← Chapters

အခန်း (၁၀၁၆)

Vol. 69 Ch. 1016

အခန်း (၁၀၁၆)

Vol. 69 Ch. 1016

ယုဒြာကုန်းမြေတိုက်ဆီမှ ပြန်လည်ပို့လွှတ်လိုက်သော သတင်းမှာတော့ ကဲ့ကျင်းနန်အနေဖြင့် မည်သည့်ပြဿနာမှ မရှိကြောင်း ပြန်လည်ပြောဆိုလိုက်ခြင်းပင်ဖြစ်၏။

“အားလုံးပဲ”

ကျွင်းချောင်ရှောင်းသည် မြို့တော်ဝန်ဟန်နှင့် တခြားသောသူများကို စုစည်းလိုက်ကြ၏။ သူသည် လက်နှစ်ဖက်ကို အနောက်ကိုပစ်ပြီး ပြောလိုက်သည်။ “သုံးရက်ကြာပြီးတဲ့အနောက်မှာ ကြယ်ကြွေကုန်းမြေတိုက် ကြီးအတွက် အရေးကြီးတဲ့ သရုပ်ဆောင်မှုကို ပြုလုပ်ရမယ်၊ ဒီတော့ အားလုံးက လေးလေးနက်နက်နဲ့ ကြိုးစား ထားကြဖို့ လိုတယ်၊ အမှတ်တမဲ့ လုပ်လို့မဖြစ်ဘူး”

ငရဲဆေးလုံးကို အသုံးပြု၍ သေဟန်ဆောင်ရသည်ဆိုခြင်းမှာ ပြဿနာ အလွန်များ၏။ ထို့ကြောင့် အထက် နယ်မြေကို အရူးလုပ်ရန် မဆိုထားနှင့်၊ များပြားလှသော ဂြိုဟ်အသီးသီးမှ လာကြည့်ကြမည့် သိုင်းကျင့်ကြံသူများ ကိုလည်း အောင်မြင်စွာ အရူးလုပ်နိုင်မှ ဖြစ်ပေလိမ့်မည်။

“စိတ်မပူနဲ့ ဂိုဏ်းချုပ်ကျွင်း”

မူချန်းဟုန်က ပြောလိုက်သည်။ “ကျုပ်တို့ အားလုံးက ပြင်ဆင်ပြီးသွားပြီ၊ ဘာ အမှားအယွင်းမှရှိမှာ မဟုတ်ဘူး”

ပြိုင်စံရှားဂိုဏ်းမှ တပည့်များအားလုံးသည် လွန်ခဲ့သည့်နှစ်လအတွင်း ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အလုပ်များ နေခဲ့ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် အားလပ်သည့်အချိန်မျိုးတွင် ကြိုးကြိုးစားစားဖြင့် မည်ကဲ့သို့ သေဆုံးရမည် ဖြစ်ကြောင်းကို သရုပ်ပါပါနှင့် လေ့ကျင့်လျက်ရှိတတ်ကြ၏။ ထို့ကြောင့် ၎င်းတို့သည် အစစ်အမှန်ပြပွဲတွင် မည်ကဲ့သို့ သေဆုံးသွားမည်ဆိုကြောင်းကို ပြသချင်စိတ်ပင် ပေါက်လျက်ရှိနေကြ၏။

ယုဒြာကုန်းမြေတိုက်သည်လည်း ထို့နည်းတူစွာပင်။ အမှားအယွင်း မဖြစ်စေရန်အတွက် ၎င်းတို့ အားလုံး သည် သေသေချာချာ စဉ်းစားပြီးသည့်နောက်မှာတော့ မည်ကဲ့သို့ သေဆုံးမည်ဆိုသည်ကို အားသွန်ခွန်စိုက်နှင့် ကြိုးစားနေကြ၏။ ၎င်းတို့သည် သတ်ဖြတ်ခြင်းကုန်းမြေထဲသို့ ဝင်ရောက်ရန်အတွက် သင့်တော်သည့် သိုင်းပညာရှင်များကို ရွေးချယ်ခဲ့ကြ၏။ ပြီးသည့်နောက်မှာတော့ အားကြိုးမာန်တက်ဖြင့် သေဆုံးမှု ပုံစံအမျိုးမျိုးကို ကြိုတင်ကာ လေ့ကျင့်ကြ၏။ တချို့ဆိုလျှင် ထိလိုက်သည်နှင့်တပြိုင်နက် ရင်ဘတ်ကို ဆုပ်ကိုင်ကာ ခြေလှမ်း အနည်းငယ်ဆုတ်လိုက်၏။ ပြီးသည့်နောက် အားပျော့စွာဖြင့် ပြောလိုက်၏။ “ဘယ်လောက် အားကောင်းလိုက်တဲ့ အတွင်းအားလဲ၊ ငါ.. ငါ”

စကားပြော၍ပင် မဆုံးတော့ဘဲ မြေပေါ်သို့ လဲကျကာ သေဆုံးသွားခဲ့သည်။ ထိုကဲ့သို့သော သေနည်းမျိုးဖြစ်၏။

“ချင်းယန်”

ကျွင်းချောင်ရှောင်းသည် အမိန့်ပေးလိုက်သည်။ “သတင်းကို ဖြန့်လိုက်တော့၊ ကြယ်ကြွေကုန်းမြေ တိုက်ကြီးနဲ့ ယုဒြာကုန်းမြေတိုက်တို့က တကယ့်ကို သွေးခင်းတဲ့ စစ်ပွဲကြီးတစ်ခုကို တိုက်ခိုက်တော့မယ်လို့၊ ကျိန်းသေပေါက် ကြောက်မက်ဖွယ်ရာကောင်းတဲ့ သွေးထွက်သံယို တိုက်ခိုက်ပွဲကြီးဖြစ်မယ်”

“ကောင်းပါပြီ” လီချင်းယန်က ထွက်ခွာသွားခဲ့သည်။

အဘိုးကြီးတင်းသည် ဇဝေဇဝါနှင့် ဖြစ်သွားမိ၏။ “ဂိုဏ်းချုပ်... ကျုပ်တို့ သေချင်ဟန်ဆောင်တယ်ဆိုတော့ တိုက်ခိုက်ပွဲကို လူတွေအများကြီး လာကြည့်ရင် ရှာဖွေတွေ့ရှိသွားတာမျိုး ဖြစ်နိုင်တယ် မဟုတ်ဘူးလား”

ကျွင်းချောင်ရှောင်းက ရှင်းပြလိုက်သည်။ “အားလုံးရဲ့ ရှေ့မှာ ကောင်းကောင်းမွန်မွန် သရုပ်ဆောင်ပြနိုင်မှ တကယ့် သရုပ်ဆောင်ကောင်းတွေလို့ ဆုံးဖြတ်လို့ ရမှာပေါ့”

အထက်နယ်မြေသည် ဤနေရာကို စောင့်ကြည့်ရန်အတွက် တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်မည် မဟုတ်ချေ။ သို့ပေမဲ့ ၎င်းတို့သည် သေသေချာချာနှင့် ဆော့ကစားတော့မည်ဆိုမှတော့ မည်သည့် အမှားအယွင်းမှ မဖြစ်ပေါ်အောင် အကြီးအကျယ် ပြုလုပ်မှ ဖြစ်ပေလိမ့်မည်။

စစ်မှန်သော သရုပ်ဆောင်များသည် မှန်ရှေ့တွင်သရုပ်ဆောင်ရင်းနှင့် နာမည်ကျော်ကြား လူသိများလာခဲ့သူများ မဟုတ်ကြချေ။ စင်မြင့်ပေါ်သို့တက်၍ အားလုံးသောသူများ၏ လက်ခုပ် ဩဘာသံကို ခံယူပြီ ဖြစ်တည်လာခဲ့သူများ ဖြစ်တော့သည်။

........

ညရောက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ခံတပ်၏ အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိပြီး သရုပ်ဆောင်ကျမ်းကို လေ့လာလျက်ရှိ၏။ ရုတ်တရက် လေပြင်းများ တိုက်ခတ်ပြီးသည့်နောက်မှာတော့ အခန်းထဲတွင်ရှိနေသော အပူချိန်များသည် ကျဆင်းသွားခဲ့၏။ သူသည် သေသေချာချာ စဉ်းစားနေစရာပင် မလိုချေ။ သူ၏ အကြီးဆုံးတပည့်ကြီး ဝင်လာခြင်းပင် ဖြစ်ပေလိမ့်မည်။

“ဂိုဏ်းချုပ်”

လုချင်းချင်းက ပြောလိုက်သည်။ “ကျွန်မ ဝင်မပါလို့ မရဘူးလား”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ ဘယ်လိုသေရမလဲဆိုတာကို ကျွန်မ မသိဘူးလေ”

နှစ်ပေါင်းတစ်သောင်းလောက် အေးစက်လှ သည့် ရေခဲတုံးကြီး၏ မျက်နှာဖြင့် သူမသည် ဆယ်မျက်နှာသေဆုံးခြင်း မျှော်စင်ထဲတွင်လည်း ဝင်ရောက် သရုပ်ဆောင်ခဲ့ရသည်။ ထိုအရာသည် သူမကို လက်ရှိအချိန်ထိပင် နာကျင်စေလျက် ရှိနေသေး၏။ ယခု အားလုံး၏ ရှေ့၌ သေချင်ယောင်ဆောင်ရမည့် အရာတစ်ခုသည် ပိုမိုကာ ခက်ခဲလွန်းပေလိမ့်မည်။

ကျွင်းချောင်ရှောင်းသည် စာအုပ်ကို အသာပိတ်ပြီးသည့်နောက် ပြောလိုက်၏။ “ဘဝဆိုတာ ကစားပွဲ တစ်ခုလိုပဲလေ၊ အရာအားလုံးက ကိုယ့်ရဲ့ သရုပ်ဆောင်မှုအပေါ်မှာပဲ မူတည်တယ်၊ မင်းအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြုပြင် ပြောင်းလဲဖို့ မလုပ်ရင် အနာဂတ်မှာ လောကကြီးနဲ့ ဘယ်လိုလုပ် တသားတည်း ဖြစ်တော့မှာလဲ”

လုချင်းချင်း “...”

အားလုံးသောသူများကို သေချင်ဟန်ဆောင်ခိုင်းခြင်းသည် လောကကြီးနှင့် အသားကျစေရန် ဖြစ်နေသည်လား။

“မင်းအနေနဲ့ ကောင်းကောင်းမွန်မွန် သရုပ်မဆောင်နိုင်လို့ ငါ့ရဲ့အစီအစဉ်ကြီး ပျက်စီးသွားမှာကို စိုးရိမ်နေတယ်ဆိုတာကို ငါသိတယ်”

ကျွင်းချောင်ရှောင်းက မတ်တပ်ထရပ်လိုက်သည်။ ပြီးသည့်နောက်မှာတော့ သူမကို ကျောပေးကာ ပြောလိုက်သည်။ “ချင်းချင်း... မင်း ဂိုဏ်းအတွက် စဉ်းစားပေးနေတဲ့အတွက် ငါ တကယ့်ကို ကျေးဇူးတင်မိတယ်”

လုချင်းချင်းက ကြောင်အသွား၏။ သူမသည် ဂိုဏ်းချုပ်နှင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူဖြစ်သည်။ သို့ပေမဲ့ နောက်ကျောမှ ကြည့်လိုက်သည်နှင့် အလွန်တရာ လေးနက်လှသော ဂိုဏ်းချုပ်ကို မြင်ရသည်မှာ ပထမဦးဆုံးပင် ဖြစ်၏။

“ဒါပေမဲ့”

ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်သည်။ “သိုင်းကျင့်ကြံခြင်း လမ်းစဉ်ဆိုတာ အဆုံးအစ ကင်းမဲ့ လွန်းလှတယ်၊ အနာဂတ်မှာ ငါတို့ကို စောင့်နေတဲ့ ခက်ခဲမှုတွေနဲ့ အတားအဆီးတွေ အများကြီးပဲလေ၊ အရာ အားလုံးကို ငါတို့က ရင်ဆိုင်ဖို့ သင်ကြားရမယ်၊ အဓိကအားဖြင့် မင်းရဲ့ ဂျူနီယာမောင်လေးနဲ့ ညီမလေးတွေ အကုန်လုံးက မင်းရဲ့ ကာကွယ်မှုကို စောင့်မျှော်နေကြတယ်လေ၊ မင်းကိုမင်း ပြောင်းလဲပါ၊ မင်းကို ဂရုစိုက်ကြတဲ့ လူတွေကို ကာကွယ်နိုင်ဖို့အတွက် မင်းကိုယ်မင်း ပိုပြီး အားကောင်းလာအောင် ပြုလုပ်သင့်တယ်”

ဤနေရာတွင် တောဝက်ရိုင်းလေးသာ ဖြစ်သည်ဆိုပါက သူ့သခင်၏ စကားကို ကြားပြီးသည့်နောက်မှာတော့ မျက်ရည်လည်ရွှဲဖြင့် တရှုံ့ရှုံ့ ရှိုက်ငိုနေပေလိမ့်မည်။ သို့ပေမဲ့ လုချင်းချင်းမှာတော့ အလွန်အားကောင်းလှသော စိတ်ခွန်အားကို ပိုင်ဆိုင်သူတစ်ယောက် ဖြစ်နေ၏။

သူမသည် တည်ငြိမ်စွာဖြင့် ပြောလိုက်မိသည်။ “ကျွန်မရဲ့ ဂျူနီယာမောင်လေးနဲ့ ညီမလေးတွေကို ကာကွယ်ဖို့ အတွက် ကျွန်မဆီမှာ ကိုယ်ပိုင်နည်းလမ်း ရှိပါတယ်၊ ဒီတော့ သေချင်ယောင်ဆောင်တာကို သင်ကြားဖို့ မလိုဘူး ထင်တယ်”

သူမအနေနှင့် သူမ၏ နေတတ်၊ ထိုင်တတ်သည့် အကျင့်၊ အမူအရာများ အားလုံးကို စွန့်လွှတ်ကာဖြင့် ဟန်ဆောင် သရုပ်ပြုလုပ်ရမည်ဆိုခြင်းကို လက်မခံနိုင်သလို ဖြစ်မိနေ၏။ ထိုအရာသည် သူမအတွက်လည်း ခက်ခဲလွန်းလှ၏။

“ချင်းချင်း”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “လောကကြီးမှာ သေနည်းပေါင်းစုံရှိတယ်၊ တစ်စုံတစ်ယောက် အတွက် စတေးပြီး သေဆုံးကြတာ၊ တချို့ကတော့ အကြောက်အရွံ့ကင်းစွာနဲ့ သေဆုံးကြတာ၊ တချို့ကတော့ နိုင်ငံနဲ့လူမျိုးအတွက်။ ဒီတော့ မင်းအနေနဲ့ အရာအားလုံးထဲက တစ်စုံတစ်ခုကို ရွေးချယ်လို့ရတယ်လေ၊ ပြီးတော့ အားလုံးရဲ့ အရှေ့မှာ ကိုယ့်ကိုယ်ကိုယ် တသားတည်းဖြစ်အောင် ကြိုးစားပြီးတော့ သဘာဝကျကျနဲ့ သေဆုံးလိုက်ရုံပဲ”

“ဒီတော့ ကျွန်မ မဖြစ်မနေသွားရမှာလား” လုချင်းချင်းက မေးလိုက်သည်။

“ကျိန်းသေပေါက်ပေါ့” ကျွင်းချောင်ရှောင်း၏ ဆုံးဖြတ်ချက်သည် ခိုင်မာလွန်းလှ၏။ သူသည် သူ၏ အကြီးဆုံး တပည့်ကြီးအား ပြောင်းလဲစေချင်မိ၏။

လီချင်းယန်သည် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွက် အလွန်တရာ အရေးကြီးလှသော စီမံခန့်ခွဲသူ တစ်ယောက် ဖြစ်လာခဲ့သည်။ ရီရှင်းချန်မှာလည်း နတ်ဘုရားအဆင့် လက်နက်များကို ရယူလိုဇောဖြင့် အဆောက်အဦများ ဆောက်လုပ်မှုတွင် ကိုယ်တိုင်ကိုယ်ကျ အားတတ်သရော ပါဝင်လျက် ရှိနေ၏။ သို့ပေမဲ့ အဓိကတပည့်ဖြစ်သော လုချင်းချင်းမှာတော့ သာမန်သာဖြစ်သည်ဟု သူသုံးသပ်မိသည်။ အကြီးဆုံးစီနီယာအစ်မကြီး ဖြစ်သည့်အတွက် သူမသည် ဂိုဏ်းနှင့်တသားတည်းဖြစ်ရန် အကောင်းမွန်ဆုံး ကြိုးစားနေရမည် မဟုတ်ပါလား။

“ကောင်းပြီ”

လုချင်းချင်းက လိုက်လျောလိုက်တော့၏။ “ကျွန်မရဲ့ သရုပ်ဆောင်မှုကြောင့် တစ်စုံတစ်ခု ရှုပ်ထွေးသွားမှာကို ဂိုဏ်းချုပ်က မစိုးရိမ်ဘူးဆိုမှတော့ သတ်ဖြတ်ခြင်းကုန်းမြေထဲကို ဝင်ကြတာပေါ့”

“ကောင်းပြီ၊ ကောင်းပြီ”

ကျွင်းချောင်ရှောင်းက လက်ကိုဝှေ့ယမ်းကာ ပြောလိုက်၏။ “ဘယ်လိုသေရမယ်ဆိုတာ ငါသင်ပေးမယ်”

“မလိုပါဘူး”

လုချင်းချင်းက ပြောလိုက်သည်။ “နောက်ကျနေပြီ၊ သွားပြီး အနားယူတော့မယ်”

သူ၏ အကြီးဆုံးတပည့် ထွက်ခွာသွားသည်ကို ကြည့်ရှုပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်မိ၏။ “ဒီမိန်းကလေးရဲ့ အမူအကျင့်ကို ပြောင်းလဲဖို့ဆိုတာ ကောင်းကင်ဘုံကို လှမ်းတက် တာထက်တောင် ခက်ခဲနေသေးတယ်”

စနစ်က ပြောလိုက်၏။ “ချင်းယန်နဲ့ ရှောင်ကျီတို့ အကုန်လုံးတောင် လက်ခံသူကြောင့် လမ်းတွေလွဲကုန်ကြပြီလေ၊ ဒီအကြီးဆုံးတပည့်ကြီးသာ ထပ်ပြီး လမ်းလွဲမယ်ဆိုရင် ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးမှာ သာမန်လူဆိုတာ တစ်ယောက်မှာတောင် ရှိမှာ မဟုတ်တော့ဘူး၊ အကုန်လုံးက တစ်ယောက်တစ်မျိုးစီ လွဲနေကြတာ။ ဒီတော့ ထားလိုက်ပါတော့”

..............

“သတင်းကြီးပဲ၊ ကြယ်ကြွေကုန်းမြေတိုက်ကြီးနဲ့ ယုဒြာကုန်းမြေတိုက်ကြီးတို့က သုံးရက်ကြာရင် သတ်ဖြတ်ခြင်း ကုန်းမြေတိုက်ထဲမှာ ဝင်ပြီး တိုက်ခိုက်ကြမယ်တဲ့”

“ယုဒြာကုန်းမြေတိုက်က ဘယ်တုန်းက ကျွင်းချောင်ရှောင်းကို ပြဿနာရှာခဲ့တာလဲ၊ ဘယ်လိုဖြစ်ပြီးတော့ သူတို့က စိန်ခေါ်ခြင်းကို ခံလိုက်ရတာလဲ”

“ဒီဂြိုဟ်က အဆင့်ငါး ဒါမှမဟုတ် အဆင့်ခြောက် ဂြိုဟ်တစ်ခုကပဲ၊ ဘယ်လိုဖြစ်ပြီးတော့ လွယ်လွယ်ကူကူနဲ့ စိန်ခေါ်မှုကို လက်ခံခဲ့ရတာလဲ”

“ငါကြားတာတော့ ကျွင်းချောင်ရှောင်းဆိုတဲ့လူက ယုဒြာကုန်းမြေတိုက်ကြီးရဲ့ အပြင်ဘက်ကနေ ယုဒြာ ကုန်းမြေတိုက်ကြီးရဲ့သခင် အမျိုးသမီးကို သုံးနေ့နဲ့ သုံးညတိတို ထိုင်ဆဲနေတယ်တဲ့၊ ဒါကြောင့် တောင်ကြားသခင်ကဲ့က ဘယ်လိုမှ မခံနိုင်တော့ဘဲ သဘောတူလိုက်ရတာတဲ့”

“ဒါ တော်တော်ဆိုးဆိုးပါလား”

“ဟင်း.... သနားစရာကောင်းလှတဲ့ ယုဒြာကုန်းမြေတိုက်ပဲ၊ သူတို့က ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ လက်ထဲမှာ တစ်စစီဖြစ်မှာ မြင်ယောင်နေတယ်”

ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ယုဒြာကုန်းမြေတိုက်ကြီး၏ တိုက်ပွဲသတင်းသည် တည်နေရာတစ်ခုလုံးကို ပျံ့နှံ့ သွားခဲ့ကြသည်။ သိုင်းကျင့်ကြံသူများအားလုံးသည် ထိုအချင်းအရာကို ကြားပြီးသည့်နောက်မှာတော့ အလွန်ပင် ယုဒြာကုန်းမြေတိုက်ကြီးအတွက် ဂရုဏာသက်နေကြတော့သည်။

“မြို့တော်ဝန်”

ဘုံကိုးပါး ကုန်းမြေတိုက်ကြီး၏ ခံတပ်ထဲမှာတော့ အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ “ဘယ်လိုထင်လဲ”

မိုရှန်ရှမ်းသည် ဇဝေဇဝါနှင့် ဖြစ်မိနေ၏။ “ယုဒြာကုန်းမြေတိုက်ကြီးရဲ့ကဲ့ကျင်းနန်က သာမန်ဦးနှောက်ရှိသူ တစ်ယောက်ပါ၊ ဘာလို့ ဒေါသတကြီးနဲ့ ဒီကိစ္စကို လက်ခံလိုက်ရတာလဲ၊ ဆဲချင်တော့လည်း ဆဲပေါ့၊ ဒီအတိုင်း ထိုင်နေလည်း ရတာပဲ မဟုတ်လား၊ ဒါမှ မဟုတ်ရင်”

သူသည် မိုးပေါ်သို့ မော့ကြည့်ကာဖြင့် လေးလေးနက်နက် ပြောလိုက်မိ၏။ “အထက်နယ်မြေက အတင်းဖိအားပေးတာလည်း ဖြစ်နိုင်တယ်၊ ဒါကြောင့် မဖြစ်မနေ ကြယ်ကြွေကုန်းမြေတိုက်ကြီးနဲ့ တိုက်ခိုက်ဖို့ သတ်ဖြတ်ခြင်း ကုန်းမြေထဲကို ဝင်ရတာနေမယ်”

အကြီးအကဲက နားလည်လိုက်မိ၏။ “မြို့တော်ဝန်.... ဆိုလိုတာက ကြယ်ကြွေ ကုန်းမြေတိုက်ကြီးက စည်းမျဉ်းစည်းကမ်းတွေအရ ဝင်ကို ဝင်ရမယ်၊ ဒါပေမဲ့ ဘယ်သူကမှ စိန်ခေါ်မှုကို လက်မခံဘူး ဆိုရင် ပြဿနာတက်ပြီ မဟုတ်လား၊ ဒီတော့ လက်ခံဖို့ ယုဒြာကုန်းမြေတိုက်ကြီးကို အတင်းဖိအားပေးတယ်၊ အဲလိုလား”

“သိပ်မှန်တာပေါ့” မိုရှန်ရှမ်းသည် လေးနက်စွာ ပြောလိုက်မိ၏။ သူ့အနေနှင့် ဖြစ်ပေါ်လာနိုင်သည့် အကြောင်းအရာ များနှင့် ဖြစ်လာခဲ့သော လမ်းကြောင်းများကို သေသေချာချာ စဉ်းစားသုံးသပ်ပြီးဖြစ်၏။

“ကြယ်ကြွေကုန်းမြေတိုက်ကြီးက မရိုးရှင်းဘူးပဲ” အကြီးအကဲတစ်ယောက်သည် ရင်ထဲ၌ စိုးရွံ့စွာဖြင့် ပြောလိုက်သည်။

“ဟင်း...”

မိုရှန်ရှမ်းသည်လည်း မနာလိုစွာဖြင့် ပြောလိုက်၏။ “အထက်နယ်မြေမှာ သိကျွမ်းတဲ့ လူတစ်ယောက်ယောက် ရှိနေတာ တကယ်ကောင်းမွန်တာပဲ၊ သုံးရက်ကြာပြီးရင် ကျုပ်တို့ တိုက်ပွဲကို သွားကြည့်ကြမလား”

“မသွားပါဘူး”

မိုရှန်ရှမ်းသည် လေးနက်စွာ ပြောလိုက်၏။ “တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေ လာတုန်းက သွားကြည့်ကြတဲ့ သူတွေ ရှိဖူးတယ်မလား။ အဲတုန်းက သွားကြည့်ကြတဲ့ လူတော်တော်များများက စိတ်ဝိညာဉ်ကျောက်တုံးတွေ ပေးလိုက်ရသေးတယ်၊ ဒီတစ်ကြိမ်လည်း တစ်စုံတစ်ခု ဖြစ်လာနိုင်သေးတယ်၊ ဒီတော့ အိတ်ကပ်ထဲက ပစ္စည်းတွေ မထွက်ချင်ရင် သွားမကြည့်တာ အကောင်းဆုံးပဲ”

“မြို့တော်ဝန်က တကယ့်ကို စဉ်းစားတတ်တာပဲ”

ဘုံကိုးပါးကုန်းမြေတိုက်ကြီးသည် တိုက်ခိုက်ပွဲကို သွား၍ ကြည့်ရှုမည် မဟုတ်ချေ။ သို့ပေမဲ့ တခြားသောဂြိုဟ်များမှ သိုင်းကျင့်ကြံသူများမှာတော့ ခံခဲ့ရသည့် အကြောင်းအရာကို မေ့လျော့လို့ နေခဲ့ကြ၏။ သုံးရက်ကြာလျှင် တိုက်ခိုက်ပွဲကို သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်ခဲ့ကြပြီးဖြစ်၏။

ဟုတ်ပေသည်။ ၎င်းတို့သည်လည်း ဉာဏ်ကောင်းလှသောသူများဖြစ်၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်း မရောက်ခင် ထိုနေရာကိုသွားရန် မစဉ်းစားကြချေ။ ကျွင်းချောင်ရှောင်းတို့ သတ်ဖြတ်ခြင်းကုန်းမြေထဲသို့ ဝင်ရောက ပြီးမှသာ ၎င်းတို့သည် သွားရောက်ကြည့်ရှုမည်ဟု ဆုံးဖြတ်ပြီး ဖြစ်နေကြ၏။

All Chapters