အခန်း (၁၀၂၇)
Vol. 69 Ch. 1027
“အံ့အားသင့်စရာပဲ၊ သူတို့နှစ်ယောက်က ခန္ဓာကိုယ်သီးသန့် လေ့ကျင့်ကြတဲ့ လူတွေနဲ့ ဘာမှ မခြားပါလား”
“သူတို့က ဒီလိုအခြေအနေရောက်အောင် ဘယ်လိုများ လေ့ကျင့်ခဲ့ကြတာလဲ”
တစ်ချိန်လုံး မတိုက်ခိုက်ဘဲ ရှိနေကြသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် ဤကဲ့သို့ ကျွင်းချောင်ရှောင်းနှင့် သဟူတို့ တိုက်ခိုက်နေသည်ကို မြင်ရသည့်အချိန်မှာတော့ မိမိကိုယ်ပင် ရှက်ရွံ့စိတ်တွေ ဝင်လာခဲ့မိကြ၏။ ယောကျ်ားဆန်လှသော တိုက်ခိုက်ပွဲသည် သူတို့အား ကြက်သီးများပင်ထစေသည်။
ဘုန်း ……။
ရုတ်တရက်ဆိုသလိုပဲ ကျယ်လောင်ကြသည့် အသံကြီး ထွက်ပေါ်လာ၏။
ဘုတ် ဘုတ် ဘုတ် ……။
သဟူ သည် အနောက်သို့ လွင့်စင်သွား၏။ သူသည် အံ့အားတသင့်ဖြင့် ပြောလိုက်သည်။ “ခင်ဗျားကလည်း ခန္ဓာကိုယ် အားအင်မှာ ကျုပ်ထက် မလျော့ပါလား”
ကျွင်းကုန်းရှန့်သည် ရယ်ကာ ပြောလိုက်တော့၏။ “တကယ့်ကို သာမန်စွမ်းရည်လေးပါပဲ၊ ထုတ်ဖော် ပြောကြားဖို့တောင်မှ မထိုက်တန်လှပါဘူး”
“...........”
အားလုံးသော သူများ၏ နှုတ်ခမ်းများသည် တုန်ယင်သွားခဲ့ကြ၏။ ဤလူသည် နိမ့်နိမ့်ချချ ပြောဆိုနေသည်လား၊ မာန်တက်ကာ ဟန်လုပ်ကြွားဝါနေသည်လား မသိချေ။
ပြိုင်စံရှားဂိုဏ်းတွင် မည်သူသည် အားအကောင်းဆုံး သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်သနည်းဟု မေးရမည်ဆိုလျှင် လူတော်တော်များများသည် ရှောင်ကျီကို စတင်၍ တွေးမိပေလိမ့်မည်။ ထို့အပြင် ၎င်း၏ ကျင့်ကြံခြင်းသည် ခန္ဓာကိုယ်ကို ဦးစားပေးကာ ကျင့်ကြံခဲ့ခြင်းဖြစ်သည်။ ပြိုင်စံရှားဂိုဏ်း တစ်ခုလုံး၏ အဓိက တိုက်ခိုက်သူလည်း ဖြစ်နေတော့သည်။ သို့ပေမဲ့ ဤအရာသည် တပည့်များထဲ၌ နှိုင်းယှဉ်၍ ပြောဆိုနေခြင်းသာဖြစ်၏။
တကယ်တမ်း ဂိုဏ်းတစ်ခုလုံးကို ခြုံငုံ၍ သုံးသပ်ရမည်ဆိုလျှင် ခရမ်းရောင်ဘုရင်နှင့် ကျွင်းချောင်ရှောင်းတို့သည် အားအကောင်းဆုံး ဖြစ်ပေလိမ့်မည်။ ကုန်းရှန့်၏ အားအင်အဆင့်သည် ခန္ဓာကိုယ်ဖြစ်တည်ခြင်းဆေးလုံး၊ ကြွက်သားတည်ဆောက်ရေးအခန်း၊ စမ်းသပ်မှုမျှော်စင် စသည်တို့ကြောင့် ပိုမိုကာ အားကောင်းလာသည်သာမက ပိုမို၍ အရေးကြီးသည့် တခြားသော အချက်အလက်များကြောင့်လည်း အားကောင်းလာခဲ့ခြင်းပင်ဖြစ်သည်။ အဓိကအားဖြင့် သူသည် နတ်မီးခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်သည် နတ်ဘုရားအဆင့် မီးတောက်မျိုးစေ့များ၏ သန့်စင်မှုကြောင့် ပိုမိုကာ အားကောင်းလာခဲ့သည်။
နဂါးကျားတိုက်ပွဲတွင် အထက်နယ်မြေဆီမှ လက်ဝါးရိုက်ချက်ကြီးကို ခုခံနိုင်ခဲ့ခြင်းနှင့် အထက်နယ်မြေဆီမှ မိုးကြိုး အပြစ်ပေးမှုတို့ကို ခုခံနိုင်ခဲ့ခြင်းသည် ဤခန္ဓာကိုယ်ကြောင့်သာ ဖြစ်ပေမည်။ မဟုတ်ပါက မည်မျှကောင်းမွန်လှသည့် ရတနာများကို ပိုင်ဆိုင်သည်ဆိုလျှင်ပင် ခန္ဓာကိုယ်အားအင် အားမကောင်းပါက ထိုဖြစ်ရပ်နှစ်ခုတွင် သေဆုံးသွားမှာ သေချာ၏။
စနစ်က ပြောလိုက်သည်။ “အနာဂတ်မှာ ကုန်းရှန့်က အထက်နယ်မြေက လက်ဝါးရိုက်ချက်ကြီးကို မျက်နှာနဲ့ ခံယူနိုင်တယ်လို့ လိုက်ပြောမယ်ဆိုရင် ဂုဏ်ယူရလောက်မယ်”
..............
ဘုန်း ဘုန်း
သဟူသည် အရှေ့ဆီသို့ လှမ်းတက်ပြီးသည့်နောက် သူ၏ လက်များသည် ကြက်ခြေခတ်ပုံသဏ္ဍာန် ပြုလုပ်လိုက်၏။ ခန္ဓာကိုယ်တွင်ရှိသော သင်္ကန်းကဲ့သို့ ဝတ်ရုံသည် လေမတိုက်ဘဲနှင့် ဖောင်းကြွလာခဲ့၏။
ဒွီ ဒွီ
တည်နေရာကြီးသည် လှုပ်ခါလာပြီးသည့်နောက်မှာတော့ ဗုဒ္ဓ၏ အော်ရာများသည် ကျယ်ပြန့်စွာ ဖြစ်တည်လာ၏။ သဟူသည် သူ၏ခေါင်းထက်တွင်တော့ ဗုဒ္ဓအော်ရာများကို စုစည်းပြီးသည့်နောက် အလွန်တရာ အားကောင်းလွန်း လှသော ဗုဒ္ဓပုံရိပ်ယောင်ကြီးတစ်ခုသည် ဖြစ်တည်လာခဲ့တော့၏။
“သူ... နောက်ဆုံးဝှက်ဖဲကို ထုတ်သုံးပြီလား”
“ဒါက အရမ်းအားကောင်းလွန်းတယ်”
အားလုံးက ဆွေးနွေးလျက် ရှိနေကြသည်။
ဆွစ် ဆွစ်
ဗုဒ္ဓပုံရိပ်ယောင်ကြီးသည် လက်နှစ်ဖက်ကို ဖြန့်ကားချိန်မှာတော့ လက်ခြောက်ဖက်ပုံပန်းသွင်ပြင်မျိုး ဖြစ်တည်လာခဲ့၏။ ပြီးနောက် ကောင်းကင်ပေါ်တွင် ဗုဒ္ဓ၏ စည်းတံဆိပ်များကို ဖန်တီးပြုလုပ်ကာဖြင့် ရိုက်နှက်ခြင်း ကိုပြုမူတော့သည်။
ဘုန်း ဘုန်း ဘုန်း
ကျွင်းချောင်ရှောင်းသည် ဗုဒ္ဓ၏ စည်းရိုက်ချက်များတွင် လှည့်လည်သွားလာရင်း ရှောင်ရှားလျက်ရှိနေ၏။ တစ်ခါ တစ်ရံတွင် သူသည် လက်သီးကို မြှောက်ကာဖြင့် ခုခံခြင်းကို ပြုမူသည်။ တစ်ခါတစ်ရံမှာတော့ သူ၏ ရှေ့၌ စိတ်ဝိညာဉ်ချီနံရံများကို ပြုလုပ်ကာဖြင့် ကာကွယ်ခြင်းကိုလည်း ပြုမူတတ်သေး၏။ တစ်ခါတစ်ရံ တည်နေရာကို ရွေ့ပြောင်းကာ ရှောင်ရှားခြင်းကိုလည်း ပြုမူ၏။ တိုက်ပွဲသည် အလွန်တရာ ကြည့်ကောင်းလွန်းလှ၏။
ဤကဲ့သို့ အမြင့်ဆုံးသော အခြေအနေနှင့် တိုက်ခိုက်နေရသည့်အချိန်တွင် တခြားသော ကျင့်ကြံသူများကို မဆိုနှင့် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများပင်လျှင် အံ့ဩနဘမ်း ဖြစ်လျက်ရှိနေကြသည်။
ဘုန်း ဘုန်း ဘုန်း
နာရီဝက်လောက် ကြာပြီးသည့်နောက် သဟူသည် တိုက်ခိုက်ရာမှ ရပ်တန့်ပြီး တည်နေရာကြီးထဲတွင် မနည်း ရပ်လျက်ရှိနေသည်။ သူသည် အလွန်တရာ မောပန်းလျက်ရှိနေ၏။ သူ၏ ဦးခေါင်းပြောင်ပေါ်တွင်တော့ ချွေးများနှင့် ပြည့်နှက်နေတော့သည်။
လက်ရှိအခြေအနေမှာတော့ ကျွင်းချောင်ရှောင်းနှင့် တိုက်ကွက်တစ်ရာကျော် တိုက်ခိုက် နိုင်သည့်သူသည် သူတစ်ယောက်တည်းသာ ရှိခဲ့၏။ သို့ပေမဲ့ သူ၏ တိုက်ခိုက်မှု အမြန်နှုန်းသည် အလွန်တရာ မြန်ဆန်လှသည်ဆိုသော်လည်း စွမ်းအင်ကုန်ဆုံးမှုနှုန်းမှာလည်း အလွန်တရာ မြန်ဆန်လွန်းလှ၏။ ထို့ကြောင့် ကျွင်းချောင်ရှောင်းကို အနိုင်မယူနိုင်သောကြောင့် သူ့အနေနှင့် ပိုမိုကာ မောပန်းနေခဲ့ခြင်းပင် ဖြစ်သည်။
“ဆက်ပြီးတိုက်အုံးမှာလား” ကျွင်းချောင်ရှောင်းသည် မတ်မတ်ရပ်ကာဖြင့် မေးလိုက်မိ၏။
ကြည့်ရသည်မှာ မည်သည့်အရာမှ ဖြစ်ပေါ်ခဲ့ပုံ မပေါ်ချေ။ ကျွင်းချောင်ရှောင်းသည် အားအင်အပြည့်နှင့် ဖြစ်လျက်ရှိသည်။
ထိုအချင်းအရာကို မြင်သည့်နောက်မှာတော့ အလွန်တရာ မောပန်းလျက်ရှိသည့် ဘုန်းတော်ကြီးသည် စိတ်ထဲမှ ကြိတ်ကာ ရေရွတ်လိုက်မိသည်။ “ဒါက တကယ့်ကို မွန်းစတားပဲ”
“ဆက်ပြီး မတိုက်ခိုက်တော့ဘူး၊ မတိုက်ခိုက်တော့ဘူး”
သူသည် လက်ကိုယမ်းခါပြီးသည့်နောက်မှာတော့ စင်မြင့် အောက်သို့ ခုန်ချလိုက်သည်။ တစ်ချက်ကလေးမှ ရိုက်နှက်မခံရဘဲ ပြန်လည်ဆင်းသက်သွားသူဟူ၍ သဟူသာ ရှိပေလိမ့်မည်။
“ဆရာတော်”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ကျေးဇူးပြုပြီး စိတ်ဝိညာဉ်ကျောက်တုံး ဒါမှမဟုတ် ကျောက်ရိုင်းတွေကို သွားပေးပါအုံး၊ အနောက်ဘက်ကို …”
...................
သဟူ၏ နှုတ်ခမ်းထောင့်များသည် တုန်ယင်သွား၏။ သို့ပေမဲ့ သူသည် အနောက်ဘက်ဆီသို့ လှမ်းလျှောက်သွား ပြီးသည့်နောက် မတူညီသည့်ကျောက်ရိုင်းတုံး ပေါင်တစ်ရာခန့်ကို ထုတ်ပေးလိုက်တော့သည်။
“ပေးတာ အရမ်းများနေတယ်နော်”
“ရတယ်၊ ပြန်မယူတော့ဘူး၊ ထားလိုက်တော့”
သဟူသည် ပိုနေသော ကျောက်ရိုင်းတုံးများကို ပြန်မယူတော့ချေ။ သူ၏ အားနည်းလျက်ရှိနေသော ခန္ဓာကိုယ်ကြီးကို ထိန်းကျောင်းကာဖြင့် ပြန်လည်ကာ ထွက်ခွာသွားခဲ့တော့သည်။
သူသည် အကောင်းမွန်ဆုံးသော တိုက်ကွက်များကို ထုတ်ဖော်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းအား ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ချေ။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “ဒီနေ့တိုက်ပွဲကတော့ ဒီမှာ ပြီးသွားပြီ၊ နက်ဖြန်မှ စကြမယ်”
သူသည် အလွန်တရာ တည်ငြိမ်နေသည့် ပုံစံဖြင့် ရှိသည်ဆိုသော်လည်း တကယ်တမ်းမှာတော့ အားနည်းလျက် ရှိနေတော့၏။ ထို့အပြင် ဓားနှင့် သိုင်းနယ်မြေအဆင့်ကို ဝင်ရောက်ပြီးသည့်နောက်မှာတော့ သူသည် မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ ဆယ်ယောက်ကျော်ကို တရစပ်တည်း တိုက်ခိုက်ခဲ့ပြီးပြီဖြစ်သည်။ ဆက်၍ တိုက်ခိုက်ဖို့ ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။
“အဲလိုလား၊ ဂိုဏ်းချုပ်ကျွင်းက အားလုံးကို တစ်ခါတည်း တိုက်ခိုက်တော့မယ်လို့ ထင်တားတာလေ”
“ဒီမှာ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူ တစ်ရာကျော် ရှိနေတယ်လေ၊ ဘယ်လိုလုပ်ပြီးတော့ ရေရှည် တိုက်ခိုက်လို့ ဖြစ်နိုင်မှာလဲ”
..................
မတိုက်ခိုက်ရသေးသော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများသည် မပျော်မရွှင် ဖြစ်မိနေကြ၏။ သို့ပေမဲ့ တိုက်ပွဲ များပြားစွာ တိုက်ခိုက်ခဲ့ပြီးပြီ ဖြစ်သောကြောင့် ကျွင်းချောင်ရှောင်းကို တိုက်ခိုက်ရန် ဆက်၍ ပြောနေ၍ မသင့်တော့ချေ။ ထို့ကြောင့် တစ်ညတာ အနားယူ၍ မနက်ဖြန်မှ ဆက်၍ တိုက်ခိုက်ခြင်းကသာလျှင် အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
“ကောင်းပြီ... မနက်ဖြန်မှ တွေ့ကြရပေါ့” ကျွင်းချောင်ရှောင်းသည် လက်သီးကို ဆုပ်ကာဖြင့် ကြယ်ကြွေကုန်းမြေ တိုက်ကြီး၏ တည်နေရာခံတပ်ကြီးဆီသို့ ပြန်လိုက်တော့သည်။
သိုင်းကျင့်ကြံသူများအားလုံးသည် မထကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့ ထွက်ခွာသွားပြီး နောက်တစ်ကြိမ် ပြန်လာကြည့်ရှုမည်ဆိုလျှင် ကျောက်ရိုင်းတုံးများကို ပြန်လည်၍ ပေးအပ်ရမှာဖြစ်၏။ ထို့ကြောင့် ထိုင်ရာကမထဘဲ ငြိမ်ငြိမ်သက်သက်ဖြင့် နေနေကြခြင်းပင် ဖြစ်၏။
“ဂိုဏ်းချုပ်”
အဘိုးကြီးတင်းက ပြောလိုက်သည်။ “ပွဲကြည့်စင်မှာရှိတဲ့ သိုင်းကျင့်ကြံသူတွေက တစ်ယောက်မှ ထွက်မသွားဘူးနော်”
ကျွင်းချောင်ရှောင်းက ဆွံ့အသွား၏။ “သူတို့မသွားဘူးဆိုရင် ကျုပ် မနက်ဖြန် ပိုက်ဆံဘယ်လိုတောင်းရမလဲ”
ထင်မှတ်ထားသည့်အတိုင်းပင် သိုင်းကျင့်ကြံသူများသည် အလွန်သတိရှိလွန်းလှ၏။ မဟုတ်ပါက ကျွင်းကုန်းရှန့်၏ ဝင်ကြေးတောင်းခံမှုကို ထပ်မံကာ ခံရမှာ သေချာသည်။
..................
နောက်တစ်ရက်မှာတော့ တစ်ညလုံး ထိုင်လျက်ရှိနေသော သိုင်းကျင့်ကြံသူများသည် ပွဲကြည့်စင်မှာတင် ခပ်တည်တည်နှင့် ရှိနေကြ၏။
ကျွင်းချောင်ရှောင်းသည် ခံတပ်၏ အပြင်ဘက်ဆီသို့ ပျံသန်းထွက်လာပြီးသည့် နောက်မှာတော့ လက်သီးကို ဆုပ်လိုက်သည်။ “တိုက်ခိုက်ပွဲရဲ့ ဒုတိယနေ့က စတင်ပါပြီ”
အားလုံးသည် ချက်ချင်းပဲ စိတ်အားတက်ကြွသွားကြတော့သည်။
ရွှီး
ထိုအချိန်မှာပဲ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက်သည် ပျံသန်းလာပြီးသည့်နောက် လက်သီးကို ဆုပ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း... ကျုပ်ကို ဉာဏ်အလင်း ပြပါအုံး”
“ကျေးဇူးပြုပြီး”
ဘုန်း ဘုန်း ဘုန်း
၎င်းတို့နှစ်ယောက်သည် ချက်ချင်းပဲ စတင်ကာ တိုက်ခိုက်တော့၏။ ကျွင်းချောင်ရှောင်းသည် တစ်ညတာ အနားယူ ပြီးပြီ ဖြစ်သောကြောင့် အားအင်များ ပြန်လည်ပြည့်ဝလျက် ရှိနေ၏။ ခဏလောက် ကြာမြင့်ပြီးသည့်နောက်မှာ တော့ သိုင်းနယ်မြေအဆင့်လေးနှင့် နှိုင်းယှဉ်၍ ရနိုင်သော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူသည် လွင့်စင်သွား ခဲ့တော့၏။
ဤအရာမှ အစသာ ဖြစ်သေး၏။ နောက်ပိုင်းတွင် သိုင်းနယ်မြေ အဆင့်ခုနှစ်၊ အဆင့်ရှစ်တို့နှင့် နှိုင်းယှဉ်၍ ရနိုင်သော မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူများအားလုံးသည် စင်မြင့်ပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာပြီး တိုက်ခိုက်ခဲ့ကြ၏။ သို့ပေမဲ့ ၎င်းတို့သည် အကုန်လုံး ရှုံးနိမ့်သွားခဲ့ကြပြီး ကျောက်ရိုင်းတုံးများကိုသာ ပေးအပ်ခဲ့ရသည်။
“ဒင်... ဒင်”
ကျွင်းချောင်ရှောင်း၏ ပန်းပဲခန်းမဆောင်မှ သတိပေးသံများသည် အဆက်မပြတ် နားထဲသို့ ဝင်ရောက်လျက် ရှိနေတော့၏။ နဂါးသွား ရတနာလက်နက်သုံးမျိုးတို့သည် တစ်ခုပြီးတစ်ခု သန့်စင်ခြင်းအဖြစ်သို့ ရောက်ရှိနေ၏။
ဟုတ်ပေသည်။ ကုန်းရှန့်သည် ဤကဲ့သို့သော အရာများကို မပြုလုပ်ချေ။ ရှောင်ကျီမှာ ထိုအရာများအားလုံးကို တာဝန်ယူ၍ သန့်စင်နေခြင်းပင် ဖြစ်သည်။ သူ့အနေနှင့် ပြိုင်ဘက်ကို အနိုင်ယူရန်သာ လိုအပ်နေပြီး ရရှိခဲ့သည့် ကျောက်ရိုင်းတုံးများနှင့် ပစ္စည်းပစ္စယများကို ရှောင်ကျီက သန့်စင်လျက် ရှိနေ၏။
လေးနာရီတိတိ တိုက်ခိုက်ပြီးသည့်နောက် ဒုတိယနေ့၏ တိုက်ပွဲသည် ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ထုံးစံအတိုင်းပဲ သူသည် ခံတပ်ဆီသို့သွား၍ အနားယူတော့သည်။
ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများမှာတော့ မူလ တည်နေရာမှာတင် ထိုင်လျက်ရှိနေကြပြီး ထွက်ခွာမသွားခဲ့ကြချေ။ ထို့ကြောင့် ၎င်းတို့သည် ကျွင်းချောင်ရှောင်းကို နောက်ထပ် ပွဲကြည့်ခ ပေးစရာ မလိုတော့ချေ။
တတိယနေ့သို့ ရောက်သည့်နောက်မှာတော့ တိုက်ပွဲသည် ဆက်လက်ကာ ဖြစ်တည်နေခဲ့သည်။ များပြားလှသော ကျွမ်းကျင်သူများသည် တစ်ယောက်ပြီးတစ်ယောက် တက်၍ တိုက်ခိုက်ပြီး တစ်ယောက်ပြီးတစ်ယောက် ရှုံးနိမ့်ကာ ကျောက်ရိုင်းတုံးများကို ပေးခဲ့ရတော့သည်။ ဤအတောအတွင်း နဂါးသွား လက်နက်သုံးမျိုးတို့သည် အခုတစ်ရာ ကျော်စီ သန့်စင်ပြီး ဖြစ်လို့နေခဲ့တော့သည်။ ထို့အပြင် ဆက်လက်၍လည်း သန့်စင်လျက်ရှိနေ၏။
နေ့စဉ်နေ့တိုင်းတွင် စွမ်းအားမြင့် ကျင့်ကြံသူများသည် ရောက်ရှိလာခဲ့ကြသည်။ ကျွင်းချောင်ရှောင်းသည် အနိုင်ယူ နိုင်ခဲ့သည်ဆိုသော်လည်း ကြီးမားသည့် ပေးဆပ်မှုကိုတော့ ပေးဆပ်ရတော့သည်။ အထူးသဖြင့် သိုင်းနယ်မြေ အဆင့်ခြောက် စွမ်းအားမြင့် ကျင့်ကြံသူများနှင့် တိုက်ခိုက်ရသည့်အချိန်မှာတော့ သူသည် လက်နက်များကို ထုတ်ဖော်ကာ အသုံးပြုခဲ့ရသည်။ သူ့အနေနှင့် သိုင်းနယ်မြေ ကျင့်ကြံသူအဆင့်ကို ချိုးဖြတ်ရောက်ရှိခဲ့တာ သေချာ၏။ သို့ပေမဲ့ သူသည် မြေအဆင့် အလယ်အလတ် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်၍ ရနိုင်ဦးမည်တော့ မဟုတ်ချေ။ ထို့ကြောင့် ထိုသို့သော ကျွမ်းကျင်သူများနှင့် တိုက်ခိုက်သည့်နေရာတွင် သူ၏ ကောင်းမွန်လွန်းလှသော လက်နက်များကို ထုတ်ဖော်ကာ အသုံးပြုမှသာလျှင် အနိုင်ယူနိုင်စွမ်း ရှိပေလိမ့်မည်။
“ဂိုဏ်းချုပ်”
ခြောက်ရက်မြောက်နေ့မှာတော့ အဘိုးကြီးတင်းသည် ကျန်နေသော အပြင်ဘက်ရှိ စွမ်းအားမြင့် ကျင့်ကြံသူများကို ကြည့်ကာ ပြောလိုက်တော့သည်။ “ဒီနေ့မှာတော့ ကုန်သလောက် ဖြစ်ပါပြီ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။ “ပိုပြီး အားကောင်းတဲ့လူတွေ ရှိသေးတယ်လေ၊ တိုက်ပွဲက ကြာအုံးမယ်လို့ထင်တယ်၊ သူတို့က ကျုပ်အကြောင်းကို ပိုပြီးသိလာလေ၊ သူတို့ကို အနိုင်ယူရဖို့ ပိုပြီး ခက်ခဲလာလေပဲလေ။ ဒါပေမဲ့ ကြာလာရင် ကျုပ်နဲ့ လက်ရည်စမ်းရမယ့်လူ ရှိတော့မှာ မဟုတ်ဘူး။”
“ဒါဆိုလို့ရှိရင် ကျုပ် တိုက်ခိုက်မယ်” ခရမ်းရောင်ဘုရင်သည် ထူးမခြားနားသလို ဝင်၍ ပြောလိုက်သည်။ သူသည် လွန်ခဲ့သည့်ရက်အတွင်း တိုက်ပွဲကို ကြည့်ရှုနေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဂိုဏ်းချုပ်အား မည်ကဲ့သို့ လက်ရည်စမ်းပေးရမည်ကို သူ ကောင်းကောင်းနားလည်နေပြီဖြစ်၏။
“ကျုပ် သူတို့နဲ့ တိုက်ခိုက်ပြီးသွားရင် ခင်ဗျားနဲ့ ဆက်တိုက်ခိုက်တာပေါ့” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။
ခရမ်းရောင်ဘုရင်က ကြောင်သွား၏။ သူသည် ချက်ချင်းပဲ ခေါင်းကို ခါယမ်းလိုက်၏။ “ဂိုဏ်းချုပ်က ကျုပ်ရဲ့ ပြိုင်ဘက် မဟုတ်ဘူးလေ၊ ဒီတော့ အရှက်မကွဲချင်ပါနဲ့”
ကျွင်းချောင်ရှောင်းသည် နှာခေါင်းကို ကုတ်ကာဖြင့် ပြောလိုက်သည်။ “ခင်ဗျား ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ရှိတယ်ပေါ့”
ပြောပြီးသည့်နောက်မှာတော့ သူသည် အပြင်ဘက်ရှိ တိုက်ခိုက်ရေးစင်မြင့်ပေါ်သို့ ခုန်တက်လိုက်၏။ ထိုအချိန်မှာတော့ ကောင်းကင်ပေါ်တွင် လေးနက်သော အသံကြီး ထွက်ပေါ်လာခဲ့တော့သည်။
“ယုဒြာကုန်းမြေတိုက်သည် သတ်ဖြတ်ခြင်းကုန်းမြေ၏ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့သည်၊ ဒါကြောင့် အထူး အထူးသော အပြစ်ပေးမှုကို ပြုလုပ်ပြီး တခြားသောသူများ နောင်ကျဉ်အောင် အပြစ်ပေးရပေလိမ့်မည်”