အခန်း (၁၀၀၂)
Vol. 68 Ch. 1002
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ အပြင်ဘက်ခြံဝန်းမှာတော့ အမဲရောင်ဝတ်စုံနှင့် မျက်နှာဖုံးတပ်ထားသော လူတစ်စုသည် တစ်ယောက်ပြီးတစ်ယောက် ခုန်ထွက်လာခဲ့၏။ ၎င်းတို့သည် နှစ်တန်းအဖြစ် စီကာ မတ်မတ် ရပ်လိုက်၏။ သူတို့၏ ညာဘက်လက်များကို မြှောက်ကိုင်လိုက်သည့်အချိန်မှာတော့ ၎င်းတို့၏ ကျော်အနောက်ဘက်ရှိ ဓားများသည် ဓားအိမ်ထဲမှ ထွက်ကာ တစ်ခုနှင့်တစ်ခု ချိတ်ဆက်ပြီး လေထဲ၌ မတ်မတ်တန်းလျက် ရှိနေတော့၏။
“ကြိုဆိုပါတယ် ဂိုဏ်းချုပ်”
ဝှစ်
အမဲရောင်ဝတ်စုံဝတ်ဆင်ထားပြီး အလွန်တရာ အားကောင်းလွန်းလှသော နတ်ဆိုးအော်ရာများ ထွက်ပေါ်နေသော လူသည် အတွင်းဘက် ခြံဝန်းထဲမှ ပျံသန်းထွက်ခွာလာ၏။ ထိုသူသည် ဓားများခင်းထားသော လမ်းပေါသို့ အသာ နင်းလျှောက်ကာဖြင့် ဟိတ်ဟန်အပြည့် လှမ်းလျှောက်လာ၏။
ချီးတဲ့မှ….
ကျွင်းချောင်ရှောင်းသည် မျက်လုံးပြုးသွားမိ၏။ ဒီလိုမျိုးလာတဲ့ပုံစံက အရမ်းမိုက်တယ်၊ ငါ့ဆီမှာသာ အချိန်ရှိမယ်ဆိုရင် ဒီလိုပုံစံမျိုးနဲ့ ဂိုဏ်းထဲက ထွက်လာဖို့အတွက် သေသေချာချာ လေ့ကျင့်ထားသင့်တယ်။
“ဂိုဏ်းချုပ်” ယွမ်သခင်လေးသည် အမဲရောင်ဝတ်စုံဝတ်ဆင်ထားသော အဘိုးအိုအား လေးလေးစားစားဖြင့် နှုတ်ဆက်လိုက်ကြ၏။
“အင်း” နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ခေါင်းညိတ်လိုက်၏။ သူသည် အလွန်ရုပ်ဆိုးလှသော မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားသည်ဖြစ်သောကြောင့် သူ၏မျက်နှာကို ရှင်းရှင်းလင်းလင်းမြင်ရရန် ခက်ခဲလှ ချေသည်။
“ဂိုဏ်းချုပ်ကျွင်း…”
သူသည် ဂိတ်တံခါး၏ ရှေ့တွင် မတ်မတ်ရပ်ပြီးသည့်နောက်မှာတော့ ဝံ့ကြွားစွာ ပြောလိုက် သည်။ “ဂိုဏ်းချုပ်ကျွင်းက ဒီကိုလာပြီးတော့ ငွေကြေးတွေ ထပ်တလဲလဲ တောင်းခံနေတယ်ဆိုတော့ ကျုပ်တို့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ကို ငွေထုတ်စက် တစ်ခုလို့ ထင်နေတာလား”
ကျွင်းချောင်ရှောင်းသည် မပျော်ရွှင်စွာဘဲ ပြောလိုက်သည်။ “ကျုပ်က ဒီကိုလာပြီးတော့ ငွေလာညှစ်နေတယ်လို့ ဆိုလိုတာလား”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် နှာခေါင်းရှုံ့ကာဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း… ကျုပ်တို့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းက ခင်ဗျားရဲ့ မဟာမိတ်အဖွဲ့တွေကို ထိခိုက်နာကျင်စေခဲ့တယ်၊ ဒါကြောင့် ကျုပ်က သေသေချာချာ တောင်းပန်ပါတယ်၊ လျော်ကြေးအတွက်ကတော့ လိုအပ်မယ် မထင်ဘူး”
ယွမ်သခင်လေး၏ နှုတ်ခမ်းသည် တဆတ်ဆတ်နှင့် တုန်ယင်နေ၏။ သူသည် ကျွင်းချောင်ရှောင်းနှင့် သေသေချာချာ ညှိနှိုင်းရန် စီစဉ်ထားခဲ့၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ပေါ်ပေါက်လာပြီးသည့်နောက် သူ၏စီစဉ်ထားသမျှ အားလုံးကို ရှုပ်ထွေးအောင် ပြုလုပ်လျက်ရှိနေသည်။ အကယ်၍ နှစ်ဦးနှစ်ဖက်သည်သာ သဘောတူညီမှု မရပါက ပဋိပက္ခ များသည် ပိုမို၍ ကြီးမားလာပေလိမ့်မည်။ ထိုသို့ဆိုလျှင် ဖြေရှင်း၍ မရနိုင်သော အခြေအနေမျိုးသို့ပင် ရောက်ရှိသွားနိုင်၏။
ငါ့နှလုံးသား၊ ငါ့စိတ်တွေ ပင်ပန်းလိုက်တာ။
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းသည် အရှေ့သို့ လှမ်းကြည့်ပြီးသည့်နောက်မှာတော့ မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “သူက လေးလေးနက်နက် တောင်းပန်တယ်ဆိုပေမဲ့ လျော်ကြေးပေးဖို့ အစီအစဉ် မရှိဘူး။”
ယွမ်သခင်လေး “….…”
“ဂိုဏ်းချုပ်ကျွင်း”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ထူးမခြားနားသလို ပြောလိုက်၏။ “ကျုပ်အနေနဲ့ တောင်းပန်တယ်ဆိုတာနဲ့တင် မျက်နှာသာ ပေးပြီးနေပြီ၊ ဘယ်အရာက ကောင်းမွန်တဲ့အရာဖြစ်တယ်ဆိုတာ ခင်ဗျားသိတယ်ဆိုရင် မြန်မြန်ဆန်ဆန် ထွက်ခွာသွားလိုက်တော့၊ ပြီးတော့ ဒီနေ့ကစပြီး ကျုပ်တို့ ကိုယ့်အလုပ်ကိုယ် လုပ်ကြရအောင်”
“တကယ်လို့ ထွက်မသွားဘူး ဆိုရင်ကော” ကျွင်းချောင်ရှောင်းသည် အေးစက်စက်ဖြင့် ခေါင်းမော့ကာ ပြန်မေးလိုက်၏။ သူသည် ဝိညာဉ်တောင်ကြားဆီသို့ ရောက်ရှိလာခဲ့သည်အပြင် ဘေးတစ်ဖက်တွင် မြောင်ဟွာခန်းမသခင်ကိုလည်း ခေါ်ဆောင်လာခဲ့သေး၏။ လက်ဗလာနှင့်သာ ပြန်သွားရမည်ဆိုပါက သူ၏ မျက်နှာအား မည်သို့ ပြသရမည်နည်း။
“ဂိုဏ်းချုပ်ကျွင်း… ပြိုင်စံရှားဂိုဏ်းအနေနဲ့ ဒီနေ့လို အခြေအနေမျိုး ရောက်ရှိအောင် ကြိုးစားခဲ့ရတာ လွယ်ကူမှာ မဟုတ်ဘူးလေ၊ ဒီတော့ ဘာမှ မဟုတ်တဲ့ လောဘတရားနဲ့ ခင်ဗျားနဲ့ အနာဂတ်ကို မဖျက်ဆီးစေနဲ့” နတ်ဆိုး အင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ပြောလိုက်သည်။
“ကျုပ်ကို ခြိမ်းခြောက်နေတာလား” ကျွင်းချောင်ရှောင်းသည် အေးစက်စက်အကြည့်ဖြင့် ပြန်မေးလိုက်၏။
ဟူး ဟူး
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန်အားကောင်းလှသော နတ်ဆိုးစွမ်းအင်များကို ထုတ်ဖော်လိုက်၏။ ပြီးသည့်နောက်မှာတော့ ခပ်တည်တည် ပြောလိုက်လိုက်တော့သည်။ “ဂိုဏ်းချုပ်ကျွင်းကို အမှန်သိစေချင်တာပါ”
ခြိမ်းခြောက်မှု - ဤအရာသည် အမှန်ပင် ခြိမ်းခြောက်မှု ဖြစ်သည်။
“ဒင်… ဂိုဏ်း၏တာဝန်အသက်ဝင်”
ကျွင်းချောင်ရှောင်းသည် စနစ်ကို ဖွင့်၍ ကြည့်လိုက်သည့်အချိန်မှာပဲ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်အား သင်ခန်းစာပေးရန် အထူးတာဝန်ဆိုသည့်အချက်ကို မြင်လိုက်ရတော့သည်။ ဤအရာသည် ရိုးရှင်းပြီး တည့်တိုးဆန်လွန်းလှ၏။
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းသည် စနစ်ဆီမှ အကြည့်ပြန်ရုတ်ပြီးသည့်နောက် ထူးမခြားနားသလို ပြောလိုက်၏။ “ခင်ဗျားတို့ ဂိုဏ်းချုပ်က သဘောတရားကို နားမလည်ပါလား”
“………”
ယွမ်သခင်လေးသည် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။ သူသည် ဂိုဏ်းတွင် ဒုတိယဂိုဏ်းချုပ်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဝင်ရောက် ပြောဆိုခွင့် မရှိချေ။
ကောင်းကင်ဘုံ…. ဘယ်လိုလူမျိုးနဲ့ လာပြီးတော့ ရန်သူ ဖြစ်နေရတာလဲ။
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့က ငွေကြေးတွေကို မပေးချင်တဲ့အပြင် ခြိမ်းခြောက်မှုကိုပါ ပြုလုပ်နေတယ်ဆိုတော့ ကျုပ်က တစ်ခုပဲ တတ်နိုင်တော့တယ်”
သူ၏ အကြည့်များသည် ရုတ်တရက် အေးစက်သွားတော့သည်။ “တိုက်ခိုက်ကြတာပေါ့”
“တိုက်ခိုက်မယ် ဟုတ်လား”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် နှာခေါင်းကို ရှုံ့လိုက်၏။ “ကျွင်းချောင်ရှောင်း…. ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတယ်လို့ ထင်တယ်”
“ဟုတ်လား”
ကျွင်းချောင်ရှောင်းသည် ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်သည်။ “ဟိုမှာ ဂြိုဟ်ပြာကြီးကို မော့ကြည့်လိုက်အုံး”
“ဂြိုဟ်ပြာကြီး ဟုတ်လား” အားလုံးသည် ကြောင်အသွားပြီးသည့်နောက်မှာ အမှတ်မထင် အပေါ်သို့ မော့ကြည့်လိုက်၏။
ဝှစ်
ထိုအချိန်မှာပဲ အဝတ်အစားများ ပေါက်ကွဲအောင်ပြုလုပ်ပြီးသည့် ခရမ်းရောင်ဘုရင်သည် လေထဲတွင် မတ်မတ် ရပ်လျက်ရှိသည်။ သူသည် ညာဘက်လက်ကို အသာမြှောက်ပြီးသည့်နောက် အလွန် အားကောင်းလှသော မွန်းစတားစွမ်းအင်များသည် အလွန်ကြီးမားလှသော လက်ကြီးအဖြစ် ဖြစ်တည်ပြီးသည့်နောက် ဂိုဏ်း၏ အဓိက ဂိတ်တံခါးကြီးအား ချိုးဖြတ်လိုက်တော့သည်။
“လူယုတ်” နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အေးစက်စက် အော်ဟစ်လိုက်၏။ ပြီးသည့်နောက်မှာ တော့ သူသည် ရုတ်တရက် လက်ကိုမြှောက်လိုက်တော့သည်။ နတ်ဆိုးစွမ်းအင်များအားလုံးသည် လှိုင်းကဲ့သို့ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ အောက်သို့ကျဆင်းလာသော မွန်းစတားစွမ်းအင်ဖြင့် ဖန်တီးထားသော လက်ကြီးအား ထိပ်တိုက်တွေ့ဆုံလိုက်၏။
ဘုန်း
အလွန်အားကောင်းလှသော အားနှစ်ခုသည် လေထုထဲတွင် ဖြစ်တည်လာခဲ့၏။ သာမန်မျက်စိများဖြင့် ကြည့်ရှု၍ မြင်နိုင်သော လေဟာနယ်တွန့်လိမ်မှုများကိုပင် ဖြစ်တည်စေခဲ့သည်။
အပြင်ဘက်ခြံဝန်းတွင် ရှိနေကြသော နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ တပည့်များ အားလုံးသည် အနောက်ဘက်သို့ ဆုတ်ခွာသွားခဲ့ရ၏။ ၎င်းတို့၏ မျက်လုံးများတွင်တော့ ထိတ်လန့်ကြောက်ရွံ့မှုများနှင့် ပြည့်နှက်လျက်ရှိ၏။
ယွမ်သခင်လေး၏ နှလုံးသား များသည်လည်း အေးစက်သွားခဲ့၏။ လက်ရှိအခြေအနေတွင် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း နှင့် ပြိုင်စံရှားဂိုဏ်းတို့ အကြား ပဋိပက္ခသည် ဖြေရှင်း၍ မရနိုင်ခဲ့သည့် အခြေအနေသို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။ သူသည် ကျွင်းချောင်ရှောင်းနှင့် ရန်သူ မဖြစ်ချင်ပေမဲ့ အဆုံးသတ်မှာတော့ သူ၏ ဂိုဏ်းချုပ် ထွက်ပေါ်လာသည်နှင့် တပြိုင်နက် တိုက်ခိုက်ပွဲများကိုပင် ပြုလုပ်နေလေ၏။ အလွန်တရာ နာကျင်ဖွယ်ကောင်းလှသည့် အရာပင် ဖြစ်ပေလိမ့်မည်။
ဘုန်း ဘုန်း
နတ်ဆိုးအော်ရာနှင့် မွန်းစတားအော်ရာများ ပြည့်နှက်လျက်ရှိသော တည်နေရာကြီးတွင် ပြင်းထန်လှသည့် ပေါက်ကွဲသံကြီးနှစ်ခု ထွက်ပေါ်လာခဲ့တော့၏။ ခရမ်းရောင်ဘုရင်နှင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ် တို့သည် ပျံသန်းထွက်ခွာသွားပြီးသည့်နောက်မှာတော့ အမြင့်တစ်နေရာတွင် သွားရောက်ကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက်ရှိနေ၏။
“ခန်းမသခင်ရှစ်”
ကျွင်းချောင်ရှောင်းသည် သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ကာဖြင့် အလွန် အားကောင်းလှသော အကာအကွယ် နံရံကြီးတစ်ခုကို ဖန်တီးလိုက်ပြီးနောက် မေးလိုက်တော့သည်။ “အဆင်ပြေ ရဲ့လား”
“ကျွန်မ... ကျွန်မ အဆင်ပြေပါတယ်” ရှစ်ကျန်းရွမ်က ပြောလိုက်သည်။ သူမသည် သိုင်းဘုရင်အဆင့် ကျင့်ကြံသူ တစ်ယောက်သာဖြစ်၏။ သူမကို ကာကွယ်ပေးထားသည့်နံရံသာ မရှိပါက သိုင်းနယ်မြေကျင့်ကြံသူများ၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသော ဖိအားဒဏ်ကို ကျိန်းသေပေါက် ခံနိုင်လိမ့်မည် မဟုတ်ချေ။
ဘုန်း ဘုန်း
ကောင်းကင်ယံထက်မှာတော့ တိုက်ပွဲသည် ကြီးကြီးကျယ်ကျယ်နှင့် ဖြစ်ပွားလျက် ရှိနေတော့၏။ ဤကဲ့သို့သော တိုက်ပွဲမျိုးသည် မြေပြင်တစ်ခုလုံး ကွဲအက်သွားစေနိုင်သည့် တိုက်ပွဲမျိုးပင် ဖြစ်တော့သည်။ နတ်ဆိုးအင်ပါယာ ဂိတ်ဂိုဏ်းတပည့်နှင့် အထက်ပိုင်းအကြီးအကဲများအားလုံးသည် ဆွံ့အလျက် ရှိနေကြ၏။
ဘုန်း
ခရမ်းရောင်ဘုရင်နှင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ်တို့သည် အချိန်အနည်းငယ် တိုက်ခိုက်ပြီးသည့်နောက်မှာ တော့ အနောက်ဘက်သို့ ချက်ချင်းပဲ ဆုတ်ခွာလိုက်ကြသည်။ ၎င်းတို့သည် မြေပေါ်သို့ ချက်ချင်းပဲ ဆင်းသက် လိုက်ကြ၏။ တစ်ယောက်နှင့်တစ်ယောက် အသာစီး မယူနိုင်ခဲ့ချေ။
သို့ပေမဲ ခရမ်းရောင်ဘုရင်သည် စိတ်ဓာတ် မကျချေ။ ထိုအစား သူ၏ နှုတ်ခမ်းထောင့်တွင် အထင်အမြင်သေးသော အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ အားအင်အဆင့်အရဆိုလျှင် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ်သည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးရှိ တိုက်ခိုက်ရေး စိတ်ဝိညာဉ်ထက် တော်တော်ပင် အားနည်းလွန်းလှ၏။ ထို့ကြောင့် သူ့အနေနှင့် တစ်ဖက်လူကို အနိုင်မတိုက်ခိုက် နိုင်ဘူးဆိုလျှင်တောင်မှ ဆိုးရွားသည့် ရှုံးနိမ့်မှုမျိုးတော့ ဖြစ်ပေါ်လိမ့်မည် မဟုတ်ချေ။
“ဟောခန်းသခင်ကျိ”
ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်သည်။ “လက်နက်ကို အရင်ဆုံးဝတ်အုံး၊ ပြီးတော့ သူ့ကို အားရပါးရချ၊ အမှောက်သိပ်ခါနီးကျရင် ကျုပ်တာဝန်ထားလိုက်”
“..........” ခရမ်းရောင်ဘုရင်၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့တော့သည်။ ဂိုဏ်းချုပ်သည် သူ သေမတတ် တိုက်ခိုက်ပြီး အဆုံးသတ်ခါနီးတွင် ရန်သူအား လက်ညိုးနှင့် လာထိုးကာ အနိုင်ယူဦးမည် ဖြစ်သည်။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် နှာခေါင်းရှုံ့လိုက်တော့သည်။ သူ၏ တည်နေရာထဲသို့ ရောက်ရှိပြီး ငွေညှစ်ရဲနေသည်မှာ အံ့အားသင့်စရာမရှိချေ။ အလွန်အားကောင်းလှသော နောက်လိုက်တစ်ယောက် တည်ရှိနေသောကြောင့် ဖြစ်ရပေမည်။
“လိုရင်းကို ပြောရအောင်”
ဘုန်း ဘုန်း ဘုန်း
၎င်းတို့နှစ်ယောက်သည် ကောင်းကင်ယံထက်တွင် အကြီးအကျယ် ထပ်မံကာ တိုက်ခိုက်လျက် ရှိနေသည်။ ပြင်းထန်လှသော ပေါက်ကွဲသည့် အားအင်သည် တည်နေရာတစ်ခုလုံးကို ဆုတ်ပြတ်သတ်သွားစေ၏။
ဟူး ဟူး
ကြောက်မက်ဖွယ်ရာကောင်းလှသော တည်ရှိသူနှစ်ဦး၏ တိုက်ခိုက်မှုကြားတွင် ဝိညာဉ်တောင်ကြားထဲတွင် ရှိသော သားရဲရိုင်းများသည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးကုန်ကြတော့သည်။
ဂြိုဟ်တိုက်ပွဲတည်နေရာကြီးတွင်ရှိ တည်နေရာအစည်းအတားသည် အလွန်တရာ အားကောင်းလှ၏။ ထို့ကြောင့် ကြမ်းတမ်းလှသော တိုက်ခိုက်ချက် အားလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်စွမ်းရှိသည်။ သို့ပေမဲ့ ဤနေရာတွင် ရှိနေသော လေဟာနယ်တည်နေရာစည်း၏ ဥပဒေသများသည် အားကောင်းလှသည်မဟုတ်ချေ။ ထို့ကြောင့် ခရမ်းရောင်ဘုရင်နှင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ်တို့၏ တိုက်ပွဲကြောင့် တည်နေရာတစ်ခုလုံးသည် စုတ်ပြတ်သတ်လျက် ရှိနေတော့၏။
“နတ်ဆိုးလက်ဝါးချက်”
ဘန်း ဘန်း ဘန်း
ခရမ်းရောင်ဘုရင်သည် အမြှောက်ဆန်တစ်ခုကဲ့သို့ လွှင့်စင်သွား၏။ ပြီးသည့်နောက်မှာတော့ မြေပြင်ထဲသို့ ချိုင့်ဝင်သွားခဲ့တော့သည်။ ကျားဘုရင်နှင့် သမင်ဘုရင်တို့သည် အလွန်တရာ ဒေါသထွက်လျက်ရှိသည်။ ထို့ပြင် ဤနေရာသည် သူတို့၏ ပိုင်နက်တည်နေရာလည်းဖြစ်သည်။ ယခု ကြောက်မက်ဖွယ်ရာကောင်းလှသော လူနှစ်ယောက်၏ တိုက်ခိုက်မှုကြားထဲတွင် သူတို့၏ ပိုင်နက်တစ်ခုလုံးသည် စုတ်ပြတ်သတ်ကုန်တော့မှာ သေချာ သည်။
“ချီးတဲ့မှ”
ခရမ်းရောင်ဘုရင်သည် ဒေါသတရားများ တလိပ်လိပ် တက်လာခဲ့တော့သည်။ အားအင်အဆင့်အရ ဆိုလျှင် ဤနတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းချုပ်သည် ကောင်းကင်အဆင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်နှင့် နှိုင်းယှဉ်၍ မရနိုင်ချေ။ သို့ပေမဲ့ ရေရှည်တိုက်ခိုက်သည့်အချိန်မှာတော့ အလွန်အားကောင်းလှသော နည်းစနစ်များကို ထုတ်ဖော်တိုက်ခိုက်နိုင်စွမ်း ရှိနေတော့၏။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အလွန်ကောင်းမွန်လှသော တိုက်ခိုက်ရေး အတွေ့အကြုံများ တည်ရှိနေတော့၏။ ထို့ကြောင့် တိုက်ခိုက်ရေးစိတ်ဝိညာဉ်ထက် ပိုမိုရင်ဆိုင်ရ ခက်ခဲနေသည်မှာ သဘာဝပင်ဖြစ်တော့သည်။
ဆွစ်
ခရမ်းရောင်ဘုရင်သည် လက်ကိုမြှောက်လိုက်၏။ သူ၏ လက်ချောင်းပေါ်တွင်ရှိနေသော သိုလှောင်လက်စွပ်သည် အလင်းတန်းများ ဖြတ်ကနဲ ဖြစ်တည်လာပြီး ငရဲဒေါသ၏လက်ဝှေ့အိတ် ပေါ်ပေါက်လာတော့သည်။
အသဲပုံ ပုံသဏ္ဍာန်ရေးထိုးထားသော ပန်းရောင်လက်ဝှေ့အိတ်ကို ဝတ်ဆင်ပြီးသည့်နောက်မှာတော့ နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းမှ တပည့်များအားလုံး၏ စိတ်ထဲတွင် နဝေတိမ်တောင်ဖြစ်ကုန်ကြ၏။ ဤလူသည် အတွင်းခံတစ်ခုတည်းသာပါသည့် ကိုယ်လုံးတီးလူတစ်ယောက် ဖြစ်သည့်အပြင် မိန်းကလေးများသာ ဝတ်ဆင်သည့် အရောင်နှင့် လက်ဝှေ့အိတ်ကိုလည်း ဝတ်ဆင်ထားသေးသည်။ အမှန်ပင် ကြောင်တောင်တောင် နိုင်သော ဂေါက်ကြောင်ပင် ဖြစ်ရမည်။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် မျက်မှောင်ကုတ်ကာ ပြောလိုက်၏။ “ရွံစရာကောင်ပဲ”
ဝှစ်
ထိုအချိန်မှာပဲ ခရမ်းရောင်ဘုရင်သည် သူ၏ရှေ့၌ ပေါ်ပေါက်လာခဲ့တော့သည်။ အချစ်သင်္ကေတ လက်သီးချက် သည် ရုတ်တရက် ထွက်ပေါ်လာသည်။
ဘုန်း ဘုန်း
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ် အပြင်ဘက်သို့ လွင့်စင်သွားပြီးသည့်နောက် အဝေးတစ်နေရာရှိ တောင်တစ်ခု၏ထိပ်သို့ သွားရောက်တိုက်မိတော့သည်။
ဝှစ်
ခရမ်းရောင်ဘုရင်သည် လိုက်ပါသွားပြီးသည့်နောက် လက်သီးချက်များကို လိုက်ပါထုတ်ဖော်လျက် ရှိသည်။
ဘုန်း ဘုန်း ဘုန်း
ပေါက်ကွဲမှုများ ဆက်လက်ဖြစ်တည်ပြီးသည့်နောက် တည်နေရာအနှံ့တွင် ဖုန်များအလိပ်လိပ်တက်နေ၏။ ခရမ်းရောင်ဘုရင်သည် မတ်တပ်ရပ်နေပြီး လေများသည် ကြမ်းကြမ်းတမ်းတမ်း တိုက်ခတ်လျက် ရှိနေ၏။
သို့ပေမဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အပေါ်သို့ ခုန်တက်ကာ လေထဲ၌ လက်ပိုက်ကာ မတ်တပ်ရပ်လျက်ရှိနေ၏။ သူ၏ အရှေ့တွင် အလွန်အားကောင်းလှသော အကာအကွယ်အတားအဆီးတစ်ခု ရှိနေ၏။ အနောက်ဘက်ရှိတောင်ကြီး တစ်ခုလုံးမှာတော့ ကြမ်းတမ်းလှသော အားအင်၏အောက်တွင် ပြိုလဲလျက် ရှိနေတော့သည်။