အခန်း (၁၀၃၂-၁၀၃၃)
Vol. 70 Ch. 1032-1033
အရာအားလုံးဓားများ နည်းစနစ်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းလှသနည်းဆိုသော် တိုက်ခိုက်ရေး စိတ်ဝိညာဉ်အားလုံးပေါင်း တစ်ထောင်ကျော်တို့မှာ တစ်ခါတည်း သတ်ဖြတ်ခြင်းကို ခံလိုက်ရတော့၏။ ကျွင်းချောင်ရှောင်း သည်ပင်လျှင် အလွန်တရာ အံ့အားသင့်လျက်ရှိ၏။ သူသည် အဆင့်မချိုးဖြတ်ခင်က ဓားတစ်သောင်းမှသည် တစ်ခုတည်းဆီသို့ တိုက်ခိုက်ရေးနည်းစနစ်၏ အဆင့်တစ် ၌ တစ်လျက်ရှိနေ၏။
သို့ပေမဲ့ ဓားတာအိုပင်ကိုယ်စွမ်းရည် ပြောင်းလဲခြင်း ဆေးရည်ကို သောက်ပြီးသည့်နောက်မှာတော့ သူသည် ဓားနယ်မြေကျင့်ကြံသူအဆင့်ဆီသို့ ချိုးဖြတ် ရောက်ရှိခဲ့၏။ ပြီးသည့်နောက်မှာတော့ အရာအားလုံး ဓားများအဖြစ်သို့ ဆိုသော ဒုတိယ တိုက်ခိုက်ရေး နည်းစနစ်ကို နားလည်ခဲ့တော့၏။ ဤအရာကို ထုတ်ဖော်အသုံးပြုလိုက်သည့်အချိန်တွင် အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော နည်းစနစ် ဖြစ်နေမည်မှန်း သူမထင်မှတ်ခဲ့ချေ။
“စိတ်ဝင်စားစရာပဲ”
ကျွင်းချောင်ရှောင်း၏ မျက်လုံးများသည် တောက်ပသွားခဲ့၏။ သူ၏ ခန္ဓာကိုယ်ဆီမှ ဓားအော်ရာများသည် ထပ်မံကာ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ နေရာတော်တော်ဝေးဝေးဆီသို့ ပျံ့နှံ့ သွားခဲ့၏။
ဆွစ် ဆွစ်
ကျောက်တုံး၊ သစ်ပင်နှင့် အမှိုက်သရိုက်များ အားလုံးသည် လေပေါ်သို့ ထပ်မံကာ တက်လာခဲ့၏။ ပြီးသည့်နောက် မှာတော့ ၎င်းအရာများအားလုံးသည် မဖျက်ဆီးနိုင်သော ဓားများကဲ့သို့ ၎င်း၏ အနောက်ဘက်တွင် ဝဲလျက် ရှိသည်။
“ထပ်လာပြန်ပြီလား”
အားလုံးသည် အလန့်တကြားဖြင့် ထ၍အော်လိုက်မိကြ၏။ အလွန်အားကောင်းလှသော နည်းစနစ်များကို ထုတ်ဖော်အသုံးပြုမည်ဆိုလျှင် စွမ်းအင် အများအပြား ကုန်ဆုံး၏။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်း သည် ထိုကဲ့သို့သော နည်းစနစ် တိုက်ကွက်မျိုးကို တစ်ခါတည်း နှစ်ကြိမ်တိတိ အသုံးပြုလျက်ရှိ၏။
ဆွစ် ဆွစ်
ပတ်ဝန်းကျင်တွင် ရှိရှိသမျှ အရာအားလုံးသည် ဓားများအဖြစ်သို့ စုစည်းပြီးသည့်နောက်မှာတော့ ကောင်းကင်ကြီး တစ်ခုလုံး လင်းလက်သွားခဲ့သည်။
ဒင် ဒင် ဒင် ဒင်…
ရူးရူးမူးမူး တိုက်ခိုက်သည့် အသံများ ထွက်ပေါ်လာပြီးသည့်နောက်မှာတော့ မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ရာကျော်တို့သည် ဓားများဖြင့် ထိုးနှက်ခြင်းကို ခံရပြီးသည့်နောက်မှာတော့ ၎င်းတို့၏ အသိစိတ်များသည် ပျောက်ကွယ်သွားခဲ့ကြ၏။
ကြည့်ရှုနေကြသည့် သိုင်းကျင့်ကြံသူများသည် ခံစားချက် ကင်းမဲ့စွာ ရှိနေကြ၏။ လက်ရှိ အခြေအနေမှာတော့ ၎င်းတို့သည် ကျွင်းချောင်ရှောင်းတစ်ယောက် အလွန်အားကောင်းလှသော သတ်ဖြတ်ခြင်းကို ထုတ်ဖော်ကာ ဝါကြွားလျက်ရှိနေသည် မဟုတ်ကြောင်း ကောင်းကောင်းနားလည်မိကြသည်။
အဝါရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ထောင်ကို သတ်ဖြတ်ပြီးသည့်နောက် ရီရှင်းချန်သည် ဓားတစ်စင်းကဲ့သို့ ခပ်မတ်မတ်ရပ်လျက် ရှိနေသော ဂိုဏ်းချုပ်ကို လှမ်းကာ ကြည့်လိုက်၏။ ဂိုဏ်းချုပ်သည် သိုင်းအင်ပါယာအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားမည်ဆိုရင် လေဟာနယ်ကို ထိုးခွင်းပြီးတော့ တခြားနေရာတွေကို သွားလာနိုင်စွမ်းရှိတဲ့ ဂိုဏ်းချုပ်တစ်ယောက် ဖြစ်ပေလိမ့်မည်ဟု သူ အတည်ပြုလိုက်မိ၏။
လေဟာနယ်ကိုခွင်းကာဖြင့် အထက်နယ်မြေသို့ သွားလာနိုင်ခဲ့သော ကျွမ်းကျင်သူဟူ၍ ကြယ်ကြွေကုန်းမြေ တိုက်ကြီး၌ အနည်းငယ်သာရှိ၏။ အလွန်တရာ အားကောင်းလှပါသည်ဆိုသော ညအင်ပါယာသည်ပင်လျှင် အရင် ဘဝတုန်းက ထိုကဲ့သို့ မလုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် သူ၏ ဂိုဏ်းချုပ်ကို ဤကဲ့သို့ သုံးသပ်ခြင်းဆိုသည်မှာ အလွန် တရာ အထင်ကြီးသောကြောင့် ဖြစ်ပေလိမ့်မည်။
ဆွစ်
ဓားအလင်းများသည် ထပ်မံကာ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ လောကကြီးတစ်ခုလုံးကို ထိုးခွင်းလု မတတ် ဖြစ်နေ၏။
ဘန်း ဘန်း ဘန်း ဘန်း
တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် မည်မျှ အားအင်ကောင်းလှပါသည်ဆိုဆို ခုတ်ပိုင်းခံရသည့် မြက်များ ကဲ့သို့ပင် ဖြစ်တည်လျက် ရှိနေကြ၏။ ၎င်းတို့ အားလုံး၏ ဦးခေါင်းများသည် မြေပေါ်သို့ တဘုတ်ဘုတ်နှင့် ပြုတ်ကျနေကြသည်။
မူလအားဖြင့် ပြိုင်စံရှားဂိုဏ်းမှ တပည့်များ ကြီးကြီးကျယ်ကျယ် တိုက်ခိုက်နေသည်ကို ကြည့်ရှုနေသော သူများသည် လက်ရှိအခြေအနေမှာတော့ ဂိုဏ်းချုပ်ကျွင်း၏ တိုက်ခိုက်ရေး အားအင်ကို သေသေချာချာ ကြည့်ရှု့ကာ အံ့ချီးနဘမ်း ဖြစ်နေကြသည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည်လည်း လက်ရှိအခြေအနေတွင် ပရိသတ်များအဖြစ် ၎င်းတို့၏ ဂိုဏ်းချုပ်ကို ကြည့်ရှုလျက်ရှိနေသည်။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ အလွန်တရာ အထင်ကြီး ချီးကျူးသည့် အရိပ်အယောင်များ ပြည့်နှက်နေတော့၏။
ဘုန်း ဘုန်း ဘုန်း
မူလအားဖြင့် ကျွင်းချောင်ရှောင်းအား စိန်ခေါ်ခဲ့သည့် ခရမ်းရောင်ဘုရင်သည်လည်း လက်ရှိအခြေအနေ မှာတော့ စိုးရွံ့လျက် ရှိနေသည်။ သို့ပေမဲ့ သူသည် လက်ရှိတိုက်ပွဲကိုသာ အာရုံစိုက်လျက် ရှိနေ၏။ အလွန်တရာ အားကောင်းလွန်းလှသော မွန်းစတား အော်ရာများကို ထုတ်ဖော်ပြီးသည့်နောက်မှာတော့ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်နှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်လျက် ရှိနေသည်။ ဂိုဏ်းချုပ်သည် အလွန် အားကောင်း နေ၏။ သူ့အနေနှင့် နောက်မှ ပြတ်ကျန်နေ၍ မဖြစ်ချေ။
သတ် သတ်
အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် ပွဲကြည့် ပရိသတ် အခြေအနေမှ ထွက်ခွာပြီးသည့်နောက်မှာတော့ လက်နက်များကို ကိုင်ဆွဲကာ တိုက်ခိုက်ရေး စိတ်ဝိညာဉ် များကို အရူးအမူး တိုက်ခိုက်ကာ သတ်ဖြတ်ကြတော့၏။ ထိုအချိန်မှာတော့ ပြိုင်စံရှားဂိုဏ်း တစ်ခုလုံးသည် လူအင်အားအရ နည်းပါးနေသည်ဆိုသော်လည်း ၎င်းတို့၏ အရှိန်အဟုန်နှင့် တိုက်ခိုက်ရေး နည်းစနစ်များသည် တစ်ဖက်ထက် ပိုမိုကာ အားကောင်းနေတော့သည်။
ဘုန်း ဘုန်း ဘုန်း
တိုက်ခိုက်ရေး နည်းစနစ်မျိုးစုံတို့၏ အလင်းတန်းများသည် ကောင်းကင်ယံထက်တွင် ဖြစ်တည်နေကြ၏။ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် တစ်ကောင်ပြီးတစ်ကောင် အောက်သို့ ပြုတ်ကျလာခဲ့သည်။
“ဒါက အရမ်းကြမ်းလွန်းတယ်လေ” တိုက်ပွဲကြီးတစ်ခုလုံးကို ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများသည် စိတ်ထဲတွင် စိုးရွံ့လျက် ရှိနေကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင် ပြိုင်စံရှားဂိုဏ်းမှ လူများအားလုံးသည် လူသား များ မဟုတ်ကြချေ။ နတ်ဆိုးများကဲ့သို့ပင် အသွင်ပြောင်းလဲလျက် ရှိနေ၏။
ဘုန်း ဘုန်း ဘုန်း
ထိုအချိန်မှာတော့ တစ်ဖက်တစ်ချက်ဆီမှ ရန်သူများ၏ ဝိုင်းရံခြင်းကို ခံထားရသော လီချင်းယန်သည် မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ တိုက်ခိုက်ချက်ကြောင့် အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် ထိန်းသိမ်းပြီးနောက် သွေးတွေ အန်ထွက်လာ၏။ ခန္ဓာကိုယ်ပေါ်တွင်ရှိသော လက်နက် အသုံး အဆောင်များ၏ ထောက်ပံ့မှုကြောင့် သူသည် လုံလုံခြုံခြုံတော့ ဖြစ်နေသေး၏။ သို့ပေမဲ့ သူ၏ စိတ်ဝိညာဉ် စွမ်းအင်များမှာတော့ ကုန်ခမ်းသွားခဲ့သည်။ မည်သို့မှ တောင့်မခံနိုင်တော့ချေ။
ဆွစ် ဆွစ်
အဝါရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် နှစ်ဆယ်ကျော်တို့သည် ဘေး၊ ဘယ်ညာနှစ်ဖက်ဆီမှ ရောက်ရှိ လာပြီးသည့်နောက် တိုက်ခိုက်ခြင်းကို ပြုမူတော့သည်။ လီချင်းယန်သည် လက်ရှိအခြေအနေမှာ ဒဏ်ရာ ရရှိထား ပြီဖြစ်သောကြောင့် မည်သို့မှ တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။ သူ၏ ဂိုဏ်းတူရောင်းရင်းများသာ လာရောက်ကာ မကူညီပါက ကျိန်းသေပေါက် သေဆုံးရတော့မှာဖြစ်၏။
ဟူး ဟူး
စွမ်းအင်လှိုင်းများ မျိုးစုံသည် အပေါ်ဘက်ဆီမှ ကျဆင်းလာသည်။
“နောက်ဆုံးတော့ ပြိုင်စံရှားဂိုဏ်းတပည့်က သေတော့မှာပေါ့” ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ အားလုံးသည်လည်း အခြေအနေမှာ ဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိနေသည်ဖြစ်ကြောင်း မျက်မြင်တွေ့ရှိနေရ၏။
ဟူး....
စွမ်းအင်လှိုင်းများသည် လီချင်းယန်၏ ခန္ဓာကိုယ်ဆီပေါ်သို့ ကျဆင်းလာခဲ့၏။ သို့ပေမဲ့ လီချင်းယန်၏ ဖြူလျော် နေသော မျက်နှာပေါ်တွင်တော့ အပြုံးတစ်ခု တည်ရှိလို့နေသည်။
“သူ ပြုံးနေတာလား” သိုင်းကျင့်ကြံသူများသည် ဆွံ့အသွား၏။
ဆွစ်
ထိုအချိန်မှာပဲ လီချင်းယန်သည် သူ၏ ဘက်ဘက်လက်ကို ယမ်းခါလိုက်၏။ သူ၏ လက်ချောင်းများကြားတွင် ဆေးလုံးတစ်လုံးပေါ်လာခဲ့သည်။ သူသည် နှောင့်နှေးခြင်းမရှိဘဲနှင့် ထိုအရာကို ပါးစပ်ထဲ ထည့်လိုက်ပြီးသည့် နောက် ပျက်စီးနေသော သူ၏ မရီဒန်များအားလုံး ပြန်လည်ကောင်းမွန်သွားပြီးသည့်နောက် စိတ်ဝိညာဉ်အမြူတေ ထဲတွင်ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များ အားလုံးသည်လည်း ပြန်လည် ပြည့်ဝသွားခဲ့၏။
ရွှီး ရွှီး
စိတ်ဝိညာဉ်စွမ်းအင်များ၏ ထောက်ပံ့မှုဖြင့် သူသည် လက်ထဲတွင် မိုးကြိုးဓားကို ကိုင်ကာ ထပ်မံ၍ တိုက်ခိုက် တော့သည်။
“ဒါက” သိုင်းကျင့်ကြံသူများ အားလုံးသည် ဆွံ့အသွားခဲ့ကြ၏။ ပြိုင်စံရှားဂိုဏ်းသည် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိနေပြီဖြစ်ကြောင်း သူတို့ ရှင်းရှင်းလင်းလင်း သိရှိ၏။ တိုက်ခိုက်နိုင်စွမ်းလည်း လုံးဝ မရှိချေ။ အဘယ်ကြောင့် ရုတ်တရက်ကြီး ပြန်လည်ကောင်းမွန်ကာဖြင့် အားကောင်းလှသည့် တိုက်ခိုက်ခြင်းကို ပြုမူနိုင်နေသနည်း။
ဆွစ်
လီချင်းယန်သည် ကောင်းကင်ပေါ်သို့ ပျံတက်ပြီးသည့်နောက် လက်ထဲတွင်ရှိနေသော မိုးကြိုးဓားကို ဝှေ့ယမ်း ကာဖြင့် တိုက်ခိုက်ခြင်းကို ပြုမူလျက် ရှိနေ၏။ ၎င်း၏ ဓားပေါ်တွင် လျှပ်စီးတန်းများပင် လက်လျက်ရှိ၏။ ကြောက်မက်ဖွယ်ရာကောင်းသော သိုင်းနည်းစနစ်များကို ထုတ်ဖော်အသုံးပြုပြီးသည့်နောက်မှာတော့ ဘေးနှစ်ဖက် နှစ်ချက်ဆီမှ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် သတ်ဖြတ်ခြင်းကို ခံလိုက်ရ၏။
“လူသားမဟုတ်ဘူး၊ ဒါ ကျိန်းသေပေါက် လူသား မဟုတ်ဘူး” သိုင်းကျင့်ကြံသူများအားလုံး၏ မျက်နှာသည် မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်သွားခဲ့ကြသည်။ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိပြီးသည့်နောက် ယခုကဲ့သို့ တိုက်ခိုက်နိုင်စွမ်း ထပ်မံဖြစ်တည်လာခြင်းဆိုသည်မှာ နားလည်လက်ခံနိုင်သည့် အရာတစ်ခု မဟုတ်ချေ။ သို့ပေမဲ့ ပြိုင်စံရှားဂိုဏ်း၏ တပည့်မှာတော့ ရှင်းရှင်းလင်းလင်းနှင့် ၎င်း၏ ပြိုင်ဘက်များကို တိုက်ခိုက်အနိုင်ယူနိုင်စွမ်း ရှိနေ၏။
ဘုန်း ဘုန်း ဘုန်း
တိုက်ပွဲသည် ဆက်လက်ကာ ဖြစ်တည်နေကြသည်။ လီဖေး၊ ထျန်းချီနှင့် တခြားသောသူများ အားလုံးသည်လည်း ၎င်းတို့ လက်နက်ပစ္စည်းများ၏ ထောက်ပံ့မှု ရှိနေကြသည်ဆိုသော်လည်း စိတ်ဝိညာဉ်စွမ်းအင်များမှာတော့ လုံလောက်အောင် မရှိကြချေ။ ထို့ကြောင့် အားလုံးသည် ဒဏ်ရာ ရရှိနေကြ၏။ သို့ပေမဲ့ ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးများကို သောက်သုံးပြီးသည့်နောက်မှာတော့ ပြည့်စုံသည့် အခြေအနေဆီသို့ ပြန်ရောက်ကာ တိုက်ခိုက် နိုင်စွမ်း ရှိနေကြသည်။
အရေအတွက်အရဆိုလျှင် ပြိုင်စံရှားဂိုဏ်းသည် အောက်စည်းတွင် ရှိနေ၏။ သို့ပေမဲ့ အလွန်ကောင်းမွန်လှသော အဆင့်မြင့် ပြန်လည်ကောင်းမွန်ခြင်း ဆေးလုံးများသည် ပြိုင်စံရှားဂိုဏ်းတပည့်များအားလုံး၏ လက်ထဲတွင် များများစားစား ရှိနေသောကြောင့် တိုက်ပွဲတွင် အသာစီးရလျက်ရှိ၏။
၎င်းတို့အားလုံးသည် ချက်ချင်း သေမလို ဖြစ်နေရာမှ ပြန်လည်ကောင်းမွန်လာသည်မက စိတ်ဝိညာဉ်အမြူတေထဲတွင် ရှိနေကြသော စိတ်ဝိညာဉ်စွမ်းအင် များ အားလုံးသည်လည်း ပြန်လည်ကာ ကောင်းမွန်လာခဲ့သည်။ ဤအရာမှာ အသက်နှစ်သက်ကို ပိုင်ဆိုင်ခြင်း နှင့်ပင် ဆင်တူနေသည်။
တိုက်ခိုက်ပွဲများ ပြုလုပ်ရာတွင် သေဆုံးသည်ဆိုသည်မှာ သာမန်သာဖြစ်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သေဆုံးသည်ဆိုခြင်းကို လက်မခံနိုင်ပေ။ ထို့ကြောင့် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲကို မဝင်ခင်ကတည်းက ပြည့်စုံ လုံလောက်သည့် ဆေးလုံးများကို ပြင်ဆင်ပေးထားခဲ့ခြင်းပင် ဖြစ်သည်။ အလွန်တရာ ဆိုးရွားလှသည့် အခြေအနေမျိုးကို မရောက်မချင်း ထိုကဲ့သို့သော ဆေးလုံးကို ထုတ်ဖော်အသုံးပြုလိမ့်မည် မဟုတ်ချေ။ သို့ပေမဲ့ ဤကဲ့သို့သော ဆေးလုံးကို ပိုင်ဆိုင်သည်နှင့် ပြိုင်စံရှားဂိုဏ်းတပည့်များကို သတ်ဖြတ်ရန် ဆိုသည်မှာ လွယ်ကူလှသော ကိစ္စရပ်တစ်ခုတော့ မဟုတ်ချေ။
ဟုတ်ပေသည်။ အဆင့်မြင့် ပြန်လည်ကောင်းမွန်ခြင်းဆေးလုံး များသည် ပြိုင်စံရှားဆေးလုံးများ မဟုတ်ပေ။ တစ်ရက်လျှင် တစ်လုံးသာ သောက်၍ရ၏။ ထို့ကြောင့် တပည့်များ အနေဖြင့် ဒဏ်ရာများ ရရှိပြီး စိတ်ဝိညာဉ်အမြူတေထဲတွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားမည်ဆိုပါက ကြံ့ကြံ့ခံနိုင်လိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့သော အခြေအနေမျိုးကို အမြစ်ဖြတ်ရန်အတွက် ကျွင်းချောင်ရှောင်းသည် သူ၏ ဓားတာအိုကို အပြည့်အဝ ထုတ်ဖော်ကာ တိုက်ခိုက်နေခြင်းပင် ဖြစ်သည်။ သူ၏ လက်ထဲတွင် ရှိသော ဓားသည် နတ်ဆိုးဓားကဲ့သို့ပင် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို အမြစ်ဖြတ် တိုက်ခိုက်လျက်ရှိနေ၏။
ဆွစ် ဆွစ်
ကောင်းကင်ယံထက်မှာတော့ ဓားဆန္ဒများသည် ပြည့်လျက် ရှိနေကြပြီး လေဟာနယ်ကိုပင် ထိုးခွင်းကာ တိုက်ခိုက်ခြင်းကို ပြုမူနေ၏။ တိုက်ခိုက်ခြင်း စိတ်ဝိညာဉ်များအားလုံးသည် ပြန်လည် တိုက်ခိုက်ခြင်းကို မပြုနိုင်ကြချေ။ ၎င်းတို့ အားလုံးသည် အပိုင်းပိုင်း ခုတ်ဖြတ်ခံရပြီး မြေပေါ်သို့ တဘုန်းဘုန်းဖြင့် ပြုတ်ကျကုန်သည်။ အချိန်အတော်ကြာပြီးသည့်နောက်မှာတော့ ယုဒြာကုန်းမြေတိုက်၏ အပြင်ဘက်မှာတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်အလောင်းလေးထောင်ကျော်တို့သည် တည်ရှိနေပြီ ဖြစ်သည်။
ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ကောင်သည် ခရမ်းရောင်ဘုရင်၏ တိုက်ခိုက်ခြင်းကို ခံနေရပြီး နောက်ထပ် တစ်ကောင်မှာတော့ ကျွင်းချောင်ရှောင်း၏ တိုက်ခိုက်ချက်ကြောင့် သေဆုံးသွားခဲ့ရပြီဖြစ်သည်။ ထို့ကြောင့် အဝါရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ရာကျော်ခန့်သာ ကျန်ရှိနေသည် ဆိုသော်လည်း ပြိုင်စံရှားဂိုဏ်း၏ တပည့်များ အားလုံးကို အန္တရာယ် ဖြစ်စေနိုင်လိမ့်မည် မဟုတ်ချေ။ တပည့်များ အားလုံးသည် ကိုယ်ပိုင် ရတနာများကို ပိုင်ဆိုင်ကြ၏။ ထို့ကြောင့် လွယ်လွယ်ကူကူနှင့်လည်း သေဆုံးလိမ့်မည် မဟုတ်ချေ။
ဆွစ်
ကျွင်းချောင်ရှောင်းသည် ဓားကို ဓားအိမ်ထဲသို့ ထည့်ပြီးသည့်နောက်မှာတော့ လေထုထဲတွင် မတ်မတ်ရပ်လျက် ရှိသည်။ သူသည် အန္တရာယ်များလှသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို ဖြေရှင်းသုတ်သင်ပြီးပြီဖြစ်၏။ ထို့ကြောင့် ကျန်သည့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို တပည့်များ တိုက်ခိုက်ရန်အတွက် ထားမှ ဖြစ်ပေလိမ့်မည်။
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် သူ့အား စိတ်မပျက်စေခဲ့ပေ။ မျိုးစုံသော တိုက်ခိုက်ရေးနည်းစနစ်များကို အသုံးပြုကာဖြင့် ရဲရဲရင့်ရင့် တိုက်ခိုက်လျက် ရှိနေသည်။
ဘုန်း
ထိုအချိန်မှာတော့ ခရမ်းရောင်ဘုရင်သည် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကြောင့် အနောက်ဘက်သို့ လွင့်စင်သွားခဲ့၏။ သူ၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းချုပ် ပြီးသည့်နောက် အသာလှည့်ကာ ကျွင်းချောင်ရှောင်းကို အော်လိုက်၏။ “မြန်မြန် လာကူညီအုံး”
သူ၏ လက်ရှိအဆင့်သည် ခုခံထားနိုင်ရုံသာ တက်နိုင်သည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် မြန်မြန်ဆန်ဆန် ပျံသန်းလာပြီးသည့်နောက်မှာတော့ ကျန်းယန်ဓားနှင့် နဂါးသွားဓားမော့တို့ကို ထပ်မံကာ ထုတ်ဖော်လိုက်သည်။ ကောင်းမွန်လှသော လက်နက်နှင့် အထောက်အပံ့ ပစ္စည်းများသာ မရှိပါက ကုန်းရှန့်သည် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကို လက်သီးဖြင့် အနိုင်ယူနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ချေ။ ထို့အပြင် ပြည့်စုံသည့် သိုင်းနယ်မြေ ကျင့်ကြံသူ တစ်ယောက်နှင့် နှိုင်းယှဉ်၍ ရနိုင်သည့် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် မဟုတ်ပါလား။
ဘုန်း ဘုန်း
ဓားမော့၏ အလင်းတန်းများ အားလုံးသည် ကောင်းကင်ယံထက်တွင် ပြည့်နှက်သွားခဲ့၏။ ကောင်းမွန်လွန်းလှသော လက်နက်ပစ္စည်းများ၏ ထောက်ပံ့မှု အောက်မှာတော့ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် များပြားလှသည့် တိုက်ခိုက်ချက်များကို ခုခံနိုင်ခဲ့သည်ဆိုသော်လည်း အဆုံးသတ်မှာတော့ ၎င်း၏ ချပ်ဝတ်သည် ကွဲကြေသွားခဲ့၏။ ပြီးသည့်နောက်မှာတော့ ပထမ ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကဲ့သို့ပင် မြေပေါ်သို့ ပြုတ်ကျကာ သေဆုံးသွား၏။
ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်နှစ်ကောင် သေဆုံးပြီးသည့်နောက် အထက်နယ်မြေ၏ အပြစ်ပေးမှုသည် ပြီးဆုံးသွားခဲ့ပြီဟု ဆိုရမည်။ ကျန်ရှိနေသော အဝါရောင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များမှာတော့ ပြိုင်စံရှားဂိုဏ်းတပည့်များ၏ တိုက်ခိုက်မှုအောက်တွင် စွမ်းအင်များ ကုန်ခမ်းနေကြပြီဖြစ်သည်။
“တောင်ကြားသခင်”
ခံတပ်ထဲမှာတော့ အကြီးအကဲ တစ်ယောက်သည် တုန်ယင်နေသည့် လက်တစ်စုံဖြင့် သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်းနဲ့ သူ့တပည့်တွေက ကြောက်ဖို့ကောင်းလိုက်တာ”
“........”
ကဲ့ကျင်းနန်သည်လည်း တိတ်ဆိတ်ငြိမ်သက်နေ၏။ သူမအနေနှင့် အလုံးစုံ ထိတ်လန့်လျက် ရှိနေ၏။ တိုက်ခိုက်ရေး စိတ်ဝိညာဉ် ငါးထောင်ကျော် ပေါ်ပေါက်လာသည့်အချိန်တွင် သူသည် စိတ်ပျက် လက်ပျက်ဖြင့် တိုက်ပွဲတွင် သေဆုံးဖို့ပင် ကြိုတင်ကာ စဉ်းစားခဲ့ပြီးဖြစ်သည်။
သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် သူ၏ လူများကို ခေါ်ဆောင်ပြီး လာရောက်ကယ်တင်ခဲ့သည့်နောက်မှာတော့ ရန်သူ၏ ကိုးဆယ်ရာခိုင်နှုန်းကို သတ်ဖြတ်ပစ်ခဲ့ပြီးပြီဖြစ်သည်။ ထို့ကြောင့် သူနှင့် ယုဒြာကုန်းမြေတိုက်ကြီးသည် အန္တရာယ်ကြားမှ လွတ်မြောက်သွားခဲ့ပြီဖြစ်၏။ ဤအရာသည် ကြီးမားသည့် မျက်နှာသာပေးမှုပင် ဖြစ်ပေလိမ့်မည်။
ဘုန်း ဘုန်း
ယုဒြာကုန်းမြေတိုက်ကြီး၏ ခံတပ် အပြင်ဘက်မှာတော့ တိုက်ပွဲသည် ဆက်လက်ကာ ဖြစ်ပွားနေ၏။ နာရီဝက်လောက်ကြာအောင် တိုက်ခိုက်ပြီးသည့်နောက် ရီရှင်းချန်သည် နောက်ဆုံးကျန်ခဲ့သော တိုက်ခိုက်ရေး စိတ်ဝိညာဉ်ကို သတ်ဖြတ်လိုက်၏။
“ဒင် ... ဂုဏ်ယူပါသည်၊ ပျော်ရွှင်ဝမ်းနည်းမှုကို မျှဝေခြင်း - ဖုံးကွယ်ထားသည့် တာဝန်ကို အောင်မြင်သွားသည့်အတွက် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကို ရရှိပါသည်”
“ဒင်... ဂိုဏ်းစုဆောင်းမှတ် - ၉၀၀၀၀ / ၇၀၀၀၀”
“ဒင်... ဂိုဏ်းစုဆောင်းမှတ်များသည် ပိုလျှံနေသောကြောင့်...”
“ဒင်... ပျော်ရွှင်ခြင်းနှင့် ဝမ်းနည်းခြင်းကို မျှဝေခြင်း - ဖုံးကွယ်ထားတဲ့ တာဝန်ကို ပြည့်စုံစေသည့်အတွက် ဂုဏ်ယူပါတယ်၊ ဖုံးကွယ်ထားတဲ့ ဆုလာဘ်ကို ရရှိပါတယ်၊ အလယ်အလတ်အဆင့် မြေနည်းစနစ်တစ်ခု၊ အတွေ့အကြုံအဆောင် နှစ်ခု ကို ရရှိသည်”
သတိပေးသံကို ကြားပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ မျက်လုံးများ ချာချာလည်သွား၏။ “ဖုံးကွယ်ထားတဲ့တာဝန်တွေက မရှိတော့ဘူးလို့တောင် ငါထင်နေတာ၊ ဒါက ရှိနေသေးတာပေါ့”
နောက်ဆုံးတစ်ကြိမ် ဖုံးကွယ်ထားတဲ့ တာဝန်ပေါ်လာတုန်းက ရှစ်ကျန်းရွမ်ကို မျက်စိအမြင်အာရုံ ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ပေးခဲ့တုန်းက ဖြစ်သည်။ တော်တော်ကြာခဲ့ပြီဟု ဆိုရမည်။