းနှင့် တခြားသော အဆင့်မြင့် ဂိုဏ်းအဖွဲ့ဝင်များပင် ဖြစ်တော့၏။
ဖလပ် ဖလပ် ….။
ရှောင်မိုရှန်းသည် နတ်ဆိုးလင်းယုန်ငှက်ကြီးအသွင်သို့ ပြောင်းလိုက်၏။ ပြီးသည့်နောက်မှာတော့ သူမသည် ကျောဘက်တွင် ရှစ်ကျန်းရွမ်ကို တင်ကာ ပျံသန်းလိုက်၏။
ပထမတုန်းက ကျွင်းချောင်ရှောင်းသည် သူမအား ဂိုဏ်းဆီသို့ ပြန်စေချင်မိ၏။ သို့ပေမဲ့ ကျန့်ရာ ယူဆောင်လာသော သတင်းကို သိရှိပြီးသည့်နောက်မှာတော့ သူသည် ရှစ်ကျန်းရွမ်ကိုပါ တစ်ခါတည်း ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်တော့သည်။ ထို့အပြင် သူမသည် မြောင်ဟွာခန်းမကို ကိုယ်စားပြုနေသည် မဟုတ်ပါလား။
“ခန်းမသခင်ရှစ်”
ရှောင်မိုရှန်းက ပြောလိုက်သည်။ “သေသေချာချာ ထိုင်ထားနော်”
“အင်း” ရှစ်ကျန်းရွမ်က ခေါင်းညိတ်လိုက်သည်။ သို့ပေမဲ့ သူမသည် စိတ်ပျက်လျက်ရှိနေသည်။ အဘယ်ကြောင့် စိတ်ပျက်ရသနည်းဆိုသော် ဂိုဏ်းချုပ်ကျွင်းသည် သူမအား တစ်ယောက်တည်းထား၍ ရှေ့မှပျံ့သန်းသွားလျက် ရှိနေသောကြောင့်ပင်။
ဤတစ်ကြိမ်မှာတော့ ကျွင်းချောင်ရှောင်းသည် ဝိညာဉ်တောင်ကြားထဲသို့ သွားရောက်ရာတွင် များပြားလှ သည့်အဆင့်မြင့်ဂိုဏ်းသားများကိုသာ ခေါ်ဆောင်သွားခဲ့၏။
သူ့အနေနှင့် လီချင်းယန်နှင့် တခြားသောသူများကို ခေါ်ဆောင်မလာခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ရန် လိုအပ်နေသေးသည် မဟုတ်လား။ ထို့အပြင် အရေအတွက်က အရေးမကြီးချေ။ သူခေါ်ဆောင်လာခဲ့ သည်မှာ ထိတ်ထိတ်ကြဲ လက်ရွေးစင် ဂိုဏ်းသားများပင် ဖြစ်တော့သည်။ အဘိုးကြီးတင်းနှင့် ပိုင်လျှိုတို့ပင် မဆိုထားနှင့် ခရမ်းရောင်ဘုရင် တစ်ယောက်တည်းသည်ကပင် နတ်ဆိုးအင်ပါယာ ဂိတ်ဂိုဏ်း၏ သိုင်းကျင့်ကြံသူများအားလုံးကို တိုက်ခိုက်နိုင်စွမ်း ရှိသည်။
.................
“သခင်လေး”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ခြံဝန်းထဲမှာတော့ အမဲရောင်ဝတ်စုံနှင့် အဘိုးအိုက သတင်းပို့လိုက် သည်။ “မနေ့တုန်းက ဂိုဏ်းတော်တော်များများကို ဖျက်ဆီးနိုင်ခဲ့တယ်လေ၊ ပြီးတော့ လူလုပ်စိတ်ဝိညာဉ် ကျောက်တုံးနှစ်သန်းနဲ့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းကို ရခဲ့တယ်၊ ဆေးပင်တွေ၊ ကျောက်ရိုင်းတွေ၊ လက်နက်တွေနဲ့ တခြား အရင်းအမြစ်တွေ အားလုံးကိုလည်း သိမ်းပိုက်ရယူခဲ့တယ်”
“နည်းနည်းလေးပါလား”
ယွမ်သခင်လေးသည် မျက်မှောင်ကုတ်မိသွား၏။ သူသည် ကျွင်းချောင်ရှောင်းအား များပြားလှသော စိတ်ဝိညာဉ်ကျောက်တုံးများ ပေးအပ်ခဲ့သည်။ ထိုကဲ့သို့သော ဆုံးရှုံးမှုကို ကာမိစေရန်အတွက် ကျော်ကြားလှသော ဂိုဏ်းများကို တိုက်ခိုက်ရင်း အရင်းအမြစ်များကို ရယူရန် စဉ်းစားထားမိသည်။ သို့ပေမဲ့ တကယ်တမ်း ရရှိလာသည့် အရင်းအမြစ်များမှာတော့ နည်းပါးလွန်းနေသေး၏။
၎င်းတို့အနေနှင့် ဝိညာဉ်တောင်ကြားထဲသို့ ရွေ့ပြောင်းရောက်ရှိလာခြင်းတွင် များပြားလှသော အရင်းအမြစ်များ ကို ကုန်ခမ်းခဲ့သေးသည်။
အမဲရောင်ဝတ်စုံနှင့် အဘိုးအိုကပြောလိုက်သည်။ “ပြီးတော့ ကျုပ်တို့က အဆင့်လေးနဲ့ အဆင့်ငါးဂိုဏ်းတွေကိုပဲ ပစ်မှတ်ထားတာလေ၊ သူတို့ဆီမှာ တန်ဖိုးကြီးရဲ့ အရင်းအမြစ်တွေက အနည်းငယ်ပဲရှိတယ်မဟုတ်လား”
“ဒီတော့”
ယွမ်သခင်လေးသည် သူ၏ဘေးတွင်ရှိသော စာအုပ်ကို ကောက်ယူကာဖြင့် အထဲတွင် ရေးသားထားသော ဂိုဏ်း၏နာမည်များကို ကြည့်ရှုလိုက်၏။ “တကယ်တမ်း ချမ်းသာကြွယ်ဝချင်တယ်ဆိုရင် အဆင့်မြင့်ဂိုဏ်းတွေကို ရှာဖွေရမှာပေါ့”
စာအုပ်ထဲတွင်တော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော ဂိုဏ်းနှင့် မိသားစုကြီးများအားလုံး၏ စာရင်းသည် တည်ရှိလျက် ရှိနေသည်။ ကျော်ကြားလှသော လမ်းမှန်ဂိုဏ်းများအပြင် မိစ္ဆာဂိုဏ်းများ၏ စာရင်းလည်း ပါဝင်လျက် ရှိနေသေး၏။ နောက်ဆုံးစာမျက်နှာမှာတော့ သွားရောက်ရန်ပြု၍မရသော ဂိုဏ်းများ၏စာရင်း တည်ရှိနေသည်။
ထိုနေရာတွင် ဂိုဏ်းသုံးဂိုဏ်း တည်ရှိနေပြီး ပြိုင်စံရှားဂိုဏ်း၊ မြောင်ဟွာခန်းမနှင့် တောင်ပြာဂိုဏ်းတို့ပင် ဖြစ်၏။
ယွမ်သခင်လေးသည် သေသေချာချာ ဂရုစိုက်တတ်သူတစ်ယောက်ပင်ဖြစ်သည်။ ကျွင်းချောင်ရှောင်းအား ထိခိုက်စေမည့်အရာအားလုံးကို သူဘယ်တော့မှ ပြုလုပ်လိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ မထင်မှတ်ထားလောက်ပင် သူ၏ လူများသည် ကျွင်းချောင်ရှောင်းနှင့် ပတ်သက်လျက်ရှိသည့် မြောင်ဟွာခန်းမမှ တပည့်များကို သွားရောက် သတ်ဖြတ်ခဲ့၏။ သူသည် ဝိညာဉ်တောင်ကြားထဲတွင် ပုန်းအောင်းနေသည်သာ မဟုတ်ပါက ချက်ချင်းပဲ ပြင်ပသို့ ထွက်ခွာကာဖြင့် စိတ်ဝိညာဉ်ကျောက်တုံးများ ပေးအပ်ကာ တောင်းပန်ခြင်းကို ပြုမူပေလိမ့်မည်။
ယွမ်သခင်လေးက ပြောလိုက်၏။ “ကျားဘုရင်နဲ့ သမင်ဘုရင်တို့ကို ဒီကိုလာဖို့ သတင်းပို့ထားလိုက်”
သူတို့နှစ်ဖွဲ့သည် မဟာမိတ်အဖြစ် ဖွဲ့စည်းရန်အတွက် သဘောတူညီမှု ရရှိခဲ့ပြီဆိုမှတော့ သူ့လက်ထဲတွင်ရှိသော ထိုစစ်တုရင်ရုပ်များအား ကောင်းကောင်းမွန်မွန် အသုံးပြုရပေတော့မည်။
“ကောင်းပါပြီ”
အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် ထွက်ခွာသွားခဲ့၏။ ခဏလောက် ကြာပြီးသည့်နောက်မှာတော့ ထိုလူသည် လျင်လျင်မြန်မြန်ဖြင့် ပြန်လည်ရောက်ရှိလာခဲ့၏။ “သခင်လေး... ဒီစိတ်ဝိညာဉ်သားရဲနှစ်ကောင်က ဝိညာဉ်တောင်ကြားထဲကနေ ထွက်ခွာသွားတယ်တဲ့”
ယွမ်သခင်လေးသည် သူ၏ နဖူးကို ပွတ်ကာဖြင့် ပြောလိုက်သည်။ “သေချာပြီ၊ ဒီသားရဲတွေက မယုံကြည်ရတဲ့လူ တွေပဲ၊ ထားလိုက်တော့၊ ထားလိုက်တော့”
သူသည် စာရွက်ဖြူပေါ်တွင် စာအနည်းငယ်ကို ရေးပြီးသည့်နောက်မှာ တော့ အမဲရောင်ဝတ်စုံနှင့် အဘိုးအိုဆီ လှမ်းပေးလိုက်၏။ “ဌာနခွဲတွေကို သတင်းပို့လိုက်၊ ဖြစ်နိုင်သမျှ ဒီစာရင်းထဲမှာ ရှိတဲ့ ဂိုဏ်းတွေကို မြန်မြန်ဆန်ဆန်နဲ့ တိုက်ခိုက်ပြီး သူတို့ရဲ့ သိုင်းပညာအရင်းအမြစ်တွေကို ယူခဲ့ဖို့ ပြောလိုက်”
“ကောင်းပါပြီ” အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် ယွမ်သခင်လေး ပြောပြီးသည့်နောက် ထွက်ခွာသွားရန် ပြင်လိုက်၏။
“ပြိုင်စံရှားဂိုဏ်းက လက်ရှိအခြေအနေမှာ လှုပ်ရှားမှု ရှိသေးလား”
“သခင်လေး... လက်ရှိမှာ လှုပ်ရှားမှု မရှိပါဘူး”
“အင်း... ဒါဆိုရင် ခင်ဗျားသွားလို့ရပြီ”
ယွမ်သခင်လေးသည် သူ၏ ကုတ်ပိုးကို နှိပ်ကာဖြင့် တွေးလိုက်မိ၏။ “မြောင်ဟွာခန်းမသခင်နဲ့ ပြိုင်စံရှားဂိုဏ်း ဂိုဏ်းချုပ်ရဲ့ကြားမှာ ဘာဘာညာညာတွေ ရှိတယ်ဆိုပြီး အားလုံးက ပြောနေကြတာ၊ အခုကြည့်ရတာ ကောလဟလနဲ့ တူတယ်”
သူသည် မတ်တပ်ထရပ်ပြီးသည့်နောက်မှာတော့ သူ၏ အခန်းဆီသို့ ပြန်လာခဲ့၏။ ရုတ်တရက် သူ၏ မျက်ခမ်းထောင့်များသည် တုန်ခါလျက် ရှိနေ၏။ “ဒါ.. ဒါ နမိတ် မကောင်းတာပဲ”
အရှေ့တောင်ရန်ကျူးနှင့် ချိတ်ဆက်လျက်ရှိနေသော အရှေ့ဘက် ဒေသထဲမှာတော့ ဗလတောင့်တောင့် သက်လတ်ပိုင်းလူတစ်ယောက်နှင့် သွယ်လျသည့်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သော လူရွယ်တစ်ယောက်တို့သည် အမြန်ဆုံးနှုန်းနှင့် ပျံသန်းလာခဲ့တော့သည်။
“ညီလေး”
သက်လတ်ပိုင်း လူက ပြောလိုက်သည်။ “ကျုပ်တို့ ဝိညာဉ်တောင်ကြားထဲကနေ ဒီတိုင်းထွက်ပြီး ပျံသန်း လာတာလေ၊ လူသားသိုင်းနယ်မြေကျင့်ကြံသူတွေ ရှာဖွေတွေ့ရှိသွားမှာကို မစိုးရိမ်ဘူးလား”
အသံအရ ကြည့်မည် ဆိုလျှင် ထိုသူသည် ကျားဘုရင်သာလျှင် ဖြစ်၏။
“မပူနဲ့ အစ်ကိုကြီး”
သမင်ဘုရင်က ပြောလိုက်၏။ “သိုင်းနယ်မြေကျင့်ကြံသူ တော်တော်များများက ဂြိုဟ်တိုက်ပွဲ တည်နေရာထဲကို ဝင်ရောက်သွားပြီလေ၊ ဒီတော့ ကျုပ်တို့အနေနဲ့ ဘာမှစိုးရိမ်စရာ မရှိဘူး၊ ကြယ်ကြွေကုန်းမြေ တိုက်ကြီးထဲမှာ လွတ်လွတ်လပ်လပ် ပျံသန်းလို့ရတယ်”
ကျားဘုရင်သည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ “ညီလေး....အရှေ့တောင်ရန်ကျူးထဲကို ဝင်တဲ့ အချိန်မှာ ချင်းယန်နိုင်ငံကို တည့်တည့်သွားပြီးတော့ အဲမှာရှိတဲ့ဂိုဏ်းတွေကို ဖျက်ဆီးကြမှာလား”
“အင်း... ချင်းယန်နိုင်ငံကိုပဲ တန်းသွားကြရအောင်”
သမင်ဘုရင်က ပြောလိုက်သည်။ “ဂိုဏ်းသေးလေးတွေကို အရင်ဆုံး ဖြေရှင်းကြမယ်”
“ကောင်းပါပြီ”
ဆွစ် ဆွစ်
“မဟာမိတ်ခေါင်းဆောင်ချင်”
ဟောင်ချီဂိုဏ်း၏ အဓိကခန်းမဆောင်ထဲမှာတော့ တော်ဝင်ဓားမော့ဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ရှန်းတုံ သည် စိုးရိမ်ပူပန်စွာဖြင့်ပြောလိုက်မိ၏။ “ဒီလောကကြီးတစ်ခုလုံးက ရှုပ်ထွေးနေတာ၊ နတ်ဆိုးဂိုဏ်းတွေကလည်း အရှေ့တောင်ရန်ကျူးဆီ လာတော့မယ်၊ ဒီတော့ ကျုပ်တို့အနေနဲ့ စောစောစီးစီး ကြိုတင် ပြင်ဆင်ထားတာ ကောင်းမယ်နဲ့တူတယ်”
စားပွဲခုံ၏ ထိပ်ပိုင်းတွင် ထိုင်လျက်ရှိသော ချင်ဟောင်ရန်သည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ရှန်... မဟာမိတ်အဖွဲ့ဆိုတာ ဖျက်ဆီးခံလိုက်ရပြီလေ၊ ဒီတော့ ကျုပ်ကို မဟာမိတ်ခေါင်းဆောင်လို့ ထပ်ပြီးတော့ မခေါ်ပါနဲ့တော့”
“မဟုတ်ဘူး”
ရှန်းတုံသည် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “မဟာမိတ်ခေါင်းဆောင်ချင်ဆိုပြီး တစ်ရက် ဖြစ်ဖူးရင် တစ်သက်လုံး မဟာမိတ်ခေါင်းဆောင်ချင်ပဲ၊ ပြီးတော့ မဟာမိတ်အဖွဲ့အစည်းကြီးက ကျုပ်တို့ရဲ့ စိတ်ထဲမှာ ထာဝရ တည်ရှိသွားမှာပဲ”
ချင်ဟောင်ရန်၏ မျက်လုံးထဲတွင် စိတ်သက်သာရာရသည့် အရိပ်အယောင်များ ဖြစ်တည်လာခဲ့တော့သည်။ သူတွင် ဤကဲ့သို့သော ဂုဏ်ပုဒ် မရှိတော့ဘူးဆိုသော်လည်း တစ်ဖက်လူသည် သူ့အား အရင်တည်ရှိခဲ့တုန်းကဲ့သို့ ဆက်ဆံလျက် ရှိနေ၏။
“နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက ပြဿနာ ရှာနေပေမယ့် သူတို့က အရှေ့တောင်ရန်ကျူးဆီကို ရောက်လာမှာ မဟုတ်ဘူးလေ”
စစ်တုဝမ်က ပြောလိုက်၏။ “ဒီအဘိုးကြီးအထင်အရဆိုရင် သူတို့က ပြိုင်စံရှားဂိုဏ်းကို စိတ်ပူကြတယ်လေ”
ပြိုင်စံရှားဂိုဏ်းဆိုသည့်စကားကို ကြားရချိန်မှာတော့ ချင်ဟောင်ရန်၏ မျက်လုံးများတွင် ရှုပ်ထွေးလျက် ရှိနေသော အမူအရာများ ဖြစ်တည်လာခဲ့တော့၏။ ထိုအမူအရာထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုက ပိုနေ၏။
“နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက ထိပ်တန်းဂိုဏ်းတွေနဲ့တောင် ရင်ဆိုင်ရဲတာ၊ ဘာလို့ ကျွင်းချောင်ရှောင်းကို ကြောက်နေမှာလဲ” ရှန်းတုံက ပြောလိုက်သည်။
အတိတ်တုန်းကသာဆိုလျှင် သူသည် ဤစကားကို ရဲရဲဝံ့ဝံ့ ပြောဆိုနိုင်စွမ်းရှိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေ မှာတော့ ပြောသာပြောရသည်။ မဝံ့မရဲတော့ ဖြစ်မိနေ၏။
ချင်ဟောင်ရန်က နာနာကျင်ကျင်နှင့် ပြောလိုက်၏။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက ထိပ်တန်းဂိုဏ်းတွေကို ကြီးကြီးကျယ်ကျယ် တိုက်ခိုက်ခဲ့တယ်လေ၊ ဒီတော့ ကျုပ်တို့ကို ပစ်မှတ်မထားသေးဖို့ပဲ ဆုတောင်းရမှာပေါ့၊ တခြား ဘာလုပ်နိုင်မှာလဲ”
မဟာမိတ်အဖွဲ့အစည်း၏ ခေါင်းဆောင်ဟောင်းများ အားလုံးသည် သာမန်အဆင့်ငါးဂိုဏ်းများ၏ အရှေ့မှာတောင်မှ ပုရွတ်ဆိတ်လေးတစ်ကောင်ကဲ့သို့ အားနည်းလွန်းလှသည်။ သူတို့သည် အဘယ်သို့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းနှင့် သွားရောက်ကာ ရင်ဆိုင်တိုက်ခိုက်၍ ရနိုင်မည်နည်း။
“ဂိုဏ်း... ဂိုဏ်းချုပ်”
ထိုအချိန်မှာပဲ တပည့်တစ်ယောက်သည် ထိတ်လန့်တကြားဖြင့် ဝင်ရောက်လာကာ ပြောလိုက်သည်။ “အပြင်ဘက်မှာ ပျံသန်းနိုင်တဲ့ သိုင်းကျင့်ကြံသူနှစ်ယောက် ရှိနေတယ်”
“ပျံသန်းနိုင်တဲ့ သိုင်းကျင့်ကြံသူ ဟုတ်လား”
ချင်ဟောင်ရန်၊ ရှန်တုံနှင့် တခြားသော သိုင်းကျင့်ကြံသူများသည် တုန်လှုပ်သွားကြ၏။ “သိုင်းအုပ်စိုးသူလား”
ဘုန်း …..
ထိုအချိန်မှာပဲ ကျယ်လောင်လှသော အသံကြီး ထွက်ပေါ်လာ၏။ မြေတည်နေရာတစ်ခုလုံးသည် တုန်ခါသွားပြီး သည့်နောက် အဓိကဟောခန်းကြီးသည် ထိုအားအင်ဒဏ်ကို မခံနိုင်စွာဖြင့် စတင်ကာ လဲပြိုတော့သည်။
ချင်ဟောင်ရန်သည် ဆွံ့အသွား၏။
“မဟာမိတ်ခေါင်းဆောင်ချင်... ပြေး... ပြေး” ရှန်းတုံ သည် အလန့်တကြားဖြင့် ထအော်လိုက်မိ၏။ သို့ပေမဲ့ စာခြောက်ရုပ်ကဲ့သို့ ငြိမ်ငြိမ်သက်သက် ရပ်လျက်ရှိနေသော မဟာမိတ်ခေါင်းဆောင်ချင်ကို မြင်ရသည့်အချိန် မှာတော့ သူသည် လက်တစ်ဖက်ကို အသာဆွဲကာဖြင့် အပြင်ဘက်သို့ ဆွဲခေါ်လာခဲ့တော့သည်။
ဘုန်း
အားလုံးအပြင်ဘက်သို့ ရောက်ရှိချိန်မှာတော့ နှစ်ပေါင်းတစ်ရာကျော် မိုးဒဏ်လေဒဏ်ကို ကြံ့ကြံ့ခံကာ ရပ်တည် ခဲ့သော အဓိက အဆောက်အဦသည် လက်ရှိအချိန်မှာတော့ အပျက်အစီအပုံများအဖြစ်သို့ ပြောင်းလဲခဲ့ပြီ ဖြစ်သည်။ ဟောင်ချိဂိုဏ်းဟု ရေးသားထားသော ဂိုဏ်း၏ဆိုင်းဘုတ်ကြီးသည်လည်း ပျက်စီးသွားခဲ့ရပြီဖြစ်၏။
ဘုတ်….
ချင်ဟောင်ရန် သည် မြေပေါ်သို့ လဲပြိုသွားတော့သည်။ သူသည် အလန့်တကြားဖြင့် ထ၍ အော်လိုက်မိသည်။ “မဟုတ်ဘူး”
အဓိကဟောခန်းဆိုသည်မှာ ဂိုဏ်းတစ်ခု၏ ဂုဏ်သိက္ခာပင်ဖြစ်တော့သည်။ လက်ရှိအခြေအနေမှာတော့ ဤအဓိက ဟောခန်းကြီး ရုတ်တရက်ပြိုလဲသွားပြီဆိုမှတော့ ဂိုဏ်းတစ်ခုလုံး ဖျက်ဆီးခံလိုက်ရသည်နှင့် ဘာထူးတော့မည်နည်း။
ရှန်းတုံနှင့် စစ်တုဝမ်တို့သည်လည်း ချင်ဟောင်ရန်ကို ဂရုစိုက်နိုင်ရန် အချိန်မရှိချေ။ အဘယ်ကြောင့် ဆိုသော် လက်ရှိအချိန်တွင် ၎င်းတို့အားလုံးသည် မျက်လုံးအပြူးသားနှင့် ဖြစ်မိနေသောကြောင့်ပင်။
၎င်းတို့၏ အကြည့်များသည် ချင်ဟောင်ရန်၏ အပြင်ဘက်ခြံဝန်းဆီသို့ ရောက်ရှိနေ၏။ ဤနေရာတွင်တော့ ကြီးမားလှသော တွင်းကြီးများဖြစ်တည်နေသည်။ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ဤကြီးမားလှသော တွင်းကြီးများသည် ကြောက်မက်ဖွယ်ရာကောင်းလှသော အားအင်တစ်ခုခုကြောင့် ဖြစ်တည်လာခဲ့သည်မှာ သေချာလွန်း၏။
ဘုတ် ဘုတ်
ရှန်းတုံနှင့် စစ်တုဝမ်တို့အားလုံးသည် ၎င်းတို့၏ ခန္ဓာကိုယ်များကို မထိန်းချုပ်နိုင်တော့ဘဲနှင့် ထိတ်လန့်တကြား မြေပေါ်သို့ လဲပြိုသွားသည်။ ခေါင်းကို ခက်ခက်ခဲခဲမော့ကာ ကြည့်ရှုလိုက်သည့်နောက်မှာတော့ သက်လတ်ပိုင်းအရွယ်လူတစ်ယောက်နှင့် လူရွယ်တစ်ယောက်တို့သည် လေထုထဲတွင် မတ်မတ်ရပ်နေသည်ကို မြင်ရ၏။ ၎င်းတို့သည် ကျိန်းသေပေါက် ကောင်းမွန်သည့် ရည်ရွယ်ချက်ဖြင့် ရောက်ရှိလာတာမဟုတ်မှန်း သေချာ လွန်းလှသည်။
“ညီလေး”
ကျားဘုရင်သည် ပြောလိုက်၏။ “မင်းရဲ့လက်သီးချက်က တောင်ကြီးတစ်ခုလုံးတောင် ပြိုသွားနိုင်တာပဲ”
သမင်ဘုရင်သည် သွားကိုဖြီးကာ ပြောလိုက်၏။ “အစ်ကိုကြီး... လူသားတွေရဲ့ မျက်နှာပေါ်က ကြောက်ရွံ့မှုကို ကြည့်အုံး၊ ဘယ်လောက်အားရဖို့ ကောင်းလိုက်လဲ”
ဆွစ် ဆွစ်
လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီးသည့်နောက်မှာတော့ မွန်းစတားအော်ရာများသည် ထွက်ပေါ်လာသည်။
ဝှစ် ဝှစ်
မသေဘဲ အသက်ရှင်ကျန်ရစ်ခဲ့ကြတော့ ဟောင်ချီဂိုဏ်းမှ တပည့်များအားလုံးသည် ချုပ်နှောင်ခြင်း ခံလိုက်ရသလို တည်နေရာမှာပင် မြဲမြဲရပ်လျက် ရှိနေကြ၏။ ၎င်းတို့အားလုံးသည် လှုပ်ရှားခြင်းငှာ မစွမ်းနိုင်ကြပေ။
“လူသားတို့”
သမင်ဘုရင်သည် အရှေ့သို့ လှမ်းတက်ပြီးသည့်နောက် ရယ်လိုက်၏။ “ကြောက်နေကြပြီလား”
အစစ်အမှန်ပင် ကြောက်လျက် ရှိနေကြသည်။
ဘန်း ဘန်း
ရုတ်တရက် ချုပ်နှောင်ခြင်းကို ခံထားရသော ဟောင်ချီဂိုဏ်း၏ တပည့်များသည် ပေါက်ကွဲပြီး ချက်ချင်း သေဆုံး ကုန်ကြသည်။ ၎င်းတို့သည် အော်ရန်အချိန်ပင် မရလိုက်ချေ။
“ကောင်းလိုက်တာ” သမင်ဘုရင်သည် မျက်လုံးကို မှေးကျဉ်းကာ ပြောလိုက်၏။ သိုင်းနယ်မြေအဆင့် ကျင့်ကြံသူ နှင့်နှိုင်းယှဉ်၍ ရနိုင်သော စိတ်ဝိညာဉ်သားရဲတစ်ကောင်ဖြစ်သည်မို့ သူသည် မရီဒန်အဆင့်ဖွင့်ခြင်းနှင့် သိုင်းတပည့်အဆင့် ကျင့်ကြံသူများကိုသတ်ဖြတ်ရန်အတွက် ခန္ဓာကိုယ်ကို လှုပ်ရှားစရာပင် မလိုအပ်ချေ။
ထိုအချိန်မှာပဲ ချင်ဟောင်ရန်သည် မနည်းကြိုးစားကာ မတ်တပ်ထရပ်လိုက်၏။ သူ၏ခြေထောက်များသည် တုန်ခါနေသည်ဆိုသော်လည်း လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာဖြင့် ဒေါသတကြီး ပြောလိုက်မိသည်။ “ခင်ဗျားတို့ ကျုပ်ရဲ့အဓိကဟောခန်းကို ဖျက်ဆီးပြီးတော့ ကျုပ်တပည့်တွေကို သတ်ဖြတ်ပစ်ခဲ့တယ်၊ ဒီအမုန်းတရားက အရမ်းကို ကြီးမားသွားပြီ”
ဘုန်း
သမင်ဘုရင်သည် ရုတ်တရက် သူ၏ရှေ့ကို ရောက်ရှိလာပြီးသည့်နောက်မှာတော့ မျက်နှာကို ပိတ်ကာ ရိုက်လိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ပြောလိုက်သည်။ “မင်းက ပုရွက်ဆိတ်လေးတစ်ကောင်ပဲလေ၊ ဘယ်လိုဖြစ်ပြီး အရှက်မဲ့ ငါ့ရှေ့မှာ လာပြီး ကြွားဝါပြောဆိုရဲရတာလဲ”
ဝေါ့
ချင်ဟောင်ရန်သည် အဝေးဆီသို့ လွင့်စင်သွားပြီးသည့်နောက်မှာတော့ သွေးတွေ အန်ထွက်လာတော့သည်။ တစ်ဖက်လူသည် သတ်ဖြတ်လိုခြင်း မရှိသောကြောင့်သာလျှင် သူ အသက်ရှင်နေခြင်းဖြစ်သည်။ မဟုတ်ပါက အသားပြားအဖြစ်သို့ပင် ပြောင်းလဲနေမှာ သေချာ၏။
“ညီလေး”
ကျားဘုရင်က ဆော်ဩလိုက်သည်။ “ဒီဂိုဏ်းကို မြန်မြန်ဖျက်ဆီးလိုက်၊ နောက်တစ်ဂိုဏ်းဆီကို သွားရအုံးမယ်”
“နားလည်ပါပြီ” သမင်ဘုရင်သည် ခြေထောက်ကို မြှောက်လိုက်၏။ ကြမ်းတမ်းလွန်းလှသော မွန်းစတားအော်ရာ များသည် ပေါက်ကွဲထွက်လာခဲ့၏။ ထိုအော်ရာများကို ကြည့်ရှုမည်ဆိုလျှင် သူသည် ချင်ဟောင်ရန်ကို သတ်ဖြတ်ချင်ရုံသာမဟုတ်၊ ဤဟောင်ချီဂိုဏ်းတစ်ခုလုံးကိုပင် ဖျက်ဆီးချင်တာ သေချာ၏။
ဝှစ်
မွန်းစတားအော်ရာများသည် ရူးရူးမူးမူး ဖြစ်တည်ပြီးနောက် တည်နေရာအနှံ့ဆီသို့ လွင့်ပျံသွားသည်။ ဘေးတစ်ဖက် တွင် တုန်ယင်လျက်ရှိသော ရှန်းတုံ နှင့် စစ်တုဝမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည်ရှုလိုက်ကြ၏။ အလွန် အားကောင်းလှသော သေခြင်းတရား၏ အရိပ်အယောင်များသည် ၎င်းတို့၏ အသိစိတ်ထဲသို့ ဝင်ရောက်လာခဲ့တော့သည်။
“သွားပြီ၊ သွားပြီ... လုံးဝသွားပြီပဲ”
“ဟမ်” စွမ်းအင်များ စုစည်းလျက်ရှိနေသော သမင်ဘုရင်သည် အသာခေါင်းလှည့်ပြီးနောက် ဖျက်ဆီးခံလိုက်ရသော အဓိကဟောခန်း၏ ဘေးတစ်ဖက်ဆီသို့ လှမ်း၍ ကြည့်လိုက်၏။ ထိုနေရာတွင်တော့ ဘယ်ကပေါ်လာမှန်းမသိသော လူအနည်းငယ်တို့ ရောက်ရှိနေသည်ကို မြင်လိုက်ရ၏။
ကျွင်းချောင်ရှောင်းသည် ကျောက်တုံးကြီးတစ်ခုပေါ်၌ ခြေတင်ကာ ထိုင်လျက်ရှိနေ၏။ တင်းရှင်းဝမ် သည် သူ၏ဘေးတွင် မတ်မတ်ရပ်နေ၏။ ၎င်း၏လက်ဝါးဆီမှ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လျက်ရှိပြီး လေထဲတွင်တော့ စွမ်းအင်လှိုင်းများနှင့် ပြည့်နှက်နေတော့သည်။ သူ၏ အမဲရောင်ဆံနွယ်များသည် အနောက်ဘက် သို့ လွင့်လျက်ရှိပြီး ချောမောလှသော မျက်နှာသည် ထင်ပေါ်လျက် ရှိနေသည်။
ပိုင်လျှို၊ ကုန်းစွန်းဟောင်ဟိုင်နှင့် တခြားသောသူများအားလုံးသည်လည်း ဘေးတစ်ဖက်တွင် မတ်မတ်ရပ်လျက် ရှိနေကြ၏။ ၎င်းတို့၏ ခန္ဓာကိုယ်ဆီမှ ထုတ်ပေါ်နေသော အော်ရာများသည် ကြောက်မက်ဖွယ်ရာ ကောင်းအောင် အရှိန်အဟုန် ပြင်းထန်နေ၏။
ထင်မှတ်ထားသည့်အတိုင်းပဲ ပြိုင်စံရှားဂိုဏ်းချုပ် သည် အပြင်ဘက်သို့ ထွက်ခွာလာသည့်နေရာတွင် အင်အားကြီးသော စွမ်းအားမြင့်ကျင့်ကြံသူများကို ခေါ်ဆောင်လာခဲ့သောကြောင့် ဖြစ်သည်။
“ရောင်းရင်း”
ကျွင်းချောင်ရှောင်းသည် သူ၏လက်များကို ယှက်ကာဖြင့် အေးစက်စက်ပြောလိုက်၏။ “ဒီနယ်မြေကို ရောက်လာရင် လိမ်လိမ်မာမာ ၊ ငြိမ်ငြိမ်သက်သက် နဲ့ နေထိုင်ဖို့ သတိပေးချင်တယ်”