အခန်း (၁၀၃၄)
Vol. 70 Ch. 1034
ကျွင်းချောင်ရှောင်း၏ ဦးဆောင်မှုအောက်တွင် ပြိုင်စံရှားဂိုဏ်း၏ တပည့်တို့သည် တိုက်ခိုက်ရေး စိတ်ဝိညာဉ် ငါးထောင်ကျော်တို့ကို သတ်ဖြတ်ခဲ့ပြီးဖြစ်၏။ ထိုကဲ့သို့သော လုပ်ရပ်သည် ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူတို့၏ နှလုံးသားကို တုန်ခါစေခဲ့တော့သည်။ ၎င်းတို့ အားလုံးသည် အဝေးတစ်နေရာတွင် မတ်တပ်ရပ်၍ ကြက်သေသေလျက်ရှိ၏။ ဤနေရာသို့ ရောက်ရှိလာပြီးနောက် ယုဒြာကုန်းမြေတိုက်ကြီး တစ်ခုလုံး စုတ်ပြတ်သတ်သွားတော့မည်ဖြစ်ကြောင်း သူတို့ နားလည်လက်ခံပြီးဖြစ်၏။ သို့ပေမဲ့ ဤကဲ့သို့ အခြေအနေ တစ်ခုလုံး ပြောင်းလဲသွားလိမ့်မည်ဟု မထင်မှတ်ခဲ့ချေ။
ပုံမှန်အားဖြင့် ကျွင်းချောင်ရှောင်း၏ ပြုမူလုပ်ဆောင်ချက်များသည် စာလုံးများ ရေးထိုးထားခဲ့သော လက်နက်ကြီးကို ထုတ်ဖော်အသုံးပြု၍ ဖြစ်တည်ခဲ့ခြင်း မဟုတ်ကြောင်း သူတို့ ကောင်းကောင်းသိ၏။ ထို့ကြောင့် ဂိုဏ်းချုပ်ကျွင်းသည် အလွန်အားကောင်းလှသည့် လူတစ်ယောက်ဖြစ်မှန်း သူတို့ မျက်ဝါးထင်ထင် သိရှိလိုက်ရပြီး ဖြစ်တော့သည်။
“ကြောက်စရာပဲ”
“ဒီလိုလူမျိုးကို ဘယ်သူက ရန်စရဲမှာလဲ” သိုင်းကျင့်ကြံသူများ အားလုံးသည် ဂိုဏ်းချုပ်ကျွင်းနှင့် ပြိုင်စံရှားဂိုဏ်းကို ကြောက်ရွံ့မှုမှာ ပိုမိုကာ အားကောင်းလာခဲ့သည်။
“တောင်ကြားသခင်”
အရွက်တစ်ရာတောင်ကြား၏ အကြီးအကဲ တစ်ယောက်သည် အချိန်အတော်ကြာ ဆွံ့အပြီးသည့်နောက်မှာတော့ ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ကပ်ဘေးကြီးက ပြီးသွားပြီ၊ ကျုပ်တို့ခံတပ်ကြီးကတော့ လုံခြုံသွားပြီ”
ဤကဲ့သို့ ပြောဆိုနေချိန်မှာပဲ သူ၏ အသံသည် အနည်းငယ် တုန်ခါလျက်ရှိပြီး သူ၏ လက်များသည်လည်း တုန်ယင်လျက် ရှိနေကြောင်းကို သိရှိနိုင်၏။
“လုံခြုံပြီ၊ လုံခြုံပြီ” ကဲ့ကျင်းနန်သည် သူမ၏ မျက်လုံးများကို မှိတ်ကာဖြင့် အကောင်းမွန်ဆုံးသော စိတ်အခြေအနေကို ပြန်လည်တည်ငြိမ်မု ရရှိအောင် ကြိုးစားနေတော့သည်။
“တောင်ကြားသခင်ကဲ့”
ကျွင်းချောင်ရှောင်းက အသံပို့လွှတ်လိုက်သည်။ “ကြယ်ကြွေကုန်းမြေတိုက်ကြီးကြောင့် ယုဒြာကုန်းမြေတိုက်ကြီးက အထက်နယ်မြေရဲ့ အပြစ်ပေးမှုကို ခံရတာ၊ ဒီတော့ ဒီကျွင်းက တကယ့်ကို တောင်းပန်ပါတယ်”
ကဲ့ကျင်းနန်သည် အလျင်အမြန်ပဲ လက်သီးကိုဆုပ်ကာ ပြောလိုက်သည်။ “ဂိုဏ်းချုပ်ကျွင်း… ယဉ်ကျေးလွန်းနေပြီ”
သူတို့အနေဖြင့် အထက်နယ်မြေ၏ အပြစ်ပေးခြင်းကို ခံရသည် ဆိုခြင်းမှာ ကြယ်ကြွေကုန်းမြေတိုက်ကြီးနှင့် ပူးပေါင်း၍ သေမလို ဟန်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ငြင်းပယ်၍ မရနိုင်ချေ။ သို့ပေမဲ့ သူတို့သည် ဆဋ္ဌဂံကြယ်ကျောက်တုံးနှစ်သိန်းကို လက်ခံရယူခဲ့ပြီးပြီ ဖြစ်သည်။ ထို့ကြောင့် အနာဂတ်တွင် ပြဿနာများ ဖြစ်လာပြီဆိုပါက ကိုယ်ဘာသာကိုယ် ရင်ဆိုင်ရန်သာရှိသည်။ သို့ပေမဲ့ ဂိုဏ်းချုပ်ကျွင်းသည် စစ်ကူများကို ခေါ်ဆောင်လာပေးပြီးနောက် လာရောက်တိုက်ခိုက်ပေးခြင်း ဆိုသည်မှာ ကြီးမားစွာ မျက်နှာသာ ပေးခဲ့ခြင်းပင် ဖြစ်၏။
အဝေးတစ်နေရာတွင် ကြည့်ရှုနေကြသော ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများသည် မျက်နှာကို ပိတ်ရိုက်ခံရသလို ခံစားနေမိကြ၏။ ၎င်းတို့အားလုံးသည် ကြယ်ကြွေကုန်းမြေတိုက်ကြီးအနေနှင့် အင်အားများကို ခေါ်ဆောင်၍ ရောက်ရှိလာခြင်းမှာ ယုဒြာကုန်းမြေတိုက်ကြီးအား အမြစ်ဖြတ်ရန်ဟု အားလုံးက ထင်မှတ်ထားခဲ့ကြ၏။ သို့ပေမဲ့ တကယ်တမ်းမှာတော့ စစ်ကူလာပေးခြင်းပင် ဖြစ်နေတော့သည်။
ဤဂြိုဟ်နှစ်ခုသည် သတ်ဖြတ်ခြင်းကုန်းမြေထဲတွင် ရူးရူးမူးမူး သတ်ဖြတ်ခဲ့ကြသူများ ဖြစ်နေသည် မဟုတ်ပါလား။ တကယ်တမ်းဆိုလျှင် ၎င်းတို့၏ ပတ်သက်ဆက်နွယ်မှုသည် တစောင်းစေးနှင့် မျက်ချေးကဲ့သို့ပင် ဖြစ်ရမည်ဖြစ်၏။ အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိလာပြီး လာရောက် ကူညီရသနည်း။ ထိုကဲ့သို့ တွေးကြည့်လိုက်ပြီးနောက် များပြားလှသော ကျင့်ကြံသူများသည် နဝေတိမ်တောင်နှင့် ဖြစ်မိနေကြ၏။
အရွက်တစ်ရာတောင်ကြားသခင်၊ အထက်ပိုင်း အကြီးအကဲနှင့် တပည့်များ အားလုံးသည် တိုက်ပွဲထဲတွင် သေဆုံးခဲ့ပြီးဖြစ်သည်။ သို့ပေမဲ့ ၎င်းတို့အားလုံးသည် အဘယ်ကြောင့် အသက်ရှင်လျက် ရှိနေကြသနည်း။ များပြားလှသော မေးခွန်းများသည် အားလုံးကို ဆွံ့အနေစေ၏။
ကျွင်းချောင်ရှောင်းနှင့် ကဲ့ကျင်းနန်တို့သည် ဤကဲ့သို့ အကြောင်းအရာမျိုးကို အစစ်အမှန် ထုတ်ဖော်ကာ ပြောဆိုလိမ့်မည် မဟုတ်ချေ။ အားလုံးအနေနှင့် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးတွင်ရှိသော ဆန်းကြယ်မှု တစ်ခု အနေဖြင့် မိမိဘာသာ စိတ်ကြိုက် တွေးတောခွင့်ကို ပေးထားကြသည်။
………….
ဝှစ်
ရွှီး
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် မြေပေါ်သို့ ဆင်းသက်ပြီးသည့်နောက်မှာတော့ ချပ်ဝတ်၏ အစိတ်အပိုင်းများ အားလုံးကို စုစည်းရယူလျက် ရှိနေကြ၏။ ဤပစ္စည်းများအားလုံးသည် ဖျက်ဆီးခံလိုက်ရပြီ ဆိုသော်လည်း ဖန်တီးပြုလုပ်ထားသော အရာများမှာ အထူးကောင်းမွန်လွန်းလှ၏။ ထို့ကြောင့် ဤအရာများကို အရည်ဖျော်၍ သွန်းလုပ်မည်ဆိုလျှင် ကောင်းမွန်သည့်ပစ္စည်းများ ရရှိနိုင်သေး၏။
တိုက်ပွဲ အတွင်းမှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် ၎င်းတို့၏ ခန္ဓာကိုယ်အားအင်များ အားနည်းသွားသည် အထိ တိုက်ခိုက်ခဲ့ကြ၏။ သူတို့၏ အသက်ရှူသံများသည် မြန်ဆန်လျက် ရှိနေ၏။ သို့ပေမဲ့ အလွန်တရာ စိတ်လှုပ်ရှားပြီး စိတ်ကျေနပ်မှုကိုလည်း ရရှိနေကြသည်။ အချိန်အတော်ကြာလျှင်တစ်ခါ ဤကဲ့သို့ တိုက်ခိုက်ရမည်ဆိုပါက ၎င်းတို့၏ တိုက်ခိုက်ရေး အတွေ့အကြုံများသည် ပိုမိုကာ တိုးတက်လာမှာ သေချာသည်။
ပြန်လည်အသုံးပြုနိုင်သော ပစ္စည်း အစိတ်အပိုင်းများ အားလုံးကို ယူဆောင်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် အဝေးတစ်နေရာမှ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများကို လှည့်ကာ ပြောလိုက်၏။ “ပွဲကြီးပွဲကောင်း ကြည့်ပြီးသွားပြီဆိုတော့ ကျုပ်ကို ဆုလေးဘာလေး မပေးချင်ဘူးလား”
“...........”
အားလုံး၏ အမူအရာများသည် ပြောင်းလဲသွားခဲ့၏။
“ဟုတ်တာပေါ့”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မများပါဘူး၊ လူတစ်ယောက်ကို ကျောက်ရိုင်းတုံး ကီလိုဂရမ် အနည်းငယ်လောက်ပေါ့”
လီချင်းယန်သည်လည်း အသာပူးပေါင်းလိုက်၏။ သူသည် သစ်သားသေတ္တာကြီးတစ်ခုကို အသာထုတ်ယူကာဖြင့် အပြင်ဘက်တည်နေရာတွင် အသာချထားလိုက်၏။
ဟူး ဟူး
ခရမ်းရောင်ဘုရင်သည် သိုင်းကျင့်ကြံသူများနှင့် အနီးဆုံးနေရာတွင် ပေါ်လာ၏။ သူသည် လက်နှစ်ဖက်ကို ပိုက်ကာဖြင့် ကြီးမားသည့် မျက်လုံးကြီးများဖြင့် ကြည့်ရှုလျက်ရှိသည်။ သူ၏ ခန္ဓာကိုယ်ရှိ မွန်းစတား အော်ရာ များမှာတော့ အလွန်များပြားစွာ ထွက်ပေါ်လာလျက်ရှိသည်။ ဤအရာသည် ခြိမ်းခြောက်မှုပင် ဖြစ်သည်။
တိုက်ပွဲကို လာရောက်ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများအားလုံးသည် ချက်ချင်းပဲ နောင်တရသွားခဲ့ကြ၏။ တိုက်ပွဲ၏ အဖြေသည် သူတို့ သိရှိခဲ့ပြီးသည့်အချိန်တွင် အဘယ့်ကြောင့် မြန်မြန်ဆန်ဆန်နှင့် ပြန်လည် မထွက်ခွာ သွားခဲ့မိသနည်း။
“ဟင်း....” ကျင့်ကြံသူတစ်ယောက်သည် ခေါင်းကို ခါယမ်းပြီးသည့်နောက် ကျောက်ရိုင်းတုံး ကီလိုဂရမ် အနည်းငယ်ကို ထုတ်ယူကာ သေတ္တာထဲသို့ သွားရောက်ထည့်သွင်းလိုက်၏။ ကျွင်းချောင်ရှောင်းနှင့် ပြိုင်စံရှား ဂိုဏ်းတို့၏ အားအင်သည် သူ့အား အလွန်အမင်း ကြောက်ရွံ့စေခဲ့၏။ ထို့ကြောင့် သူသည် တစ်ဖက်လူများ ဒေါသ ထွက်အောင် မပြုလုပ်ရဲချေ။ ပူးပေါင်းဆောင်ရွက်မှုကိုသာ ပြုလုပ်နိုင်စွမ်း ရှိတော့၏။
တစ်စုံတစ်ယောက်သည် ရှေ့မှဦးဆောင်ကာ ကျောက်ရိုင်းတုံးများကို ထည့်သွင်းလိုက်သည့်နောက်မှာတော့ အားလုံးသောသူများသည် ၎င်းတို့၏ ကျောက်ရိုင်းတုံးများကို ယူဆောင်ကာဖြင့် ဂိုဏ်းချုပ်ကျွင်းချထားသော သေတ္တာထဲသို့ ထည့်ပေးလိုက်တော့သည်။
ယုဒြာကုန်းမြေတိုက်ကြီး၏ အပြစ်ပေးခံရမှုတွင် လာရောက်ကြည့်ရှုကြသော သိုင်းကျင့်ကြံသူများသည် ခုနှစ်သောင်း၊ ရှစ်သောင်း အနည်းဆုံးရှိ၏။ လူတစ်ယောက်လျှင် ကျောက်ရိုင်းတုံး ကီလိုဂရမ် အနည်းငယ် ဆိုသည်မှာ အလွန်တရာ များပြားလှသည့် ပမာဏအဖြစ် ဖြစ်လာခဲ့တော့၏။
မပြန်ခင်မှာ ကျောက်ရိုင်းတုံးတွေ ဖြစ်နိုင်သမျှ အများဆုံး ယူသွားတာ အကောင်းဆုံးပဲ။ ကျွင်းချောင်ရှောင်းက တွေးတောလိုက်မိသည်။
စနစ်သည် အခွင့်အရေးကို အရယူကာ ပြောလိုက်သည်။ “ဒါက ကျိန်းသေပေါက် ငွေညှစ်တာပဲ၊ လက်ခံသူ... ဝန်ခံ လိုက်ပြီပေါ့”
.............
ခဏလောက် ကြာပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူများသည် ၎င်းတို့၏ ကျောက်ရိုင်းတုံးများကို ထည့်သွင်းကာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့ကြသည်။ အလွန်တရာ စိတ်ဓာတ်ကျနေကြသည်ဆိုသော်လည်း ဆုံးရှုံးမှုဟုတော့ မထင်မှတ်ခဲ့ကြချေ။ အားကောင်းလွန်းလှသော တိုက်ခိုက်ပွဲကြီးတစ်ခုလုံးကို အပြည့်အဝ စိတ်လိုလက်ရနှင့် ကြည့်ရှုနိုင်ခဲ့ခြင်း ဆိုသည်မှာ ထိုက်တန်သည်ဟု ဆိုရမည်ဖြစ်၏။ အထူးသဖြင့် ကောင်းကင်အဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များနှင့် တိုက်ခိုက်သည့်ပွဲသည် အလွန်ကြည့်ကောင်းလွန်းလှ၏။
“တောင်ကြားသခင်”
သိုလှောင်လက်စွပ်ထဲသို့ ရှိရှိသမျှ ပစ္စည်းအားလုံးကို သိမ်းဆည်းပြီးနောက်မှာတော့ ကျွင်းချောင်ရှောင်းသည် လက်သီးကိုဆုပ်ကာ ပြောလိုက်၏။ “ဒီကျွင်းက အရင်ဆုံး ထွက်သွား...”
.............
သူပြော၍ မပြီးခင်မှာတော့ ယုဒြာကုန်းမြေတိုက်ကြီး၏ အပြင်ဘက်၌ တည်နေရာအက်ကွဲကြောင်းကြီး တစ်ခု ဖြစ်ပေါ်လာပြီး ရောင်စုံအလင်းတန်းများ ဖြတ်ပြေးသွား၏။ ပြီးသည့်နောက် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် တစ်ကောင်ပြီး တစ်ကောင် ပေါ်ပေါက်လာခဲ့သည်။
“ဘာလို့ ထပ်ပေါ်လာတာလဲ” ထွက်ခွာသွားရန် ပြင်နေကြသော ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများသည် ရုတ်တရက် ရပ်တန့်လိုက်ကြ၏။ ၎င်းတို့၏ မျက်လုံးထဲတွင်တော့ ထိတ်လန့် အံ့ဩမှုများနှင့် ပြည့်နှက်နေ၏။
ကျွင်းချောင်ရှောင်းသည်လည်း အလွန်တရာ အံ့အားသင့်မိနေ၏။ ပုံမှန်အရဆိုလျှင် တိုက်ခိုက်ရေး စိတ်ဝိညာဉ် များကို သတ်ဖြတ်ပြီးသည့်နောက်မှာတော့ ပြန်လာချင်သည်ဆိုမှတော့ နောက်တစ်ရက်မှ လာသင့်သည် မဟုတ် ပါလား။ အဘယ်ကြောင့် ချက်ချင်း နောက်ထပ်တစ်သုတ် ထပ်၍ ရောက်လာရသနည်း။
ဆွစ် ဆွစ်
အလင်းတန်းများသည် တစ်ခုပြီးတစ်ခု ဖြစ်တည်လာပြီးသည့်နောက်မှာတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် တစ်ကောင်ပြီးတစ်ကောင် ထပ်မံကာ ပေါ်ပေါက်လာခဲ့သည်။ တဖြည်းဖြည်းနှင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ သည် တစ်ထောင်မှသည် တစ်သောင်းနီးပါးခန့်အထိ ရောက်ရှိလာခဲ့ကြသည်။ ၎င်းတို့ အားလုံးသည် ညီညီညာညာ မတ်တပ်ရပ်၍ ကောင်းကင်ပေါ်တွင် ကြီးမားလှသည့် စစ်တပ်ကြီးတစ်ခုကဲ့သို့ နေရာယူထားကြ၏။
“ကောင်းကင်ဘုံ... အရင်ကထက် အများကြီး ပိုတာပဲ”
“အော်ရာတွေကို ကြည့်ရတာ မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေ အများကြီးပါလား”
အားလုံးသည် ထိတ်လန့်တုန်လှုပ်သွား၏။ အရင်တုန်းက တိုက်ခိုက်ရေး စိတ်ဝိညာဉ်ငါးထောင်နီးပါးခန့် ရောက်ရှိ လာခဲ့သည်ဆိုသော်လည်း တော်တော်များများသည် အဝါရောင်အဆင့် ကျင့်ကြံသူများသာဖြစ်၏။ လက်ရှိ အခြေအနေမှာတော့ အရေအတွက်အရ ပိုမိုများပြားလာသည်ဖြစ်သလို အများဆုံးသောအဆင့်သည် မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ ဖြစ်လို့နေခဲ့၏။ ထိတ်လန့်တုန်လှုပ်စရာ ကောင်းလွန်းလှသည်။
မူလအားဖြင့် စိတ်တည်ငြိမ်မှုကို ရရှိနေခဲ့သော ကဲ့ကျင်းနန်သည် ကြောက်မက်ဖွယ်ရာ ကောင်းလွန်းလှသည့် လူအရေအတွက်ကို ကြည့်ရှုပြီးသည့်နောက် သူမ၏ နှုတ်ခမ်းထောင့်များသည် တဆတ်ဆတ် တုန်ယင်လျက် ရှိနေ၏။
ယုဒြာ ကုန်းမြေတိုက်ကြီးသည် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခဲ့၏။ သို့ပေမဲ့ အပြစ်ပေးမှုသည် တစ်ခုဆိုလျှင် လုံလောက်နေပြီဖြစ်သည်။ အဘယ်ကြောင့် ထပ်မံကာ ပေါ်ပေါက်လာရသနည်း။
“ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် သတ်ဖြတ်ခြင်းကုန်းမြေ၏ စည်းမျဉ်းစည်းကမ်းများကို ပုန်ကန်ခဲ့သည်၊ ဒါကြောင့် တခြားသူတွေကို သတိပေးတဲ့အနေနဲ့ ၎င်းတို့ကို အပြစ်ပေးမှုကို ပြုလုပ်မည်” လေးနက်ပြီး ခန့်ညားလှသော အသံကြီးသည် ကောင်းကင်ယံထက်မှ ထွက်ပေါ်လာ၏။
ကဲ့ကျင်းနန်သည် ထိုအသံကို ကြားသည့်အချိန်တွင် သွေးအန်လုမတတ် ဖြစ်သွား၏။ ကြယ်ကြွေကုန်းမြေတိုက်ကြီးသည် စည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ခဲ့သည်ဆိုလျှင် အဘယ်ကြောင့် ကြယ်ကြွေကုန်းမြေတိုက်ကြီး ၏ တည်နေရာခံတပ်တွင် သွား၍ မတိုက်ခိုက်ဘဲ သူမ၏ ယုဒြာကုန်းမြေတိုက်ကြီး ရှေ့တည့်တည့်၌ လာရောက်ကာ တိုက်ခိုက်နေရသနည်း။ သောက်ကျိုးနည်းလေစွ။
“ဟမ့်” ကျွင်းချောင်ရှောင်းသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်သောင်းကျော်ကို ကြည့်ရှုပြီးသည့်နောက်မှာတော့ အနည်းဆုံးအဆင့်အနေနှင့် မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် ပါဝင်နေသည်ကို သိရှိလိုက်ရသည်။ သူသည် ပြုံးကာ ပြောလိုက်မိသည်။ “လူစာရင်းက တော်တော့်ကို အားကောင်းတာပဲ”
ဆွစ် ဆွစ်
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ အားလုံးသည် ၎င်းတို့၏ လက်နက်များကို ထုတ်ဖော်ပြီး တိုက်ခိုက်ရန် အသင့်ပြင်လိုက်ကြ၏။ သို့ပေမဲ့ သူတို့သည် အနည်းငယ် ကြောက်ရွံလျက် ရှိနေသည်။ ထို့အပြင် လက်ရှိရောက်ရှိလာကြသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် အလွန်တရာ အားကောင်းလှပြီး အရေအတွက် မှာလည်း များပြားလွန်းလှ၏။
သူ၏ တပည့်များသည် အစောကြီးကတည်းက တစ်ကြိမ် တိုက်ခိုက်ခဲ့ပြီးသား ဖြစ်ကြောင်း ကျွင်းချောင်းရှောင်း သိသည်။ ဒုတိယအကြိမ် ထပ်မံကာ တိုက်ခိုက်မည်ဆိုပါက အထက်စည်းမှ ရယူနိုင်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူသည် လက်ဖျောက်တီးကာ ပြောလိုက်၏။ “ကောင်လေးတို့... မင်းတို့ရဲ့ ဝှက်ဖဲတွေကို ထုတ်ယူ လိုက်တော့”
ဆွစ် ဆွစ်
လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် သိုလှောင်လက်စွပ်ထဲသို့ လက်နက်မျိုးစုံအား ထည့်သွင်း သိမ်းဆည်းပြီးသည့်နောက်မှာတော့ မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်များကို ထုတ်ယူ လိုက်တော့၏။ ထိုအရာအား လက်တစ်ဖက်နှင့် ကိုင်ပြီးသည့်နောက် ၎င်းတို့၏ မျက်လုံးထဲတွင် တိုက်ခိုက်လိုခြင်း စိတ်ဆန္ဒများနှင့် တောက်ပလာတော့သည်။
နောက်ဆုံးအကြိမ်တုန်းက ကုန်းရှန့်သည် ဂိုဏ်းစုဆောင်းမှတ်များ ပိုလျှံနေသည့်အချိန်၌ မှော်ပညာဖြင့် အဆင့် မြှင့်တင်ထားသော ဖုန်စုပ်စက်များအား အများအပြား ဝယ်ယူခဲ့၏။ ဤကဲ့သို့သော အရေးအကြောင်း အခြေအနေမျိုး ကြုံရမည်ဆိုပါက တပည့်များသည် ထုတ်ယူသုံးစွဲနိုင်လိမ့်မည်ဖြစ်၏။ ဤအရာသည် အစစ်အမှန် ဝှက်ဖဲပင် ဖြစ်သည်။ တိုက်ခိုက်ရေး စိတ်ဝိညာဉ် ငါးထောင်ဆိုသည်မှာ အတွေ့အကြုံ အမှတ်များဖြစ်သည်ဆိုသော်လည်း ထိုထက်ပို၍ များပြားလာမည်ဆိုပါက ဖုန်စုပ်စက်ကြီးနှင့်သာ ဖြေရှင်းရတော့မည်။
ဆွစ်
ကျွင်းချောင်ရှောင်းသည် လက်တစ်ဖက်ကို ယမ်းခါလိုက်ပြီးသည့်နောက်မှာတော့ သူ၏လက်ထဲတွင် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်နှစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူသည် တစ်ဖက် တိုက်ခိုက်ရေး စိတ်ဝိညာဉ် များဆီသို့ ချိန်တွယ်ကာဖြင့် စပ်ဖြီးဖြီးနှင့် ပြောလိုက်သည်။ “ပျော်ပျော်ကြီး တိုက်ခိုက်ကြတာပေါ့”
“ဒင်... သီးခြားတာဝန် အသက်ဝင်”
“...........”
ဤကဲ့သို့သော အချိန်မျိုးတွင် သီးခြားတာဝန်သည် ပေါ်ပေါက်လာခဲ့၏။ ကျွင်းချောင်ရှောင်းသည် စနစ်အား လျင်လျင်မြန်မြန်နှင့် ဖွင့်ကြည့်လိုက်သည်။ သို့ပေမဲ့ တာဝန်ကို ကြည့်ရှုလိုက်ပြီးသည့်နောက် သူ၏ မျက်နှာသွင်ပြင် သည် ပြောင်းလဲသွားသည်။ ဖုန်စုပ်စက်ကြီးအား သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်သွင်းပြီးနောက် လေးလေး နက်နက် ပြောလိုက်သည်။ “မင်းတို့အားလုံး လက်နက်တွေကို ပြန်ပြီးသိမ်းလိုက်တော့၊ ဒီအမှိုက်တွေကို ငါ့တာဝန်သာ ထားလိုက်တော့”