အခန်း (၁၀၀၈)
Vol. 68 Ch. 1008
ငရဲဆေးလုံးသည် သေဆုံးသည့်နေရာတွင် ဟန်ဆောင်ရန်ဖြစ်၏။ ဤအရာသည် ကျွင်းချောင်ရှောင်းအား အလွန်ပင် စိတ်ဓာတ်ကျစေ၏။ ထို့ပြင် အသက်ရှင်ရသည်မှာ ကောင်းမွန်သည့်အရာဖြစ်သည် မဟုတ်လား။ အဘယ့်ကြောင့် သေဆုံးခြင်း၏ အရသာကို ခံစားရမည်နည်း။
သေခြင်းတရားကြီးအကြောင်းကို ပြောမည်ဆိုလျှင် ကုန်းရှန့်သည် ထိုအရာကို အတွေ့အကြုံရှိပြီးသားဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် သူသည် တစ်ကြိမ်သေဆုံးပြီးသားလူဖြစ်နေတော့သည်။ သို့သော်ငြား ဤခံစားချက်ကို သူမေ့လျောနေပြီ ဖြစ်၏။
စနစ်ကပြောလိုက်သည်။ “ဒီလိုဆေးလုံးမျိုးက အသက်ကယ်အဆောင်မျိုးပဲလေ။”
“မင်းဆိုလိုတာက အရမ်းအားကောင်းတဲ့ ရန်သူနဲ့ရင်ဆိုင်တဲ့အချိန်မှာ သေချင်ယောင်ဆောင်နေဖို့လား။” ကျွင်းချောင်ရှောင်းက မေးလိုက်၏။
“ဒါအမှန်ပဲ။” စနစ်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် ခေါင်းကိုခါရမ်းကာဖြင့် ပြောလိုက်၏။ “ဒါက ငါ့အသက်ကို ကယ်ဆယ်နိုင်တယ် ဆိုတာ ထားပါတော့။ ဒါပေမဲ့ ၂၄ နာရီတိတိ သေချင်ယောင်ဆောင်နေတယ်ဆိုတာ ရန်သူက ကိုယ့်ကို အပိုင်းပိုင်းခုတ်ဖြတ်မသွားဘူး ဆိုရင်တောင်မှ တောထဲမှာရှိတဲ့ တောရိုင်းသားကောင်တွေ ရောက်လာပြီးတော့ လာပြီးစားသွားလိမ့်မယ်။”
စနစ်က ေ“ဒါကတော့ ဘယ်လိုအသုံးပြုပြီး ဘယ်အချိန်မှာအသုံးပြုမယ်၊ ဘယ်နေရာမှာ အသုံးပြုတယ်ဆိုတဲ့ အပေါ်မှာ မူတည် တာပေါ့။”
ကျွင်းချောင်ရှောင်းသည် ငရဲဆေးလုံး သန့်စင်သည့် ပါဝင်ပစ္စည်းများကို သေသေချာချာကြည့်ရှု လိုက်သည့်နောက်မှာတော့ ထိုအရာများသည် သူ့ဆီ၌ ရှိနေသည်သာမက တော်တော်များများကို ထုတ်လုပ် နိုင်သည့်အရာများဖြစ်နေကြောင်း သိရှိလိုက်ရ၏။ ထို့ကြောင့်သူသည် သန့်စင်မည်ဆိုသည့် စာတမ်းကို နှိပ်လိုက်၏။
ဒင်
မိနစ်အနည်းငယ်ကြာပြီးသည့်နောက်မှာတော့ ဆေးလုံးတစ်လုံးသည် သန့်စင်သွားခဲ့သည်။
“မြန်လိုက်တာ”
ကျွင်းချောင်ရှောင်းသည် ချက်ချင်းပဲ ကြောင်အသွားမိ၏။ သူ၏ ဆေးလုံးဖော်စပ်ခြင်းစွမ်းရည်သည် တစ်နေ့ထက် တစ်နေ့ပိုမိုကာ တိုးတက်လာခဲ့သည်ဆိုသော်လည်း ယခုဆေးလုံး၏ ကြာမြင့်ချိန်သည် မိနစ်အနည်းငယ်လောက်သာ ကြာမြင့်နေ၏။ ထို့ကြောင့် မြန်ဆန်လွန်းသည်ဟု ဆိုရမည်။
ငရဲဆေးလုံးသည် စိတ်ဝိညာဉ်စုစည်းခြင်းဆေးလုံး နှင့် အရွယ်အစားတူညီလှ၏။ အရောင်မှာ အဖြူရောင်ဖြစ်ပြီးတော့ တစ်ချက်ကြည့်ရှုလိုက်လျှင် သန့်စင်ရာတွင် မအောင်မြင်သည့် ဆေးလုံးနှင့်ဆင်တူနေ၏။
ကျွင်းချောင်ရှောင်းသည် ထိုအရာကို ထုတ်ယူပြီးသည့်နောက်မှာတော့ အနံ့ခံကြည့်လိုက်သည်။ ထူးခြားသည့် အနံ့အသက်မျိုးကိုတော့ မရရှိပေ။ ထို့ကြောင့် သူသည် တီးတိုးရေရွတ်လိုက်မိ၏။ “ဒီလိုအရာလေးက စားပြီးရင် တစ်ခါတည်း သေသလိုဖြစ်သွားမှာလား။”
“လက်ခံသူ စမ်းသပ်ကြည့်ပါလား။”
“တော်စမ်း။”
သူသည် ကျိန်းသေပေါက်စမ်းသပ်ချင်မိ၏။ သို့ပေမဲ့ တစ်ခြားသူတစ်ယောက်ယောက်နှင့် စမ်းသပ်မှဖြစ်မည်။ ဥပမာ အားဖြင့် ဟောခန်းသခင်ကျိ၊ ရီရှင်းချန် သို့မဟုတ် ဟယ်ဝူတီတို့ ဖြစ်သည်။
သူသည် အဘယ့်ကြောင့် ဤဆေးလုံးကို သွား၍ စားရမည်နည်း။ ထို့ပြင် ဂိုဏ်းတစ်ခု၏ ဂိုဏ်းချုပ်ဖြစ်သည်မို့ အချိန်သည် ငွေကဲ့သို့ပင် အရေးကြီးလှ၏။ ၂၄ နာရီတိတိ သေဆုံးနေခြင်းသည် အချိန်ဖြုန်းခြင်းနှင့် ဆင်တူ၏။
ဒင် ….. သီးခြားတာဝန်အသက်ဝင်
“တခြားတာဝန်တစ်ခုလာပြီလား။”
ကျွင်းချောင်ရှောင်းသည် တာဝန်အား ဖွင့်၍ ကြည့်ရှုလိုက်၏။ ပါဝင်သည့်အကြောင်းအရာမှာတော့ လက်ခံသူသည် ငရဲဆေးလုံးအား နှစ် မိနစ်အတွင်း သောက်သုံးရန်ဟူ၍ ဖြစ်သည်။
ဟား ဟား ဟားဟား ဟား
စနစ်သည် မည်သို့မှ မထိန်းနိုင်တော့ဘဲ အားရပါးရ ထရယ်လိုက်မိ၏။
ကျွင်းချောင်ရှောင်း၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့၏။ သူသည် ငရဲဆေးလုံးကို ကိုင်၍ ကြောင်လျက်ရှိနေသည်။ သီးခြားတာဝန်သည် သူ့အား တစ်ရက်တာတိတိ သေချင်ဟန်ဆောင်ရန် တွန်းအားပေးလျက်ရှိနေ၏။ ဆိုးရွားလွန်းလှချေသည်။
“ဂိုဏ်းချုပ်ကျွင်း”
ဘေးတစ်ဖက်တွင် ထိုင်လျက်ရှိနေသော ရှစ်ကျန်းရွမ်သည် စိတ်ဝင်တစားဖြင့် မေးလိုက်၏။ “ကိုင်ထားတာ ဘာဆေးလုံးလဲ။”
“အမ်”
တာဝန်၏ အချိန်များသည် တဖြည်းဖြည်းလျော့ကျလာသည်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်း သည် ချက်ချင်းပဲ ဆေးလုံးအား သူ၏ ပါးစပ်ထဲသို့ ထည့်၍ မြိုချလိုက်၏။
ငါတစ်ကြိမ်သေပြီးသွားပြီပဲ။ ဘာလို့ ဒုတိယတစ်ကြိမ် သေဖို့ ကြောက်ရွံ့နေရမှာလဲ။
ဘုတ်
ကျွင်းချောင်ရှောင်း၏ အတွေးများသည် ပျောက်ကွယ်သွားခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ သူသည် ဘေးတစ်ဖက်ဆီသို့ ယိုင်ကာ ပြုတ်ကျသွား၏။ ထိုသို့ ယိုင်ကာပြုတ်ကျရာတွင် တိုက်တိုက်ဆိုင်ဆိုင်ဆိုသလိုပဲ ရှစ်ကျန်းရွမ်၏ ခြေထောက်ခွကြားထဲသို့ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။
မိန်းကလေးများသည် မွှေးပျံ့လှသည့်ရနံ့များတည်ရှိသည်။ သို့ပေမဲ့ ကံဆိုးစွာဖြင့် ကျွင်းချောင်ရှောင်းသည် ဤမိန်းကလေး၏ ကိုယ်သင်းနံ့အား ကောင်းကောင်းမရှုရှိုက်လိုက်ရချေ။ အဘယ့်ကြောင့်ဆိုသော် သေဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။
ကျွင်းချောင်ရှောင်းသည် ရုတ်တရက် သူမ၏ ခြေထောက်ခွကြားဆီသို့ ကျဆင်းလာခဲ့၏။ ရှစ်ကျန်းရွမ်သည် ရုတ်တရက် ဓာတ်လိုက်သလို လန့်ဖြတ်သွားခဲ့မိသည်။ ထို့ကြောင့် ကြောက်လန့်တကြားဖြင့် ကျွင်းချောင်ရှောင်းအား အသာ တွန်းထုတ်လိုက်၏။ သူမသည် အားအင်အဆင့်ကို မထိန်းချုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် ချက်ချင်းပဲ နတ်ဆိုး လင်းယုန်ငှက်ဆြွစ်
ကျွင်းချောင်ရှောင်း၏ ၏ ခေါင်းသည် အောက်ဆီသို့ကျ၍ အမြန်ဆုံးနှုန်းဖြင့် ဇောက်ထိုးကြီး ဆင်းသက်သွားခဲ့သည်။
“ဟမ်”
ပျံသန်းလျက်ရှိနေသော ရှောင်မိုရှန်သည် ဇဝေဇဝါဖြစ်သွား၏။
“သခင် ဘာလို့ခုန်ချသွားတာလဲ။”
အဘိုးကြီးတင်းနှင့် ခရမ်းရောင်ဘုရင်တို့သည်လည်း ထိုအရာကိုတွေ့ရှိလိုက်ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် သေသေချာချာ စဉ်းစားခြင်းကိုတော့ မပြုမူကြပေ။
အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းချုပ်၏ ကျင့်ကြံခြင်းအဆင့်နှင့် ဆိုလျှင် ဤအမြင့်ဆီမှ ပြုတ်ကျသွားမည်ဆိုလျှင်တောင်မှ ပုံစံမျိုးစုံဖြင့် ဆင်းသက်သွားနိုင်သည်။ မည်သည့်အန္တရာယ်မှ မရှိချေ။
ဘန်း
နောက်ဆုံးမှာတော့ အားလုံး၏ မျက်လုံးရှေ့တွင်မှာပဲ ကုန်းရှန့်သည် ကောင်းကင်ယံ မှ ပြုတ်ကျသွားပြီးသည့်နောက် မှာတော့ မြေကြီးထဲသို့ ချိုင့်ဝင်သွားခဲ့တော့သည်။
“ဒါက”
ခရမ်းရောင်ဘုရင်နှင့် အဘိုးကြီးတင်းတို့ နှစ်ယောက်လုံးသည် ဆွံ့အသွားခဲ့ကြ၏။ ဂိုဏ်းချုပ်သည် ဘာလုပ်ချင်နေ သနည်း။ ဤမျှလောက်အမြင့်က ဆင်းသက်လာသည်ဆိုလျှင် ပုံစံမျိုးစုံဖြင့် ဂျွန်းထိုးလိုက်၊ နောက်ကျွန်းပစ်လိုက်နှင့် ပင် မြေပေါ်သို့ ဆင်းသက်နိုင်၏။ အဘယ့်ကြောင့် မျက်နှာနှင့်ဆင်းသက်သွားရသနည်း။
“နေအုံး”
သေသေချာချာကြည့်ရှုနေသော ကျန့်ရာသည် မျက်မှောင်ကုတ်ကာဖြင့် အလန့်တကြားပြောလိုက်၏။ “ဂိုဏ်းချုပ်ဆီမှာ အသက်ဓာတ်တွေမရှိတော့ပါလား။”
ခရမ်းရောင်ဘုရင်နှင့် အဘိုးကြီးတင်းတို့သည်လည်း ထိုအရာကို နားလည်သွားမိ၏။ သူတို့၏ အမူအရာများသည် ပြောင်းလဲသွားကြသည်။ ချက်ချင်းပဲ အောက်ဆီသို့ ပျံသန်းပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းအား မြေကြီး ထဲမှ မုန်လာဥဆွဲနုတ်သလို မြေကြီးထဲမှ ဆွဲထုတ်လိုက်ကြသည်။
ရွှီ
တင်းရှင်းဝမ်သည် ဂိုဏ်းချုပ်၏ လက်ကောက်ဝတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ဆွဲကာဖြင့် သွေးကြောများစီးဆင်းမှုကို စမ်းသပ်ကြည့်လိုက်၏။ မည်သည့်သွေးခုန်နှုန်းကိုမှ မခံစားရချေ။ သူသည် နာနာကျင်ကျင်ဖြင့် ပြောလိုက်၏။ “ဂိုဏ်းချုပ်ရဲ့ ခန္ဓာကိုယ်က အေးစက်နေပြီပဲ။”
…
ပြိုင်စံရှားဂိုဏ်း၏ ဆေးတောင်ထွတ် …..။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောတပည့်များအားလုံးသည် ဆေးဟောခန်းမဆောင်၏ အပြင်ဘက်တွင် စိုးရိမ် ပူပန်စွာဖြင့် ရှေ့လျှောက်လိုက်၊ နောက်လျှောက်လိုက် ပြုလုပ်လျက်ရှိနေ၏။
ကျွီ
ထိုအချိန်မှာပဲ တံခါးတစ်ချပ် ပွင့်လာခဲ့၏။
အကြီးအကဲဝေသည် အပြင်ဘက်သို့ လျှောက်ထွက်လာ၏။ သူ၏ မျက်လုံးများသည် နီရဲနေသည်။ သူသည် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ “ဂိုဏ်းချုပ် … သူ … သူ့ဆီမှာ အသက်ဓာတ်တွေမရှိတော့ဘူး။ သူ့ဝိညာဉ်က ကောင်းကင်ဘုံကိုရောက်သွားပြီ။”
“မဖြစ်နိုင်ဘူး။ မဖြစ်နိုင်ဘူး။”
ရှောင်ကျီသည် အရှေ့ဆီသို့ ပြေးဝင်သွား၏။ ပြီးသည့်နောက်မှာတော့ ကုတင်ပေါ်တွင် လဲလျောင်းလျက်ရှိနေသော အသက်မဲ့နေသော ကျွင်းချောင်ရှောင်း၏ ခန္ဓာကိုယ်ကို မြင်ရသည့်အချိန်မှာတော့ သူသည် ဒူးထောက် ထိုင်ချလိုက်မိ၏။ သူသည် အားရပါးရနှင့် အော်ဟစ်လိုက်သည်။ “ဂိုဏ်းချုပ်”
“အီး .. အီး …..”
လျှိုဝမ်ရှစ်သည် အထဲဆီသို့ ပြေးဝင်လာခဲ့၏။ သူမသည် အသုဘဝတ်စုံကိုပင် ဝတ်ဆင်ထားပြီးဖြစ်နေ၏။ သူမက ငိုယိုနေသည်။ “ဂိုဏ်းချုပ် ဘာလို့ဒီလောက်ဆိုးဆိုးရွားရွား သေဆုံးရတာလဲ။”
ဆေးခန်းမဆောင်၏ အပြင်ဘက်မှာတော့ လီချင်းယန်သည် မြေပေါ်တွင် ထိုင်ချလျက်ရှိသည်။ သူ၏ တစ်ကိုယ်လုံးသည် အားအင်များ မရှိတော့ချေ။ သူ၏ ဝိညာဉ်တစ်ခုလုံးသည် အပြင်ဘက်သို့ ထွက်ခွာသွားသလို ခံစားနေရတော့၏။ “ဘယ် … ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒါမဖြစ်နိုင်ဘူး။ ဒါမဖြစ်နိုင်ဘူး။”
“သေသွားပြီဟုတ်လား။” ရီရှင်းချန်သည်လည်း ကြောင်အနေမိသည်။
ပြိုင်စံရှားဂိုဏ်း၏ ကောင်းကင်အထက်တွင် များပြားလှသော ဝမ်းနည်းခြင်း အငွေ့အသက်များ ဖြစ်တည်လာခဲ့သည်။
…
တစ်နေ့ထဲမှာပဲ အဓိကဟောခန်းကြီးအား သန့်ရှင်းရေးပြုလုပ်ပြီးဖြစ်နေတော့သည်။ အခေါင်းတစ်ခုသည် အဓိက ဟောခန်း၏ အလယ်ထဲတွင် တည်ရှိနေ၏။ အခေါင်း၏အထဲတွင်တော့ ကျွင်းချောင်ရှောင်းသည် ငြိမ်းချမ်းလှသော မျက်နှာအမူအရာဖြင့် လဲလျောင်းလျက်ရှိနေ၏။ သူသည် သေဆုံးနေသည့်လူတစ်ယောက်နှင့် မခြားနားချေ။
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများအားလုံးသည် အသုဘဝတ်စုံများကို ဝတ်ဆင်ကာဖြင့် အပြင်ဘက်တွင် ဒူးထောက်ထိုင်လျက်ရှိနေကြ၏။ ၎င်းတို့အားလုံးသည် ကောင်းကင်ကြီးမဲမှောင်သွားသည့်အချိန်ထိ ငိုယိုလျက် ရှိနေ၏။ ၎င်းတို့၏ နှပ်ချေး နှင့်မျက်ရည်များအားလုံးသည် နေရာအနှံ့သို့ ပျံ့ကျဲလျက်ရှိနေ၏။
အကြီးအကဲဝေ၊ အဘိုးကြီးတင်း နှင့် အခြားသူများသည်လည်း အလွန်အမင်းဝမ်းနည်းလျက်ရှိနေသည်။
သို့ပေမဲ့ သေသွားသည်ဆိုမှတော့ ၎င်းတို့သည် ထုံးတမ်းစဉ်လာအတိုင်း ပြုလုပ်မှဖြစ်ပေလိမ့်မည်။ ထို့ကြောင့် မည်သည့် အချိန်တွင် သြင်္ဂိုလ်မည်၊ မည်သည့်အချိန်တွင် မြေမြုပ်မည်ဆိုသည့်အကြောင်းများကို ဆွေးနွေးလျက်ရှိနေကြ၏။
“သူတကယ် သေသွားတာလား။”
အဓိကဟောခန်း၏ အပြင်ဘက်မှာတော့ လုချင်းချင်းသည် မတ်တပ်ရပ်လျက်ရှိ၏။ သူမသည် အသုဘဝတ်စုံကို မဝတ်ဆင်ထားသလို အခေါင်း၏ အရှေ့တွင်လည်း ဒူးထောက်မနေချေ။ အဘယ့်ကြောင့်ဆိုသော် ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးထဲတွင် ကျွင်းချောင်ရှောင်းတစ်ယောက်သေဆုံးခြင်းနှင့် ပတ်သက်၍ သံသယဝင်နေသည့်လူဆို၍ သူမသာ ရှိတော့၏။ ထို့အပြင် ဂိုဏ်းချုပ်သည် အလုံးစုံပြည့်စုံလျက်ရှိနေ၏။ အဘယ့်ကြောင့် ရုတ်တရက်ကြီး သေဆုံးသွားရမည်နည်း။
“ခန်းမသခင်ရှစ်”
အမှန်တရားကိုလည်း နားလည်သိရှိစေရန်အလို့ငှာ သူမသည် ဧည့်ခန်းမဆောင်ဆီသို့ သွားရောက်ကာ မေးမြန်းတော့သည်။ “အဲဒီတုန်းက ဘာဖြစ်ခဲ့တာလဲ။”
ရှစ်ကျန်းရွမ်သည် ရှိုက်ငိုလျက် ရှိနေတုန်းဖြစ်သည်။ သူမသည် ကျွင်းချောင်ရှောင်းကို အမှတ်တမဲ့ဖြင့် အောက်သို့ တွန်းချမိသည်ဆိုသော်လည်း သေဆုံးသည်အထိတော့ တွန်းချခဲ့ခြင်းမဟုတ်ပေ။ သို့ပေမဲ့ ကုန်းရှန့်၏ သေဆုံးခြင်းသည် သူမနှင့်ပတ်သက်နေသည်ဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လျက်ရှိနေ၏။ သူမ၏ နှလုံးသွေးများသည် တစက်စက် ယိုလျက်ရှိသည်။
“ဂိုဏ်း … ဂိုဏ်းချုပ်ကျွင်းက ဆေးတစ်လုံးကို သောက်လိုက်တယ်။ ပြီးတော့ ရုတ်တရက် ကျွန်မပေါ်ကို ပြုတ်ကျလာ တယ်လေ။ ကြောက်ပြီးတော့ အသာတွန်းလိုက်တဲ့အချိန်မှာ ပြီးတော့ အီး .. အီး … သူသေသွားခဲ့တယ်။”
“ဆေးလုံးဟုတ်လား။”
လုချင်းချင်းသည် မျက်မှောင်ကုတ်သွားမိ၏။
ဤဆေးလုံးသည် အဆိပ်များရှိနေသည်လား။ သောက်ပြီးသည့်နောက် ချက်ချင်းသေဆုံးသွားခဲ့ခြင်းဆိုသည်မှတော့ အဆိပ်ဆေးလုံးများဖြစ်နေသည်လား။ သို့ပေမဲ့ အဆိပ်ကြောင့် သေဆုံးသည်ဆိုလျှင်တောင်မှ ဂိုဏ်းချုပ်သည် ဤမျှ ငြိမ်းငြိမ်းချမ်းချမ်းဖြင့် သေဆုံးမနေသင့်ပေ။
“အချုပ်ခန်းထဲမှာ ချုပ်ထားတဲ့ မြောင်စိုင်းဖန်က အဆိပ်အကြောင်းကို ကောင်းကောင်းသိတယ်လေ။ ဒီတော့ အဆိပ်ကြောင့် ဂိုဏ်းချုပ်သေဆုံးတာလားဆိုတာကို ကောင်းကောင်းပြောနိုင်လိမ့်မယ်။”
ဂိုဏ်းထဲတွင်ရှိသော အားလုံးသောသူများသည် ဂိုဏ်းချုပ်၏သေဆုံးခြင်းနှင့်ပတ်သက်၍ နာကျင်လျက်ရှိနေကြ၏။ သို့ပေမဲ့ အကြီးဆုံးတပည့်ကြီးမှာတော့ တည်ငြိမ်အေးဆေးလျက်ရှိနေ၏။ သူမ၏ ဟန်ပန်အသွင်အပြင်နှင့်အမူအရာ သည် အလွန်အမင်း ခိုင်မာတောင့်တင်းလွန်းလှ၏။
…
အဓိကဟောခန်းထဲမှာတော့ မြောင်စိုင်းဖန်သည် ကျွင်းချောင်ရှောင်း၏ လက်မှ သွေးကြောများကို အသာစမ်းသပ်ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“သူက အဆိပ်မိနေတာပဲ။”
အဆိပ်တွင် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သည့်မို့ သူမသည် အထဲတွင် ကျွင်းချောင်ရှောင်းခန္ဓာကိုယ်ထဲတွင် အဆိပ် တစ်မျိုးတည်ရှိနေကြောင်းကို အာရုံခံမိနိုင်၏။ သို့ပေမဲ့ မြောင်စိုင်းဖန်သည် ဇဝေဇဝါဖြစ်မိနေသည်။ ခန္ဓာကိုယ်ထဲတွင် အဆိပ်ရှိသည်ဆိုလျှင် အဘယ့်ကြောင့် တခြားထိခိုက်မှုများမဖြစ်ပေါ်ရသနည်း။
“သူမသေဘူး။ သူ့ရဲ့ အသက်အားအင်တွေကို အဆိပ်တစ်မျိုးမျိုးက ဖိနှိပ်ထားခဲ့တာ။”
ကောင်းကင်ကြီး မဲမှောင်သည်အထိ ငိုယိုလျက်ရှိနေသော လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည် ထိုစကားကို ကြားသည့်အချိန်မှာတော့ မျက်လုံးပြူးသွားမိ၏။
“ဒါဆိုရင် ဓားကိုချပေးနိုင်မလား။”
“မရဘူး။”
လုချင်းချင်းသည် ဓားကို ကိုင်ဆောင်ထားပြီးသည့်နောက်မှာတော့ မြောင်စိုင်းဖန်၏ လည်ပင်းပေါ်သို့ တင်ထားလျက် ရှိနေသေးသည်။
…
မဲမှောင်နေသော ပတ်ဝန်းကျင်တည်နေရာကြီးထဲမှာတော့ ငြိမ်းချမ်းလှပုံပေါ်သော ကျွင်းချောင်ရှောင်းသည် ရုတ်တရက် မျက်လုံးပွင့်လာသည်။
စနစ်၏ အသံသည် သူ၏ နားထဲတွင် ပေါ်ပေါက်လာခဲ့၏။
“ဒင် … သီးခြားတာဝန်ပြည့်စုံသည်။
ဂိုဏ်းစုဆောင်းမှတ် ၁၀၀၀၀ ရရှိပါသည်။
ဒင်
ဂိုဏ်းစုဆောင်းမှတ် - ၅၇၆၅၀/၇၀၀၀၀”
သူ၏ သိစိတ်ပင်လယ်ထဲသို့ မှတ်ဉာဏ်များဝင်ရောက်လာခဲ့တော့၏။ ကျွင်းချောင်ရှောင်းသည် ငရဲဆေးလုံးကို သောက်သုံးပြီးသည့်နောက်မှာတော့ သီးခြားတာဝန်ကို ပြည့်စုံခဲ့ပြီဖြစ်ကြောင်းကို နားလည်သွားမိ၏။ ထို့ကြောင့် သူသည် ဆွံ့အသွားမိ၏။
“ဒီတာဝန်ကတော့ တကယ့်ကို ချီးကျတာပဲကွာ။ နေအုံး။ ငါဘယ်ရောက်နေတာလဲ။”
ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်၍ ထိကြည့်လိုက်၏။ အပြင်ဘက်တွင်တော့ ဘုတ်ပြားတစ်ခုတည်ရှိလို့နေ သည်။ သူသည် စိတ်ဓာတ်တကျဖြင့် ပြောလိုက်မိ၏။ “ဒါ အခေါင်းဖုံးကြီးလား။ ချီးတဲ့မှ။ ငါ့ကို လူသေလို့ ထင်လို့ မြုပ်ဖို့ ကြိုးစားနေကြတာနေမယ်။”
ဘန်း
စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲသွားပြီးသည့်နောက်မှာတော့ အခေါင်းတစ်ခုလုံးသည် လွင့်စင်သွားခဲ့၏။
ဟောခန်းထဲတွင်ရှိနေသော အကြီးအကဲဝေနှင့် တစ်ခြားသောသူများအားလုံးသည် ကျွင်းချောင်ရှောင်းတစ်ယောက် အသက်ဝင်လာသည်ကို မြင်ရသည့်နောက်မှာတော့ အလွန်တရာ ပျော်ရွှင်သွားမိသည်။
“ဂိုဏ်းချုပ် မသေဘူး။ ဂိုဏ်းချုပ် မသေဘူးပဲ။”
“ဂိုဏ်းချုပ်”
လျှိုဝမ်ရှစ်သည် အော်ဟစ်ငိုယိုလိုက်၏။ “ အီး ..အီး …ကြောက်လွန်းလို့ သေမတတ်ပဲ ဂိုဏ်းချုပ်”
“အဲမှာရပ်မနေကြနဲ့။”
လီလိုရှုသည် လီထျန်းထျန်းနှင့် တစ်ခြားသောသူများကို အမိန့်ပေးလိုက်သည်။ “ဒီအသုဘအခမ်းအနားတွေအကုန်လုံးကို မြန်မြန်ဆန်ဆန် ပြန်ပြင်ဆင်လိုက်တော့။ ပိုက်ဆံတွေရော အမွှေးတိုင်တွေ အကုန်လုံးကို ရှင်းကြ။”
အချိန်အတိုင်းအတာအတိုအတွင်းမှာဘဲ ဟောခန်းကြီးတစ်ခုလုံးသည် သန့်ရှင်းပြီးဖြစ်နေတော့၏။
ရှစ်ကျန်းရွမ်သည် သတင်းကြားပြီးသည့်နောက်မှာတော့ အလောတကြီးဖြင့် ပြေးလာ၏။
ကျွင်းချောင်ရှောင်း တစ်ယောက် အဓိကဟောခန်းထဲတွင် အေးအေးဆေးဆေးနှင့် ထိုင်နေသည်ကို မြင်ရသည့်အချိန်မှာတော့ သူမ၏ ပါးပြင်ဆီသို့ မျက်ရည်များ ကျဆင်းလာခဲ့သည်။
အဟွန့် အဟွန့်
အကြီးအကဲဝေသည် အသာချောင်းဟန့်ပြီးသည့်နောက်မှာတော့ တစ်ခြားသူများနှင့်အတူ အပြင်ဘက်သို့ ထွက်ခွာသွားခဲ့၏။ အဓိကဟောခန်းထဲမှာတော့ ကျွင်းချောင်ရှောင်းနှင့် ရှစ်ကျန်းရွမ်တို့သာ ကျန်ရစ်ခဲ့သည်။
“တောင်းပန်ပါတယ်။ အခြေအနေက အလျင်လိုနေတာမလို့ ရှင်းပြဖို့ အချိန်မရှိခဲ့တာပါ။”
အသံသည် ရုတ်တရက် ရပ်တန့်သွားသည်။ အဘယ့်ကြောင့်ဆိုသော် ရှစ်ကျန်းရွမ်သည် ပြေးလာပြီးသည့် နောက်မှာတော့ ကျွင်းချောင်ရှောင်း၏ ရင်ခွင်ထဲသို့ တိုးဝင်လာခဲ့သည်။ သူမသည် အော်ဟစ်ငိုယိုနေမိ၏။ “ရှင်သာသေသွားမယ်ဆိုရင် ကျွန်မဘဝတစ်ခုလုံး နောင်တတရားတွေ ပြည့်နှက်နေတော့မှာ။”
“အင်း”
ကျွင်းချောင်ရှောင်းသည် တည်နေရာတွင် စာခြောက်ရုပ်ကြီးတစ်ခုကဲ့သို့ ကြောင်အလျက်ရှိနေတော့သည်။ ခနလောက် ကြာပြီးသည့်နောက်မှာတော့ သူသည် သူမ၏ ကျောကုန်းလေးကို အသာပွတ်သပ်ကာ ပြောလိုက်မိ၏။
“အရူးမလေး … ကျုပ်က ဘယ်လိုလုပ်သေနိုင်မှာလဲ။”
ဗွမ်း
ရုတ်တရက် အေးစက်သည့် ရေတစ်ပုံးသည် သူ၏ မျက်နှာဆီသို့ ကျရောက်လာခဲ့၏။ အခေါင်းထဲတွင် လဲလျောင်း နေသော ကျွင်းချောင်ရှောင်းသည် တုန်ယင်သွားပြီးသည့်နောက်မှာတော့ မျက်လုံးများပွင့်လာခဲ့သည်။
အပြင်ဘက်ရှိ သူ၏မြင်ကွင်းထဲတွင်တော့ လီချင်းယန်၊ ရှောင်ကျီ၊ လီဖေးနှင့် အခြားသူများ၏ ဦးခေါင်းများသည် အသီးသီးပေါ်လာကြ၏။ “ဂိုဏ်းချုပ် နိုးလာပြီ။ ဂိုဏ်းချုပ် တကယ်မသေဘူးဟ။”