← Chapters

အခန်း (၁၀၁၇)

Vol. 69 Ch. 1017

အခန်း (၁၀၁၇)

Vol. 69 Ch. 1017

သုံးရက်ကြာပြီးသည့်နောက်မှာတော့ သတ်ဖြတ်ခြင်းကုန်းမြေ၏ ဝင်ပေါက်နေရာတွင် ကျွင်းချောင်ရှောင်းသည် ဂိုဏ်း၏ အဓိက အကြီးအကဲများ၊ အတွင်းစည်းတပည့်များနှင့်အတူ ပျံသန်းလာခဲ့ကြသည်။ ၎င်းတို့၏ နောက်တွင် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ စွမ်းအားမြင့်ကျင့်ကြံသူ နှစ်ထောင်ကျော်တို့လည်း လိုက်ပါလာကြ၏။

ခဏကြာပြီး သည့်နောက်မှာတော့ ယုဒြာကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများကို ဦးဆောင်ကာ ကဲ့ကျင်းနန်သည် ရောက်ရှိ လာခဲ့ကြတော့သည်။

နှစ်ဖက်သားသည် တစ်ယောက်နှင့်တစ်ယောက် စူးစိုက်ကြည့်နေကြပြီး ၎င်းတို့၏ မျက်လုံးထဲ၌ အခဲမကျေမှု၊ နာကျည်းမှုများ တည်ရှိနေကြ၏။

တချို့သော ရဲရင့်သည့် သိုင်းကျင့်ကြံသူများသည် အဝေးတစ်နေရာ ခပ်လှမ်းလှမ်းမှ နည်းနည်းတိုးကာ ပုန်းအောင်း၍ ကြည့်ရှုနေကြ၏။ အလွန်အားကောင်းလှသော တိုက်ခိုက်လိုခြင်း နှင့် သတ်ဖြတ်လိုခြင်း ဆန္ဒများသည် သတ်ဖြတ်ခြင်းကုန်းမြေဆီ မဝင်ခင်ကတည်းက ဖြစ်တည်နေသည်ကို သိရှိလိုက်ပြီးသည့် နောက်မှာတော့ ဂြိုဟ်နှစ်ခုသည် နက်ရှိုင်းလွန်းသော ရန်ငြိုးများတည်ရှိနေသည်ဟု အားလုံးက နားလည်လိုက် မိသည်။

သတ်ဖြတ်ခြင်းကုန်းမြေထဲသို့ ဝင်ရောက်ပြီးလျှင် အားရပါးရ သတ်ဖြတ်တော့မှာ သေချာ၏။ ဤအရာသည် ပွဲကြီး ပွဲကောင်းပင် ဖြစ်တော့၏။

“တောင်ကြားသခင်ကဲ့”

ကျွင်းချောင်ရှောင်းသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “လာရဲမယ်လို့ ကျုပ်မထင်ခဲ့ဘူး”

“ဟမ့်”

ကဲ့ကျင်းနန်က ပြောလိုက်သည်။ “ယုဒြာကုန်းမြေတိုက်က ဂြိုလ်တိုက်ပွဲတည်နေရာကြီးထဲမှာ ပထမအဆင့် ဂြိုဟ်တစ်ခု မဟုတ်ဘူးဆိုပေမဲ့ ကိုယ့်စကားကို တည်တဲ့လူမျိုးပဲ၊ သတ်ဖြတ်ခြင်းကုန်းမြေထဲမှာ ဝင်ပြီး တိုက်ခိုက်ဖို့ သဘောတူညီပြီးပြီဆိုမှတော့ ကျိန်းသေပေါက် ထွက်ပြေးမှာ မဟုတ်ဘူး”

ကျွင်းချောင်ရှောင်းသည် လက်ချောင်းကို မြှောက်ကာဖြင့် ခါယမ်းလိုက်သည်။ ပြီးနောက် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ “ဒီကို ရောက်လာပြီးပြီ ဆိုမှတော့ ထွက်သွားဖို့ မစဉ်းစားနဲ့တော့”

ဤအရာသည် မောက်မာလွန်းလှ၏။ လူပေါင်းအားလုံးတို့၏ အရိုးအသွေးထဲတွင် ကြောက်မက်ဖွယ်ကောင်းလှ သည့် ခံစားချက်များပင် တိုးဝင်ရောက်ရှိလာခဲ့သည်။

လီချင်းယန်နှင့် တခြားသောသူများသည်လည်း ကြိတ်ကာ ချီးကျူးလျက်ရှိနေကြ၏။ ဂိုဏ်းချုပ်၏ သရုပ်ဆောင်မှု စွမ်းရည်သည် ပေါ့သေးသေးမဟုတ်ချေ။ ဟန်အမူအရာ၊ အပြောအဆို အားလုံးသည် သရုပ်ဆောင်ခြင်းနှင့်ပင် မဆင်တူချေ။ အစစ်အမှန်ကဲ့သို့ပင်။

ကဲ့ကျင်းနန်၏ သရုပ်ဆောင်စွမ်းရည်သည် မဆိုးလှဘူး ဆိုသော်လည်း ဂိုဏ်းချုပ်နှင့် ယှဉ်လျှင်တော့ အလွန်တရာ ကွာခြားနေသေး၏။

များပြားလှသော ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများသည် ထိုအချင်းအရာ၏ အစစ်အမှန်ဖြစ်တည်မှုကို မသိရှိြနောက် အဆုံးမဲ့ကြမ်းတမ်းလွန်းသည့်တိုက်ပွဲကြီး ဖြစ်လာလိမ့်မည်ဟု အားလုံးက ထင်မှတ်လိုက်ကြသည်။ ကြမ်းတမ်းလှသော တိုက်ခိုက်မှုသည် တိုတမ်ကုန်းမြေတိုက်နှင့် လခြမ်းလွင်ပြင်ကုန်းမြေတိုက်မှ ယှဉ်ပြိုင်ပွဲထက် ပိုမိုကာ ကြမ်းတမ်း လိမ့်မည်ဟု အားလုံးက ထင်မှတ်လိုက်ကြသည်။

“ဟား ဟား ဟား ဟား.... ပွဲကြီးပွဲကောင်းတော့ ကြည့်ရပြီပဲ”

မတူညီသည့် ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများ သည် ကြယ်ကြွေကုန်းမြေတိုက်ကြီးကို မနှစ်သက်ကြချေ။ ထို့ကြောင့် ယုဒြာကုန်းမြေတိုက်ကြီးမှ လူများကို နိုင်စေချင်၏။ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှာတော့ ကုန်းရှန့်သည် များပြားလှသည့်ရန်သူများကို ဖန်တီးခဲ့ပြီးပြီ ဖြစ်၏။ သူ၏ အားအင်အဆင့်အရဆိုလျှင် ၎င်းတို့အားလုံးသည် သူ့အား လာရောက်၍ ပွင့်ပွင့်လင်းလင်း ရန်ပြုရဲလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ နောက်ကွယ်မှာတော့ ကြိတ်ကာဖြင့် ရှုံးနိမ့်စေရန်၊ သေဆုံးစေရန် မျှော်လင့်နေကြသည်။

“ဟမ့်”

ကဲ့ကျင်းနန်သည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။ “အပိုတွေ ပြောမနေနဲ့၊ စပြီး တိုက်ကြရအောင်”

ကျွင်းချောင်ရှောင်းသည် မည်သည့်စကားမှ မဆိုချေ။ ထို့ကြောင့် အလင်းတန်းများ ဖြတ်သန်းစီးဆင်းနေသော နေရာထဲသို့ သွားရောက်ပြီးသည့်နောက် လက်ကို မြှောက်ပြီးနောက် တစ်စုံတစ်ခုကို ပြုလုပ်လိုက်သည်။ ဤအရာ သည် သတ်ဖြတ်ခြင်းကုန်းမြေထဲသို့ ဝင်ရောက်ခြင်းအတွက် လုပ်ဆောင်ရမည့် အရာဖြစ်သည်။ ခံတပ်၏ အဓိက ခေါင်းဆောင်တစ်ယောက်သည်သာလျှင် ထိုကဲ့သို့ ပြုလုပ်ရန် အခွင့်အာဏာကို ပိုင်ဆိုင်၏။ အထက်နယ်မြေဆီမှ ခွင့်ပြုမှုကို ရရှိပြီးသည့်နောက် သတ်ဖြတ်ခြင်းကုန်းမြေထဲသို့ ဝင်ရောက်ခွင့် ရရှိမှာ သေချာ၏။

“တောင်ကြားသခင်ကဲ့”

ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်သည်။ “အရာအားလုံးက အစီအစဉ် အတိုင်းပဲနော်”

“ကောင်းပြီ”

ကဲ့ကျင်းနန်းကလည်း အသံပြန်လည်ပို့လွှတ်လိုက်တော့၏။ ၎င်းတို့နှစ်ယောက်သည် အသံပို့လွှတ်ကာ ဆက်သွယ်နေခြင်းဖြစ်သည်။ တကယ့် အပြင်ဘက်မှာတော့ တစ်ယောက်နှင့်တစ်ယောက် ဒေါသတကြီး စိုက်ကြည့်လျက်ရှိသည်။ မျက်လုံးထဲတွင်၌ နက်ရှိုင်းလှသည့် ရန်စွယ်ရန်ငြိုးများ ထွက်ပေါ်လျက်ရှိနေတော့ သည်။ အချက်အလက်အားဖြင့် ခံတပ်ထဲမှ ထွက်ခွာလာကတည်းက ၎င်းတို့သည် အကောင်းဆုံး သရုပ်ဆောင်နှင့်နေပြီး ဖြစ်၏။

ဒွီး

အချိန်အနည်းငယ်ကြာပြီးသည့်နောက် အလင်းအတားအဆီးများသည် တလက်လက်နှင့် ဖြစ်တည်လာပြီးသည့် နောက် အပေါက်တစ်ခု ဖြစ်သွားခဲ့၏။

“ပွင့်သွားပြီပဲ” ထိုအချင်းအရာကို မြင်ရချိန်မှာတော့ အဝေးတွင် ပုန်းအောင်းလျက်ရှိသော သိုင်းကျင့်ကြံသူများမှာ အစစ်အမှန် တိုက်ပွဲကြီး စတင်တော့မည်ဖြစ်ကြောင်း နားလည်လိုက်ကြသည်။

“သွားကြရအောင်” ကျွင်းချောင်ရှောင်းသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများကို ခေါ်ဆောင်ကာ ဝင်ရောက်သွား၏။

ယုဒြာကုန်းမြေတိုက်ဆီမှ ကဲ့ကျင်းနန်နှင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် လည်း အနောက်မှ လိုက်ပါလာခဲ့ကြသည်။ နှစ်ဖက်သား အထဲသို့ဝင်ရောက်ပြီးသည့်နောက် အလင်းတန်းများသည် ပြန်လည်ဖြစ်တည်ပြီးနောက် တည်နေရာကြီးသည် ပိတ်ဆို့သွားတော့သည်။

“မြန်မြန်... ဂိုဏ်းချုပ်ကို သတင်းပေးလိုက်တော့၊ တိုက်ပွဲက စတော့မယ်”

အဝေးတွင် ပုန်းအောင်းလျက်ရှိသော ကျင့်ကြံသူများသည် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းများကို အသုံးပြုကာ အဖော်အပေါင်းနှင့် ဂိုဏ်းချုပ်၊ သခင်များ အားလုံးကို ဆက်သွယ်ကာ လာရောက်ကြည့်ရှုရန် ဆော်ဩကြတော့ သည်။

ဒွီ

ခဏလောက် ကြာပြီးသည့်နောက် များပြားလှသော သိုင်းကျင့်ကြံသူများသည် တည်နေရာအနှံ့ဆီမှ ရောက်ရှိလာ ပြီးသည့်နောက်မှာတော့ အလင်းအတားအဆီး၏ အပြင်ဘက်တွင် ရပ်ကာ ကြည့်ရှုလျက်ရှိနေကြ၏။

ထိုသူများ ထဲတွင် ကြက်သွေးရောင်ပင်လယ်ကုန်းမြေတိုက်ကြီးဆီမှ ဟုန်ရောင်နှင့် လင်းယွမ်ကုန်းမြေတိုက်ကြီးမှ စွမ်းအားမြင့် ကျင့်ကြံသူများလည်း ပါဝင်လျက်ရှိသည်။ လွန်ခဲ့သည့် သုံးရက်တည်းက ၎င်းတို့သည် ကြယ်ကြွေ ကုန်းမြေတိုက်ကြီးသည် ယုဒြာကုန်းမြေတိုက်အား စိန်ခေါ်ခဲ့သည်ဆိုသည့် သတင်းကို ရရှိခဲ့ပြီးဖြစ်သည်။

ထိုသတင်းကို ရရှိသည့်အချိန်တွင် ၎င်းတို့သည် ပျော်ရွှင်လွန်းသောကြောင့် ထ၍ ကခုန်လုမတတ်ပင် ဖြစ်ခဲ့သည်။ ၎င်းတို့ အသုံးပြုခဲ့သည့် စိတ်ဝိညာဉ်ကျောက်တုံးများသည် ဖြုန်းတီးမှု မဖြစ်ခဲ့ချေ။ မဟုတ်ပါက ဤနေရာတွင် စိန်ခေါ်ခံရမည့်လူမှာ သူတို့ထဲမှ ဂြိုဟ်တစ်ခုခု ဖြစ်ပေလိမ့်မည်။

ဤစိတ်ဝိညာဉ်ကျောက်တုံးများကို မပေးဘဲ ဤအတိုင်းနေမည်ဆိုလျှင်လည်း ဂိုဏ်းချုပ်ကျွင်းသည် သူတို့အား စိန်ခေါ်မှုကို မပြုလုပ်ဟူသော အကြောင်းအား သိရှိမည်ဆိုပါက ၎င်းတို့သည် သွေးအန်နေပေလိမ့်မည်။ သို့ပေမဲ့ ပြီးခဲ့တာသည် ပြီးပါစေတော့၊ ပိုက်ဆံနှင့် ဖြေရှင်း၍ရသော အရာသည် လောကကြီးတွင် များပြားလွန်းလှသည် မဟုတ်ပါလား။

ကျွတ် ကျွတ် …..။

ဟုန်ရောင်သည် လက်နှစ်ဖက်ကို နောက်ပစ်ကာ ရပ်လိုက်၏။ အရှေ့တွင် အကြီးအကျယ် တိုက်ခိုက်ရန် ပြင်ဆင် နေသော အဖွဲ့နှစ်ဖွဲ့ကို ကြည့်ရှုပြီးသည့်နောက် တွက်ချက်လိုက်သည်။ “တိုက်ပွဲကတော့ တကယ့်ကို ကြမ်းမယ့်ပုံပဲ”

အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ “ကျွင်းချောင်ရှောင်းရဲ့ လူပေါင်းတစ်သောင်းလောက်ကို သတ်ဖြတ်မှုနှုန်းကို ကြည့်ရရင် ယုဒြာကုန်းမြေတိုက်က လူတွေကတော့ ကျိန်းသေပေါက် ခုခံနိုင်မှာ မဟုတ်ဘူး။

ဟုန်ရောင်က ပြောလိုက်သည်။ “အဲတုန်းက သူက နတ်ဘုရားလက်နက်တစ်ခုကို အမှီအခိုပြုပြီးတော့ တိုက်ခိုက် ခဲ့တာလေ၊ အဲတာကို ထုတ်မသုံးဘူးဆိုရင် မလွယ်ဘူးထင်တယ်”

ကျွင်းချောင်ရှောင်းရဲ့ အရင်အားအင်အဆင့်အရဆိုလျှင် များပြားလှသော သိုင်းကျင့်ကြံသူများ အားလုံးမှာ လက်နက်ကြောင့်ဖြစ်ကြောင်း ယုံကြည်ထားကြ၏။ ထို့ကြောင့် အမွေအနှစ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာ သည့်အချိန်တွင် ကျွင်းချောင်ရှောင်းသည် အိတ်ကပ်အရွယ်အစားဓားကို ထုတ်ထုတ်ပြနေခြင်းပင်ဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် ကြောက်ရွံ့ခဲ့ကြခြင်းပင် ဖြစ်သည်။

သတ်ဖြတ်ခြင်းကုန်းမြေထဲတွင်ရှိသော တိုက်ပွဲကို လှမ်း၍ ကြည့်ရှုလိုက်မည်ဆိုလျှင် ရုပ်မြင်ရ၏။ အသံ မကြားရချေ။ သို့ပေမဲ့ အထဲတွင်ရှိသော ဂြိုဟ်နှစ်ခုဆီမှ မျက်နှာအမူအရာနှင့် ခန္ဓာကိုယ် လှုပ်ရှားမှုကို ကြည့်လိုက် မည်ဆိုလျှင် မည်မျှဒေါသတကြီးနှင့် ဟောက်ဟမ်းနေသည့်အကြောင်းကို ရှင်းရှင်းလင်းလင်း တွေ့မြင်ရနိုင်၏။ အလွန်ပင် ကြမ်းတမ်းလွန်းလှ၏။

ကျွင်းချောင်ရှောင်းနှင့် ကဲ့ကျင်းနန်တို့ နှစ်ယောက်သည် မျက်နှာချင်းဆိုင်တွင် ရပ်လျက် အလွန်တရာ ဒေါသထွက်ကာ လက်ညှိုးငေါက်ငေါက် ထိုး၍ ပြောဆို ရန်တွေ့လျက် ရှိနေကြ၏။ အမူအရာများကို ကြည့်ရှုမည် ဆိုလျှင် တစ်ယောက်နှင့် တစ်ယောက်သည် ရည်းစားလုဖက်များကဲ့သို့ပင် ပြောဆိုအော်ငေါက်နေခြင်း ဖြစ်ပေ သည်။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည်လည်း ဒေါသအလွန်ထွက်နေသည့် ပုံစံမျိုးကို သရုပ် ဆောင်လျက် ရှိနေကြ၏။

ဟုတ်ပေသည်။ ဤအရာမှာ အစသာ ရှိနေသေး၏။ အစစ်အမှန် ပြပွဲသည် တိုက်ခိုက်ရာ တွင် သရုပ်ဆောင်ခြင်းပင်ဖြစ်သည်။

“တောင်ကြားသခင်ကဲ့”

ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်၏။ “အပြင်မှာရှိတဲ့ သိုင်းကျင့်ကြံသူတွေက စိတ်မရှည်တော့ဘူး၊ ဒီတော့ အစီအစဉ်အတိုင်း ချကြရအောင်”

“ကောင်းပြီ” ကဲ့ကျင်းနန်သည် အေးစက်စက်ဖြင့် သူမ၏ လက်ကို မြှောက်လိုက်တော့သည်။

အပြင်ဘက်တွင်ရှိ သော သိုင်းကျင့်ကြံသူများမှာ တိုက်ပွဲစတင်တော့မည်ဖြစ်ကြောင်း နားလည်လိုက်မိကြ၏။ ထို့ကြောင့် အသက်ကို ပြင်းပြင်းရှူပြီးသည့်နောက်မှာတော့ တစ်စုံတစ်ခုကိုမှ လွတ်မသွားစေရန် သေသေချာချာ ကြည့်ရှုလျက် ရှိနေကြ၏။

“စကြမယ်” ကျွင်းချောင်ရှောင်းသည် အေးစက်စက် ပြောလိုက်၏။ ဤစကားစု၏ တခြားသော အဓိပ္ပာယ်မှာ စပြီး သရုပ်ဆောင်ကြမည်ဆိုသည့် အဓိပ္ပာယ်ပင်ဖြစ်တော့သည်။

ဆွစ် ဆွစ်

ခဏအတွင်းမှာပဲ ပြိုင်စံရှားဂိုဏ်းမှ အထက်ပိုင်း အကြီးအကဲများ၏ အော်ရာများသည် ပေါက်ကွဲထွက်လာခဲ့၏။ အထူးသဖြင့် ခရမ်းရောင်ဘုရင်ပင် ဖြစ်သည်။ သူသည် ကောင်းကင်ယံထက်သို့ ပျံသန်းသွားပြီးနောက်မှာတော့ ယုဒြာကုန်းမြေတိုက်ကြီးဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများကို ပစ်မှတ်ထားလျက်ရှိ၏။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော တပည့်များအားလုံးမှာတော့ အဝါရောင်နှင့် အမဲရောင်အဆင့် သိုင်းကျင့်ကြံသူများဆီသို့ လှမ်း၍ ကြည့်ရှုနေကြသည်။

ဟုတ်ပေသည်။ မြို့တော်ဝန်ဟန်၊ မူချန်းဟုန်နှင့် တခြားသောသူများသည်လည်း အလကားမနေကြပေ။ အားရပါးရ နှင့် ကြိုးစားပမ်းစား သရုပ်ဆောင်လျက် ရှိနေကြသည်။

၎င်းတို့သည် ကျင့်ကြံခြင်းအဆင့်များကို ထုတ်ဖော်ပြီး သည့်နောက် မျက်လုံးများသည် မီးဝင်းဝင်းတောက်လျက်ရှိသည်။ တစ်ဖက်လူများကို အားရပါးရသတ်ရန် ဟန်အမူအရာများ လုပ်လျက် ရှိနေကြ၏။

ဤအရာသည် သရုပ်ဆောင်ပြပွဲတစ်ခုဖြစ်သည်ဆိုသော်လည်း တကယ်တမ်း တိုက်ခိုက်သည့်နေရာတွင်တော့ အစစ်အမှန် တိုက်ခိုက်ရမည်ဖြစ်၏။ ခန္ဓာကိုယ်မှ သွေးများ ထွက်ပေါ်လာသည်နှင့် တပြိုင်နက် သေဆုံးခြင်းကို ပြုလုပ်ရန် နှစ်ဖက် ညှိနှိုင်းထားပြီးသားဖြစ်သည်။

ဂြိုဟ်နှစ်ခုဆီမှ စွမ်းအားမြင့် ကျင့်ကြံသူများ၏ အော်ရာများ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ သတ်ဖြတ်ခြင်း ကုန်းမြေထဲတွင်ရှိသော လေထုသည် အလွန်တရာ လေးနက်သွားခဲ့၏။

“တိုက်ပွဲက စပြီပဲ”

အားလုံး၏ မျက်လုံးများသည် စိတ်ပါဝင်စားမှုများနှင့် တောက်ပလာခဲ့သည်။ ဤကဲ့သို့ အဆင့်မြင့် သိုင်းကျင့်ကြံသူများ၏ ကြီးမားသည့် တိုက်ပွဲကြီးကို မြင်ရခြင်း ဆိုသည်မှာ အလွန်ပင် အကျိုးများလှသော ကိစ္စပင်ဖြစ်၏။

ဆွစ် ဆွစ်

သတ်ဖြတ်ခြင်း ကုန်းမြေအတွင်းမှာတော့ သိုင်းကျင့်ကြံသူတစ်ထောင်တို့သည် ပျံသန်းထွက်ပေါ်လာပြီးသည့် နောက်မှာတော့ ၎င်းတို့ရွေးချယ်ထားသော ပစ်မှတ်များဆီသို့ ဦးတည်ကာ သွားရောက်ကြ၏။

“လောကအမြန်နှုန်း နည်းစနစ်”

ရွှီး ရွှီး ရွှီး

ခံတပ်၏ ခေါင်းဆောင်တစ်ယောက် ဖြစ်သည်မို့ ကျွင်းချောင်ရှောင်းသည် အရှေ့ဆီသို့ လှမ်းတက်လိုက်သည်။ သူ၏ လက်ထဲတွင်တော့ ကောင်းကင်နဂါးဓားသည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။

ဘုန်း ဘုန်း ဘုန်း

ကဲ့ကျင်းနန်သည်လည်း သူမ၏ ရွှေရောင်ဓားမော့ကြီးကို ထုတ်ယူလိုက်၏။ တစ်ယောက်နှင့်တစ်ယောက် ဓားချီများ နှင့် ရင်ဆိုင်တိုက်ခိုက်ပြီးသည့်နောက် သူမသည် မတွေးဘဲ မနေနိုင်ခဲ့ချေ။ “ဒီကောင်လေးရဲ့ ဓားတာအိုအပေါ် နားလည်မှုက အရမ်းကို မြင့်မားတာပဲ”

ဘုန်း ဘုန်း ဘုန်း

တခြားတစ်ဖက်မှာတော့ ခရမ်းရောင်ဘုရင်သည် ယုဒြာကုန်းမြေတိုက်ကြီးဆီမှ မြေအဆင့် သိုင်းကျင့်ကြံသူ ငါးယောက်နှင့် ယှဉ်ပြိုင်တိုက်ခိုက်လျက်ရှိနေ၏။ ထိုမှသာလျှင် ယုတ္တိကျပေလိမ့်မည်။

သရုပ်ဆောင်ခြင်းဆိုသည်မှာ ဟန်ပြရုံသက်သက် မဟုတ်ပေ။ အစစ်အမှန် ဖြစ်ရန်လည်း လိုအပ်နေသေး၏။ ထို့ကြောင့် နှစ်ဖက်သော လူများသည် ကြည့်ရှုနေကြသူများ အထင်အမြင်သေး၊ ယုတ္တိမတန်ခြင်းမျိုး မဖြစ်ပေါ်ရလေအောင် အပြင်းအထန် တိုက်ခိုက်နေကြ၏။

“သူတို့က ရှိသမျှ အားကုန်ထုတ်ပြီး တိုက်ခိုက်နေကြတာပဲ”

“သတ်ဖြတ်ခြင်းကုန်းမြေထဲကို ဝင်ပြီးမှ အားကုန်ထုတ်ပြီး မသုံးရင် သေကုန်မှာပေါ့”

“တိုက်ပွဲကတော့ တကယ့်ကို သောက်ရမ်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်ကွာ”

ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ယုဒြာကုန်းမြေတိုက်ကြီးတို့ ရူးရူးမူးမူး၊ ပက်ပက်စက်စက် တိုက်ခိုက်နေသည့် အချိန်မှာတော့ ကြည့်ရှုနေကြသူများအားလုံးသည်လည်း အလုံစုံ စိတ်ဝင်စားလျက်ရှိနေကြသည်။ ၎င်းတို့၏ မျက်လုံးများသည် တောက်ပြောင်လျက်ရှိနေ၏။

သို့ပေမဲ့ ဤအရာသည် သရုပ်ဆောင်အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းကာ သရုပ်ဆောင်နေခြင်း ဖြစ်ကြောင်းကိုတော့ ၎င်းတို့ တွေးတောမိကြလိမ့်မည် မဟုတ်ချေ။

All Chapters