အခန်း (၁၀၀၀)
Vol. 68 Ch. 1000
ဘုန်း ….။
ဟောင်ချီဂိုဏ်းရဲ့ အပြင်ဘက်မှာတော့ တစ်ခြားသော နားကွဲလောက်စရာ ပေါက်ကွဲသံကြီး တစ်ခု ထွက်ပေါ်လာခဲ့သည်။ မြေတစ်ခုလုံးအက်ကွဲသွားပြီးသည့်နောက်မှာတော့ ကောင်းကင်တွင် ဖုန်များအလိပ်လိပ်နှင့် တက်လာခဲ့တော့သည်။
ခရမ်းရောင်ဘုရင်သည် လေထဲတွင် မားမားမတ်မတ်ဖြင့် ရပ်လျက်ရှိပြီး ရှိရှိနေသမျှသော လူများအားလုံးကို ငုံ့ကြည့် လျက်ရှိ၏။
“ဝေါ့”
ကြီးမားလှသော တွင်းကြီးထဲမှာတော့ ကျားဘုရင်သည် သွေးများအိုင်လျက် ရှိနေတော့၏။ သူ၏ မရီဒန်များသည် ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိသွားခဲ့သည်။ ဒဏ်ရာအခြေအနေသည် အလွန်တရာဆိုးရွားကြောင်း ရှင်းလင်းစွာ သိရှိနိုင်ခဲ့၏။ သူသည် သမင်ဘုရင်ထက် ပိုမိုကာအားကောင်းလှသည်ဆိုသော်လည်း အလွန်အမင်း အားကောင်းလွန်း သည်တော့မဟုတ်ချေ။ ထို့ကြောင့် ခရမ်းရောင်ဘုရင်၏ တိုက်ခိုက်မှုကို မခုခံနိုင်သည်မှာ သဘာဝပင်ဖြစ်တော့၏။
“ဟောခန်းသခင်ကျိက ပိုပြီးအားကောင်းလာတာပဲ။ သိုင်းနယ်မြေကျင့်ကြံသူတွေနဲ့ ရင်ဆိုင်တိုက်ခိုက်တဲ့အချိန်မှာ တောင် သူကတကယ့်ကလေးလေးတွေနဲ့ တိုက်ခိုက်ရသလို ဖြစ်နေတယ်။ တစ်ခြားသူတွေက သူ့ကို ပြန်တောင် မတိုက်ခိုက်နိုင်ဘူး။”
ကျန့်ရာ၊ ကုန်းစွန်းဟောင်ဟိုင်နှင့် တစ်ခြားသောသူများအားလုံးသည် စိတ်ထဲတွင် တွေးတောနေမိကြသည်။
“သူတို့ကို ကြိုးနဲ့ချည်ထားလိုက်။”
ကျွင်းချောင်ရှောင်းသည် ကျယ်လောင်စွာ ပြောလိုက်၏။ “ဒီလူတွေအားလုံးကို ဝိညာဉ်တောင်ကြားဆီကို ပြန်ပြီးတော့ ခေါ်သွားမယ်။”
အဘိုးကြီးတင်းနှင့် ပိုင်လျိုတို့သည် ပျံသန်းလာပြီးသည့်နောက်မှာတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိလာသော သမင်ဘုရင်နှင့်ကျားဘုရင်တို့အား ကြိုးဖြင့်ချည်နှောင်လိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ ဟောင်ချီဂိုဏ်း၏ တည်နေရာဆီမှ ဆွဲခေါ်ကာ ထွက်ခွာသွားခဲ့တော့၏။
၎င်းတိုအားလုံးထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ရှန်းတုံ နှင့်စစ်တုဝမ်တို့သည် သတိပြန်လည် ဝင်လာကြတော့သည်။ ၎င်းတို့သည် တည်နေရာမှာတင် မတ်မတ်ရပ်လျက်ရှိနေပြီး ကြီးမားလှသော တွင်းကြီးများ ဖြစ်တည်နေပြီး တောင်များပြိုလဲနေသည်ကို မြင်ရသည့်အချိန်မှာတော့ အလုံးစုံ ဆွံ့အလျက်ရှိနေတော့၏။
ဤကြောက်မက်ဖွယ်ရာတိုက်ပွဲသည် သိုင်းနယ်မြေကျင့်ကြံသူများကြား တိုက်ခိုက်ခဲ့သည့် တိုက်ပွဲပင်ဖြစ်၏။ ၎င်းတို့ သည် ထိုအချင်းအရာကို တစ်သက်နှင့်တကိုယ် တစ်ခါမှ မြင်ဖူးလှသည်မဟုတ်ချေ။
“ကုန်ပြီ အားလုံးကုန်ပြီ။”
ချင်ဟောင်ရန်သည် မြေပေါ်တွင် ဒူးထောက်ထိုင်လျက်ရှိပြီး မျက်ရည်များကျလျက်ရှိ၏။ သူ၏ အဓိကဟောခန်းကြီး သည် ပျက်စီးပြိုပျက်နေပြီဖြစ်ပြီး သူ၏ဂိုဏ်းအခြေချရာတောင်ကြီးတစ်ခုလုံးရှိ နေရာတော်တော်များများသည်လည်း ပြိုလဲလျက်ရှိနေတော့၏။
အလွန်အားကောင်းလှသော စိတ်ဝိညာဉ်သားရဲနှစ်ကောင်သည် ပြိုင်စံရှားဂိုဏ်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည် ဆိုသော်လည်း သူခံစားလိုက်ရသည့် ပျက်စီးခြင်းမှာတော့ ကြီးမားလွန်းလှ၏။ ဂိုဏ်းတစ်ခုလုံးသည် ဖျက်ဆီးခြင်း မခံနိုင်ဟုဆိုသော်လည်း ကြီးမားသည့်သက်ရောက်မှုကို ခံလိုက်ရပြီဖြစ်သည်။
“မဟာမိတ်ခေါင်းဆောင်ချင်”
ရှန်းတုံ နှင့်စစ်တုဝမ်တို့သည် ချင်ဟောင်ရန်ကို နှစ်သိမ့်ချင်မိသည်။ သို့ပေမဲ့ မည်သည့်နေရာက စ၍ ပြောဆိုရမည်မှန်း မသိတော့ချေ။
“ယွမ်သခင်လေး”
ဝိညာဉ်တောင်ကြားထဲသို့ ပြန်လာသည့်လမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် ပြောလိုက်၏။ “ပထမဆုံးမင်းက ငါ့ရဲ့မဟာမိတ်တွေကို ထိခိုက်အောင်လုပ်တယ်။ ပြီးတော့ ချင်းယန်နိုင်ငံကို စိတ်ဝိညာဉ်သားရဲတွေ စေလွှတ်ပြီး ပြဿနာရှာစေပြန်တယ်။ ငါ့ကို လွယ်လွယ်ကူကူနဲ့ အနိုင်ကျင့်လို့ရတယ်လို့ ထင်နေတာလား။”
“ဂိုဏ်းချုပ်ကျွင်း”
အဝေးတစ်နေရာတွင် စောင့်မျှော်လျက်ရှိနေသော ရှစ်ကျန်းရွမ်သည် ဒဏ်ရာရသည့်ကျင့်ကြံသူနှစ်ယောက်ကို ဖမ်းဆီးကာ ပျံသန်းလာသည်ကို မြင်သည့်နောက်မှာတော့ ဇဝေဇဝါဖြင့် မေးလိုက်မိ၏။ “ဘာတွေဖြစ်နေတာလဲ။”
“ဘာမှမဟုတ်ပါဘူး။”
ကျွင်းကုန်းရှန့်သည် ရယ်မောလိုက်မိ၏။ “ဒီအရူးနှစ်ယောက်က ကျုပ်ရဲ့ ချင်းယန်နိုင်ငံကို လာပြီး ပြဿနာလာရှာလို့လေ။”
ဤအရူးဆိုသည့် စကားလုံးသည် အမှန်ပင် ထိုနှစ်ယောက်နှင့် ထိုက်တန်လွန်းလှ၏။ ထိုသူများသည် မည်သို့သော စုံစမ်းမှုကိုမျှ မပြုလုပ်ဘဲ အရှေ့တောင်ရန်ကျူးဆီသို့ ရောက်ရှိလာပြီး ပြဿနာရှာခြင်းကို ပြုမူခဲ့သည်။ အသက်ရှင် နေသည်ကပင် တော်သေးသည်ဟု ဆိုရမည်ဖြစ်၏။
“သွားကြစို့။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကိုယ့်လမ်းကိုယ် သွားရအောင်။”
ဂီး
နတ်ဆိုးလင်းယုန်ငှက်ကြီးသည် အတောင်ပံကို ဖြန့်ကာဖြင့် မြန်မြန်ဆန်ဆန် ပျံသန်းသွားခဲ့၏။
ကျွင်းချောင်ရှောင်းသည် လက်သီးချက်နှစ်ခုကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ အနည်းငယ် ပင်ပန်းသလို ခံစားနေမိ၏။ ထို့ကြောင့် ပျံသန်းဖို့ကို မစဉ်းစားဘဲနှင့် ပဋိညာဉ်သားရဲ၏ ကျောပေါ်သို့ တက်ကာ ရှစ်ကျန်းရွမ်နဲ့အတူ ဝိညာဉ်တောင်ကြားဆီသို့ ဦးတည်တော့သည်။ သို့ပေမဲ့ လမ်းတစ်လျှောက်မှာတော့ မည်သည့်စကားမှ မဆိုချေ။
နာရီအနည်းငယ်ပျံသန်းပြီးသည့်နောက်မှာတော့ အလွန်တရာမဲမှောင်နေသော တောင်တန်းကြီးတစ်ခုကို မြင်လိုက်ရ တော့၏။ ထိုတောင်တန်း၏ အတွင်းဘက်တွင်တော့ ဝိညာဉ်တောင်ကြားတည်ရှိလို့နေသည်။
ဤအရာသည် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တားမြစ်နယ်မြေထဲမှ နံပါတ်တစ် တည်နေရာဖြစ်၏။ သာမန်အခြေအနေ အရဆိုလျှင် မည်သူမျှသည် ထိုနေရာထဲသို့ ဝင်ရောက်ရန် စဉ်းစားနိုင်မည်မဟုတ်ချေ။ ထို့အပြင် ဝင်ရောက်သည်နှင့် တစ်ပြိုင်နက် တည်နေရာထဲတွင် ရှိနေသော စိတ်ဝိညာဉ်သားရဲနှင့် တစ်ခြားသော အန္တရာယ်ရှိ သတ္တဝါများ အားလုံးသည် လာရောက်ကာ သတ်ဖြတ်ခြင်းကို ပြုမူပေလိမ့်မည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တောင်ကြား၏ ထိပ်တွင် မတ်တပ်ရပ်လိုက်သည်ဆိုသည်နှင့် ခရမ်းရောင်ဘုရင်နှင့် တစ်ခြားသောသူများအားလုံးသည် ၎င်းတို့၏ အော်ရာများကို ထုတ်ဖော်ထားခဲ့၏။ ထို့ကြောင့် တားမြစ်တည်နေရာ ထဲတွင်ရှိနေသော မည်သည့်စိတ်ဝိညာဉ်သားရဲမှသည် လာရောက်၍ ပြဿနာမရှာရဲပေ။ တည်နေရာတွင် မတ်တပ် ရပ်ကာ တုန်ယင်လျက်ရှိနေကြ၏။
“ဂိုဏ်းချုပ်”
အဘိုးကြီးတင်းက ပြောလိုက်သည်။ “ဝိညာဉ်တောင်တန်းက အရမ်းကို ကြီးတယ်။ ဒီမှာ ကြမ်းတမ်းလှတဲ့ သားရဲရိုင်းတွေရှိတာနဲ့မကဘူး သဘာဝ ရတနာမျိုးစုံလည်း ရှိသေးတယ်။ ဒီကိုရောက်တုန်း အဲဒါတွေအကုန်လုံးကို ယူသွားရအောင်။”
“ဒါကိုပဲ ကျုပ်တွေးနေတာပေါ့။”
ကျွင်းချောင်ရှောင်းသည် ဤနေရာသို့ ရောက်ရှိလာသည်မှာ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအား အမှန်တရား လာရောက် တောင်းဆိုခြင်းပင်သာမက ကုန်းမြေတိုက်ကြီး၏ နံပါတ်တစ် တားမြစ်တည်နေရာသည် မည်မျှထူးဆန်းသည့် အရာမျိုးတည်ရှိနေသည်ဖြစ်ကြောင်းကို သိရှိချင်သောကြောင့်ပင် ဖြစ်တော့၏။
“ဒါပေမဲ့”
အဘိုးကြီးတင်းက မျက်မှောင်ကုတ်လိုက်၏။ “ဒီနေရာမှာ စိတ်ဝိညာဉ်သားရဲနှစ်ကောင်ရှိတယ်တဲ့။ သူတို့ရဲ့အားအင်အဆင့်က ….”
ခရမ်းရောင်ဘုရင်သည် လက်ပိုက်ကာဖြင့် ကြားဝင်ဖြတ်ကာ ပြောလိုက်တော့၏။ “အဲဒီစိတ်ဝိညာဉ်သားရဲနှစ်ကောင်က ဒီနှစ်ကောင်ပဲလေ။”
“ဟမ်”
အဘိုးကြီးတင်း၊ ကျန့်ရာနှင့် တစ်ခြားသောသူများအားလုံးသည် ဆွံ့အသွားမိ၏။
ကျွင်းချောင်ရှောင်းသည်လည်း အလွန် အံ့အားသင့်လျက်ရှိသည်။ “ဒီနှစ်ယောက်က ဝိညာဉ်တောင်ကြားရဲ့ အုပ်စိုးသူတွေပေါ့။”
“ဟမ်”
ခရမ်းရောင်ဘုရင်သည် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။ “ကျုပ်သူတို့ကို လာပြီးခေါ်တုန်းက ငြင်းပယ်ခဲ့ကြသေးတယ်။”
ကျွင်းချောင်ရှောင်းသည် အသာလျှောက်လာပြီးသည့်နောက်မှာတော့ သူ၏ရှေ့တွင်ရှိသော သမင်ဘုရင်အား လှမ်းဆွဲယူကာပြောလိုက်၏။ “ပြောစမ်း။ ခင်ဗျားနဲ့ယွမ်သခင်လေးနဲ့က ဘယ်လိုဆက်စပ်မှုရှိလဲ။”
ပထမတုန်းက ဤစိတ်ဝိညာဉ်သားရဲနှစ်ကောင်သည် ယွမ်သခင်လေး၏ နောက်လိုက်များဖြစ်မည်ဟု သူထင်မှတ်ခဲ့မိ ၏။ သို့ပေမဲ့ လက်ရှိအချိန်တွင် ကြည့်ရသည်မှာ ဤနှစ်ယောက်သည် ဝိညာဉ်တောင်ကြား၏ အုပ်ချုပ်သူများ ဖြစ်လျက်ရှိနေ၏။ အခြေအနေက နည်းနည်းရှုပ်ထွေးသွားပုံပေါ်သည်။
သမင်ဘုရင်သည် တင်းမာခက်ထန်သော မျက်နှာအမူအရာဖြင့် ပြောလိုက်မိ၏။ “ကျုပ် … ကျုပ်က ယွမ်သခင်လေးနဲ့ မဟာမိတ်ဖွဲ့ထားတာ။ မင်းအနေနဲ့ အဲဒီမိစ္ဆာဂိုဏ်းနဲ့ ပြဿနာမတက်ချင်ဘူး ဆိုရင် ကျုပ်တို့ကို မြန်မြန်လွှတ်ပေးတော့။”
“မဟာမိတ်ဖွဲ့ထားတာဟုတ်လား။”
ကျွင်းချောင်ရှောင်းက နှာခေါင်းရှုံကာပြောလိုက်၏။ “ဒါဆိုရင် ချင်းယန်နိုင်ငံကို လွှတ်ပြီး ပြဿနာရှာခိုင်းတာ ယွမ်သခင်လေးပဲပေါ့။”
“အမှန်ပဲ။” သမင်ဘုရင်က ပြောလိုက်သည်။
ကံကောင်းစွာဖြင့် ယွမ်သခင်လေးသည် ဤနေရာတွင် ရှိမနေခြင်းပင်။ မဟုတ်ပါက သွေးများအန်နေပေလိမ့် မည်။
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် အေးစက်သွား၏။ “တိုက်တိုက်ဆိုင်ဆိုင်ပဲ ကျုပ်ကလည်း ယွမ်သခင်လေးနဲ့ စကားပြောချင်နေတာလေ။ ဝိညာဉ်တောင်ကြားရဲ့ အုပ်ချုပ်သူတွေရှိနေပြီဆိုမှတော့ သူတို့ကို တစ်ခါတည်း ခေါ်သွားရအောင်။”
သမင်ဘုရင်သည် သဘောကျသွား၏။
ဤရောင်းရင်းသည် အလွန်အားကောင်းလွန်းလှ၏။ သူနှင့် သူ၏ အစ်ကိုကြီးတို့သည် ရှုံးနိမ့်ခဲ့သည်ဆိုလျှင်တောင်မှ ယွမ်သခင်လေးသည် ၎င်းတို့အား အနိုင်ယူနိုင်စွမ်းရှိလိမ့်မည်ဟု သူတို့ထင်မှတ်ထားသည်။
“သွားကြရအောင်။”
ကျွင်းချောင်ရှောင်းသည် အားလုံးကို ဦးဆောင်ကာဖြင့် မှောင်မဲလျက်ရှိနေသော ဝိညာဉ်တောင်ကြားထဲသို့ လျှောက်ဝင်သွားတော့၏။ သမင်ဘုရင်သည် သူ၏ ဒဏ်ရာများကို ဖိနှိပ်ကာဖြင့် ရှေ့မှ ဦးဆောင်ကာ လမ်းပြလျက်ရှိနေ၏။
ဤသားရဲဘုရင်သည် သူ၏အသင်းဖော်များကို သစ္စာဖောက်ပြီး ရန်သူအား အိမ်ဆီသို့ ခေါ်ဆောင်လာပြီ ဖြစ်ကြောင်းကို နားမလည်ခဲ့ချေ။
…
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှာတော့ ယွမ်သခင်လေးသည် ထိုင်ခုံပေါ်တွင် ထိုင်လျက်ရှိ၏။ သူ၏ နှလုံးခုန်သံများသည် မြန်ဆန်လျက်ရှိနေ၏။ တစ်စုံတစ်ခု ဆိုးရွားသောအရာများဖြစ်ပွားလာမည်ဟု သူ ထင်မှတ်နေမိ၏။
“သခင်လေး”
အမဲရောင်ဝတ်စုံနှင့်အကြီးအကဲသည် ဘေးတစ်ဖက်ဆီမှ မတ်မတ်ရပ်ကာ ပြောလိုက်တော့၏။ “သခင်လေး မျက်နှာပျက်နေသလိုပဲ။”
“အကြီးအကဲလေး”
ယွမ်သခင်လေးသည် သူ၏ရင်ဘတ်ကိုပုတ်ကာဖြင့် မျက်မှောင်ကုတ်လိုက်မိ၏။ “ဘာလို့လဲမသိဘူး။ တစ်စုံတစ်ခု ဆိုးရွားတဲ့အရာတွေ ဖြစ်တော့မယ်လို့ ခံစားမိနေတယ်။”
အမဲရောင်ဝတ်စုံနှင့်အကြီးအကဲက ပြောလိုက်၏။ “ဒါက သခင်လေးရဲ့ဒဏ်ရာတွေ ပြန်ပြီးမကောင်းသေးလို့ ဖြစ်လိမ့်မယ်။”
“မဟုတ်ဘူး”
ယွမ်သခင်လေးသည် တိကျခိုင်မာစွာ ပြောလိုက်မိ၏။ “ကျုပ်ရဲ့ဒဏ်ရာတွေက အကုန်ကောင်းပြီးသားပါ။”
အမဲရောင်ဝတ်စုံနှင့်အကြီးအကဲက ပြောလိုက်သည်။
“ဒီရက်ပိုင်းအတွင်းမှာ သခင်လေးက အနားတောင်မယူဘူးလေ။ အလုပ်တွေ အရမ်းလုပ်လို့နေမှာပေါ့။ အခုအားလုံး လည်း စီစဉ်ပြီးသွားပြီဆိုတော့ ကောင်းကောင်းအိပ်ပြီး အနားယူသင့်တယ်လို့ ထင်တယ်။”
“အင်း”
ယွမ်သခင်လေးသည် သက်ပြင်းချကာ ပြောလိုက်၏။ “အဘိုးကြီးတွေအားလုံးက ကျုပ်ကို လှောင်ပြောင်ချင်လို့ ကြည့်နေကြတာလေ။ ကျုပ်ရဲ့စီစဉ်ထားတဲ့အရာတွေက မကောင်းဘူးဆိုတော့ ကျိန်းသေပေါက်လာရောက်ပြီး ဆဲဆိုကြမှာ။ ဒီတော့တစ်ချက်ကလေးမှ အပျင်းခိုနေလို့ မဖြစ်ဘူး။”
အမဲရောင်ဝတ်စုံနှင့်အကြီးအကဲက ပြောလိုက်သည်။ “သခင်လေးက အရာအားလုံးကို ပုခုံးပေါ်တင်ထားတာကိုး။ ဒီအတိုင်းသာဆက်သွားမယ်ဆိုရင် ကျိန်းသေပေါက် တစ်နေ့နေ့မှာ နေမကောင်းဖြစ်ပြီး လဲပြိုသွားမှာ စိုးရိမ်မိတယ်။”
“ကျုပ်ရဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက နတ်ဆိုးအင်ပါယာရဲ့ စိတ်ဆန္ဒကို အမွေဆက်ခံထားတာလေ။ ကျုပ်တို့ ဘိုးဘေးတွေရဲ့ ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားပြီးတဲ့နောက်မှာတော့ အသီးအပွင့်တွေကို ခံစားနေရပြီ။ ဒုတိယ ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ကျုပ်က သေသေချာချာ သတိရှိရှိနဲ့ ဇွဲရှိရှိ လုပ်ကိုင်မှ ဖြစ်မယ်မဟုတ်လား။” ယွမ်သခင်လေးသည် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်၏။
“ဆိုးတာက”
အမဲရာင်ဝတ်စုံနှင့်သိုင်းကျင့်ကြံသူသည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “အဲအဘိုးကြီးတွေက သခင်လေးကို နားမလည်တာ ဆိုးတာပဲ။ သူတို့က နေရာတိုင်းကို ဆန့်ကျင်ဘက်တွေ လိုက်လုပ် နေတာ။ သခင်လေးရဲ့စကားကို နားမထောင်ဘဲ ပြိုင်စံရှားဂိုဏ်းကိုသာ ပြဿနာရှာဖို့ စီစဉ်ထားသေးတယ်။”
“ပြိုင်စံရှားဂိုဏ်းအကြောင်းကို မပြောပါနဲ့တော့။”
ယွမ်သခင်လေးသည် အံကြိတ်ကာ ပြောလိုက်မိ၏။ “အသည်းတွေနာလွန်းလို့ပါ။”
“ယွမ်ဖန်”
ရုတ်တရက်ဆိုသလိုပဲ အပြင်ဘက်ဆီမှ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာ၏။ “အပြင်ကို ထွက်ခဲ့စမ်း။”
ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ပင် ကျယ်လောင်လှ၏။ ယွမ်သခင်လေးသည် ခန္ဓာကိုယ်တစ်ခုလုံး တုန်တက်သွားမိ ၏။ သူ၏မျက်နှာပေါ်တွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများဖြစ်ပေါ်လာခဲ့တော့သည်။ အလန့်တကြားဖြင့် ထ၍အော် လိုက်မိ၏။ “ကျွင်း … ကျွင်းချောင်ရှောင်း”
အမဲရောင်ဝတ်စုံနှင့်အကြီးအကဲသည် မယုံကြည်နိုင်သလို ပြောလိုက်မိ၏။ “ဘယ်လို … ဘယ်လိုရှာတွေသွားတာလဲ။ ဒီထဲမှာ အရမ်းကြောက်ဖို့ကောင်းတဲ့ စိတ်ဝိညာဉ်သားရဲတွေ တစ်သိန်းကျော် တောင်ရှိတာလေ။ အားလုံးက မျက်ကန်းသလိုနေနေကြတာလား။”
“ဘုန်း”
ကြီးမားလှသည့်ပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့တော့သည်။ တည်နေရာကြီး တစ်ခုလုံးသည် လှုပ်ခါသွားခဲ့၏။
ဝှစ် ဝှစ်
ယွမ်သခင်လေးသည် အမဲရောင်ဝတ်စုံအကြီးအကဲနှင့်အတူ အပြင်ဘက်ဆီသို့ အလျင်အမြန်ပဲ ပျံသန်းထွက်ခွာလာ၏။ အသစ်တည်ဆောက်ထားသော ဂိုဏ်း၏ ဂိတ်တံခါးကြီးသည် ဖျက်ဆီးခံလိုက်ရသည်ကို မြင်ရသည့်အချိန်မှာတော့ သူသည် မိမိကိုယ်ကို မထိန်းချုပ်နိုင်ဘဲ သွေးများပင် အန်ထွက်လာခဲ့တော့သည်။
“နေအုံး။ ကျားဘုရင်နှင့် သမင်ဘုရင်တို့က ဒဏ်ရာတွေ ဗရဗွနဲ့ပါလား။ ဘယ်လိုဖြစ်တာလဲ။”
၎င်းတို့သည် ကျွင်းချောင်ရှောင်းနှင့် တိုက်ခိုက်ပြီး အဖမ်းအဆီးခံလာရခြင်းပင် ဖြစ်ပေလိမ့်မည်။
ယွမ်သခင်လေးသည် သိပ်ပြီးမတွေးရဲချေ။ ထို့ကြောင့် အလျင်အမြန်ဖြင့် လက်သီးကိုဆုပ်ကာ ယဉ်ကျေးစွာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း ရောက်ရှိလာတဲ့အတွက် ဂုဏ်ယူပါတယ်။ ထွက်ပြီးမကြိုနိုင်မိတာကို တောင်းပန်ပါတယ်။ ကျေးဇူး ပြုပြီး ခွင့်လွတ်ပေးပါ။”
“ယွမ်သခင်လေး”
ထိုအချိန်မှာတော့ သမင်ဘုရင်သည် အော်ဟစ်လိုက်၏။ “ကျုပ်တို့နှစ်ယောက်က ချင်းယန်နိုင်ငံကို သွားပြီးတော့ တိုက်ခိုက်ကြတာ။ ဒါပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီလူရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်။ မြန်မြန်ကျွမ်းကျင်သူတွေလွှတ်ပြီး ကျုပ်တို့ကို ကယ်ပေးအုံး။”
“နှစ်ယောက်သားက ချင်းယန်နိုင်ငံကိုသွားပြီး တိုက်ခိုက်တယ်ဟုတ်လား။”
“ဝေါ့”
ယွမ်သခင်လေးသည် ရင်ဘတ်ကို ဖိကာဖြင့် ခန္ဓာကိုယ်တစ်ခုလုံး အနောက်သို့ပင် လန်ကာကျသွားခဲ့သည်။