အခန်း (၁၀၀၁)
Vol. 68 Ch. 1001
ကျွင်းချောင်ရှောင်းသည် ကြမ်းတမ်းလှသော သားရဲရိုင်းများ တစ်သိန်းနီးပါးခန့် ဝန်းရံလျက်ရှိနေသော တည်နေရာထဲ သို့ ဝင်ရောက်လာမည်ဟု ယွမ်သခင်လေးသည် မည်သို့သောအခါမှမတွေးခဲ့ချေ။ အဓိပ္ပာယ်မဲ့လှချေသည်။ အဘယ့် ကြောင့် တစ်ဖက်လူသည် သူ့အား ရှာဖွေတွေ့ရှိကာဖြင့် ဤနေရာဆီသို့ပင် ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာရ သနည်း။
တွေးနေတုန်းမှာပဲ သူသည် ရှစ်ကျန်းရွမ်ကို သတိပြုမိလိုက်တော့၏။ သူ၏သိစိတ်ပင်လယ်ထဲတွင် ရှိနေသော သတင်း အချက်အလက်များကို ရှေ့ထိုးနှိုင်းယှဉ်စဉ်းစားရမည်ဆိုလျှင် သူမသည် မြောင်ဟွာခန်းမ ၏ သခင်ဖြစ်ကြောင်း ချက်ချင်းပဲ နားလည်လိုက်မိ၏။
သူသည် ချက်ချင်းပဲ သဘောပေါက်နားလည်သွားမိတော့သည်။ ကျွင်းချောင်ရှောင်းသည် ဤအမျိုးသမီးအတွက် တရားမျှတမှုကို လာရောက်တောင်းဆိုခြင်းပင်ဖြစ်ပေလိမ့်မည်။
အစ်ကိုကြီး ….. ကျုပ်တို့ ဒီနေရာကို ရွှေ့လာတာ ဘယ်လောက်ကြာသေးလို့ ဒီနေရာကို လိုက်လာရတာလဲ။
အနည်းဆုံးတော့ တစ်သက်လုံး တံခါးပိတ်ပြီးတော့ သိုသိုသိပ်သိပ်နေထိုင်တဲ့ ဂိုဏ်းတစ်ခုကို မျက်နှာသာတော့ ပေးသင့်တယ်မထင်ဘူးလား။
ယွမ်သခင်လေးသည် အမှန်ပင် စိတ်ဓာတ်ကျလျက်ရှိနေသည်ဆိုသော်လည်း ကြောက်ရွံ့ခြင်းတော့ မဖြစ်ပေ။ သူ၏ အထင်အမြင်အရဆိုလျှင် ဤအရာသည် နားလည်မှုလွဲမှားခြင်းသာဖြစ်သည်။ လျော်ကြေးအနေနှင့် အရင်းအမြစ်တစ်ချို့ကို ပေးစွမ်းနိုင်မည်ဆိုပါက ပြဿနာရှိလှမည်မဟုတ်ချေ။
ချင်းယန်နိုင်ငံကို တိုက်ခိုက်ခြင်း .. ထိုအရာမှာတော့ ဆိုးရွားလွန်း၏။
သမင်ဘုရင် ထိုစကားကို ပြောလိုက်သည့်အချိန်မှာတော့ သူသည် စာခြောက်ရုပ်ကြီးတစ်ရုပ်ကဲ့သို့ တည်နေရာ ထဲတွင် မတ်မတ်ရပ်လျက် ဆွံ့အနေမိတော့၏။ သူ၏နှလုံးသားတစ်ခုလုံးသည် စကြာဝဠာကြီးအပြင်ဘက်ဆီသို့ လွင့်စင်သွားရသလိုပင် ခံစားလိုက်မိတော့သည်။
မည်သို့မျှမခံစားနိုင်တော့ဘဲ သူသည် သွေးများအန်ထွက်ကာဖြင့် သတိလစ်မေ့မျောလုမတတ်ပင် ဖြစ်နေ၏။
ဤသားရဲနှစ်ကောင်သည် ဝိညာဉ်တောင်ကြားထဲမှ ထွက်ခွာသွားသည်ကို သူကောင်းကောင်းသိ၏။ သို့ပေမဲ့ ချင်းယန် နိုင်ငံသို့ သွား၍ တိတ်တဆိတ်ချောင်းမြောင်းတိုက်ခိုက်လိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
ထို့အပြင် အရှေ့တောင်ရန်ကျူးဆိုသည်မှာ ဤနေရာနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အလွန်ဝေးကွာသည့်နေရာတွင် ရှိသော နေရာဖြစ်၏။ ပထဝီအနေအထားအရဆိုလျှင် ဤသားရဲ နှစ်ကောင်သည် ဤမျှ ဝေးလံလှသည့်နေရာသို့ အဘယ့်ကြောင့်သွားရသနည်း။
မစိုးရိမ်နဲ့။ မစိုးရိမ်နဲ့။ ငါဒီနှစ်ယောက်ကို မသိချင်ယောင်ဆောင်လိုက်မယ်။
“ယွမ်သခင်လေး”
ဘာစကားမှမပြောသည်ကိုမြင်သည့်အခါမှာတော့ သမင်ဘုရင်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “ကျုပ်တို့က မဟာမိတ်ဖွဲ့ထားတာလေ။ ဘာလို့ ကျုပ်တို့ကို မသိချင်ယောင်ဆောင်နေတာလဲ။”
ဝေါ့ ဝေါ့ ဝေါ့
ယွမ်သခင်လေးသည် အနောက်သို့ ခြေသုံးလှမ်းဆုတ်ပြီးသည့်နောက်မှာတော့ သွေးသုံးကြိမ်တိတိ အန်ထွက်လာ ခဲ့ပြန်သည်။
လေထဲတွင် သွေးပန်းများပင် ပွင့်သွားခဲ့၏။ သူသည် သူ၏ အသင်းဖော်ကို သစ္စာဖောက်ရန် စဉ်းစားဆုံးဖြတ်ခဲ့မိ၏။ သို့ပေမဲ့ တစ်ဖက်လူသည် အရိပ်အကဲနားမလည်စွာဖြင့် သူ့အား ထပ်တလဲလဲသိရှိကြောင်း အတင်းပြောဆိုနေရုံ သာမက မဟာမိတ်ဖွဲ့သည့်အကြောင်းကိုပင် တကူးတက ထုတ်ဖော်ကာ ပြောဆိုလျက်ရှိနေသေး၏။
နတ်ဘုရားလို ရန်သူနှင့်ရင်ဆိုင်တွေ့နေရသည့်အပြင် ဝက်လိုအသင်းဖော်နှင့်ပါ အတူရှိနေရသေးသည်။
နတ်ဆိုးဂိုဏ်းတစ်ခုလုံး၏ တာဝန်များကို ပခုံးပေါ်တင်ထားရသော ယွမ်သခင်လေးသည် ဤတာဝန်များသာ မရှိဘူး ဆိုပါက တစ်ခါတည်း ငရဲပြည်သို့ သွား၍ အိပ်စက်လိုက်ဖို့တောင် စဉ်းစားလိုက်မိသေး၏။
“ခန်းမသခင်ရှစ် ကျေးဇူးပြုပြီး ထိုင်ပါအုံး။”
“ကောင်းပါပြီ။” ရှစ်ကျန်းရွမ်သည် ကျန့်ရာစီစဉ်ပေးထားသော ထိုင်ခုံပေါ်တွင် အသာထိုင်ချလိုက်၏။
ကျွင်းချောင်ရှောင်းသည်လည်း ထိုင်ခုံပေါ်တွင် ထိုင်ချကာ ပြောလိုက်တော့သည်။ “ယွမ်သခင်လေး ပြိုင်စံရှားဂိုဏ်းရဲ့ မဟာမိတ်တွေကို ခင်ဗျား ဒဏ်ရာရအောင်ပြုလုပ်ခဲ့တာကို ကျုပ်နားလည်ပေးနိုင် သေးတယ်။ ဒါပေမဲ့ ဒီနှစ်ကောင်ကို လွှတ်ပြီးတော့ ချင်းယန်နိုင်ငံကို ပြဿနာရှာတာက နည်းနည်းများလွန်းသွားပြီ။”
“ဂိုဏ်းချုပ်ကျွင်း”
ယွမ်သခင်လေးသည် ပါးစပ်ထဲမှ အန်ထွက်လုမတတ်ဖြစ်နေသော သွေးများကို ဖိနှိပ်ပြီးသည့်နောက်မှာတော့ အလောတကြီးဖြင့် လက်ကို မြှောက်လိုက်တော့၏။ “ကောင်းကင်ကြီးကို တိုင်တည်ပြီးတော့ ကျိန်ဆိုပါတယ်။ ကျုပ်ဒီနှစ်ယောက်ကို ချင်းယန်နိုင်ငံဆီကို မပို့လိုက်ပါဘူး။ သူတို့လုပ်တာ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းနဲ့ ဘာမှမဆိုင်ပါဘူး။”
“သူတို့ကတောင်မှ မဟာမိတ်ဖွဲ့ထားတယ်လို့ ပြောပြီးသားလေ။”
ကျွင်းချောင်ရှောင်းသည် အေးအေးစက်စက်ပြောလိုက်၏။ “ဒီကျွင်းကို ခင်ဗျားက သုံးနှစ်သားကလေးလေးလို့ ထင်နေတာလား။”
ယွမ်သခင်လေးသည် ထပ်မံကာ သွေးအန်လုမတတ်ပင် ဖြစ်သွားတော့၏။ အစပိုင်းတုန်းက ဝိညာဉ်တောင်ကြား ထဲတွင် ရှိနေသော ဤစိတ်ဝိညာည်သားရဲနှစ်ကောင်နှင့် မဟာမိတ်ဖွဲ့ခဲ့ခြင်းသည် သူ၏လက်ထဲတွင် စစ်တုရင်အရုပ် နှစ်ရုပ် တိုးလာခြင်း ဖြစ်သည်ဟု ခံစားမိခဲ့၏။
အဆုံးသတ်မှာတော့ သူ၏ အသိအမှတ်ပြုမှုကိုပင် မရဘဲ ကျွင်းချောင်ရှောင်းကို သွား၍ အဆင်ခြင်မဲ့ ပြဿနာသွားရှာခဲ့လေသည်။ ဤနှစ်ကောင်သည် စစ်တုရင်အရုပ်များ မဟုတ်ပေ။ ပေါက်ကွဲနိုင်သည့် ဗုံးများပင် ဖြစ်နေသည်။
“ဂိုဏ်းချုပ်ကျွင်း”
ယွမ်သခင်လေးသည် အလောတကြီးရှင်းပြလိုက်မိ၏။ “လူသားတစ်ယောက်အနေနဲ့ ကျုပ်က ဘယ်လိုလုပ်ပြီး သားရဲနဲ့ မဟာမိတ်ဖွဲ့ရမှာလဲ။ ကျေးဇူးပြုပြီး သူတို့ပေါက်ကရ ပြောတာတွေနားမထောင်ပါနဲ့။”
“ခင်ဗျားတို့က မဟာမိတ်မဖွဲ့ဘူးပေါ့။”
ကျွင်းချောင်ရှောင်းက မေးလိုက်သည်။
“အမှန်ပါပဲ။” ယွမ်သခင်လေးသည် လေးလေးနက်နက်နှင့် ပြန်ဖြေလိုက်၏။
“ချီးကောင်”
သမင်ဘုရင်သည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ “ကျုပ်တို့က သေသေချာချာ မဟာမိတ်ဖွဲ့ထားတာလေ။ ကျုပ်တို့ကသာ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို ကူညီပေးနိုင် မယ်ဆိုရင် ကျုပ်တို့အတွက် ရတနာမြေတွေအများကြီးရမယ်လို့ ခင်ဗျားပြောခဲ့တာမဟုတ်ဘူးလား။”
“ဟမ့်”
ယွမ်သခင်လေးသည် အေးစက်စက် ပြောလိုက်၏။ “ကျုပ်တို့က မျိုးနွယ်မတူတဲ့အပြင် ရည်မှန်းချက်တွေလည်း မတူဘူး။ ဘယ်လိုလုပ်ပြီး ခင်ဗျားတို့လို မွန်းစတားသတ္တဝါ တွေနဲ့ မဟာမိတ်ဖွဲ့ရမှာလဲ။”
ဤအချိန်မှာတော့ သူသည် ထိုနှစ်ကောင်နှင့် ခပ်ဝေးဝေးတွင် နေချင်မိ၏။ အမှတ်တမဲ့နှင့် မြောင်ဟွာခန်းမမှ တပည့် များကို ထိခိုက်နာကျင်အောင် လုပ်ခဲ့မိသည်ကပင် ခေါင်းကိုက်စရာဖြစ်ပြီးနေပြီဖြစ်သည်။ သို့ပေမဲ့ ဤနှစ်ကောင်သည် ချင်းယန်နိုင်ငံဆီသို့သွား၍ တကူးတကပြဿနာသွားရှာခဲ့သေး၏။
ဤအချက်အလက် နှစ်ခုကို ကိုင်စွဲကာဖြင့် ဂိုဏ်းချုပ်ကျွင်းသည် သူ့အား ငွေညှစ်တော့မှာသေချာတော့၏။ အားအင် အဆင့်အရ နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် ပြိုင်စံရှားဂိုဏ်းနှင့် ယှဉ်ပြိုင်တိုက်ခိုက် နိုင်စွမ်းမရှိချေ။ ထို့ကြောင့် ဤအတိုင်းသာ ဆက်၍သွားမည်ဆိုပါက အခြေအနေပို၍ ဆိုးရွားသွားမည်ဖြစ်ကြောင်းကို ယွမ်သခင်လေးက ကောင်းကောင်းနားလည်မိသည်။
ထို့ပြင် ကြယ်ကြွေကုန်းမြေတိုက်ကြီးရှိ စွမ်းအားမြင့်ကျင့်ကြံသူများသည် ဂြိုဟ်တိုက်ပွဲဆီသို့ ဝင်ရောက်နေကြသည့် အချိန်ပင် ဖြစ်၏။ ၎င်းတို့၏ အလုံးစုံသောအားအင်များသည် နိမ့်ကျလျက်ရှိနေ၏။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူ့အနေနှင့် အောင်မြင်သည့်ကိစ္စရပ်များကို မပြုလုပ်နိုင်ဘဲ ပြိုင်စံရှားဂိုဏ်းနှင့် သွားရောက်ကာ တိုက်ခိုက်နေမည်ဆိုပါက စီစဉ်ထားသမျှ အရာအားလုံးသည် ပျက်စီးသွားတော့မှာ သေချာ၏။
“အစ်ကိုကြီး”
“ညီလေး”
ကျားဘုရင်သည် ဒေါသတကြီးဖြင့် ပြောလိုက်၏။ “လူသားတွေက မယုံရပါဘူးလို့ ကျုပ်ပြောသားပဲ။”
ကျွင်းချောင်ရှောင်းသာ ခွင့်ပြုမည်ဆိုပါက ယွမ်သခင်လေးသည် အမှန်ပင် ရှေ့သို့တိုးလာပြီး အားရပါးရ ရိုက်နှက်မိမှာ သေချာသည်။
ခင်ဗျားတို့က ကိုယ့်အသင်းဖော်ကို သစ္စာဖောက်ခဲ့တာလေ။ ဘယ်လိုဖြစ်ပြီး မယုံကြည်ရတဲ့လူက ကျုပ်ဖြစ်ရတာလဲ။
သာမန်အမြင်အရဆိုလျှင် ကျားနှင့်သမင်တို့သည် မယုံကြည်ရသည့်သူများဖြစ်သည်။
သို့ပေမဲ့ ၎င်းတို့သည် သားရဲများသာဖြစ်၏။ ထို့ကြောင့် ရိုးရှင်းလှသည့်စိတ်ထားကို ပိုင်ဆိုင်ပြီး မိမိလုပ်ချင်သည့်ကိစ္စရပ်များကို သေသေချာချာ စဉ်းစားနေလိမ့်မည်မဟုတ်ချေ။ ယွမ်သခင်လေးသည် ထိုသို့သောလူများကို မဟာမိတ်ဖွဲ့ရန် စီစဉ်ခဲ့သည်ဖြစ်သောကြောင့် ၎င်းတို့ပြုလုပ်ခဲ့သည့် မထင်မှတ်သော အခြေအနေမျိုးကို တာဝန်ယူသင့်ပေ၏။
“ဂိုဏ်းချုပ်”
ကျန့်ရာက ပြောလိုက်သည်။ “အနောက်မြောက် လုကျိုးမှာရှိတဲ့ ရေခဲရွာလေးဆီမှာ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း က လူတွေ ပေါ်လာတယ်လို့ကြားတယ်။ ဟောခန်းသခင်လီက သတင်းပို့လိုက်တယ်။ ကံကောင်းတာက သားရဲစီးဟောခန်းက သူတွေက သူတို့ကိုတွေ့ပြီး ဖြေရှင်းလိုက်တယ်လေ။”
၎င်းသည် အသံပို့လွှတ်ကာ ပြောဆိုခဲ့ခြင်းမဟုတ်ပေ။ ထို့ကြောင့် ယွမ်သခင်လေးသည် ထိုအချင်းအရာကို ကောင်းကောင်းကြားလိုက်ရ၏။ သူ၏ မျက်နှာတစ်ခုလုံးသည် တွန့်လိမ်လျက်ရှိနေတော့၏။
“ယွမ်ဖန်”
ကျွင်းချောင်ရှောင်းသည် မတ်တပ်ထရပ်လိုက်သည်။ သူသည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။ “ပြိုင်စံရှားဂိုဏ်းကို ဒီလောက်အထိ ဖိအားပေးလို့ရမယ်လို့ ခင်ဗျားတကယ်ထင်နေတာလား။ ယုံချင်ယုံ မယုံချင်နေ။ ကျုပ်က လမ်းမှန်ဂိုဏ်းတွေအကုန်လုံးနဲ့ ပူးပေါင်းပြီးတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို စစ်ကြေညာလိုက်မယ်။”
ဤစကားသည် တကယ့်ကို လေးလေးနက်နက် ပြောဆိုခဲ့ခြင်းပင်ဖြစ်သည်။ သူ့အနေနှင့် မည်သည့်လှုပ်ရှားမှုကိုမှ မပြုလုပ်ခဲ့သလို ဂိုဏ်းများနှင့်ပူးပေါင်းခြင်းကိုလည်း မရှိခဲ့ချေ။ သူသည်သာ လမ်းမှန်ဂိုဏ်းသားများနှင့် ပူးပေါင်း၍ တိုက်ခိုက်မည်ဆိုပါက နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် ကြီးမားသည့်ဆုံးရှုံးမှုမျိုးကို ဖြစ်တည်စေတော့မှာ သေချာသည်။
“နားလည်မှုလွဲတာပါ။ ဒါကကျိန်းသေပေါက် နားလည်မှုလွဲတာ။”
ယွမ်သခင်လေးသည် အလောတကြီးဖြင့် ရှင်းပြလိုက်ခဲ့၏။ “ကျုပ်က အနောက်မြောက် လုကျိုးကို စေလွှတ်လိုက်တယ်ဆိုတာ တတိယအဆင့်ဂိုဏ်းတစ်ခုကို ပစ်မှတ်ထားချင်လို့ပဲ။ အဲဒီရေခဲရွာလေးဆီကိုတော့ မလွှတ်လိုက်ပါဘူး။”
“တစ်ကြိမ်နားလည်မှုလွဲတာကို ကျုပ်နားလည်နိုင်တယ်။ ဒါပေမဲ့ နှစ်ကြိမ်၊ သုံးကြိမ်ဖြစ်လာပြီဆိုရင်တော့ ဒါက သက်သက်ရန်စတာနဲ့အတူတူပဲ။” ကျွင်းချောင်ရှောင်းသည် အေးစက်သည့်မျက်နှာနှင့်ပြောလိုက်၏။
“ဂိုဏ်းချုပ်ကျွင်း”
ရှင်းပြရန်စွမ်းအင်များပင် မရှိတော့သော ယွမ်သခင်လေးသည် လိုရင်းကိုသာ တည့်တည့်ပြောလိုက်တော့၏။ “ကျုပ်က နားလည်မှုလွဲမှားခဲ့တဲ့ အရာတွေအားလုံးအတွက် လေးလေးနက်နက် တောင်းပန်ပါတယ်။ ပြီးတော့ စိတ်ဝိညာဉ်ကျောက်တုံးနဲ့ အခြားအရင်းအမြစ်တွေနဲ့ လျော်ကြေးပေးပါ့မယ်။”
ကျွင်းချောင်ရှောင်းသည် ဒေါသတကြီး ပြောလိုက်၏။ “ခင်ဗျားအနေနဲ့ စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာလောက်ကို ထုတ်ပြီးပေးမယ်ဆိုရင်တောင် မြောင်ဟွာခန်းမရဲ့ တပည့်နှစ်ယောက် အသက်တွေနဲ့လဲလှယ်လို့ရနိုင်မယ်ထင်နေတာလား။”
ယွမ်သခင်လေးသည် ဆွံ့အသွားလျက်ရှိ၏။ သေဆုံးသွားသည့်လူများသည် ပြိုင်စံရှားဂိုဏ်းမှ တပည့်များမဟုတ်ပေ။ သို့ပေမဲ့ တစ်ဖက်လူသည် အစစ်အမှန်ပင် ဒေါသတကြီးဖြင့် ပြောဆိုလျက်ရှိနေ၏။ ထို့အပြင် ဂိုဏ်းချုပ်ကျွင်းသည် မြောင်ဟွာခန်းမမှ တပည့်နှစ်ယောက် သေဆုံးသည့်အတွက် စိတ်ဝိညာဉ်ကျောက်တုံး သန်းတစ်ရာလောက်နှင့် လျော်မည်ဆိုလျှင်တောင် မလုံလောက်ဟု ပြောဆိုနေသည်။
“ဂိုဏ်းချုပ်ကျွင်း ကျုပ်က နောက်လိုက်တွေကို စေလွှတ်ပြီး လိုင်လီနတ်ဂိုဏ်းကို တိုက်ခိုက်ခဲ့တာပါ။ ဒါပေမဲ့ တပည့် တွေက မှားယွင်းပြီး မြောင်ဟွာခန်းမမှ တပည့်တွေကို တိုက်ခိုက်ခဲ့တာလေ။ တောင်းပန်တဲ့အနေနဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက ကြည်ကြည်ဖြူဖြူနဲ့ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းပေးပါ့မယ်။”
“လူလုပ်စိတ်ဝိညာဉ်ကျောက်တုံးလား။ သဘာဝလား။”
“လူလုပ်စိတ်ဝိညာဉ်ကျောက်တုံးပါ။”
“အသက်နှစ်သက်အတွက် လူလုပ်စိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းဟုတ်လား။ ခင်ဗျားက ကျုပ်ကို သူတောင်းစား ထင်နေတာလား။”
ပထမတစ်ကြိမ် ပိုက်ဆံများအကုန်ပါသွားပြီးပြီဖြစ်သောကြောင့် ယွမ်သခင်လေးသည် ကောင်းကောင်းအတွေ့အကြုံ ရှိနေ၏။ ထို့ကြောင့်ပင် လေးလေးနက်နက် ပြန်မေးလိုက်မိသည်။ “ဂိုဏ်းချုပ်ကျွင်းက လျော်ကြေးဘယ်လောက်လိုချင်တာလဲ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “လက်ရှိ ခင်ဗျားတို့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက လမ်းမှန်ဂိုဏ်းတွေ အများကြီးကို ဖျက်ဆီးခဲ့တယ်လေ။ ဒီတော့ အရင်းအမြစ်တွေ အများကြီးရမှာကျိန်းသေတယ်။ တကယ်လို့ ယွမ်သခင်လေးအနေနဲ့ လေးလေးနက်နက် လျော်ကြေးပေးချင်တယ်ဆိုရင် ခင်ဗျားတို့ရရှိထားတဲ့ အရင်းအမြစ်တွေအကုန်လုံး ကျုပ်ကို ပေးလိုက်။”
“ဒါက …..” ယွမ်သခင်လေး၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။
ကျွင်းချောင်ရှောင်း၏ မျက်နှာသည် မဲမှောင်သွားခဲ့တော့သည်။ “ခင်ဗျားက သဘောမတူရင်လည်းရပါတယ်။ ကျုပ်က အတင်းဖိအားပေးမှာမဟုတ်ဘူး။’
အစ်ကိုကြီး ခင်ဗျားရဲ့ မျက်နှာပေါ်မှာရှိနေတဲ့ အရိပ်အယောင်တွေက ချိန်းခြောက်နေတဲ့ အရိပ်အယောင်မျိုးလေ။ ဘယ်လိုဖြစ်ပြီးတော့ ဖိအားမပေးပါဘူးလို့ ပြောနေရတာလဲ။
“ဂိုဏ်းချုပ်ကျွင်း ……”
ယွမ်သခင်လေးသည် နာကျင်နေသည့်အမူအရာဖြင့် ပြောလိုက်မိ၏။ “ကျုပ်တို့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက လက်တလောမှာ တိုက်ခိုက်မှုတွေအများကြီး လုပ်ခဲ့တယ်ဆိုပေမဲ့ ကျုပ်တို့ ဖျက်ဆီးခဲ့တဲ့ဂိုဏ်းတွေက အဆင့်လေး နဲ့ အဆင့်ငါး ဂိုဏ်းတွေလေ။ ဒီတော့ ဘာမှထူးထူးခြားခြား ရထားတာမျိုး မရှိပါဘူး။”
“ဒါဆိုရင် ဒီလိုလုပ်ရအောင်။ ကျုပ်က လူလုပ်စိတ်ဝိညာဉ်ကျောက်တုံး နှစ်သန်းကို ပေးမယ်လေ။ ပြီးတော့ ဆေးပင် တွေ၊ ကျောက်အရိုင်းတုံးတွေနဲ့ တစ်ခြားအရင်းအမြစ်တွေကိုလည်း လျော်ကြေးအဖြစ် ပေးအုံးမယ်။”
“သဘာဝစိတ်ဝိညာဉ်ကျောက်တုံးတွေ မပါဘူးဆိုရင် ဘာတစ်ခုမှ ညှိနှိုင်းလို့မဖြစ်နိုင်ဘူး။”
…
ယွမ်သခင်လေးသည် အံ့ကို ကြိတ်ကာပင် ပြောလိုက်၏။ “ကျုပ် နောက်ထပ် သဘာဝစိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းကို ထပ်ထည့်ပေးပါမယ်။”
ဤအရာများအားလုံးသည် သူ အဆင့်လေး နှင့် အဆင့် ငါးဂိုဏ်းများကို ဖျက်ဆီး၍ ရရှိခဲ့သည့် အရင်းအမြစ်များ အားလုံးပင်ဖြစ်တော့၏။ ထိုအရာများအားလုံးကို လျော်ကြေးအဖြစ် ပေးအပ်ခြင်းဆိုသည်မှာ သူ၏ လေးနက်မှုကို ပြသခြင်းပင် ဖြစ်သည်။
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ခန်းမသခင်ရှစ် ဘယ်လိုထင်လဲ။”
“ဟမ်”
ရှစ်ကျန်းရွမ်သည် အချိန်အတော်ကြာ ငြိမ်သက်သွား၏။ ပြီးသည့်နောက်မှာ ပြောလိုက်၏။ “ဂိုဏ်းချုပ်ကျွင်း … ရှင်ပဲ ဆုံးဖြတ်ပါ။”
ဤအမျိုးသမီးသည် အလွန်တရာ ဉာဏ်ကောင်းလွန်းလှ၏။ သူမအနေနှင့် ခက်ခဲသည့်အခြေအနေသို့ ရောက်သည့် အချိန်တွင် ဆုံးဖြတ်ရမည့်အချက်အလက်များအားလုံးကို ဂိုဏ်းချုပ်ကျွင်းဆီသို့ လွှဲအပ်ထားခဲ့သည်။
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် လူလုပ်စိတ်ဝိညာဉ်ကျောက်တုံး နှစ်သန်းနဲ့ သဘာဝစိတ်ဝိညာဉ်ကျောက်တုံး နှစ်သိန်းပေါ့။ ပြီးတော့ ကျောက်အရိုင်းတုံးတွေနဲ့ ဆေးပင်တွေပေါ့။”
ယွမ်သခင်လေးသည် ကြိတ်ကာ ပျော်ရွှင်သွားမိ၏။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းက ထပ်ပြောလိုက်၏။ “ဒါတွေအကုန်လုံးက မြောင်ဟွာခန်းမသခင်ကို လျော်ကြေးပေးတာ တစ်ခုပဲနော်။ ခင်ဗျားအနေနဲ့ ဒီမဟာမိတ် နှစ်ယောက်နဲ့ ပတ်သက်ပြီး ချင်းယန်နိုင်ငံကို ပြဿနာရှာခဲ့တဲ့ကိစ္စကတော့ သက်သက်ရှင်းရအုံးမယ်။”
“ဟမ်”
ယွမ်သခင်လေးသည် မြေပေါ်သို့ လဲကျလုမတတ် ဖြစ်သွား၏။
“ကျွင်းချောင်ရှောင်း”
ထိုအချိန်မှာပဲ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ အတွင်းဘက်ဆီမှ အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ “လွန်မလာနဲ့”
ထိုအသံသည် အလွန်အားကောင်းလှသော အော်ရာများထွက်ပေါ်နေပြီး တည်နေရာကိုပင် တုန်ခါသွားစေခဲ့၏။
ခရမ်းရောင်ဘုရင်၊ အဘိုးကြီးတင်းနှင့် အခြားသောသူများအားလုံးသည် မျက်မှောင်ကုတ်သွားကြတော့သည်။ ဤကဲ့သို့ ပြောဆိုလိုက်သောလူသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးရှိ ကောင်းကင်တိုက်ခိုက်ရေးစိတ်ဝိညာဉ်ထက် မည်သို့မျှ အားမနည်းသည့် လူတစ်ယောက်ဖြစ်မှာ သေချာနေ၏။
“သိုင်းနယ်မြေထိပ်ဆုံးအဆင့်လား။” ကျွင်းချောင်ရှောင်းက တွေးလိုက်မိ၏။
သူ၏ မျက်နှာချင်းဆိုင်တွင် ရပ်လျက်ရှိနေသော ယွမ်သခင်လေးသည် မယုံကြည်နိုင်စွာနှင့်ပြောလိုက်၏။ “ဂိုဏ်း … ဂိုဏ်းချုပ် ပြန်ထွက်လာပြီလား။”