အခန်း (၁၀၀၇)
Vol. 68 Ch. 1007
“ဂိုဏ်းချုပ်”
ကျန့်ရာသည် လှိုဏ်ဂူ၏အပြင်ဘက်တွင် မတ်တပ်ရပ်လျက်ရှိသည်။ သူသည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကြည့်ရှုလိုက်သည်။ “ဒီလူက တကယ်ကြီးကို ထွက်သွားတာပဲ၊ တစ်ချက်လေးတောင် နောက်လှည့်မကြည့်ဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “သူ့နှလုံးသားထဲမှာ ဖြစ်နေတဲ့ အကြိတ်အခဲက မပြီးဆုံးသေးဘူးလေ၊ ဒီတော့ ပြိုင်စံရှားဂိုဏ်းကို ဝင်ရောက်ဖို့ဆိုတာ သူ့အနေနဲ့ ခက်ခဲလိမ့်မယ်”
“ကျုပ်တို့ သူ့ကိုဖမ်းပြီးတော့ ကျိုးဒူဒူနဲ့အတူ အချုပ်ခန်းထဲမှာ ထည့်ထားလိုက်ရင် မကောင်းဘူးလား၊ ကျိုးဒူဒူကို နှစ်သိမ့်ခိုင်းလိုက်မယ်” ကျန့်ရာက အကြံပြုလိုက်၏။
“မလိုဘူး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “အားလုံးဆီမှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဆိုတာ ရှိတယ်လေ၊ ကျုပ်တို့က သူတို့ကို အတင်းဖိအားပေးလို့ မဖြစ်ဘူး”
ဤနေရာတွင် တိုင်လုသာရှိမည်ဆိုပါက သွေးအန်၍ နေပေလိမ့်မည်။
တိုင်လု “သောက်ကျိုးနည်း ငါ့ကျ ဘာလို့အတင်းဖိအားပေးနေတာလဲ။”
................
ညကောင်းကင်ယံ၏ အောက်မှာတော့ ဝိညာဉ်တောင်ကြား တစ်ခုလုံးသည် ပုံမှန်ထက်ပို၍ အေးစက်လျက်ရှိသည်။ ယွမ်သခင်လေးသည် ခက်ခက်ခဲခဲဖြင့် လမ်းလျှောက်သွားလျက်ရှိသည်။ သူသည် ဤပတ်ဝန်းကျင် တည်နေရာကြီးကို မကြောက်လန့်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ဤနေရာများအား သူသည် အသားကျလျက် ရှိနေပြီဖြစ်၏။
သူစိတ်ပူနေသည်မှာ ကျွင်းချောင်ရှောင်း ရုတ်တရက် ရောက်ရှိလာပြီး သူ့အား ဖမ်းဆီးမှာကိုပင် ဖြစ်၏။ ကံကောင်းစွာဖြင့် သူသည် တောင်ကြားထဲမှ ထွက်လျှောက်လိုက်သည့်နောက်မှာတော့ တစ်ဖက်လူများသည် ပေါ်မလာခဲ့ချေ။ ထိုမှသာလျှင် သူသည် စိတ်သက်သာရာရသလို သက်ပြင်းချလိုက်မိသည်။
သို့ပေမဲ့ ယွမ်သခင်လေးသည် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းသိမ်းပြီးသည့်နောက်မှာတော့ သူ၏ရှေ့တွင်ရှိနေသည့် အဆုံးအစမဲ့အောင် မှောင်မဲလျက်ရှိနေသော တည်နေရာကြီးကို ကြည့်ရှုမိနေ၏။ သူသည် မနေနိုင်ဘဲ စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိ၏။ “ငါ ဘယ်ကို သွားရမလဲ”
နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းထဲတွင် သူသည် ထာဝစဉ်နေထိုင်ခဲ့သူ တစ်ယောက်ဖြစ်၏။ ဤအရာအားလည်း သူ၏အိမ်ဟု သတ်မှတ်ခဲ့၏။ လက်ရှိအချိန်မှာတော့ နားလည်မှုလွဲမှားသွားခဲ့ပြီဖြစ်၍ နတ်ဆိုးအင်ပါယာဂိတ် ဂိုဏ်းကို သူ့အိမ်အဖြစ် သတ်မှတ်လို့ မရတော့ချေ။
“သခင်လေး”
ရုတ်တရက် သူ၏ အနောက်ဆီမှ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ယွမ်သခင်လေးသည် အသာလှည့်၍ ကြည့်လိုက်သည့်အချိန်မှာတော့ အမဲရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုသည် ၎င်း၏ ဖင်ကိုကိုင်ရင်း မြန်မြန်ဆန်ဆန်ဖြင့် လမ်းလျှောက်လာသည်ကို မြင်လိုက်ရ၏။
“အကြီးအကဲလင်း... ဘာလို့ ဒီနေရာကို လိုက်လာတာလဲ”
အကြီးအကဲလင်းက ပြောလိုက်သည်။ “သခင်လေး ဘယ်သွားသွား ကျုပ် လင်းလန်က လိုက်ပါခဲ့မယ်လို့ ကျိန်ဆို ထားခဲ့တာလေ”
ကျွင်းချောင်ရှောင်းသည် ယွမ်သခင်လေးကို ခေါ်ယူသွားခဲ့စဉ်က သူသည် တိတ်တဆိတ်ဖြင့် အနောက်မှ လိုက်ပါ လာခဲ့ခြင်းဖြစ်သည်။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် သခင်လေးအား လက်သင့်မခံနိုင်ပြီဆိုသောကြောင့် သူ့အနေနှင့် အထဲတွင် နေ၍ ရလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သခင်လေးနောက်သို့ လိုက်လာခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“အကြီးအကဲလင်း”
ယွမ်သခင်လေးသည် အခြေအနေ အရပ်ရပ်ကို အကြမ်းဖျင်းနားလည်လိုက်ခဲ့မိပြီဖြစ်သည်။ ထို့ကြောင့် မချင့်မရဲဖြင့် ပြောလိုက်မိသည်။ “ကျုပ် ခင်ဗျားကိုပါ ဒုက္ခရောက်စေမိပြီ”
အကြီးအကဲလင်းက ပြောလိုက်သည်။ “သခင်လေး.. ဒီလိုပြောလို့ မရဘူးလေ၊ ကျုပ်ဘဝကို သခင်လေးက ကယ်တင်ပေးခဲ့တာလေ၊ သခင်လေးအတွက်သာဆိုရင် ကျုပ်က ဓားတောင်ကိုပဲတက်တက်၊ မီးပင်လယ်ကိုပဲ ဖြတ်ဖြတ် ငြင်းပယ်မှာ မဟုတ်ဘူး”
ဤအရာသည် လိုအပ်နေသော အစစ်အမှန် ပတ်သက်မှုမျိုးပင် ဖြစ်တော့၏။ ယွမ်သခင်လေးသည် စိတ်လှုပ်ရှား သွားမိ၏။ သူသည် အကြီးအကဲလင်းအား ဖက်၍ မျက်ရည်များ ကျဆင်းလာမိသည်။
“သခင်လေး... ကျွင်းချောင်ရှောင်းက ဘာလို့လွှတ်ပေးလိုက်တာလဲ” အကြီးအကဲလင်းသည် ဇဝေဇဝါ ဖြစ်မိနေ၏။
“ဒီနေရာက စကားပြောလို့ ကောင်းတဲ့နေရာမဟုတ်ဘူး၊ သွားကြရအောင်၊ တစ်ဖက်လူတွေ ဖမ်းမမိခင် မြန်မြန် ထွက်သွားတာက ကောင်းလိမ့်မယ်”
“ကောင်းပါပြီ” နှစ်ယောက်သားသည် အလောတကြီးဖြင့် ထွက်ခွာသွားခဲ့ကြသည်။ အာရုံတက်ချိန်သို့ ရောက်ရှိချိန်မှာတော့ ၎င်းတို့သည် မီတာရာဂဏန်းချီ အဝေးရှိ လှိုဏ်ဂူဆီသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။
“သခင်လေး”
အကြီးအကဲလင်းက မေးလိုက်သည်။ “အနာဂတ်မှာ ဘာတွေစီစဉ်ထားသလဲ”
“အင်း...”
ယွမ်သခင်လေးသည် သက်ပြင်းချကာ ပြောလိုက်၏။ “နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကိုလည်း ပြန်လို့ မဖြစ်ဘူး၊ ဒီတော့ လောကကြီးထဲကို လျှောက်သွားဖို့ပဲ ရှိတော့တာပေါ့”
သူသည် နှစ်ပေါင်းများစွာ ဂိုဏ်းအတွက် အလုပ်ကြိုးစားလုပ်ခဲ့သည်ဖြစ်ကြောင်းကို စဉ်းစားလိုက်သည့်အချိန်မှာ တကယ်ပင် နာကျင်သည့်ခံစားချက်များကို ရရှိနေတော့သည်။
အကြီးအကဲလင်းက ပြောလိုက်သည်။ “ကျုပ်တို့က နတ်ဆိုးကျင့်ကြံသူတွေလေ၊ လောကကြီးထဲကို လျှောက်သွား နေမယ်ဆိုရင် အားလုံးက ဝိုင်းပြီး တိုက်ခိုက်တော့မှာပေါ့”
ယွမ်သခင်လေးသည် မျက်မှောင်ကုတ်သွားမိ၏။ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းဆီမှ ထွက်ခွာသွားပြီးသည့်နောက် သူသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် သာမန်လူတစ်ယောက်ကဲ့သို့ နေထိုင်၍ မဖြစ်တော့ချေ။
“အကြီးအကဲလင်း”
ယွမ်သခင်လေးသည် ဘာလုပ်ရမှန်း မသိတော့ချေ။ ထို့ကြောင့် မေးလိုက်မိ၏။ “တခြား ဘာအကြံရှိသေးလဲ”
“သခင်လေး”
အကြီးအကဲလင်းသည် လေးလေးနက်နက် ပြောလိုက်၏။ “ဒီမှာ နေလို့မရဘူးဆိုမှတော့ အရှေ့ဘက် ပင်လယ်ကို သွားရအောင်”
“အရှေ့ဘက်ပင်လယ် ဟုတ်လား” ယွမ်သခင်လေးက မေးလိုက်၏။
“အမှန်ပါပဲ” အကြီးအကဲလင်းက ပြန်ပြောလိုက်သည်။
ယွမ်သခင်လေးသည် နာနာကျင်ကျင်ပဲ ပြောလိုက်၏။ “အရှေ့ဘက်ပင်လယ်က အရမ်းကို ဝေးလွန်းတယ်လေ၊ ပြီးတော့ ပင်လယ်ထဲကို ဖြတ်သန်းသွားလာဖို့ဆိုတာက ဒုက္ခမျိုးစုံ ကြုံရအုံးမှာ၊ အထဲကို မရောက်ခင် သေဆုံးသွားနိုင်တယ်”
အရှေ့ဘက်ပင်လယ်ဒေသကြီးသည် ၎င်းတို့တည်ရှိရာဒေသနှင့် အလွန်ဝေးကွာသော နေရာတွင်တည်ရှိနေ၏။ ၎င်းတို့သည် ကျင့်ကြံခြင်းအဆင့် မြင့်မားလှသော သိုင်းကျင့်ကြံသူများ ဖြစ်သည်ဆိုလျှင်တောင်မှ ထိုနေရာကို ဖြတ်သန်း၍ သွားလာရန် မလွယ်ကူလှချေ။ အဆုံးမဲ့သော ပင်လယ်ထဲတွင်တော့ များပြားလှသော သဘာဝ ကပ်ဘေးများ တည်ရှိနေ၏။ မုန်တိုင်းများ၊ လေဝဲများနှင့် မျိုးစုံသော ဘေးအန္တရာယ်များသည် အချိန်မရွေး ကျဆင်းလာနိုင်သည်။
ရှေးယခင်တုန်းကဆိုလျှင် တချို့သောသူများသည် အရှေ့ဘက်ပင်လယ်ဆီသို့ အောင်မြင်စွာ ဖြတ်သန်း သွားလာနိုင်ကြ၏။ သို့ပေမဲ့ ထိုကဲ့သို့သော အချိန်ကပင် ဖြတ်သန်းသွားခဲ့သော လူများထဲမှ တစ်ရာတွင် ကိုးဆယ် ရာခိုင်နှုန်းသည် သေဆုံးသွားခဲ့ကြ၏။ ထိုအထဲတွင် သိုင်းနယ်မြေကျင့်ကြံသူများပင် ပါဝင်လျက်ရှိနေ၏။ ထို့ကြောင့် လက်ရှိ သူတို့တည်ရှိနေရာ ကုန်းမြေတိုက်ကြီးနှင့် အရှေ့ဘက်ပင်လယ်ကုန်းမြေတိုက်ကြီးကြားတွင် ခြားနားနေသော ပင်လယ်ကြီးသည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်ကို သိသာလွန်းလှ၏။
အကြီးအကဲလင်းက ပြောလိုက်သည်။ “ဒီမှာဆိုရင် ကျုပ်တို့က လမ်းမှန်ဂိုဏ်းသားတွေကို ဂရုစိုက်နေရုံသာမကဘူး၊ အခု နတ်ဆိုးဂိုဏ်းကပါ လိုက်ပြီး တိုက်ခိုက်တော့မှာ၊ ဒီတော့ ကျွင်းချောင်ရှောင်းနဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းရဲ့ လိုက်လံတိုက်ခိုက်ခြင်းကို မခံချင်ဘူးဆိုရင် အရှေ့ဘက်ပင်လယ်ဆီကို အလောင်းအစားလုပ်ပြီး သွားမှ ဖြစ်တော့မယ်”
“အင်း... ဟုတ်တယ်”
ယွမ်သခင်လေးသည် နာကျင်စွာဖြင့် ပြောလိုက်မိ၏။ “ကျုပ်တို့အနေနဲ့ ကျွင်းချောင်ရှောင်းနဲ့ နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းကို သတိထားမှဖြစ်မယ်”
ဂိုဏ်းချုပ်၏ အကြောင်းကို သူကောင်းကောင်း နားလည်၏။ သူ့အား သစ္စာဖောက်အဖြစ် မှတ်ယူသွားခဲ့ပြီ ဖြစ်သောကြောင့် ကျိန်းသေပေါက် လက်လွှတ်ပေးလိမ့်မည် မဟုတ်ချေ။ တွေ့သည်ဆိုသည်နှင့် တစ်ခါတည်း သတ်ဖြတ်ပစ်တော့မှာ သေချာ၏။
အကြီးအကဲလင်းက ထပ်ပြောလိုက်သည်။ “ပြီးတော့ အရှေ့ဘက် ပင်လယ်ထဲမှာ အင်အားစုတွေ အများကြီး ရှိတယ်လေ၊ သခင်လေးရဲ့ ပါရမီနဲ့ဆိုရင် အဲဒီမှာ ကိုယ့်ဘာကိုယ် ရပ်တည်နိုင်စွမ်း ရှိနေလိမ့်မယ်”
ဤစကားလုံးသည် ယွမ်သခင်လေးအား စိတ်လှုပ်ရှားသွားစေ၏။ သူသည် ခဏလောက် စဉ်းစားပြီးသည့်နောက် ပြောလိုက်မိသည်။ “ကောင်းပြီ... အရှေ့ဘက်ပင်လယ်ထဲကို သွားကြရအောင်”
သူ၏ နှလုံးသားများသည် ပင်ပန်းနွမ်းနယ်လျက်ရှိနေ၏။ အထူးသဖြင့် ပြိုင်စံရှားဂိုဏ်းနှင့် တိုက်ခိုက်သည့် အချိန်တွင် သူသည် အချိန်တိုင်း ဆိုးဆိုးရွားရွားနှင့် ရှုံးနိမ့်ခဲ့ရ၏။ ထို့ကြောင့် ဤကဲ့သို့ ဒုက္ခများလှသော နေရာမှ ခပ်ဝေးဝေးသို့ သွားခြင်းကသာလျှင် သူ့အတွက် အကောင်းဆုံးဖြစ်ပေလိမ့်မည်။ သူ့အတွက် လက်ရှိဆောင်ပုဒ်သည် ကျွင်းချောင်ရှောင်းနှင့် ခပ်ဝေးဝေးနေရေးပင် ဖြစ်တော့သည်။
ဝိညာဉ်တောင်ကြား
နေထွက်လာသည်နှင့် ကျွင်းချောင်ရှောင်းသည် လီလိုရှုဆီမှ သတင်းစကားကို ရယူခဲ့ပြီးဖြစ်၏။ လက်ရှိအချိန်တွင် အရှေ့ဘက်ပင်လယ်ဆီမှ များပြားလှသော ပုလင်းများ မျောပါလာခဲ့၏။ ထိုပုလင်းထဲတွင် ပါဝင်သောစာများမှာ ဆရာဖန်း၏ အကူအညီတောင်းသည့်စာများသာ ဖြစ်တော့၏။ သူသည်လည်း ဤသတင်းစကားနှင့်ပတ်သက်၍ စိုးရိမ်ပူပန်လျက် ရှိနေ၏။
ပါဝင်ထားသည့် အကြောင်းအရာမှာ အရှေ့ဘက်ပင်လယ်သည် ကုန်းမြေတိုက်ကြီး ကိုးခု၏ အသက်ရှင် ရပ်တည်မှုကို သက်ရောက်စေနိုင်သည့် ကြီးမားသည့်အစီအစဉ်ကြီးကို ချမှတ်နေသည်။ အကယ်၍ သိရှိချင်သည် ဆိုပါက တစ်စုံတစ်ယောက်သည် ရောက်ရှိလာပြီး သူ့ကို ကယ်တင်ရန်ပင်ဖြစ်သည်။
“ကြီးမားသည့်အစီအစဉ်ကြီး ဟုတ်လား၊ နယ်မြေကြီးကိုးခုလုံး အသက်ရှင် ရပ်တည်ကျန်ခဲ့ဖို့” ကျွင်းချောင်ရှောင်း သည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “အဲလောက်တောင် ကြောက်ဖို့ကောင်းနေတာလား”
နယ်မြေ၏ ကိုးခုမှ စွမ်းအားမြင့်ကျင့်ကြံသူအားလုံးသည် ထိုအကြောင်းအရာကို သိရှိသွားခဲ့ကြ၏။ သို့ပေမဲ့ လေးလေးနက်နက် မထားခဲ့ချေ။ ထို့အပြင် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်းသည် လက်ရှိအချိန်တွင် ဂြိုဟ်တိုက်ပွဲ တည်နေရာထဲသို့ စွမ်းအားမြင့်ကျင့်ကြံသူများ ရောက်ရှိနေသည့်အချိန်ကို အခွင့်ကောင်းယူကာဖြင့် တိုက်ခိုက်လျက်ရှိနေသည် မဟုတ်ပါလား။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဆရာဖန်းကို သွားရောက် ကယ်တင်ရန်အတွက် အချိန်မရှိကြချေ။
“ဂိုဏ်းချုပ်”
အကြီးအကဲတင်းက ပြောလိုက်သည်။ “ဆရာဖန်းက ဆက်တိုက်ဆိုသလို ပုလင်းတွေပို့ပြီးတော့ အကူအညီတောင်းနေတယ်ဆိုတော့ တစ်စုံတစ်ခု ဆိုးရွားတာ ဖြစ်လာမှာကို စိုးရိမ်မိတယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုလည်း သွားကြည့်ကြတာပေါ့”
သူသွားကြည့်မည်ဟု ပြောလိုက် သော်လည်း တကယ်တမ်းမှာတော့ အထူးတာဝန်ကို ပြည့်စုံရန် စောင့်ရဦးမှာ ဖြစ်သည်။ ထို့ကြောင့် ပြောရမည် ဆိုလျှင် နှစ်ဝက်လောက် စောင့်ရဦးမည်ဟု ဆိုရမည်။
ယွမ်သခင်လေးနှင့် အကြီးအကဲလင်းတို့သည် ရက်အနည်းငယ်အကြာမှာပဲ အရှေ့တောင်အရပ်ဆီသို့ ရောက်ရှိလာခဲ့ ကြသည်။ ၎င်းတို့သည် မေးမြန်းစုံစမ်းပြီးသည့်နောက်မှာတော့ သက်တမ်းရင့် ရွက်လွှင့်စွမ်းရည်ကို ပိုင်ဆိုင်သော လူတစ်ယောက်ကို ရှာဖွေတွေ့ရှိခဲ့၏။ ပြီးသည့်နောက်မှာတော့ ၎င်းတို့သည် လှေဖြင့် ပင်လယ်ကြီးကို ဖြတ်သန်းကြတော့၏။
ထူးဆန်းလှသည်။ အဆုံးမဲ့ပင်လယ်ကြီးကို ကြည့်ပြီးသည့်နောက် ယွမ်သခင်လေးသည် စိတ်လက် တည်ငြိမ်မှုကို ခံစားနေရသည်။
“ငါနဲ့ ရန်ငြိုးရှိတဲ့လူတွေ မရှိတော့ဘူးဆိုတော့ စိတ်သက်သာရာရနေတာများလား၊ ကျွင်းချောင်ရှောင်း …”
သူသည် မတ်တပ်ထရပ်ကာဖြင့် ကုန်းမြေတိုက်ကြီးဘက်သို့လှည့်ကာ အော်ဟစ်လိုက်သည်။ “ကျုပ် ခင်ဗျားနဲ့ဆက်ပြီး ဆော့စရာ မလိုအပ်တော့ဘူး၊ ခင်ဗျားနဲ့ ဝေးဝေးနေနိုင်ပြီ၊ နှုတ်ဆက်ပါတယ်၊ ဘယ်တော့မှ ထပ်မတွေ့တော့ဘူး”
..................
ဝိညာဉ်တောင်ကြားထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ကျန့်ရာ၏ ယွမ်စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို အမှီပြုကာဖြင့် တောင်ကြား၏ အတွင်းဘက်တွင်ရှိနေသော အရင်းအမြစ်များကို ယူဆောင်လျက်ရှိနေတော့၏။
ရွှီး ရွှီး
နတ်ဆိုးလင်းယုန်ငှက်ကြီးသည် ၎င်း၏ အတောင်ပံများကို ဖြန့်ကားကာဖြင့် ဂိုဏ်းချုပ်နှင့် ရှစ်ကျန်းရွမ်တို့အား အရှေ့တောင်ရန်ကျူးဆီသို့ ပြန်လည်ခေါ်ဆောင်လာခဲ့၏။ ၎င်းတို့နှစ်ယောက်သည် နှစ်ယောက်တည်းနေရသည့် အခွင့်အရေးကို ရရှိနေကြ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် လမ်းတလျှောက်လုံး ငြိမ်သက်နေ၏။ ထိုအစား သူသည် ဆေးခန်းမဆောင်ကို ဖွင့်၍ အဆင့်မြင့်ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံးကို ကြည့်ရှုလျက်ရှိသည်။
“ပြီးတော့၊ ဒီငရဲပြည်သို့ တစ်ရက်တာဆိုတာ ဘာလဲ”
“ဒင်...” တွေးနေတုန်းမှာပဲ ၎င်းသည် ဆေးခန်းမဆောင်နှင့် အလိုအလျောက် လိုက်ဖက်ညီသွား၏။
“ဟမ်”
ဆေးခန်းမဆောင်နှင့် လိုက်ဖက်ညီသွားသည်ကို မြင်တော့ ကျွင်းချောင်ရှောင်းသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိသည်။ “ဒါက ဆေးလုံးများလား”
သူသည် ငရဲပြည်သို့ တစ်ရက်တာ ဆေးလုံးအား အသာဖွင့်၍ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ လိုအပ်သည့် ဆေးပင်အရေအတွက်သည် ပြည့်စုံလျက်ရှိနေ၏။ ထို့အပြင် အသေးစိတ်သတင်းပို့ချက်များကိုလည်း ရရှိလျက် ရှိတော့သည်။ ပါဝင်သည့်အကြောင်းအရာမှာ ငရဲဆေးလုံးဟု ခေါ်ဆိုကြသည်။ သိုင်းကျင့်ကြံသူ တစ်ယောက်သည် ထိုအရာကို သောက်သုံးလိုက်မည်ဆိုပါက နှစ်ဆယ့်လေးနာရီလုံးလုံး သေဆုံးနေမည်ဖြစ်၏။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွား၏။ “ဒါကိုသောက်ပြီးသွားရင် နှစ်ဆယ့်လေးနာရီလုံးလုံး သေနေမှာ ဟုတ်လား၊ ဒါက တကယ့်ကို ငရဲပြည်ကို တစ်ရက်တာ သွားတဲ့ ခရီးပဲ”