အခန်း (၁၀၁၄)
Vol. 69 Ch. 1014
သတ်ဖြတ်ခြင်းကုန်းမြေ၏ စည်းမျဉ်းစည်းကမ်းသည် ဂြိုဟ်နှစ်ခုလုံးအနေဖြင့် အထဲဆီသို့ လုံလောက်သည့် ကျင့်ကြံသူများ စေလွှတ်၍ တိုက်ခိုက်ရခြင်းပင် ဖြစ်တော့၏။ အဆုံးသတ်မှာတော့ အသက်ရှင်ကျန်ရစ်သည့် လူများကိုသာ အနိုင်ရရှိသည်ဟု သတ်မှတ်ပြီး လုံလောက်သည့်အားအင်အဆင့်ကို ပိုင်ဆိုင်နိုင်စွမ်း မရှိပါက ကြီးမားသည့် ကပ်ဘေးကြီး ဖြစ်စေနိုင်သည့် နေရာပင် ဖြစ်တော့သည်။
ကျွင်းချောင်ရှောင်းသည် နာရီအနည်းငယ်ခန့်ကြာအောင် တိုက်ပွဲကို ကြည့်ရှုခဲ့ပြီးသည့်နောက်မှာတော့ နှစ်ဖက်ဂြိုဟ်ဆီမှ တိုက်ခိုက်မှုများသည် အလွန်တရာ အားကောင်းလွန်းလှသည်ကို မျက်ဝါးထင်ထင် မြင်လိုက်ရ တော့သည်။ သူတို့ အနေနှင့် ဤထဲသို့ ဝင်ရောက်သည်ဆိုလျှင် ကျိန်းသေပေါက် သေဆုံးသည်အထိ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ကောင်းမွန်သည့်အရာများ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူနှင့် ဆက်ဆံရေးကောင်းမွန်သော ဂြိုဟ်တစ်ခုခုကို ရှာပြီး ငရဲဆေးလုံးများကို အသုံးပြုကာဖြင့် သေချင်ယောင်ဆောင်မည်ဆိုလျှင် အထက်နယ်မြေသည် သိရှိလိမ့်မည် မဟုတ်ပေ။
ကျွင်းချောင်ရှောင်းသည် ဤကဲ့သို့ ကလိမ်ကကျစ် ပြုလုပ်ရမည့် နည်းလမ်းမျိုးတွင် အလွန်တရာ ပါရမီပါလှသူ ဖြစ်သည်။ သတ်ဖြတ်ခြင်းကုန်းမြေဆီသို့ ဝင်ရောက်ရခြင်းသည် သူ၏ အထူးတာဝန်ကို ပြည့်စုံစေရခြင်းသာ မဟုတ်ပါက အထဲသို့ ကျိန်းသေပေါက် ဝင်ရောက်လိမ့်မည် မဟုတ်ချေ။
စနစ်သည် အနည်းငယ် ဆွံ့အလျက်ရှိ၏။ ဤတာဝန်ကို ပြည့်စုံရန်အတွက် ငရဲဆေးလုံးကို အသုံးပြု၍ ပြလုပ်မည် ဆိုလျှင် ကျိန်းသေပေါက် စနစ်သည် ဟာကွက်ကြီးတစ်ခု ဖြစ်ပေါ်တော့မှာ သေချာ၏။
ဆယ်ခုမြောက်တာဝန်သည် သင့်တော်သည့် ဂြိုဟ်တစ်ခုခုကို ရှာဖွေ၍ သတ်ဖြတ်ခြင်းကုန်းမြေထဲတွင် ဝင်ရောက်တိုက်ခိုက်ရန် ဖြစ်သည်။ အကယ်၍ ဆေးလုံးကို အသုံးပြု၍ သေချင်ယောင်ဆောင်မည်ဆိုပါက ကျိန်းသေပေါက် စနစ်ကို အသုံးချသွားခြင်းသာ ဖြစ်ပေလိမ့်မည်။ စနစ်သည်သာ ခန္ဓာကိုယ် ပိုင်ဆိုင်သော လူတစ်ယောက်ဖြစ်နေသည်ဆိုပါက ကုန်းရှန့်၏ ဦးခေါင်းကို ခွဲယူ၍ အထဲတွင် မည်သည့်အရာများ ရှိနေသည်ဆိုသည်ကို ကျိန်းသေပေါက် ကြည့်ရှုနေပေလိမ့်မည်။
ဟုတ်ပေသည်။ ကျွင်းချောင်ရှောင်းသည်လည်း လက်ရှိတွင် အနည်းငယ်တော့ ဇဝေဇဝါ ဖြစ်မိနေ၏။ သူ့အနေနှင့် ငရဲဆေးလုံးများကို အသုံးပြုမည်ဆိုလျှင် အထက်နယ်မြေဆီမှ သတိပြုသွားနိုင်လေသည်လား။ အကယ်၍ သတိ မပြုမိသွားနိုင်ဘူးဆိုပါက အထူးတာဝန်သည် ပြည့်စုံရန် မခက်ခဲလှချေ။
အမျိုးသမီး စနစ်က ပြောလိုက်သည်။ “အထက်နယ်မြေက စည်းမျဉ်းစည်းကမ်းတွေကို အသုံးပြုတာပဲ၊ ဒီတော့ တစ်ချိန်လုံး စောင့်ကြပ်ကြည့်ရှုနေမှာ မဟုတ်ဘူး၊ ခင်မင်ရပါသော ပါဝင်ယှဉ်ပြိုင်သူ... စမ်းကြည့်လို့ ရပါတယ်၊ မွ...”
ထို့ကြောင့်ပဲ အမျိုးသမီး စနစ်ကို သူ နှစ်သက်ခြင်းပင် ဖြစ်တော့သည်။ သူ နှောင့်နှေးနေသည့် အချိန်တွင် အချိန်ကိုက် ကောင်းမွန်သည့်အကြံများကို ပေးစွမ်းလျက်ရှိ၏။ တခြားသော သူ၏ စနစ်သည် ရံဖန်ရံခါဆိုသလို သူ့အား တိုက်ခိုက်ရန်သာ ပြုလုပ်တတ်၏။
“အင်း”
စနစ်နှစ်ခုသည် အဘယ်ကြောင့် ဤမျှ ကွာခြားနေရသနည်း။ သူ၏ စနစ်သည် အမြဲတမ်း စောဒကတက်၊ ပြဿနာရှာတတ်သည့်အပြင် နှုတ်သီးကောင်းလျှာပါးလည်း ပြုမူတတ်သေး၏။
ထိုအချိန်မှာပဲ သူ၏ စနစ်သည် ဝင်ရောက်ကာ ပြောဆိုလိုက်တော့သည်။ “စတိုးထဲမှာရှိတဲ့ ကုန်ပစ္စည်းတွေက အရမ်းအားကောင်းလွန်းတယ်၊ ဒါကို ဝယ်ယူပြီး အသုံးပြုမယ်ဆိုရင် အထက် နယ်မြေက လုံးဝသတိပြုမိမှာ မဟုတ်ဘူး”
ကျွင်းချောင်ရှောင်းသည် စနစ်အား လျစ်လျှူရှုထား၏။ ပြီးသည့်နောက်မှာတော့ ဆုံးဖြတ်ချက်ချကာ ပြောလိုက်သည်။ “ဒါဆိုရင် စမ်းကြည့်ကြတာပေါ့”
ငရဲဆေးလုံးအတွက် လိုအပ်သည့်ဆေးပင်များအားလုံးသည် သာမန်သာဖြစ်၏။ ထို့ကြောင့် သန့်စင်ရသည် အချိန်ကလည်း မရှည်ကြာလှချေ။ ထို့ကြောင့် များများစားစား ထုတ်ယူနိုင်စွမ်း ရှိနေ၏။ လိုအပ်သည့်အရာတစ်ခုမှာ ၎င်းနှင့်အတူတူ ယှဉ်ပြိုင်တိုက်ခိုက်မည့် ဂြိုဟ်တစ်ခုခုသာ ဖြစ်သည်။
ယုဒြာကုန်းမြေတိုက်
တိုက်ခိုက်ရေးတည်နေရာထဲတွင် အချိန်အတော်ကြာ နေထိုင်ခဲ့ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ပတ်ပတ်လည်၌ ရန်သူများကို တည်ဆောက်ထားခဲ့ပြီးဖြစ်၏။ သို့ပေမဲ့ မိတ်ဆွေရင်းချာအဖြစ် ပတ်သက်သော ဂြိုဟ်ဆို၍ ဤကုန်းမြေတိုက် တစ်ခုတည်းသာ တည်ရှိလို့နေ၏။ ထို့အပြင် ၎င်းတို့သည် အကြိမ်ပေါင်းများစွာ အတူတကွ အလုပ်တွဲလုပ်ခဲ့ဖူးသူများ ဖြစ်ကြ၏။
ညရောက်ခါနီးအချိန်မှာတော့ သတ်ဖြတ်ခြင်းကုန်းမြေရှိ လူပေါင်းများစွာတို့၌ လူတစ်ဒါဇင်ကျော်တို့သာ အသက်ရှင် ကျန်ရစ်ခဲ့တော့၏။ တိုတမ်ကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် လခြမ်းလွင်ပြင် ကုန်းမြေတိုက်မှ လူများထက် ပိုမိုကာ စွမ်းဆောင်ရည် ကောင်းလွန်းလှ၏။ ထို့ကြောင့် ၎င်းတို့သည် အနိုင်ရရှိခဲ့ကြသည်။
ဆွစ် ဆွစ် …….။
တိုက်ပွဲကြီး ပြီးဆုံးသွားပြီးသည့်နောက်မှာတော့ အလောင်းများကို အပြင်ဘက်သို့ ဆွဲ၍ ထုတ်ကြတော့သည်။ ဂြိုဟ်နှစ်ခုတွင်ရှိသော သိုင်းကျင့်ကြံသူများတို့သည် အပြင်ဘက်တွင် အစောကြီးကတည်းက ကြိုတင်ပြင်ဆင်ပြီး သား ဖြစ်ကြ၏။ ထို့ကြောင့်ပင် ၎င်းတို့သည် မိမိဂြိုဟ်ဆီမှ အလောင်းများကို ကိုယ်တိုင်သယ်ဆောင်၍ ပြန်လည် ခေါ်ဆောင်သွားခဲ့ကြတော့သည်။
ထိုအချင်းအရာကိုမြင်တော့ ကျွင်းချောင်ရှောင်းသည် သူနှင့်အတူ ဆော့ကစားနိုင်မည့် ဂြိုဟ်တစ်ခုခုကို ကျိန်းသေပေါက် ရှာဖွေရန် ဆုံးဖြတ်ချက် ချလိုက်တော့၏။
ယုဒြာကုန်းမြေတိုက်
အဓိကဟောခန်းထဲတွင် ထိုင်နေသော အရွက်တစ်ရာတောင်ကြားသခင် ကဲ့ကျင်းနန်၏ မျက်နှာပေါ်တွင်တော့ အလွန်တရာ စိတ်ဝင်စားနေသော အမူအရာများ ပေါ်ပေါက်လာခဲ့တော့သည်။ မကြာသေးခင်က ကြယ်ကြွေ ကုန်းမြေတိုက်ကြီးသည် ကျွင်းချောင်ရှောင်းကိုယ်တိုင် ရေးသားထားသော စာတစ်စောင်ကို ပေးပို့လာခဲ့၏။ ပါဝင် သည့်အကြောင်းအရာမှာ သတ်ဖြတ်ခြင်းကုန်းမြေ၌ စိန်ခေါ်မှုကို ပြုလုပ်သည့်အချိန်တွင် ကျေးဇူးပြုပြီး ပူးပေါင်း ဆောင်ရွက်ပေးရန်ပင် ဖြစ်သည်။
“အစ်ကိုကြီး… ဒါက သတ်ဖြတ်ခြင်းကုန်းမြေလေ၊ ယုဒြာကုန်းမြေတိုက် အနေနဲ့ ဒီကစားပွဲကို ဝင်ပြီးတော့ မကစားရဲဘူး”
သူတို့အနေနှင့် ဂိုဏ်းချုပ်ကျွင်း တစ်ယောက် တခြားသော သူများ၏ အိတ်ကပ်ထဲမှ ပိုက်ဆံများ ထွက်လာရန် ငွေညှစ်နေခြင်းမျိုးတွင် အစဦးဆုံး ပိုက်ဆံများပေး၍ သွေးဆောင်ခြင်း စသော အလုပ်မျိုးကို အတူပူးပေါင်းပြီး ပြုလုပ်ခဲ့သည် ဖြစ်သော်လည်း သတ်ဖြတ်ခြင်းကုန်းမြေထဲတွင် သေဆုံးသည်အထိ တိုက်ခိုက်ရန်အတွက်တော့ မကြိုးစားရဲချေ။
“မဖြစ်ဘူး၊ မဖြစ်ဘူး၊ ယုဒြာကုန်းမြေတိုက်က ဒါကို ကူညီပေးလို့ မဖြစ်ဘူး” ကဲ့ကျင်းနန်သည် ထိုရက်မှာပဲ စာတစ်စောင် ရေးပို့ကာ ငြင်းပယ်လိုက်တော့၏။
ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် မိုင်အနည်းငယ် ဝေးကွာသော နေရာတွင်တော့ တောင်တစ်ခု တည်ရှိလို့နေသည်။ ထိုတောင်ကြီး၏ အပေါ်တောင်ထွတ် မြေပြင်ပေါ်မှာတော့ စားပွဲနှင့် ထိုင်ခုံအနည်းငယ် တည်ရှိလို့နေသည်။
ကျွင်းချောင်ရှောင်းနှင့် ကဲ့ကျင်းနန်တို့သည် ထိုထိုင်ခုံများပေါ်တွင် မျက်နှာချင်းဆိုင် ထိုင်လျက်ရှိနေကြ၏။ ဘေးတစ်ဖက်တစ်ချက်တွင်တော့ ယုဒြာကုန်းမြေတိုက်ကြီးဆီမှ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများလည်း ထိုင်လို့နေကြသည်။
ကုန်းရှန့်သည် စားပွဲကို လက်ထဲရှိ ဖဲချပ်တစ်ခု အသာပွတ်ကာဖြင့် ပြောလိုက်၏။ “လုပ်ကြမလား”
“မလုပ်ဘူး”
“မလုပ်ဘူး”
ကဲ့ကျင်းနန်နှင့် အနောက်ဘက်တွင်ရှိသော မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူများသည် တစ်ယောက်ပြီး တစ်ယောက် အော်ဟစ်လိုက်ကြသည်။
ကျွင်းချောင်ရှောင်းသည် သူ၏ ဖဲကတ် သုံးကတ်အား အသာဖြန့်ပြကာဖြင့် ပြောလိုက်တော့၏။ “ခင်ဗျားတို့ ထပ်ပြီးရှုံးပြန်ပြီ”
ကဲ့ကျင်းနန်နှင့် မြေအဆင့်စွမ်းအားမြင့် ကျင့်ကြံသူတို့၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့ကြသည်။
.................
၎င်းတို့သည် ဤနေရာသို့ ရောက်ရှိလာပြီးသည့်နောက် တစ်ဖက်လူနှင့် အစည်းအဝေး ပြုလုပ်ရန် ရောက်ရှိလာခဲ့ခြင်းပင်ဖြစ်သည်။ သို့ပေမဲ့ စီးပွားရေးကိစ္စများကို တစ်ခုမှ မပြောဘဲ ဂိုဏ်းချုပ်ကျွင်းသည် ဖဲကစားရန် သေချာသင်ပေး၍ ဆော့ကစားစေခဲ့၏။
“ဂိုဏ်းချုပ်ကျွင်း”
ကဲ့ကျင်းနန်သည် စားပွဲပေါ်ရှိ ကတ်များကို အသာဖယ်ကာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ “အလုပ်ကိစ္စပဲ ပြောကြရအောင်”
“ဟုတ်တယ်”
မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူကလည်း သဘောတူညီလိုက်သည်။ “ကစားပွဲက အချိန်မရွေး ကစားလို့ ရတယ်လေ”
“ကောင်းပါပြီ”
ကျွင်းချောင်ရှောင်းသည် စားပွဲပေါ်ရှိ ကတ်များကို အသာဖယ်ပြီးသည့်နောက် သူ၏ လက်ချောင်းများကို ယှက်ကာဖြင့် အသာပြောလိုက်သည်။ “ကျုပ်တို့ ကြယ်ကြွေကုန်းမြေတိုက်ကြီးက သတ်ဖြတ်ခြင်း ကန်းမြေ ထဲကို ဝင်ရောက်ချင်တယ်၊ ဒီတော့ ခင်ဗျားတို့ ကုန်းမြေတိုက်ကြီးကလည်း ပူးပေါင်းပါဝင်သင့်တယ်”
“ဒါက …” ကဲ့ကျင်းနန်နှင့် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ အမူအရာသည် ပြောင်းလဲသွားခဲ့သည်။ သူမ သည် ဝေခွဲရခက်လျက်ရှိ၏။
“ဟုတ်ပြီ”
သူသည် သိုလှောင်လက်စွပ် အနည်းငယ်ကို ရှေ့သို့တိုးပေးကာ ပြောလိုက်သည်။ “ဆုလာဘ်အနေနဲ့ ကတော့ ဘုံကိုးပါးကုန်းမြေတိုက်ကြီးရဲ့ ဆဋ္ဌဂံကြယ်ကျောက်တုံး နှစ်သိန်းတိတိပဲ”
“ဆဋ္ဌဂံကြယ်ကျောက်တုံး နှစ်သိန်း ဟုတ်လား” ကဲ့ကျင်းနန်၏ မျက်လုံးထဲတွင် ချက်ချင်းပဲ ထိတ်လန့်တုန်လှုပ်မှု များ ပြည့်နှက်သွားခဲ့တော့သည်။ ဘုံကိုးပါးကုန်းမြေတိုက်ကြီး၏ စိတ်ဝိညာဉ်ကျောက်တုံးများသည် ၎င်းတို့၏ စိတ်ဝိညာဉ်ကျောက်တုံးများထက် ပိုမိုကာ အားကောင်းလွန်းလှ၏။ ထို့အပြင် ၎င်းတို့ကုန်းမြေတိုက်ကြီးတွင် ရှိသော စိတ်ဝိညာဉ်ကျောက်တုံး ဆယ်တုံးလျှင် ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်တုံးသာရ၏။
“ဂိုဏ်းချုပ်ကျွင်း”
ကဲ့ကျင်းနန်သည် သိုလှောင်လက်စွပ်ကို အသာတွန်းပေးကာ ပြောလိုက်၏။ “ကုန်းမြေထဲကို ဝင်တယ်ဆိုတာ သေမှပဲထွက်လို့ရတာလေ၊ ကျုပ်တို့ ယုဒြာကုန်းမြေတိုက်က ဒါကို ကူညီပေးလို့ မရဘူး”
ရရှိနိုင်သည့် ဆုလာဘ်သည် အလွန်တရာ ရက်ရောလွန်းလှ၏။ သို့ပေမဲ့ သူမသည် ကျိန်းသေပေါက် ငြင်းပယ်ရပေလိမ့်မည်။
ကျွင်းချောင်ရှောင်းသည် တစ်ဖက်လူ၏ အခက်အခဲများကို ကောင်းကောင်းသိ၏။ ထို့ကြောင့် ငရဲဆေးလုံးကို ထုတ်ယူကာပြောလိုက်၏။ “ဒီဆေးလုံးက လူတစ်ယောက်ကို နှစ်ဆယ့်လေးနာရီတိတိ သေဆုံးသွားစေနိုင်တဲ့ ဆေးလုံးလေ၊ ကျုပ် ဆိုလိုတာက ခင်ဗျားနဲ့ကျုပ်က သတ်ဖြတ်ခြင်းကုန်းမြေထဲကို ဝင်ပြီးတော့ သိုင်းပညာခြင်း ယှဉ်ပြိုင်ကြမယ်။ အစစ်အမှန် တိုက်ခိုက်သလို သရုပ်ဆောင်ကြတာပေါ့။ ပြီးရင် ဒီဆေးလုံးကို သောက်ပြီးတော့ သေချင်ယောင်ဆောင်လိုက်ရုံပဲ”
“ငရဲဆေးလုံး ဟုတ်လား”
ကဲ့ကျင်းနန်နှင့် မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူများသည် တစ်ယောက်ကို တစ်ယောက် ကြည့်ရှုလိုက်ကြ၏။ ၎င်းတို့သည် ဖဲကစားသည်ကိုပင် မြန်မြန်ဆန်ဆန် သင်ယူနိုင်ခဲ့သည်လူများ ဖြစ်သောကြောင့် ၎င်းတို့၏ ဉာဏ်ပညာသည် မနိမ့်ပါးလှချေ။ ထို့ကြောင့် ကျွင်းချောင်ရှောင်း၏ ဆိုလိုရင်းကို ကောင်းကောင်း နားလည်ကြတော့သည်။
တိုက်ခိုက်ချင်ယောင်ဆောင်၍ ငရဲဆေးလုံးကို သောက်သုံးကာ သေချင်ဟန်ဆောင်ရမည်ဖြစ်၏။ ဤအကြံအစည် သည် အလွန်တရာ ကောင်းမွန်လွန်းလှ၏။ သို့ပေမဲ့ ဤငရဲဆေးလုံးသည် မည်မျှ ယုံကြည်ရနေလေသနည်း။ အထက်နယ်မြေကသာ သိရှိသွားမည်ဆိုပါက လိမ်လည်သည်ဟု သဘောထားကာ ပြင်းပြင်းထန်ထန် အပြစ်ပေးပေလိမ့်မည်။
“တောင်ကြားသခင်ကဲ့... ခင်ဗျားအနေနဲ့ သံသယရှိနေတယ်ဆိုရင် ဒီစီနီယာကို အရင်သောက်ခိုင်းလိုက်လေ” ကျွင်းချောင်ရှောင်းသည် ဆေးလုံးကို အသာကမ်းပေးလိုက်၏။
ကဲ့ကျင်းနန်သည် ကြည့်ရှုလျက်ရှိနေသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူကို လှမ်းကြည့်လိုက်၏။ ဆဋ္ဌဂံကြယ် ကျောက်တုံးကို နှစ်သိန်းဆိုသည်မှ ၎င်းတို့၏ စိတ်ဝိညာဉ်ကျောက်တုံး နှစ်သန်းပင်ဖြစ်၏။ ဤအရာမှာ အလွန်တရာ များပြားလှသော ပမာဏပင်ဖြစ်သည်။ ငရဲဆေးလုံးသည်သာ တကယ်တမ်း အကျိုးသက်ရောက်မှုရှိပါက ဤကိစ္စကို သူမတို့သည် စွန့်စားသင့်သည်ဟု ကျိန်းသေပေါက် ထင်မှတ်မိသည်။
အနည်းငယ် နှောင့်နှေးလျက် ရှိနေသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် ခဏလောက် တွန့်ဆုတ် ပြီးသည့်နောက်မှာတော့ ဆေးလုံးကို ယူကာမျိုချလိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် မြေပေါ်သို့ လဲကျသွားပြီးသည့်နောက် အသက်ဓာတ်များ လုံးဝကုန်ဆုံးသွားခဲ့၏။
ကဲ့ကျင်းနန်၏ အမူအရာသည် ပြောင်းလဲသွားသည်။ သူမသည် အလျင်အမြန်ပင် သွားရောက်စစ်ဆေးလိုက်၏။ အကြီးအကဲ၏ မျက်နှာသည် ဖြူလျော်လျက်ရှိနေပြီး သွေးခုန်နှုန်းများသည်လည်း မရှိတော့ချေ။ နှလုံးခုန်သံသည် လည်း ငြိမ်သက်သွားခဲ့တော့၏။ သူမသည် အံ့အားတသင့်ဖြင့် ပြောလိုက်မိသည်။ “ဒီလောက် မှော်ဆန်တာလား”
ပိုပြီးသေချာစေရန်အတွက် သူမသည် ဆေးပညာတွင် ကျွမ်းကျင်လှသော စွမ်းအားမြင့် ကျင့်ကြံသူကို လက်ယပ် ခေါ်ကာဖြင့် စစ်ဆေးခိုင်းခဲ့၏။ သေသေချာချာ စစ်ဆေးပြီးသည့်နောက်မှာတော့ ထိုသူသည် လေးလေးနက်နက်ဖြင့် ပြောလိုက်၏။ “တောင်ကြားသခင်... အကြီးအကဲလူက တကယ်ပဲ သေသွားပါပြီ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “တောင်ကြားသခင်လိုမျိုး မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတောင်မှ မသိရှိနိုင်ဘူးဆိုတော့ ကျန်တဲ့လူတွေက သိရှိနိုင်ပါ့မလား၊ ဒီတော့ အထက်နယ်မြေကလည်း တစ်စုံတစ်ယောက်ကို စေလွှတ်ပြီး စစ်ဆေးတာမျိုး မပြုလုပ်ရင် သိရှိနိုင်ဖို့ ခက်ခဲတယ်လေ”
“ဂိုဏ်းချုပ်ကျွင်း”
ကဲ့ကျင်းနန်သည် အလောတကြီးဖြင့် ပြောလိုက်၏။ “သူက နှစ်ဆယ့်လေးနာရီကြာရင် နိုးလာမှာလား”
“ဟုတ်တယ်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒါပေမဲ့ သူ့ကို နှိုးချင်လို့ရှိရင် ရေအေးအေးနဲ့ အရင် ပက်လိုက်ရင်လည်းရတယ်”
“ဒီလိုလား”
ကဲ့ချင်းနန်သည် ရေတစ်ပုံးကို သိုလှောင်လက်စွပ်ထဲမှ ထုတ်ယူပြီးသည့်နောက်မှာတော့ ရေခဲသဘာဝ သိုင်းကျင့်ကြံသူတစ်ယောက်အား အေးခဲအောင် ပြုလုပ်ခိုင်းခဲ့၏။ ပြီးသည့်နောက်မှာတော့ ရေအေးအေးဖြင့် ပက်ဖြန်းလိုက်သည်။
မူလအားဖြင့် သေဆုံးလျက်ရှိနေသော အကြီးအကဲသည် ချက်ချင်ပဲ နိုးထလာခဲ့၏။ ပြီးနောက် နဝေတိမ်တောင်ဖြင့် ပြောလိုက်မိ၏။ “ဘာ.... ဘာဖြစ်သွားတာလဲ”
“တောင်ကြားသခင်ကဲ့”
ကုန်းရှန့်သည် ဆဋ္ဌဂံကြယ်ကျောက်တုံးများ ပါဝင်သော သိုလှောင်လက်စွပ်ကို အသာ ကမ်းပေးကာဖြင့် ပြောလိုက်သည်။ “ကစားရဲလား”
ခဏလောက် စဉ်းစားလိုက်ပြီးသည့်နောက်မှာတော့ ကဲ့ကျင်းနန်သည် အရှေ့သို့ တိုးလာကာ တီးတိုးပြောလိုက်၏။ “ဘယ်အချိန်လဲ”
ကျွင်းချောင်ရှောင်းသည်လည်း ခေါင်းကို အရှေ့သို့ပို့ကာ တီးတိုးပြောလိုက်၏။ “အရင်ဆုံး အဆင်သင့်ဖြစ်အောင် လုပ်ကြတာပေါ့၊ ပြီးတော့ ကျုပ်ဆီကရမယ့်သတင်းကို စောင့်နေ”
“ကောင်းပါပြီ” ကဲ့ကျင်းနန်က ပြောလိုက်သည်။
ကျွင်းချောင်ရှောင်းသည် လက်ကိုမြှောက်ကိုင်ကာဖြင့် ပြောလိုက်မိ၏။
“အတူတူ ပူးပေါင်းလုပ်ဆောင်ရတဲ့အတွက် ပျော်ရွှင်မိတယ်”
“အတူတူ ပူးပေါင်းလုပ်ဆောင်ရတဲ့အတွက် ပျော်ရွှင်မိပါတယ်”
၎င်းတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် နှုတ်ဆက်လိုက်၏။ ၎င်းတို့၏ မျက်နှာပေါ်တွင်တော့ အပြုံးများသည် တောက်ပစွာဖြစ်တည်လျက် ရှိနေတော့သည်။