အခန်း (၁၀၂၉)
Vol. 70 Ch. 1029
တိုက်ခိုက်ရေး စိတ်ဝိညာဉ် ငါးထောင်ကျော်တို့ ဆိုသည်မှာ တိုက်ခိုက်ရန်အတွက်သာ စိတ်အားထက်သန်ကြသော သူများဖြစ်သည်။ တိုက်ခိုက်ရေးအတွက်လည်း အထက်နယ်မြေမှ ဖန်တီးထားခဲ့သော သတ္တဝါများဟု ခေါ်ဆိုနိုင်၏။ ၎င်းတို့ ရောက်ရှိလာသည်ဆိုသည်နှင့် ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးသည် သတ်ဖြတ်လိုက်ခြင်းအော်ရာများ နှင့် ပြည့်နှက်သွားခဲ့၏။
ကဲ့ကျင်းနန်သည် လေထုထဲတွင် မတ်မတ်ရပ်နေ၏။ သူမ၏ မျက်နှာပေါ်တွင်တော့ အကြောက်အလန့်ကင်းသည့် ပုံပန်းသွင်ပြင်များ ပေါ်ပေါက်လျက်ရှိသည်။ ဤနေရာတွင် များပြားလှသည့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ ပေါ်ပေါက်လာသည်ဆိုသော်လည်း သူမသည် လုံးဝ မကြောက်ရွံ့ချေ။ တကယ်တမ်း ယုဒြာကုန်းမြေတိုက်ကြီး အနေနှင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်မည်ဆိုပါက မည်သို့မှ အနိုင်ယူနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူမသည် ကြီးကျယ်လှသည့် ဆုံးဖြတ်ချက်ကြီးတစ်ခုကို ချမှတ်ခဲ့ပြီးသားဖြစ်သည်။
ထိုအချိန်မှာပဲ အကြီးအကဲတစ်ယောက်က အကြံပေးလိုက်သည်။ “တောင်ကြားသခင်... အသက်ရှင်နေသေးရင် မျှော်လင့်ချက် ရှိသေးတယ်လေ၊ ဒီတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးကနေ မြန်မြန်ထွက်ခွာသွားရအောင်”
ဟုတ်ပေသည်။ သူတို့ ထွက်ခွာသွားမည်ဆိုပါက ခံတပ်တည်နေရာကြီး တစ်ခုလုံး ဆုံးရှုံးသွားမှာဖြစ်သည်။ သို့ပေမဲ့ အနည်းဆုံးတော့ သူနှင့် တပည့်များအားလုံး၏ အသက်ကို ကယ်တင်နိုင်စွမ်း ရှိနေတော့သည်။
“ဘိုးဘေးအကြီးအကဲကြီး”
ကဲ့ကျင်းနန်သည် လေးနက်သည့် အမူအရာဖြင့် ပြောလိုက်၏။ “တပည့်တွေ အကုန်လုံးကိုခေါ်ပြီးတော့ ထွက်သွားပါတော့”
“ဒါဆိုရင် တောင်ကြားသခင်ကကော” ဘိုးဘေးအကြီးအကဲကြီးက မေးလိုက်သည်။
ကဲ့ကျင်းနန်သည် ခံတပ်တည်နေရာကြီးဆီသို့ လှည့်ကြည့်ကာ ပြောလိုက်သည်။ “ဒီတည်နေရာကြီးကို ယုဒြာ ကုန်းမြေတိုက်ကြီးမှာရှိတဲ့ ဘိုးဘေးတွေက တည်ဆောက်ခဲ့တာလေ၊ စကားနဲ့ ပြောလို့မရအောင် များပြားတဲ့ သွေးတွေ မြေပေါ်စီးဆင်းခဲ့ရတယ်၊ ကျွန်မကြောင့် ကြီးမားတဲ့ ကပ်ဘေးကြီးကို ခံရတယ်ဆိုတော့ ကျွန်မက ခွင့်လွှတ်လို့မရတဲ့ အပြစ်သားတစ်ယောက် ဖြစ်သွားပြီပေါ့”
သူမအနေနှင့် ဤနေရာတွင် နေထိုင်ပြီး ဤနေရာတွင် သေဆုံးသွားချင်စိတ်ပင် ဖြစ်နေမိ၏။
“တောင်ကြားသခင်”
“ထပ်မပြောနဲ့တော့၊ ကျွန်မ ဆုံးဖြတ်ပြီးသွားပြီ”
ပြီးသည့်နောက်မှာတော့ သူမသည် တင်းမာခက်တန်သည့် လေသံဖြင့် ပြောလိုက်၏။ “တစ်ရာ့ခြောက်ဆယ်မြောက် တောင်ကြားသခင် တစ်ယောက်အနေနဲ့ အမိန့်ပေးမယ်၊ ဂိုဏ်းထဲ အထက်ပိုင်းအကြီးအကဲတွေနဲ့ အားလုံးကို ခေါ်ပြီးတော့ ဒီနေရာကနေ ချက်ချင်း ထွက်သွားတော့”
“...........”
ဘိုးဘေးအကြီးအကဲကြီး၏ အမူအရာသည် ပျက်ယွင်းသွားခဲ့တော့သည်။ သူမက ပြောလိုက်၏။ “ကောင်းပါပြီ”
“နောက်ဆုတ်၊ နောက်ဆုတ်၊ မြန်မြန် နောက်ဆုတ်ရအောင်”
ဆွစ် ဆွစ်
ထိုအချိန်မှာပဲ အရွက်တစ်ရာတောင်ကြား၏ အကြီးအကဲများနှင့် တပည့်များသည် ခံတပ်ထဲသို့ ပြန်လည်ကာ ပျံသန်းသွားခဲ့ကြသည်။ ပြီးသည့်နောက်မှာတော့ ကြေးနီရောင်တံခါးဆီသို့ လှမ်းလျှောက်လိုက်ကြ၏။ ၎င်းတို့ အားလုံးသည် တောင်ကြားသခင်ဆီသို့ လှမ်း၍ ကြည့်လိုက်၏။
“အရွက်တစ်ရာတောင်ကြားက လူတွေအားလုံးက နောက်ဆုတ်သွားကြပြီလား၊ ထားလိုက်တော့၊ ငါတို့လည်း နောက်ဆုတ်ကြရအောင်”
ယုဒြာကုန်းမြေတိုက်ကြီး၏ တခြားသော သိုင်းကျင့်ကြံသူများအားလုံးသည်လည်း တစ်ယောက်ပြီးတစ်ယောက် အနောက်သို့ ဆုတ်ခွာလိုက်ကြသည်။
“ဒါအမှန်ပဲ၊ တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေ ဒီလောက်အများကြီး ရှိနေတာလေ၊ ပထမအဆင့် ဂိုဏ်းတွေဆိုရင် တောင်မှ ရင်ဆိုင်ယှဉ်ပြိုင်တိုက်ခိုက်ဖို့ မလွယ်ဘူး၊ သူတို့လို အဆင့်ငါး၊ အဆင့်ခြောက် ဂြိုဟ်တွေဆို ပိုဆိုးတာပေါ့”
ယုဒြာကုန်းမြေတိုက်ကြီးဆီမှ သိုင်းကျင့်ကြံသူများ အနောက်ဘက်သို့ ပြန်လည်ဆုတ်ခွာသွားသည်နှင့် ပတ်သက်၍ သိုင်းကျင့်ကြံသူများအားလုံးသည် နားလည်မိလိုက်ကြ၏။ သို့ပေမဲ့ အားလုံးထွက်ခွာသွားချိန်တွင် တောင်ကြား သခင်သည် အပြင်ဘက်၌ မတ်မတ်ရပ်ကာ ကျန်ရှိနေသည်။ သူမသည် အပြင်ဘက်တွင်ရှိနေသော တိုက်ခိုက်ရေး စိတ်ဝိညာဉ် ငါးထောင်တို့နှင့် ယှဉ်ပြိုင် တိုက်ခိုက်ရန် ရည်ရွယ်ထားသည်လား မသိချေ။
များပြားလှသော ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများ အားလုံးသည် ဇဝေဇဝါ ဖြစ်မိနေကြ၏။ “သူက ခံတပ်ကို ကာကွယ်ချင်နေတာလား”
ဆွစ်
အလင်းတန်းတစ်ခုသည် ခံတပ်ဆီသို့ တိုးထွက်သွားတော့သည်။ အလင်းတန်းများ ပျောက်ကွယ်သွားပြီးသည့် နောက်မှာတော့ အစိမ်းရောင်လင်းလက်လျက်ရှိသော ဓားကြီးတစ်ခုသည် ခံတပ်ထဲတွင် ပေါ်လာခဲ့တော့သည်။ ဤအရာမှာ အရွက်တစ်ရာတောင်ကြား၏ ငရဲဓားပင် ဖြစ်တော့သည်။ တောင်ကြားသခင်၏ အမှတ်သင်္ကေတ လည်း ဖြစ်သည်။
“ဘိုးဘေး အကြီးအကဲကြီး”
ကဲ့ကျင်းနန်သည် အနောက်ဘက်သို့ အသာလှည့်ကြည့်ပြီးနောက် ပြောလိုက်သည်။ “ပြန်သွားပြီဆိုရင် တခြားတောင်ကြားသခင် တစ်ယောက်ကို ရွေးချယ်ပါတော့”
“တောင်ကြားသခင်”
တပည့်များအားလုံးသည် နာကျည်းချက်အပြည့်ဖြင့် အော်ဟစ်လိုက်ကြတော့၏။ ပထမ အကြီးအကဲကြီး၏ အမူအရာသည် ပျက်ယွင်းသွားခဲ့တော့သည်။ သို့ပေမဲ့ သူမသည် သိုလှောင်လက်စွပ်ထဲသို့ ငရဲဓားအား ထည့်သွင်းကာ ပြောလိုက်တော့သည်။ “တပည့်တို့... ယုဒြာကုန်းမြေတိုက်ဆီကို ပြန်ကြရအောင်”
အစစ်အမှန်အားဖြင့် သူမသည် ဤနေရာတွင်နေပြီး တောင်ကြားသခင်နှင့်အတူ ခံတပ်ကြီးတစ်ခုလုံးကို ကာကွယ် ချင်နေမိ၏။ သို့ပေမဲ့ လက်ရှိအခြေအနေတွင် တပည့်များအားလုံးကို သူသာ မခေါ်ဆောင်သွားပါက တောင်ကြား သခင်၏ အမိန့်ကို ဖီဆန်သလို ဖြစ်လာပေလိမ့်မည်။
ရွှီး ရွှီး
ထိုအချိန်မှာတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များအားလုံးသည် တိုက်ခိုက်မှုကို စတင်ကာ ပြုလုပ်တော့သည်။
ဟူး ဟူး
ကဲ့ကျင့်နန်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီးသည့်နောက် စိတ်ဝိညာဉ်စွမ်းအင်များကို စုစည်းကာဖြင့် ပြန်လည်ကာ တိုက်ခိုက်တော့သည်။
တိုက်ပွဲကို လာရောက် ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ကဲ့ကျင်းနန်ကို ကြည့်ရှု၍ အလွန်တရာ လေးစားသည့် ခံစားချက်များ ရရှိနေကြသည်။ အရွက်တစ်ရာတောင်ကြား ၏ တောင်ကြားသခင်သည် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်နှစ်ကောင်ကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း မရှိချေ။ ထို့အပြင် မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များနှင့် အမဲရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ ကလည်း ရေတွက်လို့မရအောင် ရှိနေသေး၏။ သို့ပေမဲ့ တောင်ကြားသခင်ကဲ့သည် အကြောက်အလန့် ကင်းစွာဖြင့် ပြန်လည် တိုက်ခိုက်လျက် ရှိနေသည်။ အစစ်အမှန် သိုင်းကျင့်ကြံသူတစ်ယောက် ပီသလွန်းလှ၏။
ဟူး ဟူး
တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ဒါဇင်ကျော်တို့သည် အရှေ့ဆီသို့ လှမ်းတက်၍ တိုက်ခိုက်လိုက်ကြ၏။ သူတို့၏ ပစ်မှတ်သည် ခံတပ်၏ အပြင်ဘက်တွင်ရှိသော တစ်ဦးတည်းသောလူတစ်ယောက် ဖြစ်သည်မို့ အားလုံးသည် စုပေါင်းကာ တိုက်ခိုက်လိုက်ကြ၏။ များပြားလှသော စွမ်းအင်လှိုင်းများ အားလုံးသည် ဤနေရာတွင် ပေါက်ကွဲ ဖြစ်ပေါ်လာပြီးသည့်နောက်မှာတော့ ကဲ့ကျင်းနန်သည် ခုခံမှုကို မပြုလုပ်နိုင်တော့ကြောင်း အားလုံးက ထင်မှတ် လိုက်မိကြ၏။ အလုံးစုံသော စွမ်းအားနှင့် အရေအတွက်အရဆိုလျှင် ကဲ့ကျင်းနန်သည် မည်သို့မှ ယှဉ်ပြိုင်တိုက်ခိုက် နိုင်လိမ့်မည် မဟုတ်ချေ။
ဘုန်း ဘုန်း ဘုန်း ဘုန်း ဘုန်း
စွမ်းအင်လှိုင်းများအားလုံး၏ ဝိုင်းရံဖိနှိပ် တိုက်ခိုက်ခြင်းကို ခံနေရသော ကဲ့ကျင်းနန်သည် သူမ၏ လက်သီးများကို လှုပ်ရှားပြီးသည့်နောက် အဝါရောင်အဆင့် သိုင်းကျင့်ကြံသူ နှစ်ဆယ်ကျော်တို့ကို အနောက်ဘက်သို့ လွင့်စင်သွား အောင် ပြုလုပ်ခဲ့၏။ မြေအဆင့် စွမ်းအားမြင့် ကျင့်ကြံသူတစ်ယောက် အနေနှင့် ဤကဲ့သို့ အဆင့်အတန်းမျိုးနှင့် ပြန်လည်တိုက်ခိုက်နိုင်သည်မှာ လက်ခံနိုင်စရာပင်ဖြစ်သည်။ သို့ပေမဲ့ အနောက်ဘက်တွင် ရောက်ရှိလာသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များမှာ အမဲရောင်အဆင့်နှင့် မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကလည်း ပါဝင်လျက် ရှိနေသေး၏။
ဘုန်း ဘုန်း ဘုန်း
ချက်ချင်းပဲ ကဲ့ကျင်းနန်အား တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် ပင်လယ်ကြီးတစ်ခုကဲ့သို့ ဝိုင်းရံကာ တိုက်ခိုက် ကြတော့သည်။ သူမ အနေနှင့် အဆင့်နိမ့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို အနောက်ဘက်သို့ လွင့်စင်အောင် တိုက်ခိုက်နိုင်စွမ်းရှိသည်ဆိုသော်လည်း အကြိမ်အနည်းငယ် ရင်ဆိုင်တိုက်ခိုက်ပြီးသည့်နောက်မှာတော့ ချက်ချင်းပဲ ခုခံရသည့် အခြေအနေမျိုးသို့ ရောက်ရှိလာခဲ့သည်။ တစ်စုံတစ်ယောက်အနေဖြင့် များပြားလှသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို ယှဉ်ပြိုင်တိုက်ခိုက်ရသည်ဆိုခြင်းမှာ မမျှတလှချေ။ ထို့ကြောင့် အချိန်အနည်းငယ်အတွင်းမှာပဲ ကဲ့ကျင်းနန်သည် အောက်စည်းအခြေအနေသို့ ရောက်ရှိသွားခဲ့သည်။
ဘုန်း
တစ်ချက်ကလေး သတိလွတ်လိုက်သည်နှင့် မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ကောင်သည် သူမအား အနာက်ဘက်မှ ရိုက်နှက်လိုက်တော့၏။
ဘန်း ဘန်း
သူမသည် အနောက်ဘက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားပြီး ပါးစပ်ထဲမှ သွေးများ အန်ထွက်လာခဲ့သည်။ မျက်နှာတစ်ခုလုံးသည်လည်း ချက်ချင်းပဲ ဖြူလျော်သွားခဲ့တော့သည်။
“တောင်ကြားသခင်”
“ဘိုးဘေးအကြီးအကဲကြီး... ကျုပ်တို့ တောင်ကြားသခင်နဲ့အတူ သေတဲ့အထိ တိုက်ခိုက်ကြရအောင်”
ဆွစ် ဆွစ်
အရွက်တစ်ရာတောင်ကြားမှ တပည့်များအားလုံးသည် ကြေးတံခါးထဲသို့ မဝင်ရောက်သေးချေ။ အားလုံးသည် သူတို့၏ အသက်ကို တစ်ချက်ကလေးမှ မမှုတော့ဘဲ ခံတပ်၏ အပြင်ဘက်သို့ ထွက်ပေါ်လာသည်။
ထိုအချင်းအရာကို ကြည့်ပြီးသည့်နောက် ဘိုးဘေးအကြီးအကဲကြီးသည် အသံပို့လွှတ်ကာ ပြောလိုက်တော့၏။ “တောင်ကြားသခင်... ဒါက ကျုပ် ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်တော့ဘူး”
ဆွစ်
သူမသည်လည်း အလင်းတန်းအဖြစ်သို့ ပြောင်းလဲပြီးသည့်နောက် ခံတပ်၏ အပြင်သို့ ထွက်ပေါ်လာခဲ့သည်။ ထိုအခိုက်မှာတော့ အရွက်တစ်ရာတောင်ကြားထဲတွင် ရှိနေသော အထက်ပိုင်း အကြီးအကဲများနှင့် တပည့်များ အားလုံးသည် အသက်ရှင်သန်ရန်အတွက် ထွက်ခွာခြင်းကို မပြုလုပ်ခဲ့ကြတော့ပေ။ ၎င်းတို့အားလုံးသည် ရှေ့ဆီသို့ လှမ်းတက်လာပြီးသည့်နောက် တောင်ကြားသခင်နှင့်အတူ ခံတပ်ကြီးကို ကာကွယ်ရန်သာ ရွေးချယ်လိုက်ကြသည်။ သေဆုံးသွားမည်ဆိုလျှင်တောင် သူတို့သည် မည်သို့မှ ဂရုစိုက်ကြမည် မဟုတ်ချေ။
ဘုန်း ဘုန်း ဘုန်း
ခံတပ်၏ အပြင်ဘက်မှာတော့ များပြားလှသော မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များအားလုံးသည် ဆက်လက်ကာ တိုက်ခိုက်လျက်ရှိနေ၏။ ကဲ့ကျင်းနန်သည် ရှောင်တိမ်းရန် ကြိုးစားလိုက်သည်ဆိုသော်လည်း များပြားလှသည့် တိုက်ခိုက်ချက်များသည် သူမ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းနေ၏။ ထို့ကြောင့် ဆိုးရွားသည့် အခြေအနေကို ကြုံတွေ့နေရတော့သည်။ ဂိုဏ်း၏ အထက်ပိုင်းအကြီးအကဲများနှင့် တပည့်များအားလုံးသည် ပြန်လည် ရောက်ရှိလာသည်ကို မြင်ရသည့်အချိန်မှာတော့ သူမသည် ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်၏။
“ရှင်တို့”
သူမ၏ အသံသည် ရပ်တန့်သွား၏။ အဘယ်ကြောင့်ဆိုသော် အနောက်ဘက်ဆီမှ အလွန်တရာ အားကောင်းလှသော အော်ရာများ ဖြစ်တည်လာခဲ့တော့သည်။ ဘေးတစ်ဖက်တွင် ကြည့်ရှုနေသော ကောင်းကင် အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် မည်သို့မှ မနေနိုင်တော့ဘဲ ကြီးမားလှသည့် သူ၏ တံစဉ်ကြီးနှင့်အတူ ဝင်ရောက်ကာ တိုက်ခိုက်ခြင်းပင် ဖြစ်သည်။
အားကောင်းလွန်းလှသော စွမ်းအင်လှိုင်းများ ကျဆင်းလာပြီးသည့်နောက်မှာတော့ ကဲ့ကျင်းနန်၏ စိတ်တစ်ခုလုံး သည် တုန်ယင်သွား၏။ သူမ၏ နှလုံးသားထဲတွင်တော့ မကောင်းသည့် ခံစားချက်များ ရောက်ရှိလာခဲ့တော့သည်။ သူမသည် သေဆုံးတော့မည်ဖြစ်၏။ တပည့်များ၏ အရှေ့တွင် သေဆုံးရတော့မည် ဖြစ်သည်။ သူမ၏ တည်ရှိမှု သည် နေဝင်သွားခဲ့ပြီဖြစ်ကြောင်း ကဲ့ကျင်းနန် ကောင်းကောင်းသိ၏။
အဘယ်ကြောင့်ဆိုသော် သူမအား မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ဒါဇင်ကျော်တို့က ဝိုင်းပတ်ထားလျက်ရှိသည်။ ထို့ကြောင့် သူမသည် မျက်လုံးကိုသာ စုံမှိတ်ထားလိုက်တော့၏။ အရွက်တစ်ရာတောင်ကြား၏ တစ်ရာ့ခြောက်ဆယ်မြောက် တောင်ကြားသခင် တစ်ယောက်အနေနှင့် သူမသည် ဂုဏ်သိက္ခာရှိရှိ သေဆုံးရမှာဖြစ်သည်။
ဘုန်း
ရုတ်တရက်ဆိုသလိုပဲ သူမ၏ အနောက်ဘက်တွင်တော့ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ဖြစ်တည် လာခဲ့၏။ ကြမ်းတမ်းလှသော လှိုင်းများသည် တခြားတစ်ဖက်ဆီသို့ ပျံ့နှံ့သွားကြောင်းကို ကဲ့ကျင်းနန် ခံစားလိုက်မိ ၏။ ထို့ကြောင့် အလောတကြီးဖြင့် မျက်လုံးကို ဖွင့်ကာ ကြည့်ရှုလိုက်တော့သည်။ သူမ၏ အမြင်အာရုံမှာတော့ လက်နက်အပြည့် ကိုင်ဆောင်ထားခဲ့သော ဂိုဏ်းချုပ်ကျွင်းသည် အနောက်ဘက်သို့ ရောက်ရှိနေခဲ့သည်။
ဂိုဏ်းချုပ်ကျွင်းသည် လက်သီးကို ဆုပ်ကာဖြင့် အလွန်တရာ အားကောင်းလှသော တိုက်ခိုက်ချက်များကို ထုတ်ဖော်ကာ တိုက်ခိုက်နေ၏။ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် ရုတ်တရက် တိုက်ခိုက်ခံ လိုက်ရသောကြောင့် နောက်ဘက် ပေရာဂဏန်းအနည်းငယ်ဆီသို့ လွင့်စင်သွားတော့၏။
“ဂိုဏ်းချုပ်ကျွင်း...” ကဲ့ကျင်းနန်သည် ကြောင်အသွား၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် လာရောက် ကယ်တင်လိမ့်မည်ဟု သူမ တွေးထင်ထားခဲ့မိ၏။ သို့ပေမဲ့ ဤမျှ မြန်မြန်ဆန်ဆန်ဖြင့် ရောက်ရှိလာလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
“တောင်ကြားသခင်ကဲ့” ကျွင်းချောင်ရှောင်းသည် သူမ၏ ရှေ့တွင် မားမားမတ်မတ်ရပ်ကာဖြင့် အလွန်တရာ လေးနက် တည်ကြည်လှသည့် မျက်နှာအမူအရာဖြင့် ကြည့်လိုက်၏။ ပြီးသည့်နောက်မှာတော့ ဘေးတစ်ဖက် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို လှမ်းကြည့်ကာ ပြောလိုက်တော့သည်။ “ဒီအမှိုက်တွေကို ကျုပ်တို့ ပြိုင်စံရှား ဂိုဏ်းအတွက် ထားလိုက်တော့”
“ပြိုင်စံရှားဂိုဏ်းအတွက် ထားရမယ် ဟုတ်လား” ကဲ့ကျင်းနန်သည် စိတ်ဝိညာဉ်အာရုံများကို ဖြန့်ကျက်ကာ ကြည့်ရှုလိုက်သည့်နောက်မှာတော့ ပြိုင်စံရှားဂိုဏ်းမှ တပည့်များ အများအပြား ရောက်ရှိလာသည်ကို မြင်လိုက်ရ၏။
ဆွစ်
ထိုအခိုက်မှာတော့ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် ၎င်း၏ တံစဉ်ကြီးကို ထုတ်ကာဖြင့် ပြန်လည် ရောက်ရှိလာကာ တိုက်ခိုက်သည်။
ဝှစ်
တောက်ပသော အလင်းတန်းများသည် လေထုထဲကို ပိုင်းဖြတ်ပြီးသည့်နောက်မှာတော့ လေဟာနယ်ထဲတွင် လခြမ်းပုံသဏ္ဍာန် တိုက်ခိုက်ချက်ကြီးတစ်ခုသည် ပေါ်ပေါက်လာခဲ့၏။
ဂိုဏ်းချုပ်ကျွင်းသည် အေးစက်စက် နှာခေါင်းကို ရှုံ့လိုက်၏။ ပြီးသည့်နောက် သူ၏ လက်ဝါးကို ယမ်းခါလိုက်သည်။
ဘုန်း
စွမ်းအင်လှိုင်းများ ပေါက်ကွဲထွက်သွားပြီးနောက် တည်နေရာကြီးတစ်ခုလုံး ပျံ့နှံ့သွားခဲ့တော့သည်။ သူ၏နောက် တွင် ရပ်လျက်ရှိသော ကဲ့ကျင်းနန်သည် တစ်ဖက် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ဆီမှ တိုက်ခိုက် ချက်ကို လွယ်လွယ်ကူကူဖြင့် တိုက်ခိုက်နိုင်ခဲ့သော ဂိုဏ်းချုပ်ကျွင်းအား ပြန်လည်ကြည့်ရှုကာဖြင့် မယုံကြည်နိုင် သလို ပြောလိုက်မိသည်။ “သူက ကောင်းကင်အဆင့် ကျင့်ကြံသူလား”