အခန်း (၁၀၃၅)
Vol. 70 Ch. 1035
အသစ်ပေါ်ပေါက်လာခဲ့သော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များနှင့် တိုက်ခိုက်ရန် ပြင်ဆင်နေချိန်မှာပဲ သီးခြား တာဝန်သည် ရုတ်တရက် ပေါ်ပေါက်လာခဲ့၏။ အရင်အတွေ့အကြုံများအရ ဂိုဏ်းချုပ်ကျွင်းသည် ဤအရာမှာ သူ့အား တာဝန်ပေးကာ စမ်းသပ်ခြင်းဖြစ်ကြောင်း နားလည်လိုက်မိ၏။
ထင်မှတ်ထားသည့်အတိုင်းပင် တာဝန်သည် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များနှင့် ပတ်သက်ဆက်နွယ်လျက် ရှိနေပြီး ထိုတိုက်ခိုက်ရေး စိတ်ဝိညာဉ် များကို ဖျက်ဆီးရန်ဟူ၍ ဖြစ်၏။ သို့ပေမဲ့ အခြေအနေတစ်ခုကလည်း တည်ရှိလို့ နေသေးသည်။ ဤကဲ့သို့ တိုက်ခိုက်ရေး စိတ်ဝိညာဉ်များကို ဖြေရှင်း ဖျက်ဆီးရသည့်အချိန်တွင် သူတစ်ယောက်တည်း ပြုမူရမည်ဖြစ်ပြီး အချိန် အကန့်အသတ်သည် ဆယ်မိနစ်သာရှိသည်။
ပြောရမည်ဆိုလျှင် အချိန် အကန့်အသတ်ပါဝင်သည့် တာဝန် တစ်ခုဖြစ်သည်သာမက ကျွင်းချောင်ရှောင်း တစ်ယောက်တည်း ဖြေရှင်းရမည့် တာဝန်လည်း ဖြစ်လို့နေသည်။ ပြိုင်စံရှားဂိုဏ်း၏ အကြီးအကဲနှင့် ဂိုဏ်းသား များအားလုံးသည် ထိုတိုက်ပွဲတွင် ပါဝင်၍ မရတော့ချေ။
“ချီးတဲ့မှ...” ကျွင်းချောင်ရှောင်းသည် မှော်ပညာဖြင့် အဆင့်မြှင့်တင်ထားသော ဖုန်စုပ်စက်ကြီးကို သိမ်းဆည်း ပြီးသည့်နောက် တပည့်များကို အနောက်သို့ဆုတ်ရန် အမိန့်ပေးလိုက်သည်။ ပြီးသည့်နောက်မှာတော့ သူ တစ်ယောက်တည်း တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်သောင်းတို့နှင့် ရင်ဆိုင်လိုက်သည်။
“တစ်ယောက်တည်းလား”
“ဒါက အရမ်းကြမ်းလွန်းတယ်”
သိုင်းကျင့်ကြံသူများ၏ မျက်လုံးများသည် ပြူးထွက်သွားခဲ့ကြသည်။ များပြားလွန်းလှသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များနှင့် ရင်ဆိုင်ရမည့်အပြင် အနိမ့်ဆုံးအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်သည် မြေအဆင့် ဖြစ်လို့ နေသည်။ တစ်ယောက်တည်း တိုက်ခိုက်ဖို့ ဆိုသည်မှာ ရူးသွပ်နေသူတစ်ယောက်၏ ဦးနှောက်ဟုပင် သတ်မှတ် နိုင်၏။
ဒွီ
တည်နေရာကြီးသည် အသာလှုပ်ခါသွား၏။ ပြီးသည့်နောက် ကျွင်းချောင်ရှောင်း၏ လက်ချောင်းထဲတွင် အိတ်ကပ်တစ်ခုအရွယ်အစား ဓားကြီးတစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။
“လာပြီ၊ လာပြီ၊ ဒီဓားကြီး လာပြီပဲ”
များပြားလှသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များနှင့် ရင်ဆိုင်ရသည့်နေရာတွင် ကျွင်းချောင်ရှောင်းအနေနှင့် အချိန် ဆယ်မိနစ်သာ ရရှိ၏။ ထို့ကြောင့် သူသည် အားအကောင်းဆုံးသော ဝှက်ဖဲကို ထုတ်ဖော်အသုံးပြုရမှာဖြစ်၏။ ဤတာဝန်သည် အချိန် အကန့်အသတ် တာဝန် ဖြစ်နေသည်ဆိုသောကြောင့် သူ့အား စည်းဖွင့်ခြင်းအဆောင်ကို ထုတ်သုံးရန် အတင်းတွန်းအားပေးနေခြင်းသာ ဖြစ်ပေလိမ့်မည်။ အခြေအနေသည် ဤသို့ ဖြစ်နေသည်ဆိုမှတော့ သူ့အနေနှင့် ကျိန်းသေပေါက် စည်းဓားမော့ကြီးကို ထုတ်ကာ အသုံးပြုရတော့မှာ ဖြစ်သည်။
စနစ်က ဆွံ့အသွား၏။ “မင်း... ဒီဓားမော့ကိုမှ ထုတ်မသုံးရင် ဖုန်စုပ်စက်နဲ့ ဒါတွေကို ရင်ဆိုင်နိုင်မယ် ထင်နေလို့ လား”
ကျွင်းချောင်ရှောင်းသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ သူသည် စနစ်ကို အဖက်မလုပ်ချေ။
သူ၏ တပည့်များသည် သူတော်စင်အဆင့်သာ ရောက်ရှိနေသည်ဆိုပါက ဖုန်စုပ်စက်ကို အသုံးပြု၍ အကုန်လုံးသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များအားလုံးကို ဖြေရှင်းနိုင်မှာ သေချာ၏။ သို့ပေမဲ့ သူ၏ တပည့် တော်တော်များများသည် သိုင်းအုပ်စိုးသူ အဆင့်သာ ရှိနေကြ၏။ တကယ်တမ်း မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်သောင်းတို့နှင့် ရင်ဆိုင်တိုက်ခိုက်မည်ဆိုပါက အနီးသို့ ကပ်ရန်ပင် လွယ်ကူလိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် သူ့အနေနှင့် စည်းဓားမော့ကြီးကို စည်းဖယ်ကာ တိုက်ခိုက်မှ ဖြစ်ပေလိမ့်မည်။
“ကြည့်ရတာ”
ကျွင်းချောင်ရှောင်းသည် သူ့ကိုသူ နှစ်သိမ့်လိုက်မိ၏။ “စည်းအဆောင်ကို ထုတ်ဖော်ပြီး အသုံးပြု ရတာလည်း အကျိုးအမြတ်တစ်ခု ဖြစ်လာနိုင်တယ်”
စနစ်က စောဒက တက်လိုက်သည်။ “လက်ခံသူအနေနဲ့ ဆုံးရှုံးတယ်လို့ပြောတာ ဒီနေ့ မကြားရသေးပါလား”
“ဂိုဏ်းချုပ်က ဒီဓားကြီးကို ထပ်ထုတ်ပြန်ပြီလား” လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသူများ အားလုံးသည် စည်းဓားမော့ကြီးကို လှမ်း၍ ကြည့်ရှုလိုက်ကြ၏။ ဤဓားကြီး၏ အစွမ်းကို သူတို့ ကောင်းကောင်းသိရှိကြပြီး ဖြစ်သည်။ ယနေ့အချိန်မှာတော့ ထပ်မံကာ ကြည့်ရှုရပေမည်။
ခရမ်းရောင်ဘုရင်သည် မျက်မှောင်ကုပ်လိုက်၏။ သူသည် ဤဓားကြီးကို ဂိုဏ်းချုပ် ထုတ်ဖော်အသုံးပြုသည်ကို တစ်ခါ မြင်ခဲ့ဖူးသည်။ ဂိုဏ်းချုပ်သည် ထိုဓားကြီးကို အသုံးပြု၍ သူ၏ ရှေ့တည့်တည့်တွင် သိုင်းကျင့်ကြံသူ နှစ်သောင်းကျော် တို့ကို သတ်ဖြတ်ပစ်ခဲ့ဖူးသည် မဟုတ်ပါလား။
“ဒီဓားမော့ကြီး ပေါ်လာပြန်ပြီပဲ” ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူများ အားလုံး၏ မျက်နှာအမူအရာများ သည်လည်း ပြောင်းလဲသွားခဲ့ကြ၏။ ၎င်းတို့၏ မှတ်ဉာဏ်ထဲတွင်တော့ ဂိုဏ်းချုပ်ကျွင်းတစ်ယောက် ဤဓားကြီးကို ကိုင်ဆောင်ကာဖြင့် ရှိရှိနေသမျှသော သိုင်းကျင့်ကြံသူများကို သတ်ဖြတ်နေသည့်မြင်ကွင်း ပြန်လည်ကာ ပေါ်ပေါက်လာခဲ့၏။
ဂလု ဂလု
ကျွင်းချောင်ရှောင်း၏ သတ်ဖြတ်မှုကို သေချာ မျက်မြင်မြင်တွေ့ဖူးကြေိတ်ကာ မျိုချနေမိကြ၏။ အမှတ်မထင် အနောက်ခပ်လှမ်းလှမ်းဆီသို့ပင် ဆုတ်ခွာသွားခဲ့ကြသည်။ အမှတ်တမဲ့ နှင့် ထိခိုက်ဒဏ်ရာ ရရှိသွားမည်ကို သူတို့ စိုးရွံ့နေမိကြ၏။
တခြားသောသူများသည် အစစ်အမှန် ဖြစ်ရပ်ကို မသိရှိ ကြဘူးဆိုသော်လည်း တော်တော်များများ အနောက်ဘက်သို့ ဆုတ်ခွာသွားသည်ကို မြင်ရသည့်အချိန်မှာတော့ ၎င်းတို့သည်လည်း ကြောင်တောင်တောင်ဖြင့် အနောက်သို့ လိုက်၍ ဆုတ်လိုက်ကြသည်။
“အစ်ကိုကြီး... ကျွင်းချောင်ရှောင်းက ဘာလို့ အရုပ်ဓားလေးတစ်ခုကို ထုတ်လိုက်တာလဲ”
“အရုပ်ဓား မဟုတ်ဘူး၊ ဒါက ငရဲမင်းလက်ထဲက တံစဉ်ပဲ”
“ငရဲမင်း လက်ထဲက တံစဉ် ဟုတ်လား”
“အရင်တုန်းက ကျွင်းချောင်ရှောင်းက လူပေါင်းများစွာကို သတ်ဖြတ်ခဲ့တာ၊ ဒီဓားကြီးကို ကိုင်ပြီး သတ်ဖြတ်ခဲ့တာ လေ”
“ဟမ်” သိုင်းကျင့်ကြံသူများသည် ထိုအချင်းအရာကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ မျက်လုံးပြူးသွား ကြ၏။ ၎င်းတို့ အားလုံးသည် ပထမလူများထက်ပင် ပိုမိုမြန်ဆန်စွာဖြင့် အနောက်ဘက်သို့ ဆုတ်ခွာလိုက်ကြသည်။ ဤနေရာတွင် ရောက်ရှိနေကြသော သိုင်းကျင့်ကြံသူ တစ်ဝက်လောက်သည် ကျွင်းချောင်ရှောင်းတစ်ယောက် မည်ကဲ့သို့ သတ်ဖြတ်ခဲ့သည်ဆိုကြောင်းကို သေသေချာချာ မမြင်ခဲ့ကြ သော်လည်း ဤဓားကြီးကို ကိုင်ဆောင်ကာ အရူးတစ်ယောက် ကဲ့သို့ ပိုးစိုးပက်စက် သတ်ဖြတ်ခဲ့သည့်အကြောင်းကိုတော့ ကြားသိခဲ့ပြီးသားဖြစ်၏။
ထို့ကြောင့် ကျွင်းချောင်ရှောင်းတစ်ယောက် ထိုလက်နက်ကို ထုတ်ဖော် အသုံးပြုလိုက်သည်ကို မြင်သည့်နောက်မှာတော့ ၎င်းတို့ အားလုံးသည် ထိတ်လန့်ကြောက်ရွံ့စွာဖြင့် အနောက်ဘက်သို့ ဆုတ်ခွာလိုက်ကြခြင်းပင်ဖြစ်သည်။
ဆွစ်
အားလုံးသောသူများသည် ထိုသို့ ဖြစ်ပေါ်နေသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ဓားမော့၏ ဓားနှောင့်ကို လက်ချောင်းများနှင့် အသာကိုင်တွယ်ပြီး စိတ်ဝိညာဉ်စွမ်းအင်များ ဖြည့်သွင်းလိုက်တော့သည်။ ပြီးသည့်နောက်မှာတော့ သူသည် သိုလှောင်လက်စွပ်ထဲတွင် ရှိနေသော စည်းအဆောင်ကို ချိုးချေလိုက်၏။
ဆွစ် ဆွစ်
ညီညီစီစီ ရပ်လျက် ရှိနေသော တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်သောင်းကျော်တို့၏ မျက်လုံးများသည် အိပ်ပျော် နေရာမှ နိုးထသွားခဲ့သလို လင်းလက်သွားခဲ့ကြ၏။ အလွန်အားကောင်းလှသော လေလှိုင်းများသည် ဖြစ်တည် လာခဲ့ကြသည်။ ၎င်းတို့သည် အထက်နယ်မြေမှ ဖန်တီးထားသော အဆင့်နိမ့်သတ္တဝါများ ဖြစ်ပြီး အလွန်တရာ အားကောင်းလှသည်ဆိုသော်လည်း အော်ရာများကို မည်သို့ ထုတ်ဖော် အသုံးပြုရမည်ကို ကောင်းကောင်းမသိချေ။ မဟုတ်ပါက ၎င်းတို့၏ အော်ရာများကို ထုတ်ဖော်ဖိနှိပ်ရုံနှင့်တင် သိုင်းကျင့်ကြံသူ တော်တော်များများတို့သည် သေဆုံးခြင်းအဖြစ်သို့ ရောက်ရှိမှာသေချာ၏။
ဆွစ် ဆွစ်
တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ အားလုံးသည် ၎င်းတို့၏ အားအင်များကို စုစည်းကာ ကျွင်းချောင်ရှောင်းဆီသို့ လှမ်းတက်လိုက်ကြ၏။ မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်သောင်းတို့သည် ၎င်းတို့၏ အော်ရာများကို မထုတ်လွှင့်ထားဘူး ဆိုလျှင်တောင်မှ အလွန်ပြင်းထန်လှသော အရှိန်အဟုန်များကို ထွက်ပေါ်နေနှင့်ပြီး ဖြစ်တော့သည်။
သိုင်းကျင့်ကြံသူများ အားလုံးသည် ထိုအချင်းအရာကို မြင်သည့်အချိန်မှာတော့ ထိတ်လန့် တုန်လှုပ်နေမိကြ၏။ ဤကဲ့သို့ များပြားလှသည့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ ပူးပေါင်းတိုက်ခိုက်မှုတွင် ပထမတန်းစား တိုက်ခိုက်ရေးသမား ဆိုလျှင်တောင်မှ တစ်ခါတည်း သေဆုံးသွားနိုင်သည် မဟုတ်ပါလား။
ဆွစ် ဆွစ်
ရေတွက်လို့ မရအောင် များပြားလှသော အလင်းတန်းများသည် ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ဓားနှင့် ဓားမော့အလင်းတန်းများသည် ကျွင်းချောင်ရှောင်းဆီသို့ ကျဆင်းလာ၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် တည်နေရာမှာတင် မတ်မတ်ရပ်လျက် ရှိနေသေးသည်။ သေသေချာချာ ကြည့်ရှုမည်ဆိုလျှင် သူသည် တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်သောင်းကျော်တို့နှင့် တစ်ခါတည်း တိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချပြီးသား ဖြစ်ကြောင်း သိသာလွန်းလှသည်။
ဝှစ် ဝှစ် ဝှစ်
တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ တိုက်ခိုက်လိုက် ချင်းချင်းမှာပဲ တည်နေရာကြီးတစ်ခုလုံး တုန်ခါသွားပြီး အားလုံးသည် ရပ်တန့်သွားကြ၏။ လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသောသူများ၏ မျက်နှာ အမူအရာများသည် ပြောင်းလဲသွားသည်။ ဤကဲ့သို့ အားအင်၊ ဤကဲ့သို့သောအော်ရာများ အားလုံးသည် ၎င်းတို့၏ လက်ထဲတွင် ဖုန်စုပ်စက်များ ရှိနေမည်ဆိုလျှင်တောင်မှ ရင်ဆိုင်ယှဉ်ပြိုင် တိုက်ခိုက်လို့ရသည့် အရာမျိုး မဟုတ်ချေ။
ရုတ်တရက် ကျွင်းချောင်ရှောင်းသည် သူ၏ ဓားမော့ကို အသာကိုင်ကာ ဝှေ့ယမ်းလိုက်တော့၏။
ချလွမ်
စည်းဓားမော့ကြီးသည် ဓားအိမ်ထဲမှ ထွက်ပေါ်လာခဲ့သည်။ အလင်းတန်းများ ဖြတ်သန်းသွားပြီးသည့်နောက် မှာတော့ အားလုံး၏ မျက်လုံးအရှေ့တွင်တော့ ငါးပေခန့်ရှည်ပြီး ခြောက်လက်မခန့် ကျယ်ပြန့်လှသော ဓားမော့ ကြီးတစ်ခု ပေါ်ပေါက်လာတော့၏။ ကောင်းကင်၊ မြေ၊ မိုးကြိုး၊ ရေ၊ လေ၊ မီး၊ တောင်၊ ရေကန် စသည့် စာလုံးများ သည် ဓားမော့၏ တစ်ဖက်တစ်ချက်တွင် ရေးသားထား၏။
ဝှစ် ဝှစ်
ထိုအချိန်မှာတော့ တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ရာကျော်တို့သည် ၎င်းတို့၏ တိုက်ခိုက်ရေး နည်းစနစ်များကို ထုတ်ဖော်အသုံးပြုနှင့်ပြီး ဖြစ်နေတော့၏။ ကျွင်းချောင်ရှောင်းသည် သူ၏ ခေါင်းကို အသာမော့ကြည့်ပြီးသည့် နောက်မှာတော့ အမဲရောင်ဆံနွယ်များသည် လေထဲတွင် လွင့်လျက် ရှိနေတော့သည်။
ဒွီ ဒွီ ဒွီ
များပြားလှသော ဓားနှင့် ဓားမော့ အလင်းတန်းများအားလုံးသည် လေထုထဲတွင် ရပ်တန့်သွားခဲ့၏။
“ဒါ.. ဒါ ရပ်သွားပြီးပဲ၊ ဘာဖြစ်တာလဲ”
ဓားနှင့် ဓားမော့အလင်းတန်းအော်ရာ စွမ်းအင်များအားလုံး ရပ်တန့်သွားသည်သာမက တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်ရာကျော်တို့သည်လည်း လေထုထဲတွင် ရပ်တန့်လျက် ရှိနေသည်။
ဆွစ် ဆွစ်
ထိုအချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် ကောင်းကင်ယံသို့ ပျံသန်းလာပြီးသည့်နောက်မှာတော့ စည်းဓားမော့ ကြီးကို ဝှေ့ယမ်းကာ လေဟာနယ်ထဲသို့ ခုတ်ပိုင်းလိုက်တော့၏။ ဓားမော့ပေါ်တွင် ရှိနေသော စာလုံးများသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်ပြီးသည့်နောက်မှာတော့ ကြောက်မက်ဖွယ်ရာကောင်းလှသည့် ဓားအလင်းတန်းများ ဖြစ်တည်ကာ ကောင်းကင်ပေါ်တွင် ရှိနေသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ အားလုံးကို ခုတ်ပိုင်းသွားခဲ့တော့ သည်။
ဘုန်း ဘုန်း ဘုန်း ဘုန်း
အလွန်တရာ ကြမ်းတမ်းလှသော စိတ်ဝိညာဉ်လှိုင်းများ ဖြစ်တည်လာပြီးသည့်နောက်မှာတော့ ထို တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ ချပ်ဝတ်များသည် အပိုင်းပိုင်း ပြတ်ကာဖြင့် အောက်သို့ ပြုတ်ကျကုန်သည်။
ကျွင်းချောင်ရှောင်း သည် ရပ်တန့် မနေချေ။ စည်းဓားမော့ကြီးကို ကိုင်ကာဖြင့် ထပ်မံကာ လှုပ်ရှားတိုက်ခိုက်လိုက်တော့သည်။ ချက်ချင်းပဲ အနောက်ဘက်တွင် နေရာယူထားခဲ့သော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် သေဆုံးကုန်ကြ၏။ များပြားလှသော ဂြိုဟ်အသီးသီးမှ သိုင်းကျင့်ကြံသူများ အားလုံးသည် ထိုအရာကို မြင်သည့်အချိန်မှာတော့ မျက်လုံးများ ပြူးထွက်ကုန်ကြ၏။
တိုက်ခိုက်ရေး စိတ်ဝိညာဉ်တစ်ထောင်ကျော်တို့သည် အချိန်တို အတောအတွင်း သေဆုံးသွားခဲ့ကြပြီဖြစ်၏။ ၎င်းတို့ အားလုံးသည် တစ်ဖက်လူ လာရောက်သတ်ဖြတ်မည်ကို ငြိမ်ငြိမ်သက်သက် ရပ်တန့်ကာ ခံယူလျက်ရှိနေသည်။
ဓားအလင်းတန်းများ ဖြတ်သန်းသွားပြီးသည့်နောက်မှာတော့ လေထုထဲတွင် ဦးခေါင်းကင်းမဲ့နေသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် မြေပေါ်သို့ တဘုန်းဘုန်းနှင့် ပြုတ်ကျကုန်ကြ၏။
ဆွစ်
ရုတ်တရက်ပဲ ကျွင်းချောင်ရှောင်းသည် တည်နေရာ ဖြတ်သန်းသွားလာပြီးသည့်နောက် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ၏ အနောက်ဘက်တွင် ပေါ်လာခဲ့၏။ သဘာဝအတိုင်းပင် သူသည် စည်းဓားမော့ကြီးကို ဝှေ့ယမ်းပြီး ထပ်မံတိုက်ခိုက်မှုကို ပြုလုပ်ပြန်သည်။
ဘုတ် ဘုတ် ဘုတ်
ချုပ်နှောင်ခြင်း စွမ်းရည်များနှင့် ဖိနှိပ်ခြင်း ခံထားရသော တိုက်ခိုက်ရေး စိတ်ဝိညာဉ်များသည် မည်သို့မှ မခံစား နိုင်ကြပေ။ ချက်ချင်းပဲ သေဆုံးကုန်ကြ၏။ ကျွင်းချောင်ရှောင်းသည် လက်တစ်ချက်လှုပ်သည့်အချိန်တိုင်းတွင် တိုက်ခိုက်ရေး စိတ်ဝိညာဉ်ပေါင်း တစ်ထောင်ကျော်ကို သတ်ဖြတ်ပြီး ဖြစ်နေတော့၏။
“အားလုံးပဲ”
ကျွင်းချောင်ရှောင်းသည် ခေါင်းကို လှည့်ကာဖြင့် ပြောလိုက်သည်။ “နောက်ထပ် ပွဲကို ထပ်ပြီး ကြည့်ရပြန်ပြီနော်၊ ဒီတစ်ကြိမ်တော့ ပိုက်ဆံ မတောင်းတော့ပါဘူး”
“.........”
အားလုံးသောသူများ၏ မျက်နှာများသည် ပျက်ယွင်းသွားခဲ့ကြပြန်သည်။ သို့ပေမဲ့ ကြောက်မက်ဖွယ်ရာ ကောင်းလှသော လက်နက်ကြီးကို ထုတ်ဖော်ကာ တိုက်ခိုက်နေသည်ကို မြင်ရသည့်အချိန်မှာတော့ ၎င်းတို့အနေနှင့် ကျောက်ရိုင်းတုံးအနည်းငယ်ကို ထပ်မံ၍ ပေးရမည်ဆိုလျှင်တောင် ဆုံးရှုံးသည်ဟု မထင်မှတ်တော့ချေ။