← Chapters

အခန်း (၁၀၁၅)

Vol. 69 Ch. 1015

အခန်း (၁၀၁၅)

Vol. 69 Ch. 1015

ယုဒြာကုန်းမြေတိုက်ကြီးနှင့် ဆွေးနွေးပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အယောင်ဆောင် သေဆုံးခြင်း အစီအစဉ်နှင့်ပတ်သက်၍ ချက်ချင်း မပြုလုပ်ပေ။ ပထမဦးဆုံး ခံတပ်တည်နေရာကြီးအား ကြီးမားလှသော မြို့ကြီးတစ်မြို့၏ အရွယ်အစားဆီသို့ ရောက်ရှိအောင် ချဲ့ထွင်တော့သည်။ ဒုတိယအနေဖြင့် သူသည် ငရဲဆေးလုံးများကို အရေအတွက် များများ ရရှိအောင် ကြိုတင်ကာ ပြင်ဆင်၏။

ဆေးဥယျာဉ်တောင်ထွတ်၏ အောက်မှာတော့ အကြီးအကဲဝေသည် အသစ် စိုက်ပျိုးထားသော ဆေးပင်များကို ကြည့်ရှုကာ ပြောလိုက်၏။ “ဒီဆေးပင်တွေက အရည်အသွေး မမြင့်မားဘူး၊ ဒီတော့ ဆယ်ရက်အတွင်းမှာ ရင့်မှည့် လာလိမ့်မယ်”

“ဒါဆိုရင်လည်း အရင်ဆုံး စိုက်လိုက်ကြရအောင်” ကျွင်းချောင်ရှောင်းက ညွှန်ကြားလိုက်သည်။

“ကောင်းပါပြီ” ကုန်းရှန့်သည် အကြီးအကဲဝေအား ဤနေရာတွင် သေသေချာချာ တာဝန်ယူရန် မှာကြားထားခဲ့၏။

ပြီးသည့်နောက်မှာတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို ထပ်မံ ဝင်ရောက်ကာ မြို့တော်ဝန်ဟန်နှင့် တခြားသော သူများကို ဆင့်ခေါ်လိုက်သည်။

ယုဒြာကုန်းမြေတိုက်သည် ပူးပေါင်းပါဝင်ခဲ့သည်သာမက ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော သူများသည် လည်း ပူးပေါင်းပါဝင်ရမည်ဖြစ်ပြီး ထိုသူများ မပါဘဲနှင့် ပြိုင်စံရှားဂိုဏ်းအနေနှင့် လူပေါင်းနှစ်ထောင်ကျော်ကို စုစည်းဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။

“အားလုံးပဲ”

အဓိကဟောခန်း၏ အပြင်ဘက်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်နှစ်ဖက်ကို နောက်သို့ပစ်ကာ ဖြင့် လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “ဒီကျွင်းက ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် တိုက်ခိုက်ခဲ့တယ်၊ ဒီတော့ အပြင်လူတွေက လာပြီးတော့ အနိုင်မကျင့်နိုင်တော့ဘူး၊ ဒါပေမဲ့ အထက်နယ်မြေရဲ့ စည်းမျဉ်း စည်းကမ်းများအရ အရမ်း ရက်စက်လွန်းတဲ့ သတ်ဖြတ်ခြင်းကုန်းမြေထဲကို မဖြစ်မနေဝင်ပြီး ကျုပ်တို့ တိုက်ခိုက်မှ ဖြစ်မယ်”

..........

မြို့တော်ဝန်ဟန်နှင့် တခြားသောသူများ၏ အကြည့်များသည် လေးနက်တည်ကြည်သွားခဲ့ကြ၏။ တချို့သော သူများသည် တိုတမ်ကုန်းမြေတိုက်ကြီးနှင့် လခြမ်းလွင်ပြင်ကုန်းမြေတိုက်ကြီး၏ တိုက်ခိုက်မှုကို သေသေချာချာ ကြည့်ရှုခဲ့ပြီးပြီဖြစ်၏။ ထို့ကြောင့် ဤဂြိုဟ်နှစ်ခု၏ တိုက်ခိုက်မှုသည် ကြောက်မက်ဖွယ်ရာ ကောင်းလှပြီး အထဲသို့ ဝင်သွားသည်ဆိုသည်နှင့် သေခြင်းနှင့် ရှင်ခြင်းသာရှိမည်ဖြစ်ကြောင်း သိရှိပြီးဖြစ်၏။ ဤအရာသည် အလွန်ပဲ ရက်စက်လွန်းလှသလို အလွန်လည်း ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည်။

“ဂိုဏ်းချုပ်ကျွင်း”

မြို့တော်ဝန်ဟန်သည် ပထမဦးဆုံး ထုတ်ဖော်ပြောကြားလိုက်၏။ “ကျုပ်တို့က ကြယ်ကြွေ ကုန်းမြေတိုက်ကြီးအတွက် နောက်ဆုံးသွေးတစ်စက်ကျန်ရင်တောင် မတ်မတ်ရပ်ပြီး တိုက်ခိုက်နေအုံးမှာပဲ၊ သေသွားမယ်ဆိုရင်တောင်မှ နောင်တတရားရှိမှာ မဟုတ်ဘူး”

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲသို့ ရောက်ရှိလာခြင်းသည် မည်သည့်အတွက် ဖြစ်သနည်း။ ကြယ်ကြွေကုန်းမြေ တိုက်ကြီးအတွက်သာဖြစ်သည်။ ဤနေရာသို့ ရောက်ရှိလာခဲ့ပြီးပြီဆိုမှတော့ ခံတပ်တည်နေရာထဲတွင် ပုန်းအောင်း နေထိုင်နေ၍ ဘာထူးခြားမည်နည်း။

“အမှန်ပဲ”

မူချန်းဟုန်က ပြောလိုက်သည်။ “ကျုပ်တို့က ကုန်းမြေတိုက်ကြီးအတွက် အသက်ကို စတေးဖို့ အဆင်သင့် ပဲလေ၊ သေသွားမယ်ဆိုရင်တောင်မှ နောင်တတရား ရှိမှာမဟုတ်တော့ဘူး၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် ကျုပ်တို့က ဘာမဆိုလုပ်မယ်”

အားလုံးက သဘောတူညီလိုက်၏။ ကျွင်းချောင်ရှောင်းနှင့် အနည်းငယ် ပြဿနာရှိနေသော ထိုက်ရွှမ်အအေးဂိုဏ်း နှင့် တောက်ပအလင်းနတ်ဂိုဏ်းမှ လူများပင်လျှင် ၎င်းတို့၏ အသက်ကို စတေးကာ ကြယ်ကြွေကုန်းမြေတိုက်ကြီး အတွက် တိုက်ခိုက်ရန် ထုတ်ဖော်ပြောကြားလာခဲ့တော့၏။

ပုဂ္ဂိုလ်ရေး ရန်ငြိုးဆိုသည်မှာ ကုန်းမြေတိုက်ကြီး၏ရှေ့တွင် ဘာတစ်ခုမှ မဟုတ်ချေ။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီး ထဲသို့ ပထမဦးဆုံး ဝင်ရောက်ခဲ့သော ကျွမ်းကျင်သူများအားလုံးသည် တိုက်ပွဲတွင် သေဆုံးရန် ကြိုတင်ပြင်ဆင်ခဲ့ ပြီးသားဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်း၏ ခံတပ်တွင် လအနည်းငယ် နေထိုင်ပြီးသည့်နောက် သူတို့သည် ဘာတစ်ခုမှ ထူးခြားမှုကိုမရရှိခဲ့ချေ။ ထို့ကြောင့် သေဆုံးရမည် ဆိုလျှင်တောင်မှ ကုန်းမြေတိုက်ကြီးအတွက် တစ်စုံတစ်ခု ကောင်းကျိုးကို ဖြစ်တည်အောင် ပြုလုပ်ပေးသွားချင်ကြသည်။

အဓိကတောင်ထွတ်၏ အပေါ်မှာတော့ အလွန်တရာ လေးနက်လှသော အရှိန်အဝါများသည် စုစည်း ဖြစ်တည်လာခဲ့၏။ ထိုကဲ့သို့သော အော်ရာများသည် သေဆုံးမှုကို မကြောက်ရွံ့သည့် ခိုင်မာသည့်စိတ်ဓာတ်ကို ဖော်ညွှန်းလျက်ရှိ၏။

ယနေ့မှာတော့ ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင်ရှိသော စွမ်းအားမြင့် ကျင့်ကြံသူနှစ်ထောင်ကျော် တို့သည် ငရဲဆီသို့ ချီတက်ပြီး အချိန်မရွေး သေဆုံးရမည်ဆိုသည်ကို သိရှိလျှင်တောင်မှ တစ်ချက်ကလေးမှ တွန့်ဆုတ်ကြမည့်သူများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြတော့သည်။

မှတ်ထားရန် လိုအပ်နေသောအရာ တစ်ခု ရှိ၏။

ဤကဲ့သို့သော ကိစ္စများကို ဦးစီးဦးဆောင်အဖြစ် ဖန်တီးပြုလုပ်နိုင်သော ပြိုင်စံရှားဂိုဏ်း ဆိုသည်မှာ ဟာသဂိုဏ်းတစ်ခု မဟုတ်ပေ။ အလွန်တရာပင် သွေးပူပြီး ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် အစအဆုံး ပေးဆပ်အနစ်နာခံသည့် ဂိုဏ်းတစ်ခုပင် ဖြစ်တော့သည်။

အားလုံးသောသူများ၏ ကိုယ့်ကိုယ်ကိုယ် စတေးကာ ကုန်းမြေတိုက်ကြီးကို ကယ်တင်တော့မည့် အရှိန်အဝါများကို ခံစားပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် အလွန်တရာ လေးနက်သည့် ခံစားချက်များကို ရရှိခဲ့၏။ သူသည် ငရဲဆေးလုံးကို ထုတ်ယူကာ ပြောလိုက်၏။ “ဒီဆေးလုံးကို ငရဲဆေးလုံးလို့ ခေါ်တယ်၊ သောက်ပြီးသွားရင် နှစ်ဆယ့်လေးနာရီတိတိ သေဆုံးနေမှာ၊ ခင်ဗျားတို့ အနေနဲ့ သတ်ဖြတ်ခြင်းကုန်းမြေထဲကို ရောက်ပြီဆိုတာနဲ့ အခွင့်အရေးရရင် ဒါကိုသောက်လိုက်၊ အန္တရာယ်ကြားကနေ လွတ်သွားအောင် ကူညီပေးလိမ့်မယ်”

“သေချင်ယောင် ဆောင်ရမှာလား၊ လောကကြီးထဲမှာ ဒီလိုဆေးလုံးမျိုး တကယ်ရှိတယ်ပေါ့” အားလုံးက ဆွံ့အသွားခဲ့ကြသည်။

ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်သည်။ “ကျုပ်.. ကျွင်းချောင်ရှောင်းက ကုန်းမြေတိုက်ကြီးအတွက် အားလုံးရဲ့ စွန့်လွှတ်အနစ်နာခံမှု ၊ မဆုတ်မနစ်တဲ့ စိတ်ဓာတ်တွေကို မြင်ရတဲ့အချိန်မှာ အရမ်းကို စိတ်ထဲမှာ နက်နက်နဲနဲ ခံစားခဲ့မိတယ်၊ ဒါကြောင့် မူလအားဖြင့် စိတ်ဝိညာဉ်ကျောက်တုံး တစ်သိန်းတန်တဲ့ ဒီဆေးလုံးကို သဘာဝစိတ်ဝိညာဉ်ကျောက်တုံး တစ်သောင်းနဲ့ပဲ ရောင်းပေးပါတော့မယ်”

“............” မြို့တော်ဝန်ဟန်နှင့် တခြားသောသူများ အားလုံးသည် မြေပေါ်သို့ လဲကျသွားခဲ့ကြသည်။

စနစ်သည် အကြီးအကျယ် အော်ဟစ်လျက်ရှိနေ၏။ “ဟာသဂိုဏ်း မဟုတ်ဘူးဆို၊ ကုန်းမြေတိုက်ကြီးအတွက် အသက်စွန့်မှာဆို၊ ဘယ်လိုဖြစ်သွားတာလဲ”

ဂြိုဟ်တိုက်ပွဲတည်နေရာကြီးသို့ ရောက်ရှိလာပြီး တခြားသောသူများ အနိုင်ကျင့် နှိပ်စက်ခြင်းမှ ရှောင်ရှားနိုင်ရန် အတွက် သူတို့သည် ပိုက်ဆံများ ပေးခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ သတ်ဖြတ်ခြင်းကုန်းမြေထဲကို မဝင်မနေရ ဝင်ရမည် ဖြစ်သောကြောင့် မကြာခင်မှာ ၎င်းတို့၏ အသက်များကို ပေးဆပ်ရတော့မည်။ သို့ပေမဲ့ မိမိအသက်ကို ကယ်တင်ရန် ပိုက်ဆံများကို ထပ်နိုင်ပြန်သေးသည်။ ကုန်းရှန့်သည် ထိုအရာနှင့်ပတ်သက်ပါက အစီအစဉ်ပေါင်းများစွာကို ပိုင်ဆိုင်သော လူတစ်ယောက်လည်းဖြစ်နေသည်။

သူသည် အပြစ်ကင်းစင်စွာဖြင့် ပြောလိုက်သည်။ “ဘာလို့လဲ၊ များနေလို့လား”

စနစ်က ဆွံ့အသွားသည်။ “များလား၊ မများလားတော့ ငါမသိဘူး၊ ဒါပေမဲ့ လက်ခံသူက တဖြည်းဖြည်းနဲ့ အဲလူတွေဆီမှာရှိတဲ့ အရာအားလုံးကို ညှစ်ထုတ်နေတာပဲ”

“ဒီတော့”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါ အနာဂတ်မှာ ထပ်ပြီးတော့ မတောင်းတော့ပါဘူး”

စနစ်သည် မျက်လုံးများပင် ချာချာလည်သွားမိ၏။ သို့ပေမဲ့ သူ့တွင် မျက်လုံး မရှိချေ။

“ဟူး......”

ကျွင်းချောင်ရှောင်းသည် မတ်တပ် ထရပ်ပြီးသည့်နောက် သက်ပြင်းရှည်ကြီးချကာ ပြောလိုက်၏။ “ပြီးတော့ တည်နေရာခံတပ်ကြီးကို ကြီးမားတဲ့မြို့ကြီးဖြစ်အောင် ချဲ့ထွင်ရမယ်”

ထိုနေ့မှာပဲ သူသည် တောဝက်ရိုင်းလေးကို ခေါ်ဆောင်ကာဖြင့် တိုက်ပွဲတည်နေရာကြီးထဲသို့ စတင်ကာ လှည့်လည် သွားလာတော့သည်။

အနည်းငယ် အချိန်ကြာမြင့်ပြီးသည့်နောက် ထူးဆန်းသည့် သဘာဝပတ်ဝန်းကျင် ပြောင်းလဲမှု များသည် ကောင်းကင်ယံထက်တွင် ဖြစ်တည်လာခဲ့၏။ ဂြိုဟ်အသီးသီးမှာရှိသော သိုင်းကျင့်ကြံသူများသည် ထိုအရာကို အသားကျနေကြပြီး ဖြစ်သည်။ ထို့ကြောင့် အလေးအနက် မထားတော့ချေ။

မြို့တော်ဝန်ဟန်နှင့် တခြားသောသူများမှာလည်း အလကား မနေကြချေ။ ကျွင်းချောင်ရှောင်းဆီမှ ဆေးလုံးကို ဝယ်ယူပြီးသည့်နောက် ၎င်းတို့သည် အကျိုးရှိစေရန်အတွက် အချိန်ကိုက် မည်သည့်နေရာတွင် အသုံးပြုရမည် ဖြစ်ကြောင်းကို ကြိုတင်ကာ ဆွေးနွေးတိုင်ပင်လျက်ရှိ၏။

အချိန်ကောင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ တိုက်ခိုက်ခံရသည့်အချိန်တွင် အချိန်ကိုက် သေဆုံးပစ်ရန်ပင် ဖြစ်သည်။

ဟန်ဆောင်ခြင်း - ဤအရာသည် သရုပ်ဆောင်ခြင်းသာ ဖြစ်တော့၏။ ထို့ကြောင့် လွင့်မျောနေသော တောင်တန်း ပေါ်ရှိ ဂိုဏ်းအသီးသီး၏ စွမ်းအားမြင့် ကျင့်ကြံသူများ အားလုံးသည် မည်ကဲ့သို့ သေဆုံးရမည် ဆိုသည့် အကြောင်းကို နက်နက်နဲနဲ စဉ်းစားလျက် ရှိနေကြ၏။

ယုဒြာကုန်းမြေတိုက်မှ လူများသည်လည်း ဤပြဿနာကို စဉ်းစားလျက်ရှိသည်။ ထို့ပြင် သတ်ဖြတ်ခြင်းကုန်းမြေ ထဲသို့ ဝင်ရောက်ပြီးသည်နှင့် သေခြင်းနှင့် ရှင်ခြင်းဆိုသည်မှာ ဘာတစ်ခုမှ မခြားနားတော့ချေ။ တစ်စုံတစ်ယောက် အနေနှင့် အလွန်တရာ ကောင်းမွန်လှသော သရုပ်ဆောင်စွမ်းရည်ကို ပိုင်ဆိုင်မှ ဖြစ်ပေလိမ့်မည်။ သာမန် အခြေအနေအရဆိုလျှင် ဂြိုဟ်နှစ်ခုကြား တိုက်ပွဲမဖြစ်ခင်မှာပင် ၎င်းတို့အားလုံးသည် တစ်ဖက်နှင့်တစ်ဖက် အကြီးအကျယ် အော်ဟစ်ဆဲဆိုခြင်းကို ပြုလုပ်ရမည်ဖြစ်၏။

လက်ရှိအချိန်မှာတော့ ယုဒြာကုန်းမြေတိုက်နှင့် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ ကျင့်ကြံသူများ အားလုံးသည် ၎င်းတို့၏ သရုပ်ဆောင်စွမ်းရည်များကို ပိုမို တိုးတက်စေရန် အလေးအနက် လေ့ကျင့်လျက် ရှိနေကြ၏။

ကုန်းရှန့်မှာ ထိုနေရာတွင် အလွန်တရာ တော်လွန်းလှသူဖြစ်ပြီး လောကတွင်ရှိသော သိုင်းကျင့်ကြံသူများ ကို သိုင်းမလေ့ကျင့်ဘဲ သရုပ်ဆောင် လေ့ကျင့်နေရအောင် ပြုလုပ်ခဲ့သော ပထမဦးဆုံး လူတစ်ယောက် ဖြစ်ပေလိမ့်မည်။

.............

နေဝင်ချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် တောဝက်ရိုင်းလေးနှင့်အတူ ပြန်လာခဲ့သည်။ ကောင်းကင်အဆင့် ရတနာ အနည်းငယ်ကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည် ဖြစ်သောကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တည်နေရာ သည် ပိုမိုကာ ကျယ်ပြန့်လာခဲ့တော့၏။

“ဂိုဏ်းချုပ်”

လီချင်းယန်သည် တောင်ထွတ်ပေါ်တွင် မတ်မတ်ရပ်ပြီးသည့်နောက်မှာတော့ အောက်ဘက်ရှိ ကျယ်ပြောလှသော တည်နေရာကြီးကို ငုံ့ကြည့်လိုက်သည်။ “ဒါက အရွယ်အစား ကြီးသွားပြီပဲ”

“သွား… ရဲရဲရင့်ရင့်နဲ့ အဆောက်အဦတွေ ဆောက်ပစ်လိုက်တော့”

“ကောင်းပါပြီ”

နောက်တစ်ရက်မှာတော့ လီချင်းယန်သည် သူ၏ဂိုဏ်းတူရောင်းရင်းများကို ခေါ်ဆောင်ကာဖြင့် အသစ်ကျယ်ပြန့်လာခဲ့သော တည်နေရာတွင် အဆောက်အဦများကို စတင်ကာ ဆောက်လုပ်သည်။

ရတနာများကို ရှာဖွေပြီးသည့်နောက် အလုပ်များလျက်ရှိသော တောဝက်ရိုင်းလေးသည် ခံတပ်၏ အဆောက်အဦ ဆောက်လုပ်ခြင်းတွင်လည်း ပါဝင်ကူညီလျက် ရှိနေ၏။

နှစ်လခန့် ကြာမြင့်ပြီးသည့်နောက်မှာတော့ အလွန် တော်လှသော မြေတွင်းတူးဆရာကြီး၏ အကူအညီကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်သည် အလုံးစုံ ပြည့်စုံနေခဲ့ပြီ ဖြစ်သည်။

အရှေ့၊ အနောက်၊ တောင်၊ မြောက် ဟူ၍ ခရိုင်လေးခု ခွဲခြားထားပြီးသည့်နောက် အလယ်ဘက်တွင် လွင့်မျောနေသော တောင်တန်းကြီးက တည်ရှိနေသည်။ ကြည့်ရှုလိုက်သည်နှင့် အလွန်တရာ လှပလှသော မြင်ကွင်းကို မြင်ရမှာ သေချာ၏။

အဓိကတောင်တန်းပေါ်မှာတော့ ကျွင်းချောင်ရှောင်းသည် လေ့ကျင့်ရေးကွင်းပြင်တွင် ခါးထောက်ကာ မတ်မတ် ရပ်လိုက်၏။ လုချင်းချင်း၊ လီချင်းယန်၊ ရှောင်ကျီ၊ ရီရှင်းချန်၊ လီဖေး၊ ထျန်းချီ၊ ကျိုးဟုန်၊ ဟယ်ဝူတီနှင့် တခြားသော အတွင်းစည်းတပည့်များ အားလုံးတို့သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လျက်ရှိနေကြ၏။ ၎င်းတို့အား သေသေချာချာ ကြည့်ရှုမည်ဆိုပါက အနောက်ဘက်တွင် ပြိုင်စံရှားဂိုဏ်းဟု ရေးသားထားသော ဆိုင်းဘုတ်ကြီး ရှေ့တွင် မတ်မတ်ရပ်နေကြခြင်းပင်ဖြစ်သည်။

“နည်းနည်းတိုးအုံး” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

ဆွစ် ဆွစ်

အားလုံးပဲ အရှေ့ဘက်သို့ အနည်းငယ် ခြေလှမ်းလိုက်သည်။

ကျွင်းချောင်ရှောင်းသည် ရှည်လျားလှသော တုတ်ချောင်းကို အသာယူကာဖြင့် ကင်မရာကိုလှည့်ကာ ဆယ်ဖီလ် ဆွဲခဲ့တော့သည်။ “ကောင်လေးတို့... ချီစ့် လို့ အော်လိုက်ကြရအောင်”

ဖျတ်

ဂိုဏ်းချုပ်နှင့် ၎င်းတို့အတွင်းစည်းတပည့်များ၏ ပုံသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ကင်မရာဆီမှ ထွက်ပေါ်လာခဲ့တော့သည်။ ထိုပုံအား သူသည် ခံတပ်တည်နေရာ အဓိကဟောခန်း၏ နံရံပေါ်တွင် ချိတ်ဆွဲထားခဲ့ တော့၏။ ဤအရာသည် ခံတပ်ကြီးအနေဖြင့် ကြီးမားလှသည့် မြို့ကြီးအဖြစ်သို့ ပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့သည့် အမှတ်တရဓာတ်ပုံပင် ဖြစ်၏။

ဓာတ်ပုံထဲမှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများသည် တောက်ပစွာ ပြုံးလျက်ရှိပြီး ကျွင်းချောင်ရှောင်း နှင့် အနီးကပ်ဆုံးတွင် ရှိနေသော လုချင်းချင်းမှာတော့ အေးစက်သည့် အမူအရာဖြင့် ရှိနေသည်။ ထုံးစံအတိုင်း ရီအားညိုမှာတော့ အလွန်တရာ မာန်တက်လျက်ရှိနေသော မျက်နှာ အနေအထားဖြင့် ဝံ့ကြွားစွာ ရပ်လျက် ရှိနေ တော့သည်။

............

ထိုက်ရွှမ်အအေးဂိုဏ်း ….။

စုရှောင်မိုသည် ပြည့်စုံသည့် စိတ်ဝိညာဉ်စေတီ၏ ခြောက်ထပ်မြောက်တွင် ခြေချိတ်ကာ ထိုင်လျက်ရှိနေ၏။ သူ၏ စိတ်ဝိညာဉ်အမြူတေထဲတွင်ရှိသော စိတ်ဝိညာဉ်စွမ်းအင်များသည် အသွင်ပြောင်းလဲလာခဲ့၏။ သူသည် သိုင်းအုပ်စိုးသူအဆင့်သို့ ချိုးဖြတ်ရောက်ရှိရန် မဝေးကွာလှတော့ချေ။

“ဂိုဏ်းချုပ်၊ စီနီယာအစ်မနဲ့ စီနီယာအစ်ကိုတို့၊ ဂျူနီယာညီလေးနဲ့ ညီမလေးတို့... ကျုပ်ရဲ့နှလုံးသားက ခင်ဗျားတို့နဲ့ အတူတူ အမြဲတမ်း ရှိနေတယ်”

.............

“ဒင်... ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်သည် မြို့တစ်ခုအရွယ်အစားဆီသို့ ရောက်ရှိသွားခဲ့သည်၊ လိုအပ်ချက် နှင့်ပြည့်စုံသွားခဲ့ပြီ ဖြစ်သောကြောင့် အထူးတာဝန်သည် ပြည့်စုံသွားခဲ့သည်၊ တာဝန်ပြည့်စုံမှုနှုန်း နှစ်ရာ ရာခိုင်နှုန်း၊ လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် ငါးသောင်းအား ရရှိ၏”

“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၇၇၆၅၀ / ၇၀၀၀၀”

“ဒင်... ဂိုဏ်းစုဆောင်းမှတ်သည် ပိုလျှံနေသည်ဖြစ်သောကြောင့်....”

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်သည် ရက်အနည်းငယ်အတွင်းမှာပဲ တာဝန်ပြည့်ဝသွားခဲ့ပြီဖြစ်သည်။ အထူး တာဝန်ကိုးသည် အလိုအလျောက် ပြည့်စုံသွားခဲ့၏။ အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိနေသော ကျွင်းချောင်ရှောင်း မှာတော့ တည်ငြိမ်လျက်ရှိနေ၏။ တာဝန်ပြည့်ဝသွားသည်ဆိုသော်လည်း ဆုလာဘ်များသည် မရရှိသေးချေ။ သူ့အနေနှင့် တခြားသော အထူးတာဝန်ကို ပြည့်စုံအောင် ပြုလုပ်ရပေဦးမည်။ ကံကောင်းစွာဖြင့် အထူးတာဝန်ကိုးသည် နှစ်ဝက်ထိစောင့်စရာမလိုဘဲ တစ်ခါတည်း ပြည့်စုံသွားသည်က ကံကောင်းလှ၏။

“ချင်းယန်”

ကျွင်းချောင်ရှောင်းက အမိန့်ပေးလိုက်သည်။ “ယုဒြာကုန်းမြေတိုက်ကို စာပို့လိုက်၊ သုံးရက်ကြာပြီးရင် သတ်ဖြတ်ခြင်းကုန်းမြေထဲဝင်ပြီး တိုက်ခိုက်ကြရအောင်”

All Chapters