အခန်း (၁၀၁၉)
Vol. 69 Ch. 1019
ဝေါ့ …..။
လေထဲတွင် မတ်မတ်ရပ်လျက်ရှိသော ကဲ့ကျင်းနန်သည် သွေးတစ်လုတ် အန်ထုတ်ပြီးသည့်နောက်မှာတော့ မျက်နှာ ပျက်ယွင်းသွား၏။ ကောင်းကင်နဂါးဓားသည် သူမ၏ ရင်အုံကို ထိုးဖောက်သွားခဲ့သည် ဆိုသော်လည်း အဓိကသေဆုံးနိုင်သည့်နေရာကို ထိခိုက်ခဲ့ခြင်းတော့ မရှိပေ။ သို့ပေမဲ့ နာကျင်မှုမှာတော့ အစစ်အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် ဟန်ပြကာ သရုပ်ဆောင်နေရန် အထူးမလိုအပ်တော့ချေ။
“ပြီးသွားပြီပဲ”
တိုက်ပွဲကို ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများသည်လည်း တည်ငြိမ်စွာဖြင့် ပြောလိုက်မိကြသည်။ ဂြိုဟ်နှစ်ခုကြား၏ တိုက်ပွဲတွင် တစ်ဖက်ခြမ်း၏ ခေါင်းဆောင် သတ်ဖြတ်ခံလိုက်ရသည်ဆိုလျှင် တိုက်ပွဲသည် ပြီးဆုံးသွားပြီဟု သတ်မှတ်ရမှာဖြစ်၏။ အဘယ်ကြောင့်ဆိုသော် တခြားသော ကျင့်ကြံသူများ အားလုံး၏ စိတ်ဓာတ်များသည် ကျဆင်းသွားပေလိမ့်မည်။
အား....
ထိုအချိန်မှာတော့ ကဲ့ကျင်းနန်သည် ယုတ္တိတန်စေရန် အားကုန်အသုံးပြု၍ လက်ဝါးရိုက်ချက်ကြီးတစ်ခုကို ထုတ်ဖော် အသုံးပြုခဲ့ သေး၏။
ဘန်း
ကျွင်းချောင်ရှောင်းသည် လွင့်စင်သွားခဲ့၏။ သူသည် လက်တစ်ဖက်ဖြင့် ရင်အုံကို ဖိကာထားသည်။ ပြီးသည့်နောက် မှာတော့ လည်ချောင်းထဲတွင်ရှိနေသော သွေးများကို မည်သို့မှ မထိန်းချုပ်နိုင်တော့ဟန်ဖြင့် အပြင်ဘက်သို့ အန်ထုတ်လိုက်သည်။
သူ၏ သရုပ်ဆောင်စွမ်းရည်သည် တခြားသောသူများအားလုံးထက် သာလွန်လွန်းလှ၏။ ဤတိုက်ပွဲအား အနီးကပ် သေချာကြည့်ရှုမည် ဆိုလျှင်တောင်မှ မည်သူမျှသည် ပြစ်ချက်ကို ရှာဖွေတွေ့ရှိနိုင်လိမ့် မည် မဟုတ်ချေ။
ယခု တခြားသော ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများ အားလုံးသည် အဝေးဆီမှ လှမ်း၍ ကြည့်ရှုနေကြခြင်းဖြစ်၏။ ထို့ကြောင့် သရုပ်ဆောင်နေခြင်းဖြစ်ကြောင်း မည်သို့မှ မသိရှိနိုင်ချေ။
အားကုန် ထုတ်ဖော်အသုံးပြုခဲ့သော ကဲ့ကျင်းနန်သည် မြေပေါ်သို့ ပြုတ်ကျသွားခဲ့တော့၏။ ကောင်းကင်နဂါးဓား သည် သူမ၏ရင်ထဲတွင် ထိုးစိုက်လျက်ရှိနေတော့၏။ သွေးများသည် ထိုဒဏ်ရာဆီမှ တစိမ့်စိမ့် စီးဆင်းလျက် ရှိနေပြီး သူမ၏ မျက်လုံးများထဲတွင်ရှိသော အသက်ဓာတ်များသည်လည်း မှေးမှိန်သွားခဲ့သည်။
ဘုန်း
နောက်ဆုံးမှာတော့ သူမသည် သေဆုံးသွားခဲ့ပြီဖြစ်၏။
“ဟင်း….”
ဤမြင်ကွင်းကို မြင်နေကြသော သိုင်းကျင့်ကြံသူများသည် ခေါင်းကို ခါယမ်းကာဖြင့် သက်ပြင်း ချလိုက်မိကြ၏။ ယုဒြာကုန်းမြေတိုက်ကြီးမှ ခေါင်းဆောင်သည် ကျွင်းချောင်ရှောင်း၏ ဤကဲ့သို့ သတ်ဖြတ်ခြင်းကို ခံခဲ့ရပြီဖြစ်သည်။ သူမသည် ဤကဲ့သို့ဖြစ်မည်မှန်း စောစောစီးစီး သိရှိမည်ဆိုပါက စိန်ခေါ်မှုကို လက်သင့်ခံလိမ့်မည် မဟုတ်ချေ။ ထိုအရာကို သူတို့အားလုံး နားလည်ပေးနိုင်စွမ်းရှိ၏။
“တောင်ကြားသခင်” အရွက်တစ်ရာတောင်ကြား၏ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များ အားလုံးသည် ဒေါသတကြီးဖြင့် နာကျည်းစွာ အော်ဟစ်လိုက်ကြသည်။
ဆွစ် ဆွစ်
အဝါရောင်နှင့် အမဲရောင်အဆင့် သိုင်းကျင့်ကြံသူများသည် ချက်ချင်းပဲ အရှေ့ဆီသို့ လှမ်းတက်လိုက် ကြပြီး ရူးရူးမူးမူး တိုက်ခိုက်ကြတော့သည်။ ၎င်းတို့၏ ဒေါသထွက်နေသော မျက်လုံးများကို ကြည့်ရှုလိုက်သည် ဆိုသည်နှင့် ၎င်းတို့၏ တောင်ကြားသခင် သေဆုံးသွားခဲ့ခြင်းကြောင့် တစ်ဖက်လူများအားလုံးကို အပိုင်းပိုင်း ခုတ်ဖြတ်ကာ သတ်ဖြတ်ချင်နေကြောင်း သိသာထင်ရှားလွန်းလှသည်။ ဤအရာသည် အစစ်အမှန် သရုပ်ဆောင် စွမ်းရည်ပင် ဖြစ်တော့သည်။
“ဆဋ္ဌဂံကြယ်ကျောက်တုံး နှစ်သိန်းကို အသုံးပြုခဲ့တယ်ဆိုတာ အလကားတော့ မဟုတ်ဘူးပဲ”
ကျွင်းချောင်ရှောင်း သည် လက်ကိုမြှောက်ကာဖြင့် လက်ဖျောက်တစ်ချက် တီးလိုက်တော့သည်။ “လောကကြီးကို လက်တစ်ချောင်းနဲ့ ဖြေရှင်းမယ်”
ဖြောက် ဖြောက် ဖြောက်
စွမ်းအင်လှိုင်းများ ဖြစ်တည်လာခဲ့သည်။ လေထဲတွင်ရှိနေသော သိုင်းကျင့်ကြံသူများသည် ရုတ်တရက် အေးခဲ သွားကြ၏။ ၎င်းတို့၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ဖြစ်တည်လာခဲ့ပြီးသည့်နောက် မှာတော့ ပါးစပ်ထဲမှ သွေးတွေ အန်ထွက်လာပြီး ကျိုးပြတ်သွားသည့် စွန်များကဲ့သို့ပင် အောက်သို့ တဘုတ်ဘုတ် နှင့် ပြုတ်ကျလာခဲ့ကြ၏။
ဤအချင်းအရာကိုမြင်တော့ အားလုံးသောသူများသည် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ လက်ဖျောက် တစ်ချက်တီးလိုက်ရုံဖြင့် လေထဲတွင်ရှိနေသော အဝါရောင်နှင့် အမဲရောင်အဆင့် သိုင်းကျင့်ကြံသူများသည် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော အားအင်အဆင့်ကို ထုတ်ဖော်နိုင်ခြင်းသည် ကောင်းကင်အဆင့် ကျင့်ကြံသူများသာ ဖြစ်ပေလိမ့်မည်။
မဟုတ်ပေ။ တကယ်တမ်းမှာတော့ ကျွင်းချောင်ရှောင်းသည် စိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်ရင်းဖြင့် ထိုအချင်းအရာကို ပြုလုပ်နိုင်စွမ်းရှိသည်။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်မှလူများအားလုံးသည် အကောင်းမွန်ဆုံးသော သရုပ်ဆောင်စွမ်းရည်ကို ထုတ်ဖော်ကာ သေဆုံးသွားခဲ့ခြင်းကြောင့်သာ ဖြစ်၏။
ယုဒြာကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများ အားလုံးသည် ပူးပေါင်းဆောင်ရွက်မှုတွင် အလွန်တရာ အားကောင်းလွန်းလှ၏။ ၎င်းတို့အားလုံးသည် သွေးများအန်ထုတ်ပြီးနောက် မြေပေါ်သို့ ပြုတ်ကျကာ ငရဲဆေးလုံး များကို သောက်သုံးရင်း သေဆုံးသွားခဲ့ကြ၏။ ဤကဲ့သို့ ပြုလုပ်ရခြင်းသည် ရိုးရှင်းလှသည်ဆိုသော်လည်း အလွန်တရာ ခက်ခဲသည့်အရာမျိုးပင် ဖြစ်သည်။
ယုဒြာကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများသည် ထိုကဲ့သို့ သေဆုံးရန်အတွက် အကြိမ်ပေါင်းများစွာ လေ့ကျင့် ခဲ့ကြ၏။ ထို့ကြောင့် အစစ်အမှန်ကဲ့သို့ပင် ထင်မှတ်နေကြခြင်း ဖြစ်တော့၏။ ပြောရမည်ဆိုလျှင် တစ်မိနစ်စာ သရုပ်ပြရန်အတွက် ဆယ်နှစ်တိတိ လေ့ကျင့်ခဲ့ရခြင်းနှင့် ဆင်တူလွန်းလှ၏။
..................
“သတ်... သတ်ကြ”
ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ အသက်ရှင်ကျန်ရစ်ခဲ့သော သိုင်းကျင့်ကြံသူများ အားလုံးသည် ၎င်းတို့၏ ရန်သူများကို တိုက်ခိုက်လျက် ရှိနေကြ၏။ တစ်ဖက်လူများ၏ ခေါင်းဆောင်သည် သေဆုံးသွားခဲ့သည်ကို သိရှိပြီးသည့်နောက်မှာတော့ ၎င်းတို့သည် အားကြိုးမာန်တတ်ဖြင့် စိတ်အားတက်ကြွကာ ထပ်မံတိုက်ခိုက်ခြင်းကို ပြုမူနေကြ၏။
ယုဒြာကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာသည် ကျဆင်းသွားခဲ့ကြပြီ ဖြစ်သည်။ ထို့ကြောင့် မကြာခင်မှာပဲ ရှုံးနိမ့်ခြင်း အဖြစ်သို့ ရောက်ရှိသွားကြသည်။
သိုင်းကျင့်ကြံသူ တစ်ဒါဇင်ကျော်ကို သတ်ဖြတ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် သွေးများစီးဆင်းလျက် ရှိနေသော ကောင်းကင်နဂါးဓားအား လက်ထဲမှာကိုင်ရင်း လေထဲတွင် မတ်မတ်ရပ်လျက်ရှိ၏။
သူသည် ကောင်းကင်ကြီးကို မော့ကြည့်လျက်ရှိပြီး သူ၏ အမဲရောင်ဆံနွယ်များသည် လေထုထဲတွင် လွင့်နေကာ လှပပြီး အချိုးအစားကျသည့် မျက်နှာတစ်ခုမှာ ထင်ပေါ်လျက်ရှိနေသည်။ သူ၏ အေးစက်သော မျက်လုံးများသည် လေဟာနယ်ကို ထွင်းဖောက်ပြီးသည့်နောက် ကောင်းကင်၏ အတွင်းပိုင်းဆီသို့ စူးစိုက်ကြည့် နေသည့်ပုံစံပင်ဖြစ်တော့သည်။
အထက်နယ်မြေ ကျေနပ်ပြီလား။
ငါတို့က သရုပ်ဆောင်နေတယ်ဆိုပေမယ့် ကပ်ဘေးကြီးကိုတော့ ရှောင်လွှဲ မရနိုင်သေးဘူး၊ တကယ်တမ်း မသေဆုံးဘူးဆိုပေမဲ့ ထိခိုက်နာကျင်မှုတွေက ရှောင်လွှဲလို့မရအောင် ဖြစ်ခဲ့တာပဲ။
အထက်နယ်မြေဆိုသည့်နေရာမှ လူများအားလုံးသည် ၎င်းတို့အားလုံးအား စစ်တုရင်ခုံပေါ်တွင်ရှိနေသော စစ်တုရင်ရုပ်လေးများကဲ့သို့ သဘောထားကာ အညှာအတာမဲ့ သတ်ဖြတ်ခြင်းကို ပြုမူစေခဲ့သည်။ ထိုအချင်းအရာနှင့် ပတ်သက်၍ သူသည် အလွန်အမင်း စိတ်တိုလျက်ရှိ၏။
“ချီးတဲ့မှ...”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးနောက် ဒေါသတကြီးဖြင့် ကြုံးဝါး လိုက်မိသည်။ “ငါ အထက်နယ်မြေကို တက်လှမ်းနိုင်တဲ့နေ့ကျရင် မင်းတို့အားလုံးကို မင်းတို့ရဲ့ မိဘတွေကို တပြီး အော်တဲ့အထိ နှိပ်စက်ရိုက်နှက်ပြမယ်”
ခရမ်းရောင်ဘုရင်နှင့် ရီရှင်းချန်တို့၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားမိ၏။ သူတို့အတွက် အထက်နယ်မြေ ဆိုသည်မှာ အံ့အားသင့်စရာကောင်းသော လူများအားလုံး တည်ရှိနေသော တည်နေရာပင် ဖြစ်တော့သည်။
ဂိုဏ်းချုပ်မှာတော့ တစ်ဖက်လူများအား ၎င်းတို့၏ မိဘများအား တရသည့်အထိ ရိုက်နှက်မည်ဟု ကြွေးကြော်လျက် ရှိနေတော့သည်။ မည်မျှ သူရဲကောင်းဆန်၍ မည်မျှ သေလမ်းရှာလိုက်သနည်း။ သို့ပေမဲ့ စိတ်လှုပ်ရှားစရာတော့ ကောင်းလွန်းပုံပေါ်၏။
………
အဆုံးမဲ့သော ကောင်းကင်ယံထက်မှာတော့...
“အရှင်”
ခါးကုန်းကုန်းနှင့်အဘိုးအိုက ပြောလိုက်သည်။ “ဒီကလေးက နည်းနည်း မောက်မာလွန်းတယ်”
ကြည့်ကောင်းလွန်းလှသော အမျိုးသမီးသည် ၎င်း၏ ရှေ့တွင် ခပ်မတ်မတ် ရပ်လျက်ရှိ၏။ သူမအား တိမ်များ၊ မြူများသည် ရစ်သိုင်းလျက် ရှိနေပြီးသည့်နောက် အဆုံးမဲ့သော ကြီးကျယ်ခမ်းနားမှုကို ထုတ်ဖော်ပြသလျက် ရှိနေတော့၏။ သူမ၏ သွင်ပြင်ကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရချေ။
“သေမျိုးလောကမှာရှိတဲ့ သိုင်းကျင့်ကြံသူတွေအတွက် ရည်မှန်းချက်ဆိုတာ ဘယ်တော့မှ ပျောက်ကွယ်သွားလို့ မရတဲ့ အရာပဲ။ တကယ်လို့ အဲတာသာ မရှိဘူးဆိုရင် ဆားနယ်ခံထားရတဲ့ ငါးသေကြီးနဲ့ ဘာထူးမှာလဲ”
သူမသည် အားရပါးရ သတ်ဖြတ် တိုက်ခိုက်လျက်ရှိနေသော ရီရှင်းချန်အား တစ်ချက်လှမ်းကြည့်ကာ ဆက်ပြော လိုက်သည်။ “ဒါပေမဲ့ အလုံးစုံသော စွမ်းအားတွေရဲ့အောက်မှာ သူတို့ လည်ချောင်းကွဲမတတ် အော်နေတယ် ဆိုရင်တောင်မှ ဘာမှတတ်နိုင်မှာ မဟုတ်ဘူး၊ အရမ်းအားကောင်းလှတဲ့လူတွေရဲ့ရှေ့မှာတော့ သူတို့က ပုရွက်ဆိတ်လေး သာသာပဲ”
ခါးကုန်းကုန်းနဲ့ အဘိုးအိုက ပြောလိုက်သည်။ “ဒီလို သာမန်ထက်ပိုတဲ့ လူတစ်ယောက်ကို မြင်ရတာတော့ ရှားတယ် မဟုတ်လား”
“ကြယ်ကြွေကုန်းမြေတိုက်ကြီးရဲ့ အောင်မြင်မှုကို ဆုံးဖြတ်ပြီးသွားပြီလေ၊ ဒီတော့ နယ်မြေဟောခန်း ဆီကိုသွားပြီး အကျိုးအကြောင်း ပြောပြလိုက်တော့” အမျိုးသမီးသည် ပေါ့ပေါ့ပါးပါးဖြင့် ပြောလိုက်တော့၏။
“ကောင်းပါပြီ”
ခါးကုန်းကုန်း အဘိုးအိုသည် ငြိမ်ငြိမ်သက်သက်ဖြင့် လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
အမျိုးသမီးသည် ထိုအဘိုးအိုကို လှမ်းကြည့်ပြီးသည့်နောက် တွေးလိုက်သည်။ “ကျွင်းချောင်ရှောင်းက ရိုးရှင်းတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး၊ ဒါကြောင့် ညအင်ပါယာလို လူမျိုးက သူ့ကို ဂိုဏ်းချုပ်အဖြစ် လက်ခံထားတာပဲ”
နောက်ဆုံးစကားကို ပြောလိုက်ပြီးသည့်အချိန်မှာပဲ သူမသည် လေထုထဲမှ ပျောက်ကွယ်သွားခဲ့သည်။ တည်နေရာထဲမှာတော့ မွှေးပျံ့လွန်းသော သူမ၏ ကိုယ်သင်းနံ့သည်သာ ကျန်ရစ်ခဲ့တော့သည်။
................
ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ယုဒြာကုန်းမြေတိုက်ကြီးသည် သရုပ်ဆောင်နေကြသည်ဖြစ်သော်လည်း နှစ်ဖက် နှစ်ခြမ်းသည် နာရီအနည်းငယ်ကြာအောင် တိုက်ခိုက်ခဲ့ကြ၏။
မကြာခင်မှာပဲ နေဝင်သွားခဲ့ပြီဖြစ်၏။ တိုက်ပွဲထဲမှာတော့ ယုဒြာကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူ နှစ်ထောင်ကျော်တို့သည် သေဆုံးခဲ့၏။ ထိုအထဲတွင် ကဲ့ကျင်းနန်သည်လည်း အပါအဝင်ဖြစ်သည်။
ကြယ်ကြွေကုန်းမြေတိုက်ကြီးသည်လည်း ကြီးမားသည့် ကပ်ဘေးကြီးကို ခံစားခဲ့ရ၏။ မြို့တော်ဝန်ဟန်သည် တိုက်ပွဲတွင် သေဆုံးခဲ့၏။ မူချန်းဟုန်သည်လည်း သေဆုံးခဲ့သည်။ ထိုက်ရွှမ်အအေးဂိုဏ်း၊ တောက်ပအလင်းနတ် ဂိုဏ်းနှင့် တခြားသော အကြီးအကဲများအားလုံးသည်လည်း တိုက်ပွဲတွင် သေဆုံးခဲ့ကြ၏။
ဘုတ်
ခရမ်းရောင်ဘုရင်သည် မြေပေါ်တွင် ထိုင်ချလိုက်၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဒဏ်ရာဒဏ်ချက်များနှင့် ပွလျက်ရှိနေပြီး အလုံးစုံလည်း မောပန်းလျက်ရှိ၏။ အသက်ကိုပင် မနည်းရှူနေရသည်။
ရီရှင်းချန်မှာတော့ အသက်ရှင်လျက် ရှိနေသေး၏။ သူ၏ မောက်မာလှသော ကိုယ်ရည်ကိုယ်သွေးအရဆိုလျှင် တိုက်ပွဲတွင် ဘယ်တော့မှ သေဆုံးခြင်းကို လက်ခံလိမ့်မည် မဟုတ်ချေ။ ၎င်း၏ ခန္ဓာကိုယ် တစ်ခုလုံးတွင်တော့ သွေးများ ဖုံးလွှမ်းလျက်ရှိနေပြီး လက်သည်လည်း တဆတ်ဆတ်နှင့် တုန်ယင်လျက်ရှိနေ၏။ မျက်နှာတစ်ခုလုံးသည်လည်း ဖြူလျော်လျက် ရှိနေပြီး အသက်ရှင်နေသည်ဆိုလျှင်တောင်မှ ၎င်းသည် ကြီးမားသည့် ပေးဆပ်မှုကြီးကို ပေးဆပ်ခဲ့ရ၏။ သရုပ်ဆောင်နေခြင်းဖြစ်သည် ဆိုသော်လည်း တိုက်ပွဲသည် အစစ်အမှန် တိုက်ပွဲဖြစ်၏။ နာရီ အနည်းငယ် ကြာပြီးသည့်နောက် သူသည် ပြိုလဲရတော့မည်ဖြစ်သည်။
ထိုနေရာနှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများသည် အခွင့်အရေးကို အရယူ၍ သေဆုံးသင့်သည့် အခြေအနေမျိုးတွင် ငရဲဆေးလုံးကို သောက်သုံးကာဖြင့် ရဲရဲဝံ့ဝံ့ သေဆုံးလိုက်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် သက်တောင့်သက်သာ ဖြစ်နေကြသည်။
“ဂိုဏ်းချုပ်” အဘိုးကြီးတင်းသည်လည်း ကံကောင်းစွာဖြင့် အသက်ရှင်ကျန်နေခဲ့သည်။ သို့ပေမဲ့ သူ၏ လက်နှစ်ခုလုံးသည် ပင်ပန်းလွန်းသောကြောင့် တွဲလောင်းပင် ကျလျက်ရှိသည်။ သူသည် ခက်ခက်ခဲခဲဖြင့် ဖျစ်ညှစ်ကာ ပြုံးလိုက်၏။ သို့ပေမဲ့ မျက်နှာပေါ်တွင် ရှိနေသော သွေးများကြောင့် အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော မိစ္ဆာတစ်ပါးလိုပင် ဖြစ်နေတော့၏။
............
နေဝင်ရီတရော အချိန်မှာတော့ များပြားလှသော အလောင်းများသည် တည်နေရာထဲတွင် ပျံ့နှံ့တည်ရှိလျက် ရှိနေသည်။ လောကကြီးတစ်ခုလုံး ကပ်ဆိုက်သွားသကဲ့သို့ပင်။
သရုပ်ဆောင်ခြင်းဖြစ်သည်ဆိုသော်လည်း တိုက်ပွဲ သည် ဤကဲ့သို့သော အခြေအနေမျိုးအထိ ရောက်ရှိခဲ့ကြ၏။ နှစ်ဖက်ဂြိုဟ်အသီးသီးမှ လူများသည် ရန်ငြိုးများရှိသလို မယားလုဖက်များကဲ့သို့ သည်းကြီးမဲကြီး တိုက်ခိုက်ခဲ့ကြ၏။
ကျွင်းချောင်ရှောင်းသည် ဤအရာကို အစစ်အမှန် စီစဉ် ဆောင်ရွက်ခဲ့ခြင်းပင်ဖြစ်သည်။
“သွားကြစို့၊ အမြန် ထွက်ခွာသွားရအောင်” ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် ဤတိုက်ပွဲတွင် အနိုင်ယူခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် သတ်ဖြတ်ခြင်းကုန်းမြေထဲမှ အပြင်ဘက်သို့ ထွက်လာကြခင် လာရောက်ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ သည် ပျောက်ကွယ်သွားခဲ့ကြပြီဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကျွင်းချောင်ရှောင်းတစ်ယောက် အပြင်ဘက်သို့ ထွက်လာပြီးသည့်နောက် ၎င်းတို့အား ငွေညှစ်မည်ကို စိုးရိမ်မိနေသောကြောင့်ပင်။ ထို့ပြင် တိုက်ပွဲလည်း ပြီးသွားခဲ့ပြီဖြစ်၏။ ထိုနေရာတွင် ဆက်လက်၍ ကြည့်ရှု၍နေလျှင်ည်း ဘာအကျိုးကျေးဇူးမှ မရတော့ချေ။
သို့ပေမဲ့ ဟုန်ရောင်နှင့် တခြားသောသူများကို ဇဝေဇဝါ ဖြစ်စေသည်မှာ ကျွင်းချောင်ရှောင်းသည် ၎င်း၏ လက်နက်ကို ထုတ်ဖော် အသုံးပြုခဲ့ပါက လူပေါင်းတစ်သောင်းကျော်တို့ကို လွယ်လွယ်ကူကူနှင့် သတ်ဖြတ်ပစ်နိုင်မှာ ဖြစ်၏။
သို့ပေမဲ့ ယနေ့တွင် အဘယ်ကြောင့် အသုံးမပြုရသနည်း။ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှ သိုင်းကျင့်ကြံသူ များနှင့် ၎င်း၏တပည့်များအား ကြီးမားသည် ပေးဆပ်မှုမျိုးကို အဘယ်ကြောင့် အဖြစ်ခံရသနည်း။
ဖြစ်နိုင်ဖွယ်ရာ သည် တစ်ခုတည်းသာ ရှိတော့၏။ ကျွင်းချောင်ရှောင်း၏ လက်နက်သည် မှော်လက်နက်တစ်ခု ဖြစ်သည် ဆိုသော်လည်း တစ်ကြိမ်အသုံးပြုပြီးသည့်နောက် အချိန်ကာလတစ်ခုအထိ စောင့်ဆိုင်းရသည့် လက်နက်မျိုးပင် ဖြစ်ပေလိမ့်မည်။ ထိုအချင်းအရာကို တွေးကြည့်ပြီးသည့်နောက်မှာတော့ လူတော်တော်များများတို့သည် ကျွင်းချောင်ရှောင်းကို မကြောက်ရွံ့ကြတော့ချေ။