အခန်း (၁၀၂၄)
Vol. 69 Ch. 1024
ဘုန်း
တောင်ထွတ်ပေါ်မှာတော့ ကျုံးရီသည် သူ၏ လက်ထဲတွင်ရှိနေသော နဂါးသွားဓားမော့ကို လွှဲယမ်းကာ ခုတ်ပိုင်း လိုက်သည်။ မြေပြင်တစ်ခုလုံးသည် ကွဲအက်သွားပြီးသည့်နောက် အလွန်နက်ရှိုင်းလှသော အက်ကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဂိုဏ်းချုပ်”
သူသည် ဓားမော့ကို စိတ်လှုပ်ရှားစွာဖြင့် သိမ်းဆည်းကာ ပြောလိုက်မိသည်။ “ဒီလက်နက်က တိမ်ဖောက်ဓားမော့ထက် ပိုပြီး ကောင်းတာပဲ”
တစ်ခုသည် ထိပ်တန်းအဆင့် လက်နက်တစ်ခုဖြစ်ပြီး တခြား တစ်ခုမှာတော့ အဆင့်မြင့်လက်နက်တစ်ခုဖြစ်၏။
“အခု …..”
ကုန်းရှန့်သည် ပြုံးကာ ပြောလိုက်၏။ “ဒီနဂါးသွားဓားမော့က မင်းအတွက်ပဲ၊ သားရဲစီး ဟောခန်းအတွက် မင်း ကောင်းကောင်း ဦးဆောင်ပြီးတော့ တိုက်ခိုက်”
“ကောင်းပါပြီ”
ကျုံးရီသည် ဦးညွတ်ကာ ပြောဆိုလိုက်၏။ သားရဲစီးဟောခန်းတွင် များပြားလှသော အဖွဲ့များဖြင့် ခွဲခြားထားပြီးသားဖြစ်၏။ တချို့လက်ရွေးစင်အဖွဲ့များသည် သားရဲစီးဟောခန်း၏ ဝံပုလွေစီးအဖွဲ့ အတွက် အဓိကထား၍ လေ့ကျင့်လျက်ရှိနေကြသည်။ ထို့ပြင် ၎င်းတို့အားလုံးသည် အဓိကအားဖြင့် အစောကတည်းက ရောက်ရှိကာ လေ့ကျင့်ခဲ့ကြသူများဖြစ်သည်။ ဤကဲ့သို့ လက်ရွေးစင်လူများကို ဦးဆောင်သူသည် ကျုံးရီသာ ဖြစ်တော့သည်။
ထို့အပြင် တခြားသော ကျားစီးသားရဲအဖွဲ့ဝင်၊ ခြင်္သေ့စီးသားရဲအဖွဲ့ဝင်ဟူ၍ အများအပြား ရှိနေသေး၏။ ထိုသူတို့ အားလုံးကို ဦးစီးဦးဆောင်ဖြင့် စီမံခန့်ခွဲနေသူများမှာ ရွှဲရမ်ကွေ့နှင့် တောက်ယွမ်တို့ပင် ဖြစ်သည်။ အနာဂတ်တွင် ဤသားရဲစီးဟောခန်း တစ်ခုလုံးကို မည်ကဲ့သို့ အသုံးပြုရမည် ဆိုသည်ကို ကျွင်းချောင်ရှောင်း ကောင်းကောင်းမသိချေ။ သို့ပေမဲ့ ဟောခန်းအဖြစ် တည်ထောင်ပြီးပြီဆိုမှတော့ ကောင်းမွန်သော အကျိုးဆက်များကို ရရှိရန် လေ့ကျင့်ပေးရမှာပင်။
ထို့အပြင် ကျုံးရီသည် လှိုင်းအဆောင်အားကိုးဖြင့် သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိပြီးသည့် နောက်မှာတော့ ဂြိုဟ်တိုက်ပွဲဆီသို့ ထပ်မံကာ မသွားတော့ချေ။ အဓိကအားဖြင့် သူသည် သားရဲစီးဟောခန်း၏ လေ့ကျင့်ခန်းများနှင့် ပတ်သက်၍ နေ့စဉ်နေ့တိုင်း တာဝန်ယူကာ ပြုလုပ်ပေးလျက် ရှိနေ၏။
ဓားမော့ကို ပေးအပ်ပြီးသည့်နောက် ကျွင်းချောင်ရှောင်းသည် ရွှဲရမ်ကွေ့နှင့် တောက်ယွမ်တို့ကို သွားရောက်ကာ ရှာဖွေခဲ့သည်။ ပြီးသည့်နောက်မှာတော့ နဂါးသွား လေးနှင့် နဂါသွား လှံတို့ကို ပေးအပ်ကာ စမ်းသပ်စေသည်။
“ဂိုဏ်းချုပ်”
ဟောခန်းသခင်ရွှဲသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ “တကယ်လို့ ကျုပ်တို့ သားရဲစီးဟောခန်း မှာသာ ဒီလို လက်နက်တွေကို တပ်ဆင်ပေးလိုက်မယ်ဆိုရင် တိုက်ခိုက်နိုင်မှုအားအင်က တမဟုတ်ချင်း တိုးတက် သွားတော့မှာပဲ”
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်အားလုံးတို့အား ဤကဲ့သို့လက်နက်များကို တပ်ဆင်ပေးချင်မိ၏။ သို့ပေမဲ့ ကျောက်ရိုင်းနှင့် တခြားသော အရင်းအမြစ်များသည် အကန့်အသတ်နှင့် ရှိလို့နေသေး၏။
“မဖြစ်ဘူး၊ မဖြစ်ဘူး”
ဂြိုဟ်တိုက်ပွဲတည်နေရာကြီး၏ အဓိကတောင်ထွတ်ဆီသို့ ပြန်လည်ရောက်ရှိပြီးသည့်နောက် မှာတော့ ကျွင်းချောင်ရှောင်းသည် စတင်ကာ စဉ်းစားလိုက်မိ၏။ “အဆင့်မြင့်ကျောက်ရိုင်းတွေ ရရှိနိုင်မယ့် နည်းလမ်းကို ငါ ရှာဖွေရမယ်”
သားရဲစီးဟောခန်းအတွက် လိုက်ဖက်ညီလှသော လက်နက်များကို သန့်စင်ရန် အတွက်တင် မဟုတ်၊ သူ၏ အပြင်စည်းတပည့်များ အားလုံးကိုလည်း ထိုလက်နက်များကို ပေးအပ်ချင်နေမိ၏။ ဖြစ်နိုင်မည်ဆိုလျှင် ဂိုဏ်းတွင်ရှိသော လူပေါင်းများစွာတို့သည် တစ်ယောက်ကို လက်နက် တစ်ခုဆီ ကိုင်ဆောင်ထားမှ အကောင်းဆုံးဖြစ်ပေလိမ့်မည်။
စနစ်က ပြောလိုက်သည်။ “လက်ခံသူ.. တပည့် ခုနှစ်သောင်းကို အဆင့်မြင့်လက်နက်တွေ တစ်ခုစီ ပေးမှာလား၊ ဒါက ခက်ခဲလိမ့်မယ်”
“ဒါကြောင့်ပဲ ငါ နည်းလမ်းကို စဉ်းစားနေတာပေါ့”
ကျွင်းချောင်ရှောင်းသည် သူ၏ ကုပ်ပိုးကို ပွတ်သပ်ကာဖြင့် ပြောလိုက်၏။ “တခြားနယ်မြေတွေမှာ ဒီလို ကျောက်ရိုင်းတုံးတွေ ရှိလား၊ မရှိလားဆိုတာ ငါသေချာ မသိဘူး၊ ဒါပေမဲ့ တစ်စုံတစ်ယောက်က မနက်ဖြန် ငါ့ကို လာပြီး စိန်ခေါ်လို့ ငါသာ အနိုင်ယူလိုက်နိုင်မယ်ဆိုရင် သူ့ဆီက ကျောက်ရိုင်းတုံးတွေ တောင်းရမယ်”
စနစ် “...”
တိုက်ခိုက်ရေး တည်နေရာကြီးကို ဖန်တီးပြီးသည့်နောက် လာရောက် စိန်ခေါ်၍ အနိုင်ရရှိသူသည် ဆဋ္ဌဂံကြယ်ကျောက်တုံး တစ်သိန်းကို ရရှိမည်ဖြစ်၏။ သို့ပေမဲ့ ရှုံးနိမ့်သွားမည်ဆိုပါက ကျောက်ရိုင်းတုံးများကို ပေးအပ်ရမှာဖြစ်သည်။
ဤအရာသည် ကုန်းရှန့်၏ ပြုမူဆောင်ရွက်တတ်မှု ပုံသဏ္ဍာန်ပင် ဖြစ်တော့သည်။ အမှန်တရားကို မသိရှိကြသော မြေအဆင့် စွမ်းအားမြင့်ကျင့်ကြံသူ များသည် ထိုအချင်းအရာကိုသာ ကောင်းကောင်းသိရှိမည်ဆိုပါက ကျိန်းသေပေါက် ဆွံ့အသွားေ..................
နောက်တစ်ရက်မှာတော့...
ဝှစ် ဝှစ် ဝှစ်
များပြားလှသော အလင်းတန်းများသည် အမြန်ဆုံးနှုန်းထားဖြင့် ပျံသန်းလာနေကြ၏။
“ကောင်းကင်ဘုံ... မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတွေ အများကြီးပါလား၊ ကြည့်ရတာ ဒီလူတွေ အားလုံးက ကြယ်ကြွေကုန်းမြေတိုက်ကြီးဆီကို သွားပြီး ကျွင်းချောင်ရှောင်းကို စိန်ခေါ်ကြမှာနဲ့ တူတယ်၊ သူတို့အားလုံးက ဆဋ္ဌဂံကြယ်ကျောက်တုံးတစ်သိန်းကို လိုချင်နေကြတာပဲဖြစ်မယ်”
“ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေက ငါတို့ကုန်းမြေတိုက်မှာရှိတဲ့ စိတ်ဝိညာဉ်ကျောက်တုံးတွေထက် အဆပေါင်း များစွာပိုပြီး အားကောင်းတယ်လေ၊ ဆဋ္ဌဂံကြယ် စိတ်ဝိညာဉ်ကျောက်တုံးတစ်သိန်းဆိုတာက တခြား ကုန်းမြေတိုက်တွေရဲ့ စိတ်ဝိညာဉ်ကျောက်တုံး နဲ့ ဆိုရင် တန်ဖိုးက တစ်သန်းလောက် ဖြစ်သွားလိမ့်မယ်။ တကယ်လို့ ဒါတွေအားလုံးကို အသုံးပြုပြီးတော့ လေ့ကျင့်လိုက်မယ်ဆိုရင် ထူးခြားတဲ့ အကျိုး သက်ရောက်မှုကို ရရှိမှာ သေချာတယ်၊ ဒါကြောင့် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတွေက ငြိမ်သက်မနေနိုင်တော့တာဘဲ ဖြစ်ရမယ်”
“ငါတို့လည်း သွားပြီး ကြည့်ကြမလား”
“နေအုံး.. ကျွင်းချောင်ရှောင်းရဲ့ အမူအကျင့်အရဆိုရင် ငါတို့ဆီက ထပ်ပြီး ငွေညှစ်နေအုံးမယ်”
“ယုဒြာကုန်းမြေတိုက်ကြီးနဲ့ တိုက်ခိုက်တဲ့ တိုက်ပွဲမှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးက ကြီးကြီးမားမား ခံစားရ တယ်လေ၊ ဒီတော့ ဒီကောင် ထပ်ပြီးတော့ ငါတို့ကို ကြီးကြီးကျယ်ကျယ်နဲ့ ငွေညှစ်ရဲမှာ မဟုတ်တော့ပါဘူး၊ ပြီးတော့ ဒီတစ်ကြိမ်က လူသိရှင်ကြား တိုက်ခိုက်ရေး စင်မြင့်ကြီးကို ဖန်တီးထားတာလေ၊ သူ့အနေနဲ့ ကုန်းမြေ တိုက်ကြီးမှာ ရှိရှိသမျှသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတွေကို စိန်ခေါ်မယ်လို့တောင် ပြောခဲ့သေးတာပဲ၊ ဒီတော့ အရှက်မဲ့တဲ့အရာမျိုးကို ပြုလုပ်မှာ မဟုတ်ပါဘူး၊ ဟုတ်တယ်မလား”
“ဒါကတော့ ဟုတ်တယ်ဟ၊ သွားကြစို့၊ သွားကြစို့၊ သွားကြည့်ကြရအောင်”
ဂြိုဟ်အသီးသီးမှ စွမ်းအားမြင့် ကျင့်ကြံသူများအားလုံးသည် ဤပွဲကို ကြည့်ရှုချင်နေမိကြ၏။ အထူးသဖြင့် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများ၏ တိုက်ပွဲသည် ၎င်းတို့အား အစစ်အမှန်ပင် ရင်ခုန်စေခဲ့၏။
................
ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်နှင့် မိုင်တစ်ဒါဇင် အဝေးနားမှာတော့ ကျင့်ကြံသူများသည် စုဝေးရောက်ရှိ လာခဲ့ကြ၏။ သူတို့၏ ရှေ့တွင် တောင်ကမူကြီးတစ်ခု ရှိနေသည်ကို မြင်လိုက်ရ၏။ သို့ပေမဲ့ အနီးကပ် ရောက်ရှိသွား သည့်အချိန်မှာတော့ တိုက်ခိုက်ရေး တည်နေရာကြီးဖြစ်ကြောင်း နားလည်လိုက်မိ၏။
“ဒီတိုက်ခိုက်ရေး တည်နေရာကြီးက ငါတို့ဂိုဏ်းရဲ့ တိုက်ခိုက်ရေး တည်နေရာကြီးထက်အောင် ပိုပြီး ကြီးသေးတာပဲ”
“ဒါက ကျိန်းသေပေါက် ကြီးကြီးကျယ်ကျယ် တည်ဆောက်ထားခဲ့တာပဲ၊ တကယ့်ကို ခိုင်ခံ့ပြီးတော့ ခမ်းနားလွန်းတယ်”
“ကြည့်ရတာ ကျွင်းချောင်ရှောင်းက တကယ်ပဲ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတွေကို ရင်ဆိုင်တိုက်ခိုက် တော့မယ်နဲ့တူတယ်”
လူများအားလုံး ဆွေးနွေးရင်း လှမ်းလျှောက်လာစဉ်မှာပဲ ပတ်ဝန်းကျင်တွင်ရှိနေသော အရာများအားလုံးကို သေသေချာချာ မြင်လိုက်ရတော့သည်။ တိုက်ခိုက်ရေး တည်နေရာကြီး၏ အရှေ့တွင် များပြားလှသော ခုံများ အစီအရီလိုက် ချထားသည်ကို မြင်လိုက်ကြ၏။ ၎င်းတို့အားလုံးသည် အံ့အားသင့်မိသွား၏။
“သူတို့က ပွဲကြည့်စင် ခုံတွေပါ လုပ်ထားတာပါလား”
“အားလုံးပဲ”
ထိုအချိန်မှာပဲ အဓိကတောင်ထွတ်ပေါ်တွင် မတ်တပ်ရပ်နေသော ကျွင်းချောင်ရှောင်းသည် စပီကာနဲ့ မိုက်ကို ကိုင်ဆောင်ကာဖြင့် ပြောလိုက်၏။ “တိုက်ခိုက်ရေး တည်နေရာကနေ ကြိုဆိုပါတယ်၊ ဒီကျွင်းက ဂြိုဟ်တိုက်ပွဲ တည်နေရာထဲမှာရှိနေတဲ့ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတွေကို စိန်ခေါ်နေတယ်၊ ပြိုင်စံရှား ဂိုဏ်းက ပွဲကြည့်စင်တွေကို မဖန်တီးထားဘူးဆိုရင် ဧည့်ဝတ်မကျေသလို ဖြစ်နေမှာပေါ့၊ ဒီတော့ အားလုံးပဲ အသီး တွေစား၊ ဝိုင်တွေသောက်ပြီး ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်ကြမယ်”
“..........”
လာရောက်ကြသော လူများ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွားခဲ့ကြတော့သည်။ သို့ပေမဲ့ ၎င်းတို့သည် သက်တောင့်သက်သာဖြင့် ခံစားနေမိကြ၏။ တစ်ဖက်လူသည် ဤကဲ့သို့ တွေးတောကာ စီစဉ်စရာ ရှိသည်များကို ပြုလုပ်ထားပြီးဖြစ်သောကြောင့် ဆိုးရွားလှသည့် အကြံအစည်မရှိဟု သတ်မှတ်နိုင်သည်။
“ဟုတ်တာပေါ့”
ကျွင်းချောင်ရှောင်းက ဆက်ပြောလိုက်သည်။ “ခင်ဗျားတို့ တိုက်ပွဲကို ကြည့်ရှုချင်တယ်ဆိုရင်တော့ ကျောက်ရိုင်းတုံး အနည်းငယ်ကို ပေးမှဖြစ်မယ်၊ မဟုတ်ရင် ဒီကနေ ထွက်သွားကြတော့”
“ဘာ...”
ဂြိုဟ်အသီးသီးတွင် ရှိသော သိုင်းကျင့်ကြံသူများ အားလုံးသည် မျက်လုံးအပြူးသားဖြင့် ဖြစ်သွားမိ၏။ ဤတစ်ကြိမ်မှာတော့ ကုန်းရှန့်သည် ဆိုးရွားလှသည့် အကြံအစည်နှင့် ရည်ရွယ်ချက်မျိုးတော့ မရှိသလို တခြားသောလူများဆီမှ ငွေများကို ညှစ်ထုတ်ရန်လည်း အစီအစဉ်မရှိပေ။ ထို့ကြောင့် ပွဲကြည့်ခကို ပွင့်ပွင့်လင်းလင်းဖြင့် တောင်းဆိုနေခြင်းပင် ဖြစ်၏။
သူ့အနေနှင့် လက်နက်သုံးမျိုးကို ဖန်တီးထုတ်လုပ်ရန် ကျောက်ရိုင်းတုံးများ လိုအပ်နေသေး၏။ မဟုတ်ပါက ပွဲကြည့်ခအား ကျောက်ရိုင်းတုံးများ မတောင်းဘဲ စိတ်ဝိညာဉ်ကျောက်တုံးများတောင်းမှာ သေချာသည်။
ကျွင်းချောင်ရှောင်း၏ လုပ်ရပ်သည် အဝေးမှ လာရောက်ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများကို အကြီး အကျယ် စိတ်ဓာတ်ကျသွားစေ၏။ ရှေ့ဆုံးတွင်ရှိနေသော တစ်စုံတစ်ယောက်က လှမ်း၍ မေးလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်တို့က ဘယ်လိုကျောက်ရိုင်းတုံးတွေကို ပေးရမှာလဲ၊ ဘယ်လောက်ပေးရမှာလဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ခင်ဗျားတို့ဆီမှာရှိတဲ့ ဘယ်ကျောက်ရိုင်းတုံးကိုဖြစ်ဖြစ် ပေးလို့ရတယ်”
ပြီးနောက် သူသည် ခံတပ်၏ အရှေ့ဘက်သို့ ကြည့်ကာ လက်ညှိုးထိုးလိုက်၏။ “အားလုံးပဲ သေသေချာချာ တန်းစီပြီး ကျောက်ရိုင်းတုံးတွေ ပေးကြပါတော့”
ခံတပ်၏အောက်တွင်တော့ ခရမ်းရောင်ဘုရင်သည် လက်နှစ်ဖက်ကို ပိုက်ကာဖြင့် ခပ်မတ်မတ် ရပ်လျက်ရှိသည်။ သူ၏ ရှေ့တွင်တော့ များပြားလှသော စားပွဲများ တည်ရှိနေပြီး လီချင်းယန်နှင့် တခြားသူများသည် ထိုင်လျက် ရှိနေကြ၏။ ၎င်းတို့သည် ကျောက်ရိုင်းတုံးများကို သေသေချာချာ စစ်ဆေးရန် စောင့်နေကြခြင်းပင် ဖြစ်၏။
“သွားကြည့်ကြရအောင်” သိုင်းကျင့်ကြံသူတစ်ယောက်သည် အနည်းငယ် ရဲတင်းလွန်းလှ၏။ ထို့ကြောင့် အရင်ဆုံး ရှေ့ကိုလျှောက်သွားပြီးနောက်မှာတော့ သိုလှောင်လက်စွပ်ထဲမှ ကျောက်ရိုင်းတုံးကို ထုတ်ယူကာ ပေးအပ်လိုက်သည်။
လီချင်းယန်သည် ကျောက်ရိုင်းတုံး၏ နာမည်ကို မေးမြန်းပြီးသည့်နောက်မှာတော့ ဂိုဏ်းချုပ် အမိန့်ပေးထားသည့် အတိုင်း သေသေချာချာ စာရင်းသွင်းတော့သည်။ “အအေးကျောက်ရိုင်းတုံး၊ နှစ်ဆယ်ကီလိုဂရမ်၊ လိုအပ်ချက်နဲ့ ပြည့်စုံတယ်၊ ဒီတော့ ပွဲကြည့်စင်ကို သွားတော့”
ပြောပြောပြီးချင်းမှာပဲ သူသည် ကျောက်ရိုင်းတုံးကို သိမ်းဆည်းလိုက်၏။
“ဒါ.. ဒါ” အားလုံးသောသူများ၏ အမူအရာသည် အနည်းငယ် ကြောင်အသွား၏။ ပြောရမည်ဆိုလျှင် ကျောက်ရိုင်းတုံး နှစ်ဆယ်ကီလိုဂရမ်ဆိုသည်မှာ နည်းနည်းလေးသာဖြစ်၏။ ထို့ကြောင့် တန်လွန်းသည်ဟု ဆိုရ မည်။
“ငါလည်းပေးမယ်” တခြားသော ကျင့်ကြံသူသည် လျှောက်လှမ်းသွားခဲ့တော့၏။ ပြီးသည့်နောက်မှာတော့ ကျောက်ရိုင်းတုံး ကီလိုဂရမ် အနည်းငယ်ကို ပေးအပ်ပြီးသည့်နောက် ပွဲကြည့်စင်သို့ သွားခွင့်ရတော့သည်။
“ဒါက မရိုးရှင်းဘူးလား၊ သွားကြရအောင်” သိုင်းကျင့်ကြံသူများအားလုံးသည် အလျင်အမြန်ပဲ တစ်ယောက်ပြီး တစ်ယောက် တန်းစီကာ ရှေ့သို့ တိုးသွားခဲ့တော့သည်။ ထို့ကြောင့် ပြိုင်စံရှားဂိုဏ်း၏ စားပွဲခုံပေါ်မှာတော့ များပြားလှသော ကျောက်ရိုင်းတုံးများသည် အစီအရီဖြင့် တည်ရှိလို့နေတော့၏။
“ဂိုဏ်းချုပ်”
တင်းရှင်းဝမ်က ပြောလိုက်သည်။ “သူတို့က လိုလိုချင်ချင်နဲ့ ကျောက်ရိုင်းတုံးတွေကို ပေးပြီး ပွဲကြည့်ဖို့ စီစဉ်နေကြတာပဲ”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျုပ်က လုယူတာ မဟုတ်ဘူးလေ၊ ပြီးတော့ ခြိမ်းခြောက်ပြီး ယူတာလည်း မဟုတ်ဘူး၊ စီးပွားရေးလုပ်ရုံ သက်သက်ပဲလေ၊ ဒီတော့ သူတို့ မငြင်းဆန်တာ သဘာဝပါပဲ”