အခန်း (၁၀၀၄)
Vol. 68 Ch. 1004
ကျွင်းချောင်ရှောင်းသည် လောကလက်ချောင်းကို ဆင့်ခေါ်လိုက်သည့်အချိန်မှာတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်နှင့် တစ်ခြားသောသူများအားလုံးသည် ဆွံ့အသွားခဲ့ကြ၏။
ပုံပန်းသွင်ပြအရဆိုလျှင် ဤအရာသည် လက်နက်တစ်ခုဟုပင် ပြောရခက်ခဲလှ၏။ သို့ပေမဲ့ သေသေချာချာကြည့်ရှု လိုက်ပြီးသည့်နောက်မှာတော့ ကောင်းကင်ပေါ်ဆီကို လက်ညှိုးနှစ်ချောင်း ထောင်ထားသည့် ပုံပန်းသွင်ပြင်နှင့် လက်နက် ကို မြင်ရသည့်အချိန်မှာတော့ သူတို့၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်လျက်ရှိနေကြတော့သည်။ ဤလက်နက်၏ ပုံပန်းသွင်ပြင်သည် ဆိုးရွားလွန်းလှသည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသူများသည် ဤနေရာတွင် မရှိကြပေ။ မဟုတ်ပါက ဂိုဏ်းချုပ် သူ၏ကိုယ်ပိုင် နတ်ဘုရားလက်နက်ကို ထုတ်ဖော်လိုက်သည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ဖင်များ ကြုံ့ကာဖြင့် ခပ်ဝေးဝေးဆီသို့ သွားရောက်ကာနေပေလိမ့်မည်။
“ဂိုဏ်းချုပ်ကျွင်း”
ရှစ်ကျန်းရွမ်သည် တီးတိုးမေးလိုက်၏။ “ဒါက ယားကုတ်တံလား။”
“…….” ကျွင်းချောင်ရှောင်း၏ ရင်ထဲ၌ နာကျင်သွားမိ၏။
လောကလက်ချောင်း လက်နက်၏ တိုက်ခိုက်ချက်သည် ကျိန်းသေပေါက် အားအင်ပြင်းထန်လွန်းနေသည် မဟုတ်ပါက သူ့အနေနှင့် ဤကဲ့သို့ ထုတ်ဖော်၍ တိုက်ခိုက်လိမ့်မည်မဟုတ်ချေ။ ဤလက်နက်ကို ကိုင်ဆောင်ရသည်မှာ အလွန်ပင် ရှက်ရွံ့စရာကောင်းလွန်းလှသည်။
“ခန်းမသခင်ရှစ် … ဒါက ယားကုတ်တံမဟုတ်ပါဘူး။”
ကျွင်းချောင်ရှောင်းသည် နတ်ဘုရားလက်နက်ကို သူ၏ရှေ့တွင် ထောင်ကာဖြင့် ဂုဏ်ယူကာ ပြောလိုက်တော့၏။ “ဒါက မေ့ဖျောက်ရခက်တဲ့ အထူးလက်နက်ပဲ။”
“မေ့ဖျောက်ရခက်တယ်ဟုတ်လား။” ရှစ်ကျန်းရွမ်၏ တောက်ပသည့်မျက်လုံးများတွင် စိတ်ပါဝင်စားမှုများနှင့် ပြည့်နှက်သွားခဲ့၏။ လောကလက်ချောင်း၏ ပုံပန်းသွင်ပြင်သည် ဆိုးရွားလွန်းလှသည်ဖြစ်သော်လည်း ဂိုဏ်းချုပ်ကျွင်း ထုတ်ကိုင်လိုက်သည်ဆိုမှတော့ ဤအရာ သည် သာမန်ထက် ပို၍ သာပေလိမ့်မည်။
“ခန်းမသခင်ရှစ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အနောက်ကိုဆုတ်၊ ဒီအမှိုက်ကို ကျုပ်ကိစ္စထားလိုက်တော့။”
“ကောင်းပါပြီ။”
ရှစ်ကျန်းရွမ်သည် အနောက်ဘက်ဆီသို့ ခြေလှမ်းလှမ်း၍ ဆုတ်ခွာလိုက်၏။ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် အကူအညီဖြစ်စေရန်အတွက် ပံ့ပိုးပေးနိုင်မှုအဆင့်တွင် မရှိချေ။ ထို့ကြောင့် အနောက်မှာနေ၍ အားပေးရန်သာ စဉ်းစားထား၏။
ရွှီ
ကျွင်းချောင်ရှောင်းသည် လောကလက်ချောင်းကို အသာ ယမ်းပြီးသည့်နောက်မှာတော့ နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်း၏ ဂိုဏ်းချုပ်ဆီသို့ ညွှန်ကာ ပြောလိုက်သည်။ “ခင်ဗျားရဲ့ လူတွေကို ကျုပ်ဆီလာဖို့ ပြောလိုက်စမ်း။”
သူ့အနေနှင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ လူများအားလုံး တစ်ယောက်ချင်းစီ ရောက်ရှိလာသည်ကို စောင့်မျှော် မကြည့်ရှုချင်ပေ။ ထို့ကြောင့် ဖြစ်နိုင်သမျှ အားလုံးကိုစုစည်းပြီးမှသာလျှင် အဆုံးမဲ့တိုက်ကွက်ကို ထုတ်ဖော်အသုံးပြု တော့မှာဖြစ်၏။
“ကျွင်းချောင်ရှောင်း”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ဂိုဏ်းချုပ်သည် ပြောလိုက်သည်။ “ကျုပ်ရဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကနေ ယူသွားတဲ့ အရင်းအမြစ်တွေအားလုံးကို ပြန်ပေး။ ဒါဆိုဒီနေရာကနေ ထွက်ခွာဖို့ စဉ်းစားပေးမယ်။”
သူ့အနေဖြင့် ညှိနှိုင်း၍မရနိုင်သည့်အရာများကို ဆက်လက်၍ ညှိနှိုင်းမနေချင်တော့ပေ။ ထို့အပြင် ပြိုင်စံရှားဂိုဏ်းသည် မြန်မြန်ဆန်ဆန်နှင့် တိုးတက်လာပေ၏။ ဤအရာ၏ နောက်ကွယ်တွင် ကြီးမားသော အရင်းအမြစ်များ တည်ရှိနေမှာ သေချာ၏။ ထို့ကြောင့် သူတို့ပေးအပ်ထားခဲ့သောအရာများကို ပြန်လည် တောင်းဆိုပြီးသည့်နောက်မှာတော့ ထပ်မံ၍ တစ်ခြားသောပစ္စည်းများကိုပါ တောင်းခံရန် စဉ်းစားထားမိ၏။
“တောင်းပန်ပါတယ်။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီကျွင်းရဲ့အိတ်ကပ်ထဲကို ရောက်သွားတဲ့ပိုက်ဆံတွေက ကျွင်းရဲ့ပိုက်ဆံပဲလေ။ ဘာလို့ပြန်ပေးရမှာလဲ။”
“ဒီလိုဆိုရင်လည်း ထွက်မသွားနဲ့တော့ပေါ့။” နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် လက်ကိုမြှောက်လိုက်၏။
ဟူး … ဟူး ….ဟူး
သူ၏နောက်မှာတော့ သိုင်းနယ်မြေကျင့်ကြံသူနှင့် သိုင်းနယ်မြေတစ်ပိုင်းကျင့်ကြံသူ တော်တော်များများတို့သည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်ကို ထုတ်ဖော်လိုက်တော့၏။ မျက်လုံးထဲတွင်တော့ အလွန်အားကောင်းလှသော သတ်ဖြတ်လိုခြင်းဆန္ဒများနှင့် ပြည့်နှက်သွားခဲ့သည်။
၎င်းတို့အနေနှင့် ခရမ်းရောင်ဘုရင်နှင့် ရင်ဆိုင်ရသည်ဆိုပါက ကျိန်းသေပေါက် ကြောက်ရွံ့ပေလိမ့်မည်။ သို့ပေမဲ့ တစ်ဖက်ဂိုဏ်းချုပ်သည် အားငယ်လွန်းလှ၏။ ထို့ကြောင့် ကြောက်လန့်စရာအကြောင်းမရှိချေ။
“ဂိုဏ်းချုပ်”
ယွမ်သခင်လေးသည် ပျက်ယွင်းနေသည့်မျက်နှာဖြင့် ပြောလိုက်၏။ “ဒါက နားလည်မှုလွဲမှားတာလို့ ဒီနောက်လိုက်က ထင်မှတ်မိပါတယ်။ ကျုပ်တို့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းနဲ့ ပြိုင်စံရှားဂိုဏ်းက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆွေးနွေးသင့်တယ်လေ။”
“ယွမ်ဖန်”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် စကားဖြတ်ကာပြောလိုက်၏။ “မင်းက ပြိုင်စံရှားဂိုဏ်းကို ထပ်အလဲလဲ သည်းခံခဲ့တယ်လေ။ ပြီးတော့ တစ်ချက်ကလေးမှ နှောင့်နှေးမှုမရှိဘဲနဲ့ အရင်း အမြစ်တွေအကုန်လုံးကိုလည်းပေးခဲ့တယ်။ ငါ့ကို တကယ်စိတ်ပျက်စေတယ်။”
ပြောပြောပြီးချင်းမှာပဲ များပြားလှသောအကြီးအကဲများသည် တိတ်တဆိတ်ကြိတ်ကာ ဝမ်းမြောက်သွားမိကြ၏။ သူတို့သည် ယွမ်သခင်လေးကို မနှစ်သက်ကြချေ။
ကျွင်းချောင်ရှောင်း၏ ရန်စမှုကို ထပ်တလဲလဲ သည်းခံနေသော ယွမ်သခင်လေးသည် သူတို့၏ အကြိုက်မဟုတ်ပေ။ ယခု ဂိုဏ်းချုပ်သည် စိတ်ပျက်သည်ဟု ပြောဆိုနေပြီဖြစ်သောကြောင့် ၎င်းတို့သည် ကျိန်းသေပေါက် ပျော်ရွှင်မိခြင်းသာ ဖြစ်တော့၏။
“ဂိုဏ်းချုပ်”
“တော်တော့။ ဒီကိစ္စတွေအားလုံးပြီးသွားရင် မင်းက စာကြည့်ခန်းကို စောင့်ရှောက်တဲ့လူပဲလုပ်တော့။”
ယွမ်သခင်လေးသည် တည်နေရာတွင်ပင် ကြက်သေသေသွားတော့၏။
များပြားလှသောအကြီးအကဲများအားလုံး သည်လည်း သဘောတွေ့သွားကြသည်။ ဂိုဏ်းချုပ်သည် တစ်ဖက်လူအား စာကြည့်ခန်းကိုပင် စောင့်ရှောက်ရန်သာ ခိုင်းစေတော့သည်။ ဤအရာသည် စွန့်လွှတ်လိုက်သည်နှင့် ဆင်တူပေသည်။
“ဂိုဏ်းချုပ်”
အမဲရောင်ဝတ်စုံနှင့် အဘိုးအိုက ပြောလိုက်သည်။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ တိုးတက်မှုအတွက် ယွမ်သခင်လေးက နေ့နေ့၊ ညညအလုပ်ကြိုးစားခဲ့တယ်။ သူ့အနေနဲ့ အိပ်ချိန် စားချိန်တောင်မှ ကောင်းကောင်း မယူခဲ့ …..”
“မင်း ….. မင်းလည်းသူ့နောက်လိုက်သွား။” နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်က ပြောလိုက်၏။
ဝေါ့
ယွမ်သခင်လေးသည် သွေးတွေ အန်ထွက်လာခဲ့၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ပြိုလဲလုမတတ် ဖြစ်နေ တော့သည်။
သူသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဒုဂိုဏ်းချုပ်အနေဖြင့် အသိအမှတ်ပြုခံရစဉ်ကတည်းက ဂိုဏ်းအတွက် အကောင်းမွန်ဆုံးသော ကိစ္စရပ်များကိုသာ ပြုလုပ်ခဲ့၏။ တစ်ချက်ကလေးမှပင် အပျင်းမခိုခဲ့ချေ။ ညဘက်ညဘက်တွေ ဆိုလျှင်တောင်မှ နှစ်နှစ်ခြိုက်ခြိုက်ဖြင့် အိပ်ပျော်ခဲ့ခြင်းမရှိခဲ့။ သေသည်အထိ အလုပ်ကြိုးစားခဲ့သည်ဆိုသော်လည်း အဆုံးသတ်မှာတော့ စာကြည့်ခန်းကို စောင့်ရှောက်ရသည့်လူသာဖြစ်လာခဲ့၏။
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “ခင်ဗျားအလုပ်ဖြုတ်ခံလိုက်ရတာလား။”
ဝေါ့
ယွမ်သခင်လေးသည် နောက်ထပ်သွေးတစ်လုတ် အန်ထွက်လာခဲ့သည်။
ကျုပ် ယွမ်ဖန်က ဒီလိုအခြေအနေမျိုးကိုဖြစ်တာ ခင်ဗျားကြောင့်လေ။
“စာကြည့်ခန်းကို စောင့်ရှောက်ခိုင်းတယ် ဆိုတာက ခွေးတွေလုပ်တဲ့အလုပ်ပဲ။ ဒါက သက်သက် အရှက်ခွဲတာနဲ့တူတူပဲလေ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “လာ။ ပြိုင်စံရှားဂိုဏ်းထဲကို လာခဲ့လိုက်။ ကျုပ် ခင်ဗျားကို အကောင်းမွန်ဆုံးသော အရင်းအမြစ်တွေ ပံ့ပိုးပေးလိုက် မယ်။”
နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းချုပ်၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ သူ၏ အရှေ့တွင်ပင်လျှင် သူ၏ ဒုဂိုဏ်းချုပ်အား ရဲရဲဝံ့ဝံ့ဖြင့် ဂိုဏ်းထဲသို့လာရန် ဖိတ်ခေါ်လျက်ရှိနေ၏။ တစ်ဖက်လူသည် မည်မျှအရှက်အကြောက် နည်းပါးလှသနည်း။
“တောင်းပန်ပါတယ်။”
ယွမ်သခင်လေးသည် မနည်းကြိုးစားကာ ရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ တိကျခိုင်မာစွာကြည့်၍ ပြောလိုက် တော့၏။ “ကျုပ် ယွမ်ဖန်က နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက်လေ။ ဒီတော့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း နောက်ကိုပဲ လိုက်မယ်လို့ ကျိန်ဆိုထားခဲ့တယ်။”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းလိုက်၏။ ပြီးသည့်နောက်မှာတော့ ကျားဘုရင်၊ သမင်ဘုရင်နှင့် နတ်ဆိုး အင်ပါယာဂိတ်ဂိုဏ်းရှိ လူများအားလုံးကို လက်ညှိုးညွှန်ကာဖြင့် ပြောလိုက်၏။
“ဒီလိုလူတွေကြောင့် ခင်ဗျားဟာ မနှေးမမြန်ဆိုသလို သေဆုံးသွားနိုင်တယ်။ ထားလိုက်တော့။ ထားလိုက်တော့။ အားလုံးဆီမှာ ကိုယ်ပိုင်ရည်မှန်းချက်ဆိုတာရှိတာပဲ။ ခင်ဗျားက ဒီလောက်သစ္စာရှိနေပြီဆိုမှတော့ ခင်ဗျားကို သစ္စာဖောက်အဖြစ် အသိအမှတ်ပြုခံရတာမျိုး မဖြစ်စေချင်တော့ပါဘူး။ ဒီတော့ ခပ်ဝေးဝေးကိုဖယ်။”
ကျွင်းချောင်ရှောင်းသည် ပြောလိုက်တော့၏။ “ကျုပ်တိုက်ခိုက်တော့မယ်။”
ဆွစ် ဆွစ် ဆွစ်
ချက်ချင်းပဲ အဘိုးကြီးတင်း၊ ကုန်းစွန်းဟောင်ဟိုင်နှင့် တစ်ခြားသောသူများအားလုံးသည် မြန်မြန်ဆန်ဆန်ပဲ အနောက်ဘက်ဆီသို့ ဆုတ်ခွာသွားခဲ့၏။ ဘာမှနားမလည်သော ရှစ်ကျန်းရွမ်သည်လည်း ပြိုင်စံရှားဂိုဏ်းမှ အကြီးအကဲများပင် အနောက်ခပ်ဝေးဝေးဆီသို့ ဆုတ်ခွာသွားသည်ကို မြင်ရသည့်အချိန်မှာတော့ အလျင်အမြင်ပဲ အနောက်သို့ ဆုတ်လိုက်၏။
ခနလောက်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ တည်နေရာအနောက်ဘက် ပေတစ်ရာအတွင်းတွင် မည်သူမျှ မရှိတော့ချေ။ အလွန်တရာ ဟိတ်ဟန့်ပြ၍ ကောင်းလှသည့် အခြေအနေသို့ ရောက်ရှိသွားခဲ့တော့သည်။
ဆွစ်
သူသည် လက်ကိုမြှောက်လိုက်၏။
“ကျွင်းချောင်ရှောင်း … ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ။ ကျေးဇူးပြုပြီး ဉာဏ်အလင်းပြကြပါအုံး။ ကျုပ်ကို”
“………..”
အားလုံးသောသူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် စိတ်ဝင်တစားဖြင့် ပြောလိုက်မိသည်။ “နောက်လိုက်တွေ အကုန်လုံးကို နောက်ကိုဆုတ်ဖို့ ဂိုဏ်းချုပ်ကျွင်းက ပြောခဲ့တယ်ဆိုတော့ ဒီလူတွေအကုန်လုံးနဲ့ တစ်ယောက်ထဲ တိုက်ခိုက်ချင်တာလား။”
“အမှန်ပါပဲ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ဖြောင်း ဖြောင်း ဖြောင်း ဖြောင်း …….။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ချီးကျူးကာ ပြောဆိုလိုက်၏။ “ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပီသစွာပဲ တကယ့်ကို သတ္တိရှိတယ်။”
ဆွစ်
သူသည် လက်ကို မြှောက်လိုက်၏။
ဝှစ် ဝှစ် ဝှစ်
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ကျွမ်းကျင်သူများသည် ချက်ချင်းပဲ အရှေ့ဆီသို့ ပြန်ထွက်လာခဲ့၏။ ထိုသူများ အားလုံးတွင် သိုင်းအုပ်စိုးသူနှင့် သိုင်းဘုရင်အဆင့်များပင် ပါဝင်လျက်ရှိ၏။ ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူများ အားလုံးသည် ကျွင်းချောင်ရှောင်းအား ယပ်တောင်တစ်ခုပုံစံမျိုး ဝိုင်းရံပိတ်ဆို့ထားသည်။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအတွင်းတွင် အစဉ်အမြဲလေ့ကျင့်လျက်ရှိနေကြသော လူများဖြစ်သည်မို့ ၎င်းတို့သည် လူပေါင်းများစွာတို့နှင့် တိုက်ခိုက်ရန်လည်း မစိုးရိမ်ကြချေ။ လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူသည် တစ်ယောက်တည်းဖြစ်၏။ ထို့ကြောင့် ကျိန်းသေပေါက် ပူးပေါက်တိုက်ခိုက်လျှင် အနိုင်ရလဒ်ကို ရယူနိုင်တော့မှာဖြစ်၏။
“သွား” နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ဂိုဏ်းချုပ်သည် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ဆွစ် ဆွစ်
ချက်ချင်းပဲ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ ကျွမ်းကျင်သူများအားလုံးသည် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်လိုက်၏။ တည်နေရာသုံးဖက်သုံးချက်ဆီမှ အလွန်အားကောင်းလှသော စွမ်းအင်များ ဖြစ်တည်လာခဲ့သည်။ ဤကဲ့သို့သောအခြေအနေမျိုးနှင့် ရင်ဆိုင်ရမည်ဆိုလျှင် ခရမ်းရောင်ဘုရင်သည်တောင်မှ အထက်စည်းမှ ရယူနိုင်လိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် အလွန်တည်ငြိမ်သောအမူအရာနှင့် တည်ရှိနေသည်သာမက သူ၏မျက်လုံးနှစ်လုံးဖြင့် နတ်ဆိုးကျင့်ကြံသူတစ်ယောက်ချင်းစီတိုင်းကို စေ့စေ့လိုက်၍ ကြည့်ရှုလျက်ရှိ၏။
“ဒီမှာ လူတစ်ထောင်ကျော်ထက် နည်းနည်းလေးပဲပိုတယ်ဆိုပေမဲ့ …..”
ကျွင်းချောင်ရှောင်းသည် လက်နက်၏ အမြှောင်းလေးဆီသို့ လက်မတင်ကာ စူးရှသောအကြည့်ဖြင့် ပြောလိုက်၏။ “ငါ့ရဲ့အဆုံးမဲ့တိုက်ကွက်ကို ထုတ်ဖော်ဖို့အတွက်တော့ ထိုက်တန်သားပဲ။”
ရွှီ
သူသည် အမြှောင်းလေးပေါ်သို့ လက်မကို ဖိနှိပ်လိုက်တော့သည်။
ဒင်
“လက်ဗွေစစ်ဆေးမှုအောင်မြင်သည်။
အသုံးပြုသူသည် ပြိုင်စံရှားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။
လိုအပ်ချက်နှင့်ကိုက်ညီ၏။ အဆုံးမဲ့တိုက်ကွက်ကို ထုတ်ဖော်မည်။ ၁ ရာခိုင်နှုန်း … ၁၀ ရာခိုင်နှုန်း … ၁၀၀ ရာခိုင်နှုန်း အောင်မြင်ပါသည်။
အဆုံးမဲ့တိုက်ကွက် …… မေတ္တာအကြည့် အသက်ဝင်သည်။”
ဟူး ဟူး
လောကလက်ချောင်းဆီမှ အလွန်အားကောင်းလွန်းလှသော ငွေရောင်လှိုင်းများဖြစ်တည်လာခဲ့ပြီးသည့်နောက် ကောင်းကင်တစ်ခုလုံးဆီသို့ ပျံ့နှံ့သွားခဲ့၏။ ပြီးသည့်နောက်မှာတော့ ကောင်းကင်ပေါ်တွင် တိမ်တိုက်ကြီးနှစ်ခု ဖြစ်တည်လာခဲ့၏။ တစ်ခုသည် စက်ဝိုင်းလေပွေတစ်ခုကဲ့သို့ ဖြစ်တည်နေပြီး အခြားတစ်ခုမှာတော့ လက်ချောင်းကြီး တစ်ချောင်းကဲ့သို့ အသွင်သဏ္ဍာန်မျိုးဖြစ်တည်လာခဲ့၏။
“ဒါဘာကြီးလဲ။”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ တပည့်များအားလုံးသည် ဆွံ့အသွားခဲ့ကြသည်။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည်လည်း အလွန်တရာအံ့အားသင့်လျက်ရှိနေ၏။
ကောင်းကင်ကြီးပေါ်မှ ဖြစ်တည်နေသော အော်ရာများကို ခံစားပြီးသည့်နောက်မှာတော့ သူသည် ခြေထောက်ဆီမှ သည် ဖင်နေရာထိ အလွန်တရာ အေးစိမ့်လှသောခံစားချက်များ ရရှိလာကြသည်။
ကျွင်းချောင်ရှောင်းဆီသို့ ထပ်မံကာ ကြည့်ရှုလိုက်မိသည်ဆိုလျှင် ကျွင်းချောင်ရှောင်းသည် သူ၏ရှေ့တွင် လောက လက်ချောင်းလက်နက်ကြီးကို တည့်တည့်ထောင်၍ ထားသည့်အပြင် သူ၏မျက်လုံးများကို လက်ညှိုးလက်မ နှစ်ခုဖြင့် ဖြဲ၍ ရှိရှိနေသမျှသော လူများအားလုံးကို လိုက်လံကြည့်ရှုလျက်ရှိ၏။ တစ်ယောက်ကလေးကိုမှ အလွတ်မပေးချင်ပေ။
ဟူး ဟူး
လေပွေလှိုင်းကြီးနှင့် လက်ခလယ်လက်ချောင်းကြီးတို့သည် ရုတ်တရက် ထိတ်တိုက်တွေ့ဆုံပြီး စွက်ခနဲ ဝင်သွားတော့၏။
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ ကျွမ်းကျင်သူများသည် တိုက်ခိုက်လှုပ်ရှားရန် ပြင်ဆင်လိုက်ကြသည်။
သို့ပေမဲ့ အလွန်တရာ အားကောင်းလှသော စွမ်းအင်တစ်ခုသည် ၎င်းတို့၏ အနောက်ဘက်ဆီမှ ရုတ်တရက် ထိုးနှက် လိုက်သလို ခံစားလိုက်မိကြ၏။
မေတ္တာအကြည့်သည် ကြောက်မက်ဖွယ်ရာကောင်းသောစွမ်းအင်များကို ပိုင်ဆိုင်၏။ သာမန်အားဖြင့်ဆိုလျှင် မည်သည့် လှုပ်ရှားမှုကိုမျှ ခံစားရလိမ့်မည်မဟုတ်ချေ။ သို့ပေမဲ့ ခံယူရမည့်သူသည် ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် ခံစားချက်များကို တစ်ခါတည်းကြိုတင်ကာ ရရှိပေသည်။
အား အား အားအား အား
ဘုတ် ဘုတ် ဘုတ် ဘုတ် ဘုတ်
ချက်ချင်းပဲ ကျွင်းချောင်ရှောင်း၏ ကြည့်ရှုချင်းကို ခံလိုက်ရသော နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းမှ သိုင်းကျင့်ကြံသူများ အားလုံးသည် မြေပေါ်သို့ ဒူးထောက်ကာ ထိုင်ကြသွားပြီးသည့်နောက်မှာ ပြန်လည်တိုက်ခိုက်ရန် စွမ်းဆောင်ရည်များ လုံးဝမရှိကြတော့ချေ။
သိုင်းအုပ်စိုးသူနှင့်သိုင်းဘုရင်များမှာ ပိုမို၍ ဆိုးရွားစွာ ခံစားနေကြ၏။ ၎င်းတို့သည် ကျင့်ကြံခြင်းအဆင့် နိမ့်ကျလှ သည်ဖြစ်သောကြောင့် မြေပေါ်သို့ ပြုတ်ကျသည်နှင့်တစ်ပြိုင်နက် ပါးစပ်ထဲမှ အမြုပ်တွေပင်ထွက်ကာ သတိလစ် မေ့မျောသွားခဲ့တော့၏။
ဘုန်း
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် လေထဲမှ ပြုတ်ကျလာခဲ့၏။ သူ၏ ခြေထောက်များသည် လိမ်ကျစ်လျက်ရှိနေ၏။ မျက်နှာပေါ်တွင်ရှိသော အမူအရာများသည် ရှုံမဲ့လျက်ရှိနေပြီး မျက်နှာတစ်ခုလုံးသည် စိမ်းပြာနေတော့၏။
သိုင်းနယ်မြေ၏ ပြည့်စုံတဲ့အဆင့်ကို ရောက်ရှိနေသည့် သူကဲ့သို့သော လူပင်လျှင် တစ်ဖက်လူ၏ တိုက်ခိုက်မှုကို မည်သို့မျှ မခံစားနိုင်ခဲ့ချေ။ ၎င်း၏ ဖင်ဆီမှ အလွန်တရာနာကျင်သော ခံစားမှုကို ရရှိနေ၏။ ဖင်တစ်ခုလုံးသည် မီးကျွမ်းသွားသလိုပင်ဖြစ်နေသည်။
လူပေါင်းတစ်ထောင်ကျော်တို့သည် ဖင်ကိုဆုပ်ကိုင်၍ မြေပေါ်သို့ ပြုတ်ကျ သွားသည်ကို မြင်ရ၏။ ထိုမြင်ကွင်းသည် အလွန်ပင် ထိတ်လန့်တုန်လှုပ်စရာ ကောင်းလွန်းလှ၏။
အဘိုးကြီးတင်း၊ ကုန်းစွန်းဟောင်ဟိုင်နှင့် အခြားသူများအားလုံးသည်လည်း မျက်လုံးပြူးသွားမိ၏။ ဂိုဏ်းချုပ်သည် ဘာတစ်ခုမှ မလုပ်ခဲ့ချေ။ သို့ပေမဲ့ တစ်ဖက်လူများသည် အဘယ့်ကြောင့် ဖင်ကို အုပ်ကိုင်ကာဖြင့် မြေပေါ်တွင် လူးလိမ့်နေကြရသနည်း။
ရှစ်ကျန်းရွမ်သည် မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။ “ဒါ …. ဒါဘာတွေဖြစ်သွားတာလဲ။”
ယွမ်သခင်လေးသည်လည်း ဇဝေဇဝါဖြစ်မိနေသည်။ နတ်ဆိုးအင်ပါယာဂိုဏ်းချုပ်သည်သာမက နတ်ဆိုးအင်ပါယာ ဂိတ်ဂိုဏ်း၏ ရှိရှိနေသမျှသော လူများအားလုံးသည် မြေပေါ်သို့ လဲကျပြီးသည့်နောက်မှာတော့ ဖင်ကို အုပ်ကိုင်ကာ လူးလိမ့်လျက်ရှိနေ၏။ ထိုကဲ့သို့ဖြစ်ခြင်းမှ လွတ်မြောက်နေသူဟူ၍ သူတစ်ယောက်တည်းသာ တည်ရှိနေသည်။
“ယွမ်သခင်လေး”
ကျွင်းချောင်ရှောင်းသည် ပြုံးပြကာ ပြောလိုက်၏။ “တကယ့်ကို ကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုပါပဲ။”