← Chapters

အခန်း (၁၀၂၃)

Vol. 69 Ch. 1023

အခန်း (၁၀၂၃)

Vol. 69 Ch. 1023

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ အပြင်ဘက် တည်နေရာမှာတော့ တောဝက်ရိုင်းလေးသည် မြေဓာတ်သဘာဝ များကို အသက်သွင်းကာဖြင့် တိုက်ခိုက်ရေး တည်နေရာကြီးတစ်ခုကို တည်ဆောက်လျက်ရှိနေသည်။

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများအားလုံးသည် ဆောက်လုပ်ရေးပစ္စည်းများကို ကြိုတင်ကာ ပြင်ဆင်ထားခဲ့ပြီဖြစ်သောကြောင့် လွယ်လွယ်ကူကူပဲ တည်ဆောက်၍ ရနေကြသည်။ ၎င်းတို့သည် ပြိုင်စံရှားဂိုဏ်းသို့ ပြန်ရလိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သူတို့မထင်မှတ်ထားစွာပဲ မြေအဆင့်စွမ်းအားမြင့်ကျင့်ကြံသူများကို စိန်ခေါ်ကာ တိုက်ခိုက်ရန် စီစဉ်ထားတော့သည်။ အလွန် စိတ်လှုပ်ရှားစရာ ကောင်းသော ပွဲတစ်ခု ဖြစ်ပေလိမ့်မည်။

လီဖေးက ပြောလိုက်၏။ “ဂိုဏ်းချုပ်က အခုလေးတင်မှ အဆင့်ချိုးဖြတ်ထားတာလေ၊ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတွေအကုန်လုံးကို စိန်ခေါ်ပြီး တိုက်ခိုက်တယ်ဆိုတာက စွန့်စားလွန်းရာ မကျဘူးလား”

သူ့အနေနှင့် ဂိုဏ်းချုပ်တစ်ယောက် သတ်ဖြတ်ခြင်းကုန်းမြေဆီမှ ပြန်ရောက်ပြီး မကြာခင်မှာပဲ တခြားသောသူများကို စိန်ခေါ်နေသောကြောင့် စိုးရိမ်ပူပန်နေမိ၏။ များပြားလှသောသူများကို စိန်ခေါ်၍ တစ်ယောက်ချင်းစီ တိုက်ခိုက်ရခြင်း ဆိုသည်မှာ အကောင်းမွန်ဆုံးသော အခြေအနေတွင် ရှိနေဖို့ လိုအပ်နေသည် မဟုတ်ပါလား။

“ဂိုဏ်းချုပ်က ယုံကြည်ချက်မရှိရင် ဘာတစ်ခုကိုမှ လုပ်မယ့်လူမျိုး မဟုတ်ဘူးလေ၊ သူ ဒီလိုမျိုး ပွင့်ပွင့်လင်းလင်းနဲ့ စိန်ခေါ်တိုက်ခိုက်ဖို့ ပြောဆိုရဲနေတယ်ဆိုမှတော့ ကျိန်းသေပေါက် အနိုင်ယူနိုင်တဲ့ နည်းလမ်း ရှိရမှာပေါ့” ထျန်းချီသည် လေးနက်စွာဖြင့် ပြောလိုက်မိ၏။

“ဒါကတော့ အမှန်ပဲ”

လီဖေးသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ “ငါလည်း ဒါကို မျှော်လင့်နေမိတယ်”

သူတို့အတွက် အဆင့်မြင့် ကျင့်ကြံသူများ၏ တိုက်ခိုက်ပွဲကို ကြည့်ရသည်ဆိုသည်မှာ အလွန်ရှားပါးလွန်းလှသော အခွင့်အရေးပင် ဖြစ်ပေလိမ့်မည်။ ထိုတိုက်ခိုက်ပွဲများကို ကြည့်ရှုပြီးသည့်နောက် အနည်းနှင့် အများဆိုသလို သင်ယူနိုင်စရာများ ရှိသည်ကို သင်ယူလေ့လာရပေလိမ့်မည်။

ထို့ကြောင့်ပင် ဘာအသံမှ မကြားရသော သတ်ဖြတ်ခြင်း ကုန်းမြေရှိ တိုက်ခိုက်ပွဲများကို လူပေါင်းများစွာတို့သည် အပင်ပန်းခံကာ လာရောက်ကြည့်ရှုနေကြခြင်းပင် ဖြစ်၏။ မဟုတ်ပါက မည်သူမှ ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

ဝှစ် ဝှစ်

တောဝက်ရိုင်းလေး၏ ခန္ဓာကိုယ်ဆီမှ မြေဓာတ်သဘာဝများသည် ထွက်ပေါ်လာခဲ့၏။ ပြီးသည့်နောက်မှာတော့ မြေများသည် အလွှာလိုက်၊ အလွှာလိုက် ဖြစ်တည်လာပြီးသည့်နောက် စင်မြင့်ကြီးတစ်ခုကဲ့သို့ ဖြစ်တည်လာတော့ သည်။ ခံတပ်ထဲတွင် ဆောက်လုပ်ရေးလုပ်ငန်းများကို ပြုလုပ်ခဲ့ရသည်ဖြစ်သောကြောင့် ဤနေရာတွင် စင်မြင့်လေး တစ်ခု တည်ဆောက်ရသည်ဆိုခြင်းမှာ ကိစ္စကြီးတစ်ခု မဟုတ်တော့ချေ။

အားလုံး အလုပ်များနေစဉ်မှာပဲ ကျွင်းချောင်ရှောင်းသည် အဓိကတောင်ထွတ်ပေါ်တွင်ရှိနေသော အဓိကဟောခန်းထဲတွင် ထိုင်လျက်ရှိ၏။ သူသည် ဝယ်ယူနိုင်သည့်ပစ္စည်းများကို ကျွမ်းကျင်စွာ ဖွင့်လှစ်လိုက်ပြီးသည့်နောက် သက်တန့်ရောင်စဉ်ကျမ်း အပိုင်းသုံးကို တွေ့ရှိလိုက်ရသည်။ ဤအရာသည် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်း ကျသင့်နေသည်။ ထို့ကြောင့် စိတ်ဓာတ်တကျ ဖြင့် ပြောလိုက်မိသည်။ “ဈေးကြီးလိုက်တာ”

အပိုင်းတစ်သည် တစ်ထောင်ကုန်ကျ၍ အပိုင်းနှစ်သည် ငါးထောင်ကုန်ကျသည်။ အပိုင်းသုံးမှာတော့ အမှန်ပင် နှစ်သောင်း ကုန်ကျလျက် ရှိနေသည်။ ဤအချက်အလက်ကို အခြေခံကြည့်ရမည်ဆိုလျှင် အပိုင်းခုနှစ်အထိသာ ရောက်မည်ဆိုပါက ကျိန်းသေပေါက် တစ်သိန်းလောက်ပင် တောင်းဆိုနေမည်လား မသိတော့ချေ။ ဈေးကြီး လှသည် ဆိုသော်လည်း ကျွင်းချောင်ရှောင်းသည် ဝယ်ယူရမည်ဖြစ်သည်။ အထူးတာဝန်မှ ရရှိသော ဂိုဏ်းစုဆောင်းမှတ်များသည် သူ့တွင် ရှိနေသေး၏။

“ဒင်.. လက်ခံသူသည် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကို အသုံးပြုခဲ့သည်၊ သက်တန့်ရောင်စဉ်ကျမ်း အပိုင်းသုံးကို သိုလှောင်လက်စွပ်ထဲသို့ ပို့ဆောင်ပြီးပါပြီ”

“ဒင်.... ဂိုဏ်းစုဆောင်းမှတ် - ၇၀၀၀၀ / ၇၀၀၀၀”

ဤကဲ့သို့သော အကန့်အသတ်နှင့် အတိအကျဖြစ်အောင် သုံးရမည်ဟု အစွဲအလန်း ရှိနေသော ကျွင်းကုန်းရှန့် သည် ရုတ်တရက်ဆိုသလိုပဲ သူ၏ ဂိုဏ်းစုဆောင်းမှတ်နှင့် အကန့်အသတ်တို့ ကွက်တိကျနေသည်ကို မြင်ရသည့်အချိန်မှာတော့ စိတ်ပျော်ရွှင်စွာဖြင့် ပြုံးလိုက်မိသည်။

...................

ဘုန်း ဘုန်း

နားကွဲလောက်စရာ ကျယ်လောင်သည့်အသံကြီးသည် လေဟာနယ်ကြီးဆီမှ ထွက်ပေါ်လာလျက် ရှိနေတော့သည်။ စွမ်းအင်လှိုင်းနှစ်ခုသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ရှေးသားရဲကြီးနှစ်ကောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသကဲ့သို့ပင် တည်နေရာကြီးတစ်ခုလုံးသည် စုတ်ပြတ်သတ်လျက် ရှိနေတော့၏။ တိုက်ပွဲ၏ အနီး လေထုထဲတွင်တော့ ကျောက်စင်မြင့်လေးတစ်ခု တည်ရှိလို့နေသည်။ ထိုအပေါ်၌ အဝါရောင်ရှေးစာအုပ်လေး တစ်ခု တည်ရှိနေခဲ့သည်။ ထိုအပေါ်မှာတော့ သက်တန့်ရောင်စဉ်ကျမ်း အပိုင်းသုံးဟု ရေးသားထားသည်။

ဆွစ်

ရုတ်တရက်ဆိုသလိုပဲ တည်နေရာကြီးတစ်ခုလုံးသည် တုန်ခါသွားခဲ့သည်။ ပြီးသည့်နောက်မှာတော့ မမြင်ရနိုင်သော လက်ကြီးတစ်ဖက်သည် လေဟာနယ်ထဲတါင် ဖြစ်ပေါ်လာပြီးသည့်နောက်မှာတော့ လျှို့ဝှက်ကျမ်းစာအား အသာလှမ်းယူကာ ပျောက်ကွယ်သွားတော့၏။

ဘုန်း ဘုန်း

စွမ်းအင်လှိုင်းများမှာ ရူးရူးမူးမူးနှင့် တိုက်ခိုက်နေတုန်းပင်ဖြစ်သည်။ ကြောက်မက်ဖွယ်ရာကောင်းသော အော်ရာ များကို ချိန်ထိုးကြည့်ရှုရမည်ဆိုလျှင် သေဆုံးသည်အထိပင် မရပ်တန့်ဘဲ ဆက်လက် တိုက်ခိုက်နေမည့် ပုံစံမျိုးပင် ဖြစ်တော့သည်။

သို့ပေမဲ့ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ ကြမ်းတမ်းလှသော စွမ်းအင်လှိုင်းများ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။ အဖြူရောင်သက်လတ်ပိုင်း လူတစ်ယောက်နှင့် အမဲရောင် သက်လတ်ပိုင်း လူတစ်ယောက်တို့သည် ကျောက်စင်မြင့်ပေါ်တွင် မတ်တပ်ရပ်လျက်ရှိသည်။ ပြီးသည့်နောက်မှာတော့ တပြိုင်နက် တည်း အော်ဟစ်လိုက်ကြတော့သည်။ “ငါ့ရဲ့လျှို့ဝှက်ကျမ်းစာ ဘယ်ရောက်သွားတုန်း”

“နတ်ဆိုးဖြူ... မင်းကလိမ်ကကျစ် လုပ်တာလား”

“နတ်ဆိုးမဲ.... မင်းကလိမ်ကကျစ် လုပ်တာလား”

“သေစမ်း” သူတို့နှစ်ယောက်သည် တစ်ပြိုင်နက်တည်း ပြောလိုက်ကြ၏။

အဝေးတစ်နေရာတွင် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများမှာတော့ ကြောင်အအဖြင့် ပြောလိုက်သည်။ “ဒီလျှို့ဝှက်ကျမ်းစာက အမဲရောင်နဲ့ အဖြူရောင်စွမ်းအင်တွေရဲ့ လွှမ်းမိုးမှုကို ခံထားရတာလေ၊ ဘယ်သူကမှ မယူနိုင်ဘူး”

“သေချာတောင် မြင်ရတာ မဟုတ်ဘူး၊ ဘယ်လိုဖြစ်ပြီး ရုတ်တရက် ပျောက်သွားတာလဲ”

နတ်ဆိုးဖြူနှင့် နတ်ဆိုးမဲတို့သည် ဤအရာနှင့်ပတ်သက်၍ အလွန် သံသယများနေကြသည်။ ၎င်းတို့သည် အဝေးတွင် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများကို လှမ်းကြည့်လိုက်ကြ၏။ ပြီးသည့်နောက်မှာတော့ သုန်မှုန်လျက်ရှိသော မျက်နှာနှင့်အတူ မေးလိုက်တော့သည်။ “မင်းတို့ ယူသွားတာလား”

“မဟုတ်ဘူး၊ မဟုတ်ဘူး”

“နားလည်မှု လွဲတာပါ”

“သူတို့လာနေပြီကွ...ပြေး၊ ပြေး”

အား....

……….

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာထဲမှာတော့ ကျွင်းချောင်ရှောင်းသည် နွေးထွေးလျက်ရှိ နေသော သက်တန့်ရောင်စဉ်ကျမ်း အပိုင်းသုံးကို ကိုင်ဆောင်ထားလျက်ရှိသည်။ အနည်းငယ် ထူးဆန်းသည်ဟု ခံစားရသည်ဆိုသော်လည်း ဆက်လက်ကာ မစဉ်းစားတော့ဘဲ ကျမ်းစာအား သိုလှောင်လက်စွပ်ထဲသို့ ပြန်လည် ပစ်သွင်း လိုက်တော့သည်။

ပြီးသည့်နောက်မှာတော့ ဂိုဏ်းစုဆောင်းမှတ်များကို ပြန်လည်အသုံးပြုကာဖြင့် မိတ္တူအစောင်ရေ တစ်သိန်းခန့် ဆွဲထားလိုက်တော့သည်။ ဂိုဏ်းတွင် များပြားလှသော တပည့်များ ဖြစ်တည်လာခဲ့ပြီဖြစ်သောကြောင့် သိုင်းပညာ အရင်းအမြစ်အတွက် လိုအပ်သည့် မိတ္တူများကိုလည်း အများကြီးဆွဲထားမှ ဖြစ်ပေလိမ့်မည်။

ကျွင်ချောင်ရှောင်းသည် ပန်းပဲခန်းမဆောင်ဆီသို့ ပြန်၍ ဝင်ကြည့်လိုက်၏။ နဂါးသွား ရတနာသုံးမျိုးသည် အလိုအလျောက် လိုက်ဖက်ညီနေသည်ကို မြင်လိုက်ရတော့သည်။ ထို့ပြင် နာမည်များကို ကြည့်ရှုလိုက်သည်နှင့် တစ်ခုသည် ဓားမော့ဖြစ်၍၊ တစ်ခုသည် လေးဖြစ်သည်။ နောက်ဆုံးတစ်ခုမှာတော့ လှံဖြစ်လို့နေ၏။

“ဒီလက်နက် သုံးခုက တိုက်ခိုက်ပွဲတွေအတွက် အရမ်းကို သင့်တော်တဲ့အရာတွေပဲ၊ ဒီတော့ များများစားစားသာ ထုတ်လုပ်ထား နိုင်မယ်ဆိုရင် သားရဲစီးဟောခန်းကို တပ်ဆင်ပေးထားလို့ရတယ်လေ”

ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်မိ၏။ သူသည် သူ၏ အတွင်းစည်းတပည့်များအတွက် မစဉ်းစားလေသည်လား။

နတ်ဘုရားလက်နက်ခန်းမဆောင်တွင် နတ်ဘုရားလက်နက်များ ရှိနေ၏။ ထို့ကြောင့် လီချင်းယန်နှင့် တခြားသောသူများအားလုံးသည် ၎င်းတို့၏ အားအင်အဆင့် တိုးတက်စေရန် တခြားသော လက်နက်များကို မလိုအပ်တော့ချေ။ ထို့ပြင် တချို့သောသူများသည် ဓားမော့၊ လေးနှင့် လှံများကို အသုံးပြုကြသည် မဟုတ်ပေ။

ဥပမာအားဖြင့် ရှောင်ကျီနှင့် ခရမ်းရောင်ဘုရင် တို့ပင်ဖြစ်သည်။ အိုးနှင့် ပန်းရောင်လက်အိတ်ကသာလျှင် ၎င်းတို့ အတွက် ပြည့်စုံသည့် လက်နက် ဖြစ်ပေလိမ့်မည်။

“ဒီထဲမှာ သန့်စင်လို့ရနိုင်တဲ့ ကျောက်ရိုင်းတုံးတွေ အဆင်သင့် ရှိနေတာပဲ၊ အရင်ဆုံး စမ်းကြည့်ရမယ်”

ကျွင်းချောင်ရှောင်းသည် လက်နက်သုံးခုကို ရွေးချယ်ပြီးသည့်နောက်မှာတော့ စတင်ကာ သန့်စင်လိုက်တော့သည်။

ကျောက်ရိုင်းတုံးများမှာ သူ့၌ ပေါပေါများများ တည်ရှိလို့နေသည်။ ထို့ပြင် နတ်ဆိုးအင်ပါယာဂိတ်ဂိုဏ်း ဆီသို့သွား၍ လုယက် တိုက်ခိုက်ခဲ့ခြင်းနှင့် ဝိညာဉ်တောင်ကြားထဲတွင် ရှာဖွေရယူခဲ့သမျှတွင် ကျောက်ရိုင်းတုံး များ အများအပြား ပါဝင်နေသောကြောင့်ပင်ဖြစ်၏။

........................

နောက်တစ်ရက်မှာတော့ လီချင်းယန်နှင့် တောဝက်ရိုင်းလေးတို့သည် ပြင်းပြင်းထန်ထန်နှင့် ကြိုးစားကာ အလုပ် လုပ်လျက်ရှိနေကြ၏။

ခံတပ်၏ အပြင်ဘက်တွင်တော့ ကြီးမားကာ ခံ့ညားလွန်းသည့် စင်မြင့်ကြီးတစ်ခု ဖြစ်တည်နေသည်။ ကျွင်းချောင်ရှောင်းသည် ရှိရှိနေသမျှသော အစီအရင်များကို အသုံးပြု၍ ဤစင်မြင့်ကြီး ပြိုလဲ မသွားစေရန် အကောင်းမွန်ဆုံး ဖန်တီးပြုလုပ်လျက် ရှိနေသည်။

“ဒင်...”

အားလုံးပြီးသည့်နောက်မှာတော့ ပန်းပဲခန်းမဆောင်မှ သတိပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

“တစ်ညလုံးလုံး သန့်စင်ပြီးတဲ့နောက်မှာတော့ လက်နက်တစ်ခု ဖြစ်တည်လာခဲ့တယ်၊ ဒါက အရမ်းနှေးတာပဲ”

ကျွင်းချောင်ရှောင်း သည် လက်ကို ခါယမ်းပြီးသည့်နောက်မှာတော့ နဂါးသွားဓားမော့ကို ထုတ်ယူလိုက်တော့သည်။ ဓားမော့၏ ပုံပန်း သွင်ပြင်သည် တိမ်ဖောက်ဓားမော့နဲ့ ဆင်တူလွန်းလှ၏။ သို့ပေမဲ့ ထွက်ပေါ်နေသော အော်ရာနှင့် လက်ရာမှာ အလွန် အားကောင်းလွန်းလှ၏။

ရွှီး ရွှီး

ကုန်းရှန့်သည် လက်ထဲတွင် ကိုင်ပြီးသည့်နောက် အကြိမ်အနည်းငယ် လွှဲယမ်းကာ ခုတ်ပိုင်းကြည့်၏။ ပြီးသည့် နောက်မှာတော့ သဘောတကျဖြင့် ပြောလိုက်မိသည်။ “ဒီဓားမော့က မဆိုးဘူးပဲ”

စနစ်က ပြောလိုက်သည်။ “ကြည့်ရတာက သူတော်စင်အဆင့်ထက် နည်းနည်းတောင် မြင့်မယ့်ပုံပဲ”

“ဒါတွေကို များများစားစား ထုတ်လုပ်ပြီးတော့ သားရဲစီးဟောခန်းမှာ တပ်ဆင်ပေးထားနိုင်မယ်ဆိုရင် သူတို့ရဲ့ တိုက်ခိုက်မှု အားအင်တွေက ကျိန်းသေပေါက် တမဟုတ်ချင်း တိုးတက်သွားမှာပဲ” ကျွင်းချောင်ရှောင်းက ပြောလိုက်၏။

“ဒင်...”

ထိုအချိန်မှာပဲ ပန်းပဲခန်းမဆောင်မှ နောက်ထပ်သတိပေးသံတစ်ခု ထွက်ပေါ်လာသည်။ ကျွင်းချောင်ရှောင်းသည် စောနတုန်းက သန့်စင်ထားခဲ့သော နဂါးသွားလေးကို ထုတ်ယူလိုက်တော့၏။ “ဒီမှာ လေးပဲရှိတာ၊ မြားမှ မရှိသေး တာ၊ ဘယ်လိုအသုံးပြုရမှာလဲ၊ မြားတွေ၊ ဘာတွေ ကြိုတင်ပြင်ဆင်ထားရမှာလား”

ရွှီး

ပြောနေတုန်းမှာပဲ သူသည် ဘယ်ဘက်လက်ဖြင့် လေးကို ကိုင်ကာဖြင့် ညာဘက်လက်ဖြင့် ကြိုးကိုကိုင်ကာ လှမ်းဆွဲ လိုက်သည်။ သို့ပေမဲ့ ကြိုးသည် အလွန်တင်းမာလွန်းလှသည်။

“လေးလိုက်တာ”

ရွှီး

သူသည် လက်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များ ထည့်သွင်းကာဖြင့် ကြိုးကို အသာဆွဲယူလိုက်၏။ ပြီးသည့်နောက်မှာတော့ ကြိုးကို ပစ်လွှတ်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ဖြစ်တည်လာခဲ့သော မြားတစ်စင်းသည် ပေါ်ပေါက်လာပြီးသည့်နောက်မှာတော့ ပစ်မှတ်ရှိရာဆီသို့ ရောက်ရှိသွားခဲ့၏။

စနစ်က ပြောလိုက်သည်။ “ဒီလေးက ဆွဲလိုက်ရုံပဲလေ၊ အသုံးပြုသူရဲ့ စိတ်ဝိညာဉ်အမြူတေထဲမှာရှိတဲ့ စိတ်ဝိညာဉ် စွမ်းအင်တွေကို အခြေပြုပြီးတော့ အလိုအလျောက် မြားအဖြစ် ဖြစ်တည်လာတာ”

“ငါသိပြီ”

ကျွင်းချောင်ရှောင်းသည် လေးအား အသာကိုင်ပြီးသည့်နောက် ဟောခန်းထဲမှ အသာလျှောက်ထွက်သွား တော့၏။ ပြီးသည့်နောက် အဝေးတောင်ထွတ်ပေါ်တွင် ရှိနေသော ကြီးမားလှသည့် ကျောက်တုံးကြီးကို ချိန်တွယ်ကာ ပစ်ခတ်လိုက်တော့သည်။

ဝှစ် ဟူသော အသံနှင့်အတူ စိတ်ဝိညာဉ်စွမ်းအင်များနှင့်အတူ ဖြစ်တည်လာသော မြားသည် ပျံသန်းထွက်ခွာ သွားတော့၏။

ဘုန်း

ပေါက်ကွဲသံကြီးသည် ကျယ်လောင်စွာ ဖြစ်တည်လာခဲ့၏။ အဓိက တောင်ထွတ်ပေါ်တွင်ရှိနေသော ကျောက်တုံးကြီးသည် အစိတ်စိတ် အပိုင်းပိုင်းဖြစ်သွားတော့သည်။

“ဒါက အရမ်းအားကောင်းလွန်းတယ်” ကျွင်းချောင်ရှောင်းသည် အံ့အားတစ်သင့်ဖြင့် ပြောလိုက်မိ၏။

ဤနေရာတွင် ရှိနေသော ကျောက်တုံးများသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးတွင် ရှိနေသော ကျောက်တုံးများထက် ပိုမိုကာ မာကျောလွန်း၏။ အဝေးတစ်နေရာမှ လှမ်း၍ AWM စနိုက်ပါနှင့် ပစ်မည်ဆိုလျှင်တောင်မှ ကျောက်တုံးသည် ဤကဲ့သို့ ပုံစံမျိုး ဖြစ်သွားလိမ့်မည် မဟုတ်ချေ။ ထို့အပြင် စနိုက်ပါဆိုသည်မှာ အဆင့်မြင့် စိတ်ဝိညာဉ် ကျောက်တုံး သို့မဟုတ် သလင်းအမြူတေများကို ထည့်သွင်း၍ ပစ်ရသည့် အရာဖြစ်သည်။

အခြားတစ်ဖက်တွင်ရှိသော နဂါးသွားလေး မှာတော့ သေးငယ်လှသော စိတ်ဝိညာဉ်စွမ်းအင် အနည်းငယ်ကိုသာ လိုအပ်၏။ ထို့အပြင် အစွမ်းသက်ရောက်မှုမှာလည်း သိသာလွန်းလှ၏။

“ဒင်...”

နဂါးသွားလှံသည် သန့်စင်ပြီး ဖြစ်နေတော့သည်။ ဤလက်နက်မှာတော့ သာမန်လှံတစ်စင်း၏ ပုံစံမျိုး ဖြစ် သည်။ ရန်သူများကို အရှေ့သို့တိုး၍ ထိုးနှက်တိုက်ခိုက်ရာတွင် အလွန်ကောင်းမွန်လှသော လက်နက်ပင် ဖြစ်ပေ လိမ့်မည်။

ကျွင်းချောင်ရှောင်းသည် တောက်ပနေသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်မိ၏။ “ဒီလက်နက်သုံးခု၊ ဒါက အနီးကပ် တိုက်ခိုက်မှု၊ အဝေးရောက်တိုက်ခိုက်မှုတွေ အကုန်လုံးကို ထုတ်ဖော် အသုံးပြုနိုင်မှာပဲ၊ ဒါဆိုရင် ကျိန်းသေပေါက် ဘယ်သူမှ ယှဉ်နိုင်တော့မှာ မဟုတ်ဘူး”

All Chapters