အခန်း (၁၀၁၁)
Vol. 68 Ch. 1011
ကျောက်ရုပ်ထု၏ ပုံပန်းသွင်ပြင်ကို ကြည့်ရမည်ဆိုလျှင် လာဘ်ခေါ်ကြောင်ရုပ်နှင့် နည်းနည်းဆင်တူ၏။ သို့ပေမဲ့ ဤအရုပ်၏ မျက်နှာသွင်ပြင်သည် ကြောက်ဖို့ကောင်းလှပြီး ငရဲပြည်မှ နတ်ဆိုးတစ်ကောင်နှင့် ဆင်တူလှ၏။ ထို့အပြင် ခြေလက်များအားလုံးသည် မြေပြင်ဆီသို့ချ၍ ဆောင့်ကြောင့်ထိုင်နေသည်နှင့် ဆင်တူ၏။
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ဒီပုံစံကိုကြည့်ရတာ ကြောက်စရာပဲ၊ နတ်ဆိုးလိုလို၊ ဘာလိုလိုနဲ့”
ဆွစ်
သူသည် လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ ကျောက်ရုပ်တုကို လှမ်း၍ ယူဆောင်လိုက်၏။ ရုတ်တရက်ပဲ ကျောက်ရုပ်တုသည် အနည်းငယ်တုန်ယင်သွား၏။ ပြီးသည့်နောက် မျက်လုံးထဲတွင် အနီရောင်အလင်းတန်းများ ဖြတ်ပြေးသွားသည်။
ဤအရာသည် ထောင်ချောက်တစ်ခုခုဖြစ်မည်ကို စဉ်းစားလိုက်ပြီးသည့်နောက် သူသည် ချက်ချင်းပဲ အနောက်ဘက်သို့ ဆုတ်ခွာလိုက်၏။ အလင်းတန်းများသည် ပျောက်ကွယ်သွားပြီးသည့်နောက် တည်နေရာကြီး တုန်ခါနေမှုသည်လည်း ရပ်တန့်သွား၏။ အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်လည်ဖြစ်တည်သွား သည်။
“ထူးဆန်းလိုက်တာ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခုနက ဘာဖြစ်တာလဲ”
သူ့အနေနှင့် အများကြီး မစဉ်းစားရဲချေ။ ထို့ကြောင့် ကျောက်ရုပ်တုကိုယူ၍ သိုလှောင်လက်စွပ်ထဲ သိမ်းဆည်းလိုက်၏။
ဒွီး ဒွီး
ရုတ်တရက် ကျောက်လှိုဏ်ဂူကြီးသည် ပြင်းပြင်းထန်ထန် တုန်ခါလာ၏။ သူ၏ ခြေထောက်အောက်တွင်ရှိသော ကျောက်ပြားချပ်ကြီးမှာလည်း လှုပ်ခါလာခဲ့တော့သည်။
“မကောင်းတော့ဘူး” ကျွင်းချောင်ရှောင်း၏ အမူအရာသည် ပြောင်းလဲသွား၏။ သူသည် အလျင်အမြန်ပဲ လှိုဏ်ဂူ၏ အဝင်ဝဆီသို့ ခုန်လိုက်သည်။ အခြေအနေ အရကြည့်မည်ဆိုလျှင် ဤကျောက်လှိုဏ်ဂူကြီးသည် ပြိုလဲတော့မှာဖြစ်သည်။ ထင်မှတ်ထားသည့်အတိုင်းပင် သူသည် လှိုဏ်ဂူထဲသို့ ဝင်ရောက်လိုက်သည်နှင့် တည်နေရာကြီးသည် ရုတ်တရက်ပြိုလဲသွားတော့သည်။ ကြီးမားလှသည့်ကျောက်တုံးကြီးသည် အပေါ်ဘက်ဆီမှ ကျဆင်းလာ၏။
ဘုန်း ဘုန်း
ကျောက်လှိုဏ်ဂူကြီး ပြိုကျလာမှုသည် ဆက်တိုက်ဖြစ်တည်လျက်ရှိသည်။ ကျွင်းချောင်ရှောင်းသည် လမ်းတလျှောက် ပြေးသွားပြီး သူ၏ အနောက်ဘက်တွင်ရှိသော လှိုဏ်းခေါင်းကြီးကလည်း တစ်ခုချင်းဆီ လိုက်လံ ပြိုလျက်ရှိနေတော့သည်။ ဤအရာမှာ ဟောလီးဝုဒ်ရုပ်ရှင်ကားထဲမှ မင်းသားပြေးနေသည့်ပုံစံနှင့်ပင် ဆင်တူနေသည်။
ဟုတ်ပေသည်။ မင်းသားသည် ဘယ်တော့မှ မသေချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်းသည်လည်း အပြင်ဘက်ဆီသို့ လုံလုံခြုံခြုံဖြင့် ရောက်ရှိလာခဲ့၏။
အား အား ….။
ကျွင်းချောင်ရှောင်းသည် အားရပါးရ ဆက်၍ ပြေးနေရသေးသည်။ သူ၏ လျှာသည် အပြင်ဘက်သို့ ထွက်လျက်ရှိသည်။ ဤနေရာတွင် အထူးကန့်သတ်မှု တည်ရှိနေသည်ဖြစ်သောကြောင့် သူ့အနေနှင့် ပျံသန်းထွက်ခွာသွား၍ မရချေ။ ထို့ကြောင့် ကိုယ့်ခြေထောက်ကိုယ်အားကိုးကာ ပြေးနေရခြင်းပင်ဖြစ်တော့သည်။
ဝှစ်
ခဏလောက်ကြာပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် ကျောက်တံခါးကြီးဆီသို့ ပြန်လည်ရောက်ရှိ လာ၏။ ပြီးသည့်နောက်မှာတော့ ခြေထောက်ဖြင့်ကန်ကာ နက်ရှိုင်းလှသော တွင်းကြီးဆီမှ ပြန်လည်ထွက်လာ ခဲ့ရ၏။
ဘုန်း
သူ အပေါ်ဘက်သို့ ပျံတက်လိုက်သည့်အချိန်မှာတော့ တောဝက်ရိုင်းလေး တူးထုတ်ထားသော နက်ရှိုင်းသော တွင်းကြီးသည် ကြီးမားသည့်ပေါက်ကွဲမှုကြီး ဖြစ်ပေါ်သွားခဲ့သည်။ ကျွင်းချောင်ရှောင်းသည် လေထုထဲတွင် မတ်မတ်ရပ်ပြီးသည့်နောက်မှာတော့ ပြိုလဲသွားပြီဖြစ်သော ကြီးမားလှသည့် တွင်းကြီးကို လှမ်း၍ကြည့်လိုက်သည်။ ပြီးသည့်နောက်မှာတော့ သူသည် လက်ကိုမြှောက်ကာဖြင့် နဖူးပေါ်တွင်ရှိနေသော ချွေးများကို သုတ်လိုက်မိသည်။
“စိတ်လှုပ်ရှားစရာပဲ၊ ဟမ်....”
ထိုအချိန်မှာတော့ သူ၏ ပတ်ပတ်လည်တွင် များပြားလှသော သိုင်းကျင့်ကြံသူများ တည်ရှိနေသည်ဖြစ်ကြောင်းကို သိရှိလိုက်ရသည်။ ကျွင်းချောင်ရှောင်းသည် ထိုသူတို့ကို လှည့်ကြည့်လိုက်၏။ ထိုသူများကလည်း ကျွင်းချောင်ရှောင်းကို ကြည့်လျက်ရှိနေသည်။ ၎င်းတို့၏ အမူအရာများသည် ထူးဆန်းလျက် ရှိနေ၏။
ကျောက်တံခါးကြီး အသက်ဝင်ပြီးသည့်နောက် လောကကြီးတွင် ဖြစ်တည်လျက်ရှိနေသော ထူးဆန်းသည့် ဓာတ်သဘာဝများ ပြောင်းလဲမှုသည် အသက်ဝင်လာခဲ့တော့၏။ ထို့ကြောင့် ဤနေရာဆီသို့ လူပေါင်းများစွာ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ရောက်ရှိနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ထိတ်လန့်သွားမိ၏။ အဘယ်ကြောင့်ဆိုသော် ဘာတွေဖြစ်နေသည်ကို မစဉ်းစားရသေးခင်မှာပဲ ကျွင်းချောင်ရှောင်းတစ်ယောက် တွင်းကြီးထဲမှ ခုန်ကာထွက်လာသည်ကို သူတို့မြင်လိုက်ရသောကြောင့်ပင်။
“ကောင်းကင်ဘုံ...... ဒါဘာလဲ”
“ဒီကောင်က ဘာလို့ အမွေအနှစ်ရှိတဲ့နေရာတိုင်းမှာ ပေါ်ပေါ်လာရတာလဲ”
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် ထူးမခြားနားသလို ပြောလိုက်၏။ “ရတနာကို ကျုပ်ယူပြီးသွားပြီ၊ ကျုပ်ဆီက လုချင်သေးလား”
“မလုဘူး၊ မလုဘူး”
ကျင့်ကြံသူတစ်ယောက်သည် အလောတကြီး ပြောလိုက်၏။ “ကျုပ်တို့က ဒီကနေ ဖြတ်သွားရင်းနဲ့ အမှတ်မထင် တွေ့မိတာပါ”
ဆွစ်
ပြောပြောပြီးချင်းမှာပဲ ထိုလူသည် ပျောက်ကွယ်သွားခဲ့၏။ တခြားသောဂြိုဟ်များတွင်ရှိသော သိုင်းကျင့်ကြံသူ များမှာလည်း ဤနေရာတွင် နောက်ထပ်တစ်စက္ကန့်လောက်တောင် မနေချင်ပေ။ ထို့ကြောင့် လှုပ်ရှားမှုနည်းစနစ် များကို အသုံးပြုကာ မြန်မြန်ဆန်ဆန်ပဲ ထွက်ခွာသွားကြ၏။ အမွေအနှစ်သည် အရေးကြီးလှ၏။ သို့ပေမဲ့ ၎င်းတို့၏ အသက်သည် ပိုမိုကာ အရေးကြီးလှသည်။ မည်သူမှသည် တစ်ဖက်လူအား ရန်မစရဲချေ။ အဘယ်ကြောင့်ဆိုသော် လူပေါင်းသောင်းကျော်ကို သတ်ဖြတ်ခဲ့သည့်မြင်ကွင်းသည် ၎င်းတို့၏ နှလုံးသားထဲတွင် ပုံနှိပ်ထားသလို ရှိနေသည် မဟုတ်ပါလား။
“ပျင်းစရာပဲ”
ထိုသူများအားလုံး ထွက်ခွာသွားသည်ကိုမြင်တော့ ကျွင်းချောင်ရှောင်းသည် စည်းဓားမော့ကြီးကို အသုံးပြုရန် အကြံအစည်အား လက်လျော့လိုက်ရ၏။ ပြီးသည့်နောက်မှာတော့သူသည် ခံတပ်ဆီသို့ပြန်လာကာ ပျော်ရွှင်စွာ ပြောလိုက်မိသည်။ “တောဝက်ရိုင်းလေးက ရတနာရှာနိုင်တဲ့ စွမ်းရည်ရှိတာပဲ”
စနစ်က ပြောလိုက်သည်။ “ပြီးတော့ ဒါက မြေဓာတ်အမျိုးအစားသားရဲလေ၊ တကယ်လို့ ရတနာတွေကို မြေအောက်ထဲမှာသာ ဖွက်ထားမယ်ဆိုရင် သူက ကျိန်းသေပေါက် ရှာတွေ့နိုင်လိမ့်မယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါဆိုရင် သူက မြေတွေကို တူးရုံတင်မကဘူး၊ ရတနာတွေကိုလည်း ရှာဖွေနိုင်တာပဲ၊ ငါ့ရဲ့ တန်ဖိုးကြီးလှတဲ့ ကလေးလေးပဲ”
စနစ်က တွေးလိုက်သည်။
ဤကဲ့သို့သော လုပ်ဆောင်နိုင်မှုကို မသိရှိခင်တုန်းက လက်ခံသူသည် တောဝက်ရိုင်းလေး အား ကျေးကျွန်တစ်ကောင်ကဲ့သို့ ခိုင်းစေခဲ့၏။ လက်ရှိမှာတော့ အရှက်မဲ့စွာဖြင့် တန်ဖိုးကြီးမားလှသည့် ကလေးလေးဟုပင် ပြောဆိုလျက် ရှိနေသေးသည်။ သောက်ကျိုးနည်း လက်ခံသူပါတကား။
............
ဆွစ်
ကျွင်းချောင်ရှောင်းသည် ခံတပ်ဆီသို့ ပျံသန်းသွားခဲ့တော့၏။ သူသည် လွင့်မျောနေသည့်တောင်တန်းပေါ်သို့ ရောက်ရှိသည့်အချိန်မှာတော့ အမွေအနှစ်များကို ရယူခဲ့ပြီးသားဖြစ်၏။ ထို့ကြောင့်ပင် ခံတပ်တည်နေရာကြီးသည် ပိုမိုကာ ကျယ်ပြောလာခဲ့၏။
“ထင်ထားတဲ့အတိုင်းပဲကိုး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါက ကောင်းကင်အဆင့်ပဲ”
ကျောက်စိမ်းသန့်စင်စိတ်ဝိညာဉ်အပင်ကဲ့သို့ပင် ဤကောင်းကင်အဆင့်ရတနာကို ရရှိပြီးသည့်နောက်မှာတော့ တည်နေရာ အကျယ်အဝန်းသည် ပိုမိုကာ ကျယ်ပြန့်သွားခဲ့တော့သည်။ “ငါ... ကောင်းကင်အဆင့် ရတနာတွေကို ထပ်ပြီး ရှာဖွေတွေ့နိုင်မယ်ဆိုရင် မြို့ကြီးတစ်ခု အရွယ်အစားကို ရောက်သွားလိမ့်မယ်”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် လင်းလက်သွားသည်။ ပြီးသည့်နောက်မှာတော့ သူသည် အလျင်အမြန်ဖြင့် ကြယ်ကြွေကုန်းမြေ တိုက်ကြီး၏ ပြိုင်စံရှားဂိုဏ်းဆီသို့ ပြန်လာပြီး ဆေးတောင်ထွတ်ဆီသို့ သွားလိုက်တော့သည်။
သူ ဘာတွေလုပ်နေသနည်း။ သူ၏ တန်ဖိုးကြီးမားလှသော ကလေးလေး၏ ဒဏ်ရာများကို ကုသပေးရန်သာလျှင် ဖြစ်တော့သည်။
ငါ့နာမည်က တောဝက်ရိုင်းလေး
ငါအခု ထိတ်လန့်ကြောက်ရွံ့နေတယ်။ သခင်က အခု အရမ်းကို နူးညံ့ကြင်နာ နေတယ်။ ဘာလုပ်ရမှန်း မသိဘူး။
“လာ... လာ... ပါးစပ်ဟ”
ဆေးကုသဆောင်ထဲမှာတော့ ကျွင်းချောင်ရှောင်းသည် ဆေးထည့်ထားသော ဇွန်းကို အသာယူကာဖြင့် ပါးစပ်ထဲသို့ ထိုးထည့်ပေးနေသည်။ သူသည် ပြုံးကာ ပြောလိုက်၏။ “ဆေးကိုသောက်”
...............
တောဝက်ရိုင်းလေးသည် ပါးစပ်ကို ဟလိုက်မိ၏။ ပြီးသည့်နောက်မှာတော့ ခါးသည့်အရသာရှိသော ဆေးများကို မျိုချလိုက်မိသည်။ သူ၏ မျက်လုံးထဲတွင်တော့ မျက်ရည်များ ရစ်သိုင်းလျက်ရှိနေသည်။ “သခင်... သခင်က ကျုပ်ကို အရမ်းကောင်းတာပဲ”
ကျွင်းချောင်ရှောင်းသည် ဆေးပန်းကန်နှင့် ဇွန်းအား အသာချပြီးသည့်နောက်မှာတော့ တောဝက်ရိုင်းလေး၏ ဦးခေါင်းကို ပွတ်သပ်လိုက်သည်။ ပြီးနောက် ကြင်နာစွာဖြင့် ပြောလိုက်မိသည်။ “မင်းက ငါ့ရဲ့ပထမဦးဆုံး ပဋိညာဉ် သားရဲလေ၊ ဒီတော့ ငါ မင်းကို ကောင်းကောင်းဆက်ဆံရမှာပေါ့”
တောဝက်ရိုင်းလေးသည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ မျက်ရည်များ မိုးကဲ့သို့ပင် ကျဆင်းလာခဲ့ တော့သည်။ သူသည် ပဋိညာဉ်သားရဲဖြစ်လာသည်ဆိုကတည်းက ပြိုင်စံရှားဂိုဏ်းသို့ ရောက်ရှိပြီး အပြင်းအထန် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရသည်။ အလွန်တရာ ခက်ခဲလွန်းသော နေ့ရက်များ၌ အသက်ရှင်နေထိုင်ခဲ့ရ၏။ ပုံမှန်အားဖြင့် ပျင်းရိစွာဖြင့် ရေသာခိုနေသည့်အချိန်မျိုးတွင် ဂိုဏ်းချုပ်သည် လက်နက်ပေါင်းတစ်ရာကို ထုတ်ယူပြီးသည့် နောက်မှာ သူ့ကို လိုက်လံသတ်ဖြတ်သည့် အပြုအမူကိုပင် ပြုလုပ်ခဲ့သေး၏။
နောက်ဆုံးမှာတော့ ဤကဲ့သို့ နာကျင်စရာ အဖြစ်အပျက်များသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ သူ့ဘဝ၏ ချိုမြိန်မှုသည် ရောက်ရှိလာခဲ့ပြီဖြစ်၏။ ခန္ဓာကိုယ်တစ်ခုလုံးတွင် ပတ်တီးများ စည်းနှောင်ထားသည်သာ မဟုတ်ပါက တောဝက်ရိုင်းလေးသည် ဆေးကုသဆောင်ထဲမှ ထွက်၍ တောင်ထွတ်ပေါ်တွင် မတ်မတ်ရပ်ကာ သူ၏ စိတ်လှုပ်ရှားမှုကို ဖော်ညွှန်းသည့်အနေဖြင့် ဟစ်ကျွေးနေပေလိမ့်မည်။
“ကောင်းကောင်းနားအုံး”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါမင်းကို မနက်ဖြန်လာတွေ့မယ်”
“သခင်”
တောဝက်ရိုင်းလေးက ပြောလိုက်သည်။ “ကျုပ်ရဲ့ ဒဏ်ရာတွေက ဘာမှ မဟုတ်ပါဘူး၊ ဘာလို့ ဒုက္ခခံပြီး လာနေမှာလဲ”
ကျွင်းချောင်ရှောင်းသည် အသာမှီပြီးသည့်နောက် လေးနက်စွာဖြင့် ပြောလိုက်သည်။ “ဒီလိုဆိုရင် မနက်ဖြန် ဆေးရုံက ဆင်းတော့၊ ပြီးရင် ငါနဲ့အတူ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကို သွားပြီး လောကကြီးတစ်ခုလုံးကို အုပ်စိုးရအောင်”
“ကောင်းပါပြီ” တောဝက်ရိုင်းလေး၏ သွေးများသည် ပွက်ပွက်ဆူလျက်ရှိ၏။ နောက်တစ်ရက်မှာတော့ ကျွင်းချောင်ရှောင်းသည် စောစောနိုးထလာပြီးသည့်နောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လျက်ရှိသော တောဝက်ရိုင်းလေးကို ခေါ်ကာဖြင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးဆီသို့ လှမ်းဝင်ခဲ့တော့သည်။
ဟူး ဟူး
သဲသောင်ပြင် တည်နေရာမှာတော့ မြေဓာတ်သဘာဝများသည် ပြင်းပြင်းထန်ထန် ဖြစ်တည်လျက်ရှိနေသည်။
“သခင်”
ခဏလောက်ကြာပြီးသည့်နောက် တောဝက်ရိုင်းလေးသည် အသာမော့ကြည့်ကာဖြင့် ပြောလိုက်သည်။ “ဒီအရှေ့ဆယ်မိုင်မှာ ရတနာတစ်ခု ရှိတယ်”
“ဒါဆိုရင် သွားတူးရအောင်”
“ကောင်းပါပြီ”
ဆွစ် ဆွစ် ဆွစ်
တောဝက်ရိုင်းလေးသည် တည်နေရာဆီသို့ လျင်လျင်မြန်မြန်ပဲ ရောက်ရှိလာပြီးသည့်နောက်မှာတော့ မြေတွင်းကို စတင်ကာ တူးတော့သည်။ မကြာခင်မှာပဲ မြေအောက်တစ်နေရာတွင် စည်းခတ်ထားသော လှိုဏ်ခေါင်းတစ်ခုကို မြင်လိုက်ရ၏။
................
ဆွစ်
အလင်းတန်းများ ဖြတ်ပြေးသွားပြီးသည့်နောက်မှာတော့ ထိုအလင်းတန်းများသည် ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။
“နောက်ထပ် အမွေအနှစ်တစ်ခု ထပ်ပေါ်လာတာလား”
“ကောင်းကင်ဘုံ... အော်ရာတွေကို ကြည့်ရတာ အရင်နှစ်ကြိမ်က အတိုင်းပဲ၊ အရမ်းကို တန်ဖိုးကြီးမားတဲ့ ရတနာ ဖြစ်ရမယ်”
“သွားရအောင်၊ သွားရအောင်”
ဆွစ် ဆွစ်
သိုင်းကျင့်ကြံသူများသည် ရောက်ရှိလာခဲ့ကြ၏။ သို့ပေမဲ့ သူတို့ရောက်ရှိလာပြီးသည့်နောက် ကျွင်းချောင်ရှောင်း သည် လှိုဏ်ဂူထဲမှ လမ်းလျှောက်ထွက်လာသည်ကို မြင်လိုက်ရ၏။ ၎င်းတို့သည် ကြောင်ကိုတွေ့သည့် ကြွက်များ ကဲ့သို့ အမြန်ဆန်ဆုံးနှုန်းဖြင့် ပြန်လည်ပျောက်ကွယ်သွားခဲ့ကြတော့သည်။
“ကောင်းကင်ဘုံ... သူဘာလို့ ဒီနေရာမှာ ထပ်ရောက်နေရပြန်တာလဲ”
သို့ပေမဲ့ စဉ်းစားရမည်ဆိုလျှင် ကျွင်းချောင်ရှောင်းသာ မရှိပါက ကောင်းကင်နှင့်မြေကြီး သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှုများသည်လည်း ကြိုတင်ကာ ဖြစ်တည်လာမည် မဟုတ်ချေ။
................
ဆွစ်
နေ့လယ်ဘက်သို့ ရောက်ရှိချိန်တွင် ကောင်းကင်ပေါ်တွင် အလင်းတန်းများဖြစ်တည်လာသည်။
“ထပ်လာပြန်ပြီ၊ အားလုံးပဲ... သွားကြည့်ရအောင်”
“အခုတလော ဘာဖြစ်နေတာလဲ၊ တန်ဖိုးကြီးမားတဲ့ အမွေအနှစ်ရတနာတွေ တစ်နေ့ထဲမှာပဲ အများကြီး ပေါ်နေပါလား”
အစတုန်းက ဤကဲ့သို့သော အားကောင်းလွန်းလှသော ပတ်ဝန်းကျင်ပြောင်းလဲမှု အလင်းတန်းများဖြစ်တည်လာ သည်ကို မြင်ရချိန်တွင် သိုင်းကျင့်ကြံသူများသည် ထိတ်လန့် တုန်လှုပ်မိနေ၏။ သို့ပေမဲ့ တစ်ခုပြီးတစ်ခု ပေါ်ပေါက် လာပြီး ထိုနေရာတွင် ကျွင်းချောင်ရှောင်း ရှိနေသည်ကို မြင်ရသည့်အချိန်မှာတော့ ၎င်းတို့သည် မည်သူမှ သွား၍ မကြည့်ချင်တော့ချေ။
ဆွစ် ဆွစ်
ညမှောင်ချိန် ရောက်လာသည့်အချိန်မှာတော့ အလင်းတန်းများသည် တစ်ခုပြီးတစ်ခု ထပ်မံကာ ဖြစ်တည်လာခဲ့ ပြန်သည်။
“ချီးတဲ့မှ... တစ်နေကုန် ဒါတွေယူနေတာလား မသိဘူး”