အခန်း (၁၀၀၅)
Vol. 68 Ch. 1005
“ဂိုဏ်းချုပ်ကျွင်း.... ကျုပ်တို့က မိတ်ဆွေ သူငယ်ချင်းတွေလို့ စဉ်းစားလို့ရတယ်လေ၊ ဒီတော့ ခဏလောက် အေးအေးဆေးဆေး စကားမပြောဘဲနဲ့ ထွက်သွားတော့မလို့လား”
ယွမ်သခင်လေးသည် ထိုကဲ့သို့သော စကားကို ရင်ဟွေ့တောင်မှာတုန်းက ပြောခဲ့၏။ ထို့ကြောင့်ပင် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းနှင့် ပေါင်းသင်းနေသည်ဟု သဘောထား သတ်မှတ်ကာဖြင့် ကျန်ရှိနေသော လမ်းမှန်ဂိုဏ်းသားများအားလုံးသည် ကျွင်းချောင်ရှောင်းကို ဒေါသတကြီးဖြင့် စိုက်ကြည့်ခဲ့ဖူး၏။
သူ့အား လာရောက်၍ လိမ်လည်လှည့်စားနေသည်လား။ အဆင်ပြေ၏။ အလွန်တရာ စိတ်ထား ကျဉ်းမြောင်းလှသော ဂိုဏ်းချုပ်ကျွင်းသည် နှလုံးသားထဲတွင် စွဲစွဲမြဲမြဲ တေးမှတ်ထားခဲ့ပြီးဖြစ်သည်။
ယနေ့မှာတော့ သူသည် သူ၏ အဆုံးမဲ့တိုက်ကွက်ကို ထုတ်ဖော်အသုံးပြုပြီးသည့် အချိန်မှာတော့ ယွမ်သခင်လေးအား ချန်ထားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ထိုကဲ့သို့သော တိုက်ခိုက်မှုသည် ယွမ်သခင်လေးဆီမှ ဖြစ်တည်လာခြင်းဖြစ်သည်ဟု အားလုံးကို ယုံကြည်စေချင်သောကြောင့် ဖြစ်တော့၏။ သူသည် တိုက်ခိုက်မှုကို ထုတ်ဖော်အသုံးပြုပြီးသည့်နောက်မှာတော့ ပြောပင်ပြောခဲ့သေး၏။
“ယွမ်သခင်လေး... အတူတူ အလုပ်တွဲလုပ် ရတာ ပျော်ရွှင်စရာပါပဲ”
ဤစကားလုံး အနည်းငယ်သည် များပြားလှသော သတင်းအချက်အလက်များ ပါဝင်လျက်ရှိနေသည်။
ယွမ်သခင်လေး၏ မျက်နှာအမူအရာသည် ပျက်ယွင်းသွားသည်။ သူသည် အလျင်အမြန်ပဲ နတ်ဆိုးအင်ပါယာ ဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဆီသို့ လှမ်းကာ ကြည့်ရှုလိုက်၏။ တစ်ဖက်လူသည် သူ့အား စူးစိုက်ကြည့်ရှုနေသည်ကို မြင်လိုက်ရ၏။
“သွားပြီ၊ ကျိန်းသေပေါက် နားလည်မှု လွဲသွားပြီပဲ”
“ဂိုဏ်းချုပ်.... ကျုပ် ကျုပ်....” ယွမ်သခင်လေးသည် အလျင်အမြန်ပဲ ရှင်းပြရန် ကြိုးစားနေခဲ့၏။
သို့ပေမဲ့ ဖင်တစ်ခုလုံး နာကျင်မှုကို ခံစားနေရသော ပြည့်စုံသည့်အဆင့် သိုင်းနယ်မြေကျင့်ကြံသူ သည် အလွန်တရာ ဒေါသထွက်လျက် ရှိနေတော့သည်။ “ယွမ်ဖန်.... မင်းကတကယ်ပဲ ပြိုင်စံရှားဂိုဏ်းနဲ့ တိတ်တဆိတ် ပူးပေါင်းရဲတယ်ပေါ့ ဟုတ်လား”
တခြားသော အကြီးအကဲများ၏ ဦးနှောက်အလုပ်လုပ်ပုံကလည်း ကျိန်းသေပေါက် ထိပ်ဆုံးအဆင့်ဆီသို့ ရောက်ရှိသွား၏။ ၎င်းတို့အားလုံးသည် အံကိုကြိတ်ကာဖြင့် ပြောလိုက်မိသည်။ “ဒီလိုမျိုး ဂိုဏ်းက လျှို့ဝှက်တဲ့နေရာမှာ တည်ရှိနေတာကို ပြိုင်စံရှားဂိုဏ်းက တစ်နေရာပြီးတစ်နေရာ လိုက်ပြီးသိနေတာ အဓိပ္ပာယ်မရှိဘူး၊ ကျိန်းသေပေါက် သူ သစ္စာဖောက်နေလို့ပဲ ဖြစ်ရမယ်”
“..........”
ယွမ်သခင်လေးသည် အလုံးစုံ ပြိုလဲလုမတတ် ဖြစ်နေတော့၏။ ဤအဘိုးကြီးများသည် အစောကြီးကတည်းက သူ့အပေါ်တွင် အကောင်းမြင်စိတ်ရှိသူ မဟုတ်ပေ။ ယခု ဂိုဏ်းချုပ်ကျွင်းသည် ရည်ရွယ်ချက်ရှိရှိနှင့် ပြောဆိုလိုက်သည်ဖြစ်သောကြောင့် သူ့အား မည်သူကမှ ယုံကြည်လိမ့်မည် မဟုတ်ချေ။
အကြီးအကဲများ နားလည်မှု လွဲမှားသည်က ကိစ္စမရှိချေ။ ဂိုဏ်းချုပ်သည် သူ့အား ယုံကြည်နေလျှင် အဆင်ပြေသေး၏။ သို့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ဂိုဏ်းချုပ်သည် ပို၍ပင် မယုံကြည်ဖြစ်လို့နေတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်၏ မျက်နှာသည် အေးစက်သည့် အငွေ့အသက်များဖြင့် ပြည့်သွားခဲ့၏။ “မင်းကို ငါ အရမ်းစိတ်ပျက်သွားပြီ”
ယွမ်သခင်လေးသည် ထိုအချင်းအရာကို ကြားရသည့်အချိန်မှာတော့ သူ့အား အလွန်အေးစက်လှသော ချောက်နက် ထဲသို့ ပစ်ချခံလိုက်ရသလိုပင် ခံစားလိုက်မိ၏။ ပြီးသည့်နောက်မှာတော့ ခါးသက်လှသော အရသာကို ရရှိလိုက်၏။ သူ၏လည်ချောင်းထဲမှသည် သွေးများ အန်ထွက်လာခဲ့တော့သည်။
ဖူး
ယွမ်သခင်လေးသည် မြေပေါ်သို့ ဒူးထောက်ကျသွားတော့၏။ သူ၏မျက်နှာပေါ်တွင်တော့ ဆိုးရွားလှသော အပြုံးတစ်ခု ဖြစ်တည်လာခဲ့တော့သည်။
“သ.. သခင်လေး” အနောက်တွင်ရှိသော အမဲရောင်ဝတ်စုံနှင့် အဘိုးအိုသည် ၎င်း၏ ဖင်ကိုကိုင်ကာဖြင့် လှမ်း၍ အော်လိုက်မိ၏။ ယွမ်သခင်လေးသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဟောခန်းတည်ရှိရာဆီသို့ လှမ်းကြည့်လိုက်၏။ သူ၏ မျက်နှာပေါ်မှာတော့ မျက်ရည်များသည် ပါးထက်ဆီမှတဆင့် အောက်သို့ ကျဆင်းလာခဲ့၏။
“ကျုပ် ယွမ်ဖန်က နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းအတွက် အကောင်းမွန်ဆုံး အရာတွေကိုသာ ပြုလုပ်ခဲ့တယ်၊ နတ်ဆိုးအင်ပါယာရဲ့ စိတ်ဆန္ဒကြောင့် အရာအားလုံးကို ပြည့်စုံအောင် ပြုလုပ်ခဲ့တယ်၊ နေ့နေ့ ၊ ညည အလုပ်လုပ်ခဲ့တယ်၊ အဆုံးသတ်မှာတော့ ဒီလိုဖြစ်ခဲ့တာပေါ့၊ ဆိုးလိုက်တာ၊ ဘယ်လောက် ရယ်စရာကောင်းလိုက်လဲ၊ ဟား ဟား ဟား၊ ဟား ဟား ဟား”
ယွမ်သခင်လေးသည် ခေါင်းကိုမော့ကာဖြင့် ရယ်လိုက်မိ၏။ မျက်ရည်များသည် တစ်ပေါက်ပေါက်နှင့် ကျဆင်းလျက် ရှိနေတော့သည်။ နှစ်ပေါင်းများစွာ၊ နေ့ပေါင်း ၊ ညပေါင်းများစွာ သူသည် ဂိုဏ်းအတွက် ရှိရှိသမျှကို ပေးဆပ်ခဲ့၏။ သေမည်ဆိုလျှင်တောင်မှ ငြိုငြင်နေလိမ့်မည် မဟုတ်ချေ။
သို့ပေမဲ့ တခြားသော တစ်စုံတစ်ယောက်ဆီမှ စကားလုံးလေးတစ်ခုသည် အထက်အဆင့် အကြီးအကဲများအားလုံးနှင့် ဂိုဏ်းချုပ်ကိုပါ သက်ရောက်စေခဲ့၏။ အားလုံးသော သူများသည် သူ့အား မေးခွန်းထုတ်လျက်ရှိနေကြတော့သည်။ မည်မျှ ဆိုးရွားလိုက်သည့် ကံတရားဖြစ်နေသနည်း။
“ဂိုဏ်းချုပ်”
အဘိုးကြီးတင်းသည် အသံပို့လွှတ်လိုက်၏။ “ဒီကောင် ရူးသွားပြီလား”
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါယမ်းကာ ပြောလိုက်၏။ “ဒီလို ကြောင်တောင်တောင် ကောင်တွေကို စီမံ အုပ်ချုပ်နေရတဲ့ သူ့နေရာမှာ ကျုပ်ဆိုရင်လည်း ရူးသွားနိုင်တယ်”
“ယွမ်ဖန်... ဟန်ဆောင်မနေနဲ့တော့၊ ပြိုင်စံရှားဂိုဏ်းက ငါတို့ရဲ့တည်နေရာကို တစ်နေရာပြီး တစ်နေရာ လိုက်လာနိုင်ကြတယ်၊ ဒီသတင်းတွေ ပေါက်ကြားသွားတာ မင်းကြောင့်ပဲ ဖြစ်ရမယ်၊ မင်းက သစ္စာဖောက်ပဲ”
“သစ္စာဖောက်”
“သစ္စာဖောက်”
ထိုအသံများသည် ယွမ်သခင်လေး၏ သိစိတ်ပင်လယ်ထဲ သို့ တိုးဝင်ရောက်ရှိလျက်ရှိနေ၏။ သူ၏ အတွင်းကလီစာများအားလုံးသည် ပြင်းထန်လှသည့် ဖိအားဒဏ်ကို ခံစားလိုက်ရပြီးသည့်နောက်မှာတော့ အနောက်သို့ပင် လှန်ကျသွားခဲ့တော့သည်။ သွေးများသည်လည်း အန်ထွက်လာခဲ့၏။ ဤနေရာတွင် ရှောင်ကျီသာ ရှိမည်ဆိုပါက အရှေ့ဆီသို့ ပြေးသွားပြီး ကျိန်းသေပေါက် ကူညီလိမ့်မည်မှာ သေချာ၏။
ဘုတ်
ယွမ်သခင်လေးသည် ဖြူလျော်နေသည့်မျက်နှာဖြင့် အောက်သို့ လဲပြိုသွားခဲ့၏။ ကံကောင်းစွာဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်သည် မဆိုးလှချေ။ ထို့ကြောင့် အသက်ရှင်နေသေးသည်ဟု ဆိုရမည်။ ဤနေရာတွင် သာမန်လူသာ ဖြစ်မည်ဆိုပါက သွေးအန်ရလွန်းသောကြောင့် သေဆုံးသွားမှာ သေချာသည်။
ကျွင်းချောင်ရှောင်းသည် အရှေ့ဘက်ဆီသို့ လှမ်းတက်လာပြီးသည့်နောက်မှာတော့ ယွမ်ဖန်အား သေသေချာချာ ကူညီကာ ပြောလိုက်၏။ “ယွမ်ကြီး... ဒီနှစ်ပိုင်းအတွင်းမှ သေသေချာချာ အလုပ်လုပ်ခဲ့တာပဲ”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ် မျက်လုံးများသည် အေးစက်သွားခဲ့၏။ လက်ရှိအခြေအနေကို ကြည့်ရှုရ မည်ဆိုလျှင် ဂိုဏ်းအား စီမံခန့်ခွဲဖို့ မပြောနှင့် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းတွင် တည်ရှိနေနိုင်ဖို့ပင် မဖြစ်တော့ချေ။
“ကျွင်းချောင်ရှောင်း”
ယွမ်သခင်လေးသည် သွေးများ အလွန်ဆုံးရှုံးသွားပြီဖြစ်သောကြောင့် အားနည်းလျက်ပင် ရှိနေတော့၏။ သူ၏ မျက်လုံးများသည် မနည်းပင် ဖွင့်နေရ၏။ သူသည် အားပြတ်စွာဖြင့် ပြောလိုက်သည်။ “ကျုပ်ကို သတ်ချင်နေတာလား”
“ကလဲ့စားချေတယ်ဆိုတာက ဘယ်သောအချိန်မှာမှ နောက်မကျဘူးလေ” ကျွင်းချောင်ရှောင်းက အသံပို့လွှတ် လိုက်သည်။
ဝေါ့
ယွမ်သခင်လေးသည် သွေးတွေအန်ထွက်လာခဲ့၏။ လက်ရှိအခြေအနေမှာတော့ တစ်ဖက်လူ၏ ရည်ရွယ်ချက်ကို သူသည် နက်နက်နဲနဲ နားလည်မိသွားပြီဖြစ်သည်။ သူသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းတွင် မည်သို့မှ နေထိုင်၍ ရတော့မည် မဟုတ်ချေ။
“အကြီးအကဲကျန့်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ယွမ်ကြီးကို ကူညီလိုက်အုံး”
“ကောင်းပါပြီ” ကျန့်ရာသည် အရှေ့သို့လှမ်းတက်လာပြီးသည့်နောက်မှာတော့ အားပြတ်လျက်ရှိသော ယွမ်သခင်လေးကို အသာဖေးမကာဖြင့် သူတို့ တည်ရှိရာ နေရာဆီသို့ ဆွဲခေါ်လာခဲ့တော့၏။
ဝှစ်
ဒီအချိန်မှာတော့ ခြေကိုလိမ်ကာ ရပ်လျက်ရှိသော နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ရုတ်တရက် ရှေ့ဆီသို့ လှမ်းတက်လာ၏။ သူ၏ လက်ဝါးဆီမှ အလွန်တရာ အားကောင်းလှသော နတ်ဆိုးစွမ်းအင်များသည် ထွက်ပေါ်လျက်ရှိနေ၏။ ထိုစွမ်းအင်များသည် ကြောက်မက်ဖွယ်ရာကောင်းလှသော နတ်ဆိုးကြီးနှစ်ပါးကဲ့သို့ ပြောင်းလဲသွားပြီးသည့်နောက် ရှေ့ဆီသို့ တိုးဝင်၍ တိုက်ခိုက်တော့သည်။
ဟူး ဟူး ……။
အလွန်အားကောင်းလှသော စွမ်းအင်များသည် တည်နေရာတစ်ခုလုံးတွင် ဖြစ်တည်လာပြီးသည့်နောက် လေဟာနယ်တစ်ခုလုံးကိုပင်လျှင် ထိုးခွဲရောက်ရှိလာခဲ့၏။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလွန် လျင်မြန်စွာ တိုက်ခိုက်ခဲ့ခြင်းဖြစ်တော့သည်။ သို့ပေမဲ့ သူ၏ စွမ်းအင်များကို စုဝေး၍ ရုတ်တရက် တိုက်ခိုက်လိုက် သည့်အချိန်တွင် ပစ်မှတ်ကို မထိမှန်သည်သာမက သူ၏ဖင်သည်လည်း ထပ်မံ၍ အေးစက်သည့်ခံစားချက်မျိုး ရရှိလာ၏။ “မကောင်းတော့ဘူး”
ဟူး ဟူး
ရုတ်တရက် နောက်ဘက်ဆီမှ အလွန် အားကောင်းလှသော အားတစ်ခု ဖြစ်တည်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်အနောက်ဆီသို့ ရောက်ရှိလျက်ရှိသည်။ သူသည် လက်နှစ်ဖက်ဖြင့် လောကလက်ချောင်းလက်နက်ကို ကိုင်ဆောင်ထားပြီးသည့်နောက်မှာတော့ ထိပ်တွင်ရှိသော လက်ချောင်း နှစ်ချောင်းနှင့် ဖင်တည့်တည့်ဆီသို့ စွပ်ခနဲ ထိုးစိုက်လိုက်သည်။
ဘန်း
လက်နက်နှင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ခိုက်ခြင်း ဖြစ်သောကြောင့် ဤတစ်ကြိမ်မှာတော့ ကျယ်လောင်သော အသံကြီးပင် ထွက်ပေါ်လာခဲ့၏။
အား........
သေသေချာချာ ကြည့်ရှုမည်ဆိုပါက နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အောက်ဖက်ဆီသို့ လွင့်စင် သွားပြီးသည့်နောက်မှာတော့ ဖင်နေရာ၌ အငွေ့များပင် ထွက်ပေါ်လျက် ရှိသည်။ ဤအရာသည် အဆုံးမဲ့ တိုက်ကွက်ပင်ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းသည် မေတ္တာအကြည့်ကို အသက်သွင်းပြီးသည့်နောက်မှာတော့ လူပေါင်းတစ်ထောင်ကျော်တို့ အားလုံးကို မြေပေါ်သို့ လဲကျအောင် ပြုလုပ်နိုင်ခဲ့ပြီးသားဖြစ်၏။
ဤအရာသည် ခရမ်းရောင်ဘုရင်နှင့် တခြားသောသူများ အားလုံးကို အလုံးစုံဆွံ့အသွားစေခဲ့၏။ ဤတစ်ကြိမ်၌ ဂိုဏ်းချုပ်သည် အလွန်ထူးဆန်းလှသော လက်နက်ကို ထုတ်ဖော်အသုံးပြုလိုက်သည်ကို သူတို့မြင်လိုက်ရ၏။ တိုက်ကွက်နာမည် သည် ခရေဖူးတိုက်ကွက်ပင် ဖြစ်ပေလိမ့်မည်။
ရှစ်ကျန်းရွှမ်သည် ပါးစပ်ကို အုပ်ကာဖြင့် မယုံကြည်နိုင်စွာ ကြည့်ရှုလျက်ရှိသည်။ “ဒါက မေ့ဖျောက်လို့ မရနိုင်တဲ့ အထူးလက်နက်ပဲ”
ကျွင်းချောင်ရှောင်း၏ စကားများသည် သူမ၏ နားထဲသို့ တိုးဝင်လာ၏။ မည်ကဲ့သို့ မေ့ပျောက်၍ မရနိုင်သည်ဆိုသည့်အကြောင်းကိုလည်း ချက်ချင်းပဲ သူမ နားလည်သွားမိခဲ့ပြီဖြစ်၏။
ဘုတ်
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် ကောင်းကင်ဆီမှ ကျဆင်းလာပြီးသည့်နောက်မှာတော့ ကြီးမား လှသည့်တွင်းကြီးထဲတွင် လဲလျောင်းနေရသည်။ ၎င်း၏ဖင်ဆီမှ အငွေ့များသည် တထောင်းထောင်းနှင့် ထွက်ပေါ်လျက်ရှိသည်။
“ဒင်... သီးခြားတာဝန် ပြည့်စုံသည်၊ ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကို ရရှိသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၄၇၆၅၀/ ၇၀၀၀၀”
“ဒင်... လက်ခံသူသည် သီးခြားတာဝန်ကို ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်၊ တာဝန်၏ ဆုလာဘ်အဖြစ် အဆင့်မြင့် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး ဖော်မြူလာ တစ်၊ တစ်ရက်တာ ငရဲခန်းဖော်မြူလာ တစ်၊ စည်းဖွင့်ခြင်းအဆောင် တစ်”
“နောက်ထပ် စည်းဖွင့်ခြင်းအဆောင်ပါလား” ကျွင်းချောင်ရှောင်းသည် ပျော်ရွှင်သွား၏။
စည်းဓားမော့ကြီးကို အဆင့်မြှင့်တင်ပြီးသည့်နောက်မှာတော့ သူသည် စုစုပေါင်း စည်းအဆောင် နှစ်ခုကို ရရှိခဲ့၏။ သို့ပေမဲ့ လက်ရှိ အချိန်တွင် တစ်ခုသာ ကျန်ရှိတော့သည်။ ယခု တစ်ခုထပ်မံရရှိသည်ဖြစ်သောကြောင့် သူ့အနေနှင့် သေလမ်းရှာရန် အတွက် ပိုမို၍ များပြားလှသည့် ယုံကြည်မှုများ ရရှိလာခဲ့တော့သည်။
အဆင့်မြင့်ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး၏ ဖော်မြူလာဆိုသည်မှာ အလွန်တရာ ကောင်းမွန်လွန်းလှ၏။ ထိုအရာကို သန့်စင်နိုင်သည်ဆိုပါက တပည့်များ၏ ခန္ဓာကိုယ်အားအင်သည် အဆင့်တစ်ခုဆီသို့ တိုးတက်သွားမှာ သေချာ၏။
သို့ပေမဲ့ တစ်ရက်တာ ငရဲခန်းဖော်မြူလာ ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း။ လက်နက်လား၊ အဆောင်လား သို့မဟုတ် ဆေးလုံးလား။
ကျွင်းချောင်ရှောင်းသည် များများစားစား မတွေးတောနိုင်ချေ။ နတ်ဆိုး အင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဆီသို့ သွားကာ ပြောလိုက်မိသည်။ “ခင်ဗျားက ဘာလုပ်ချင်သေးလဲ”
“............”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်သည် အလုံးစုံ ဆွံ့အလျက်ရှိသည်။ သူ၏ ဖင်ဆီမှ ရရှိနေသော နာကျင်မှုသည် အလွန်ပြင်းထန်လှ၏။
လောကလက်ချောင်းလက်နက်သည် ပုံပျက်ပန်းပျက်နိုင်လွန်းလှသည်ဆိုသော်လည်း နတ်ဘုရား လက်နက်ခန်းမဆောင်တွင်ရှိသော နတ်ဘုရားအဆင့်လက်နက်အထက် တစ်ခုတည်းသော လက်နက်လည်း ဖြစ်သည်။
တစ်ဖက်လူသည် သိုင်းနယ်မြေထိပ်ဆုံးအဆင့် ကျင့်ကြံခြင်းကို ရောက်ရှိနေသည်ဆိုလျှင်တောင်မှ ကျိန်းသေပေါက် ခံနိုင်ရည် ရှိလိမ့်မည်မဟုတ်ချေ။ သေသေချာချာ သုံးသပ်ရမည်ဆိုလျှင် ၎င်းသည် သိုင်းအင်ပါယာ ပြီးနောက် အဆင့်အမြင့်ဆုံး သိုင်းနယ်မြေကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့ပေမဲ့ သမိုင်းတွင် ဆိုးရွားလှသည့် တိုက်ကွက်အောက်၌ ရှုံးနိမ့်ခဲ့သည့် ပထမဦးဆုံးလူဖြစ်သည်ဟုလည်း မှတ်တမ်းတင် သွားတော့၏။
“ပြောစမ်း”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သေမလား၊ ပိုက်ဆံပေးမလား”
“ပေးမယ်၊ ပေးမယ်”
………
ဖူး
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း၏ ဂိုဏ်းချုပ်အသံ ထွက်ပေါ်လာသည့်အချိန်မှာပဲ ယွမ်သခင်လေးသည် သွေးများ အန်ထွက်လာခဲ့သည်။ အစောကြီးကတည်းက သူသည် ပိုက်ဆံများပေးရန် ပြောဆိုခဲ့၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် အတွင်းခြံဝန်းထဲမှ ဟိတ်ကြီးဟန်ကြီးဖြင့် ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ တိုက်ခိုက်ခြင်းကို ပြုမူခဲ့သည်။ အဆုံးသတ်မှာတော့ ပေးလိုက်ရသည်သာ ဖြစ်တော့သည်။ ကောင်းမွန်သည့် မည်သည့်အရာများ ရှိနေသနည်း။