← Chapters

အခန်း (၁၀၃၆)

Vol. 70 Ch. 1036

အခန်း (၁၀၃၆)

Vol. 70 Ch. 1036

ဤနေရာသို့ ရောက်ရှိလာပြီး အဘယ်ကြောင့် တိုက်ခိုက်ပွဲကို လာရောက် ကြည့်ရှုနေရသနည်း။ ပြင်းထန်ကြီးမား သော တိုက်ခိုက်ရေး နည်းစနစ်နှင့် တိုက်ခိုက်ပွဲများကို ကြည့်ရှုချင်၍သာ ဖြစ်တော့သည်။ တစ်ခါတည်း ဆက်တိုက် ကြီးမားလွန်းလှသော တိုက်ခိုက်ပွဲကြီးနှစ်ခုကို ကြည့်ရှုပြီးသည့်နောက်မှာတော့ သိုင်းကျင့်ကြံသူများ အားလုံးသည် ဤအရာမှာ ကျောက်ရိုင်းတုံးအနည်းငယ် ထပ်မံ၍ ပေးရမည်ဆိုလျှင်တောင်မှ ထိုက်တန်သည့်အရာ ဖြစ်သည်ဟု နားလည်လိုက်မိကြ၏။

အထူးသဖြင့် ကျွင်းချောင်ရှောင်း တစ်ယောက် ကြောက်မက်ဖွယ်ရာ ကောင်းလှသော လက်နက်ကြီးကို ထုတ်ဖော်ကာ အသုံးပြုပြီး တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်သောင်းကျော်တို့ကို အချိန်တိုအတွင်း သတ်ဖြတ်ပစ် သည်ကို မြင်ရပြီးသည့်နောက် ၎င်းတို့အားလုံး၏ စိတ်နှလုံးများသည် ထိတ်လန့်တုန်လှုပ်လျက် ရှိနေသေး၏။ ဤအရာမှာ ထိုက်တန်ပေ၏။ ကျိန်းသေပေါက် ထိုက်တန်သည်။

အားလုံးသောသူများ၏ မျက်နှာအမူအရာကို မြင်ရသည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းက တွေးလိုက်မိသည်။ “ငါ သူတို့ကို တကယ်ပဲ ထပ်ပြီးတော့ ငွေညှစ်ရင် ကောင်းမလား”

“………..”

စနစ်သည် ဆွံ့အသွားမိ၏။ တဖြည်းဖြည်းနှင့် လက်ခံသူသည် ငွေညှစ်ခြင်းနှင့် ခြိမ်းခြောက်ခြင်းကိုသာ ဆက်တိုက်ပြုမူလာခဲ့၏။ သို့ပေမဲ့ တစ်ဖက်တွင်ရှိသော သိုင်းကျင့်ကြံသူများမှာတော့ ပိုမို၍ ဩချရလောက်ပေသည်။ ဤကဲ့သို့ ငွေညှစ်ခံရသည် ဆိုလျှင်တောင်မှ တစ်ခါတည်း ထုတ်ပေးရန် ဝန်မလေးသည့် မျက်နှာမျိုးဖြင့် မတ်တပ်ရပ်လျက်ရှိနေကြ၏။ သောက်ကျိုးနည်းလှချေသည်တကား။

ဝှစ် ဝှစ်

လီချင်းယန်၊ ရှောင်ကျီနှင့် တခြားသော သူများသည် ဂိုဏ်းချုပ် တိုက်ခိုက်ပြီးသည့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ ဆီသို့ သွားရောက်ပြီးသည့်နောက်မှာတော့ ချပ်ဝတ်များနှင့် အသုံးအဆောင်ပစ္စည်းများ အားလုံးကို သိမ်းဆည်းကြတော့သည်။ ပထမတုန်းက တိုက်ခိုက်ရေး စိတ်ဝိညာဉ် ငါးထောင်ကျော်တို့ဆီမှ ပစ္စည်းများ ရယူခဲ့ပြီးပြီဖြစ်ပြီး လက်ရှိ အခြေအနေမှာတော့ နောက်ထပ် တစ်သောင်းဆီမှ ထပ်မံရရှိခြင်းဖြစ်၏။ ထို့ကြောင့် ချပ်ဝတ်၏ အစိတ်အပိုင်း တော်တော်များများသည် ၎င်းတို့၏ သိမ်းဆည်းမှုအောက်တွင် ရောက်ရှိခဲ့ကြပြီး ဖြစ်သည်။ တချို့သော ချပ်ဝတ်များဆိုလျှင် အကောင်းအတိုင်းပင် ရှိနေသေး၏။

“တောင်ကြားသခင်ကဲ့”

ကျွင်းချောင်ရှောင်းက လှည့်ကာဖြင့် လက်သီးဆုပ်လိုက်သည်။ “ဒီကိစ္စကြီး ပြီးသွားပြီ ဆိုတော့ ဒီကျွင်းက အရင်ဆုံး ထွက်သွားပါတော့မယ်”

“အင်း”

တုန်လှုပ်လျက်ရှိနေသော ကဲ့ကျင်းနန်သည် ပြန်လည်နှုတ်ဆက်ရန်ပင် သတိမေ့လျက် ရှိနေ၏။ သူသည် ကြောင်တောင်တောင်နှင့် ပြိုင်စံရှားဂိုဏ်းမှ လူများ ထွက်ခွာသွားသည်ကို ကြည့်ရှုလျက် ရှိနေ၏။ အထက်နယ်မြေ ဆီမှ နှစ်ကြိမ်ဆက်တိုက် အပြစ်ပေးမှု ပြီးဆုံးသွားပြီးသည့်နောက်မှာတော့ ကြည့်ရှုနေကြသော သိုင်းကျင့်ကြံသူ များ၏ နှလုံးသားထဲတွင် ဤတိုက်ခိုက်ပွဲကြီးသည် ကဗ္ဗည်းရေးထိုးထားသလို စွဲထင်နေပေ လိမ့်မည်။

“သက်တောင့်သက်သာ ရှိလိုက်တာ”

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ်တည်နေရာဆီသို့ ပြန်လည် ရောက်ရှိ လာသော ကျွင်းချောင်ရှောင်းသည် ပြုံးပြုံး၊ ပြုံးပြုံးနှင့် ရှိလို့နေ၏။ ဒုတိယအသုတ် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ ကို ဖျက်ဆီးပြီးသည့်နောက်မှာတော့ ဖုံးကွယ်ထားသည့် တာဝန်သည် ပြည့်စုံသွားခဲ့တော့၏။

သူသည်လည်း နောက်ထပ် ဂိုဏ်းစုဆောင်းမှတ် နှစ်သောင်းကို ရရှိပြီး အတွေ့အကြုံအဆောင် နှစ်ခုကိုလည်း ရရှိခဲ့၏။ လက်ရှိ အခြေအနေမှာတော့ ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးသည် သူ့အတွက် သိပ်၍ အသုံးမဝင်တော့ ချေ။ ထို့ကြောင့် မထွက်ခွာသွားခင်တွင် အထက်နယ်မြေမှ သူ့အား ပေးလိုက်သည့် အတွေ့အကြုံမှတ်များအား ကောင်းကောင်း မွန်မွန် ရယူရပေလိမ့်မည်။

...........

“အရှင်”

ပုံရိပ်ယောင်နန်းတော်ကြီး တစ်ခုထဲမှာတော့ ခါးကုန်းကုန်းနှင့် အဘိုးအိုသည် မယုံကြည်နိုင်စွာ ပြောလိုက်၏။ “ဒီကောင်ရဲ့ လက်နက်က နည်းနည်း အားကောင်းတယ်”

တိမ်များ၊ မြူများနှင့် ရစ်သိုင်းလျက်ရှိနေသော အမျိုးသမီးသည် တီးတိုးရေရွတ်လိုက်၏။ “ငါက အပြစ်ပေးမှုကို တင်းတင်းကျပ်ကျပ် ပြုလုပ်ခဲ့တယ်လေ၊ ဒါပေမဲ့ ကြယ်ကြွေကုန်းမြေတိုက်ကြီးကို ဘာမှ မပြုလုပ်နိုင်ခဲ့ဘူး၊ ဒီတော့ နယ်မြေဟောခန်းက လူတွေကလည်း ကျိန်းသေပေါက် ဘာမှ ပြောမှာမဟုတ်တော့ဘူးပေါ့”

ယခင်အပြစ်ပေးမှုသည် နည်းပါးလှသည်ဆိုသော်လည်း ဒီတစ်ကြိမ် အပြစ်ပေးမှုမှာတော့ အလွန်တရာ အားကောင်း လှ၏။ အနည်းဆုံး မြေအဆင့် တိုက်ခိုက်ရေး စိတ်ဝိညာဉ်များ ပါဝင်သော တိုက်ခိုက်ရေး စိတ်ဝိညာဉ် တစ်သောင်း ကျော်ကို စေလွှတ်ခြင်းဆိုသည်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှသည့် လူအရေအတွက်နှင့် အပြစ်ပေးမှုပင် ဖြစ်သည်။ သို့ပေမဲ့ တစ်ဖက်လူများသည် လွယ်လွယ်ကူကူနှင့် ဖြေရှင်းနိုင်ခဲ့၏။

“အရှင်”

ခါးကုန်းကုန်းနှင့် အဘိုးအိုသည် အလွန်တရာ လေးနက်သည့် အမူအရာဖြင့် ပြောလိုက်သည်။ “ဒီ ကျွင်းချောင်ရှောင်းလို့ ခေါ်တဲ့ကောင်က မရိုးရှင်းဘူး၊ အနာဂတ်မှာ …”

အမျိုးသမီးသည် ဖြတ်ကာ ပြောလိုက်၏။ “သေမျိုးလောကထဲမှာ မရိုးရှင်းတဲ့လူတွေ အများကြီး ရှိတာပဲ၊ ဒါပေမဲ့ အောင်မြင်မှုကို ရရှိဖို့အတွက် သူ့အနေနဲ့ အသက်ရှင်ရပ်တည်ပြီး ကြီးမားတဲ့အရာတစ်ခုခုကို ရယူနိုင်တဲ့လူတွေပဲ ဖြစ်လိမ့်မယ်၊ သွားကြရအောင်၊ ပြန်ကြမယ်”

“ကောင်းပါပြီ”

၎င်းတို့အားလုံးသည် လေဟာနယ်ဆီမှ ငြိမ်ငြိမ်သက်သက်နှင့် ပြန်လည်ပျောက်ကွယ်သွားတော့သည်။

..................

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ ခံတပ် တည်နေရာကြီးမှာတော့ ကျွင်းချောင်ရှောင်းသည် အထဲသို့ ပျံသန်းလာပြီး သည့်နောက်မှာတော့ စည်းဓားမော့ကြီးကို သိမ်းဆည်းလိုက်၏။ ပြီးသည့်နောက် သူသည် နဖူးပေါ်သို့ ကျဆင်း လာသော ချွေးသီးချွေးပေါက်များအား အင်္ကျီလက်ဖြင့် အသာသုတ်လိုက်၏။ ဤကဲ့သို့ ကြီးမားသည့် သတ်ဖြတ်မှု များကို ပြုလုပ်ပြီးသည့်နောက် သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော စိတ်ဝိညာဉ်စွမ်းအင်များသည် အလွန်တရာ မြန်ဆန်သည့်နှုန်းဖြင့် ကုန်ဆုံးသွားခဲ့ကြပြီး ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သာ တိုးတက်မလာဘူး ဆိုပါက လက်ရှိအခြေအနေ၌ မောပန်းလွန်းသောကြောင့် မြေပေါ်တွင် ဖင်ထိုင်လျက် လဲကျနေမှာ သေချာတော့၏။

စည်းဓားမော့ကြီး၏ ဒုတိယမြောက် တိုက်ပွဲဝင်ပုံစံကို အသက်သွင်းပြီးသည့်နောက်မှာတော့ သူသည် နှစ်နာရီတိတိ အားနည်းနေမည်ဖြစ်ပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်များကို တစ်လတိတိ အသုံးပြု၍ ရနိုင်လိမ့်မည် မဟုတ်ချေ။

“အဆင်ပြေတယ်၊ အဆင်ပြေတယ်”

ကျွင်းချောင်ရှောင်းက တွေးလိုက်သည်။ “ငါ ပြန်ပြီး ကောင်းမွန်သွားဖို့ အချိန်နဲ့ တည်နေရာ လျှို့ဝှက်နယ်မြေထဲ သွားမှ ဖြစ်မယ်”

“တပည့်တို့အားလုံး... ပြိုင်စံရှားဂိုဏ်းဆီကို ပြန်ကြရအောင်”

“ကောင်းပါပြီ”

ကြယ်ကြွေကုန်းမြေတိုက်ကြီး၏ တာဝန်သည် ပြည့်စုံသွားခဲ့ပြီဖြစ်၏။ ထို့ကြောင့် ရံဖန်ရံခါ ဆိုသလို တိုက်ခိုက်ပွဲများ ကို လာရောက်ရင်ဆိုင်ရသည့် အချိန်မှလွဲ၍ ဤနေရာတွင် အချိန်အတော်ကြာ နေထိုင်ရန် အကြောင်းမရှိတော့ချေ။ သူ့အနေနှင့် ထွက်ခွာမသွားခင်မှာပဲ ကျွင်းချောင်ရှောင်းသည် ဂြိုဟ်တိုက်ပွဲ ခံတပ်အတွင်းရှိ သီလစတိုးဆီသို့ သွားကာ သူ၏ သီလအမှတ်များနှင့် အမြူတေစုစည်းခြင်းဆေးလုံးနှင့် များပြားလှသော သိုင်းနည်းစနစ်များကို လဲလှယ် ဝယ်ယူခဲ့တော့၏။

အမြူတေ စုစည်းခြင်းဆေးလုံးများသည် ချီစုစည်းခြင်း ဆေးလုံးလောက် အားမကောင်းလှဘူးဆိုသော်လည်း အနည်းဆုံးအားဖြင့် အကျိုးသက်ရောက်မှုကိုတော့ တိုးတက်စေနိုင်သေး၏။ ထို့ကြောင့် ဤအရာကို ဆေးလုံး လဲလှယ်သည့်စက်ထဲသို့ထည့်၍ တပည့်များကို လဲလှယ်စေမည်ဆိုလျှင် တပည့်များ အနေနှင့် လေ့ကျင့်ရာတွင် ပိုမို၍ ထိရောက်လာပေလိမ့်မည်။

များပြားလှသည့် သိုင်းနည်းစနစ်များအတွက်ကတော့ သူသည် သူ၏ကျင့်ကြံခြင်း နည်းစနစ်ခန်းမဆောင်ရှိ အလွန်အားကောင်းလှသော သိုင်းနည်းစနစ်များအတွက် အရေအတွက်နှင့် လဲလှယ်ရန် စဉ်းစားထားသည်။

အရာအားလုံး ပြုလုပ်ပြီးသည့်နောက်မှာတော့ ကျွင်းချောင်ရှောင်းသည် တည်နေရာဂိတ်တံခါး၏ အရှေ့တွင် မတ်မတ်ရပ်လိုက်၏။ ပြီးသည့်နောက်မှာတော့ မဲမှောင်လျက် ရှိနေသော ကောင်းကင်ကြီးမှတဆင့် ကြီးမားလွန်း လှသော မြို့အဆင့် ခံတပ်ကြီးကို ငုံ့ကြည့်ကာ ပြောလိုက်သည်။ “ငါ ရံဖန်ရံခါဆိုသလို ဒီနေရာကို လာလာကြည့်မယ်”

ရွှီး

ပြီးသည့်နောက်မှာတော့ သူသည် ချက်ချင်းပဲ ပျောက်ကွယ်သွားတော့သည်။ သိုင်းကျင့်ကြံသူများ အားလုံးသည် ထိုအချင်းအရာကို မြင်ပြီးသည့်နောက်မှာတော့ စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်မိသည်။

ကြောက်မက် ဖွယ်ရာကောင်းလှသည့် နတ်ဆိုးကဲ့သို့ သတ္တဝါသည် နောက်ဆုံး၌ ထွက်ခွာသွားခဲ့ပြီဖြစ်သည်။ နောက်ဆုံး မှာတော့ ၎င်းတို့အားလုံးသည် ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် မည်သည့် စိုးရိမ် ကြောက်လန့်မှုမှ မရှိဘဲ လွတ်လွတ်လပ်လပ် သွားလာနိုင်ကြပြီဖြစ်၏။ အနာဂတ်တွင် ထိတ်လန့် ကြောက်ရွံ့မှု မရှိဘဲ အသက်ရှင်နေထိုင် သွားလာနိုင်တော့မှာ ဖြစ်၏။

..............

ရှေးစင်မြင့်ကြီး တစ်ခုအပေါ်မှာတော့ အဖြူရောင်ဆံပင်နှင့် အဘိုးအိုတစ်ယောက်သည် လက်ထဲတွင် ကြိမ်တုတ် ကြီးကိုကိုင်၍ ဆုတောင်းလျက်ရှိနေ၏။

“အမ်”

ရုတ်တရက် ဆိုသလိုပဲ ဓာတ်ငါးပါးနှင့် ရှစ်ထောင့်ပုံ ရေးထိုးထားသော ပုံရိပ်ယောင်တစ်ခုသည် လင်းလက် လာခဲ့သည်။ ထိုဆံပင်ဖြူနှင့် အဘိုးအိုသည် မျက်လုံးကို ဖွင့်ကြည့်ပြီးသည့်နောက်မှာတော့ အထဲတွင် ရေးသား ထားသော စာကြောင်းများကို ဖတ်ရှုလိုက်၏။ ပြီးသည့်နောက် ထိတ်လန့် တုန်လှုပ်စွာဖြင့် ပြောလိုက်မိသည်။ “ဒါက ကပ်ဘေးရဲ့ သင်္ကေတပဲ”

ထိုမျှော်စင်၏ တည်နေရာကို သေသေချာချာ ကြည့်ရှုမည်ဆိုပါက အဆုံးမဲ့ ပင်လယ်ကြီး၏ ဝိုင်းရံခြင်းကို ခံထားရ သော ကျွန်းလေးတစ်ခုပေါ်တွင် ဖြစ်နေသည်။ ထိုပင်လယ်ကြီး၏ အဝေး၊ အဝေးဆုံးသော တည်နေရာမှာတော့ အထီးကျန်ဆန်လွန်းလှသော ရွက်လှေလေးတစ်စင်းသည် ခက်ခက်ခဲခဲဖြင့် ရှေ့သို့ သွားလာလျက် ရှိနေသည်။

“ခင်ဗျားတို့နှစ်ယောက်”

လှေပေါ်တွင် ရှိနေသောလူသည် ပြုံးကာ ပြောလိုက်၏။ “ဒီတည်နေရာထဲကနေ အောင်မြင်စွာ ဖြတ်ကျော် လာနိုင်ခဲ့ပြီပဲ၊ ဒီတော့ အရှေ့ဘက်ကို ဆက်သွားမယ်ဆိုရင် အရှေ့ပင်လယ်ကို နှစ်လ အတွင်း ရောက်လိမ့်မယ်”

အရှေ့ကုန်းပတ်ပေါ်တွင် ထိုင်လျက်ရှိနေသော ယွမ်သခင်လေးသည် အပြင်ဘက်တွင် ရှိနေသော မြင်ကွင်းကို ကြည့်ရှုပြီးနောက် တွေးလိုက်သည်။ ကျွင်းချောင်ရှောင်းဆိုတဲ့ကောင်နဲ့ ခပ်ဝေးဝေးကို ရောက်ပြီဆိုရင် နှစ်နှစ်လောက် ရွက်လွှင့်ပြီး သွားလာရမယ်ဆိုရင်တောင်မှ စိတ်ပျက်မိမှာ မဟုတ်ဘူး။

...............

ပြိုင်စံရှားဂိုဏ်းထဲမှာတော့….

အလွန်တရာ အားနည်းလှသော အခြေအနေနှင့် ကျွင်းချောင်ရှောင်းသည် ပြန်လည် ရောက်ရှိလာပြီးသည့်နောက် အချိန်နှင့် လျှို့ဝှက်တည်နေရာထဲသို့ မဝင်ခဲ့ချေ။ ထိုအစား သူသည် ကျင့်ကြံခြင်း လောကတွင်ဖြစ်နေသော လက်ရှိအခြေအနေများကို မေးမြန်းလိုက်၏။

လီလိုရှုက ပြောလိုက်သည်။ “ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးထဲကို သွားခဲ့ကြတဲ့ သိုင်းကျင့်ကြံသူ နှစ်ထောင်ကျော် တို့က လုံလုံခြုံခြုံနဲ့ ပြန်ရောက်လာခဲ့ကြတယ်၊ ဒီတော့ ကုန်းမြေတိုက်ကြီး တစ်ခုလုံးက အုတ်အော်သောင်းနင်း တွေ ဖြစ်ကုန်တယ်”

“ထင်ထားတဲ့ အတိုင်းပဲကိုး” ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။

“ဒါပေမဲ့”

လီလိုရှုသည် ဆွံ့အစွာဖြင့် ပြောလိုက်၏။ “စီရင်စု တော်တော်များများမှာရှိတဲ့ မိသားစုကြီးတွေက ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာကြတယ်၊ အကြီးအကဲတွေက ဂြိုဟ်တိုက်ပွဲတည်နေရာထဲကို မဝင်ခင်မှာ မိသားစု ခေါင်းဆောင် နေရာတွေကို သူတို့ရဲ့ သားမြေးတွေကို လွှဲပြောင်းပေးခဲ့တာ၊ တချို့ကတော့ အဲဒီကလေးတွေကို သတ်ဖြတ်ပြီး အကြီးအကဲနေရာတွေကို ဝင်ယူကုန်ကြတယ်”

“...........”

ကျွင်းချောင်ရှောင်းသည် ဆွံ့အသွားမိကြ၏။ “ပြီးတော့ကော”

လီလိုရှုက ဆက်ပြောလိုက်သည်။ “တချို့ ကျွမ်းကျင်သူတွေရဲ့ မျိုးဆက်တွေကတော့ သူတို့ရဲ့ ဆရာတွေ၊ မိဘတွေရဲ့ စကားကို နားမထောင်ကြတော့ဘဲ တစ်နေကုန် သောက်လိုက်၊ စားလိုက်နဲ့ ပျော်ရွှင်မှုကိုပဲ ဦးစားပေးနေ ကြတယ်၊ ဂိုဏ်းကိစ္စ၊ မိသားစုကိစ္စကို ဘာတစ်ခုမှ ဂရုမစိုက်ကြတော့ဘူး”

“ဒီလိုကိုး”

ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ဒီတစ်ကြိမ် ဂြိုဟ်တိုက်ပွဲ တည်နေရာကြီးကို ခရီးတစ်ခေါက် ထွက်လိုက်တာ ကြယ်ကြွေကုန်းမြေတိုက်ကြီးမှာရှိတဲ့ ထိပ်တန်းကျွမ်းကျင်သူတွေက တော်တော်များများကို သိရှိ နားလည်သွားသင့်ပြီလို့ ထင်တယ်”

“ဒါနဲ့”

လီလိုရှုက ပြောလိုက်သည်။ “ရှောင်မိုက သိုင်းအုပ်စိုးသူအဆင့်ကို ချိုးဖြတ်ရောက်ရှိသွားခဲ့ပြီတဲ့”

“ဒါက သတင်းကောင်းပဲ”

ကုန်းရှန့်သည် ပြုံးကာ ပြောလိုက်၏။ “ဆိုလိုတာက ထိုက်ရွှမ်အအေးဂိုဏ်းက စွမ်းဆောင်ရည်တချို့တော့ ရှိနေသေးတယ်ဆိုတာပဲ”

လီလိုရှုက ပြောလိုက်သည်။ “သတင်းဆိုးတစ်ခု ရှိသေးတယ်၊ ထိုက်ရွှမ်အအေးဂိုဏ်းက စီနီယာတွေ ဂြိုဟ်တိုက်ပွဲ တည်နေရာထဲက ပြန်လာပြီဆိုတော့ ရှောင်မိုအနေနဲ့ အကြီးအကဲတစ်ယောက်ဖြစ်လာဖို့ ခက်ခဲလိမ့်မယ်လို့ ထင်တယ်”

“သူ့ကိုပြောလိုက်”

ကျွင်းချောင်ရှောင်းက ပြောလိုက်၏။ “တခြား နည်းလမ်း မရှိတော့ဘူးဆိုရင် ပြန်လာခဲ့တော့လို့”

ပြိုင်စံရှားဂိုဏ်း၏ လက်ရှိ အားအင်အဆင့်အရဆိုလျှင် သူသည် တရားမျှတမှုကို လိုချင်သည်ဆိုပါက ကျိန်းသေပေါက် ထိပ်တိုက်သွား၍ တောင်းဆိုနိုင်နေပြီဖြစ်၏။ ထို့ကြောင့် စုရှောင်မို အနေနှင့် သူလျှိုအဖြစ် ဆက်လက် နေစရာ မလိုတော့ချေ။ ထို့အပြင် ဖန်းလင်းယုသည် သူ၏ တပည့်ကို အနိုင်ကျင့် ဗိုလ်ကျခဲ့၏။ ထို့ကြောင့် လုချင်းချင်းနှင့် မည်ကဲ့သို့ပဋိပက္ခများ ဖြစ်ပွားခဲ့သည်ဆိုခြင်းကို သေသေချာချာ သိရှိစရာ မလိုတော့ချေ။ ပြဿနာများကို ဖြေရှင်းချင်သည်ဆိုပါက ကျိန်းသေပေါက် သွားရောက်၍ တိုက်ခိုက်သတ်ဖြတ်ရန်သာ ရှိတော့သည်။

..........

ထိုက်ရွှမ်းအအေးဂိုဏ်း

လွန်ခဲ့သည့် ရက်အနည်းက စုရှောင်မိုသည် ပြည့်စုံသည့်စိတ်ဝိညာဉ်စေတီအထဲတွင် တံခါးပိတ် ကျင့်ကြံနေရာမှ ထွက်ခွာလာခဲ့သည်။ သူသည် သူ၏အခန်းထဲတွင် ခြေချိတ်ကာ ထိုင်လျက် ရှိ၏။ ဂိုဏ်းချုပ်ဆီမှ ပြောဆိုလိုက်သည့် သတင်းအချက်အလက်ကို ရရှိပြီးသည့်နောက်မှာတော့ သူသည် ဘာလုပ်ရမယ်ဆိုသည်ကို သေချာမသိဘဲ တွေဝေလျက် ရှိနေသည်။

“ပြိုင်စံရှားဂိုဏ်းထဲကို ပြန်သွားသင့်နေပြီလား၊ မဖြစ်သေးဘူး”

စုရှောင်မိုက ပြောလိုက်သည်။ “ငါ အကြီးအကဲမှ မဖြစ်သေးတာ၊ ဒီလို ပြန်သွားရမယ်ဆိုရင် ငါ့ရဲ့ ဂိုဏ်းတူရောင်းရင်းတွေကို ဘယ်လို မျက်နှာပြရမလဲ”

“ဂိုဏ်းချုပ်” လီလိုရှုက ပြောလိုက်သည်။ “ရှောင်မိုက သတင်းပို့လိုက်တယ်၊ သူ ဆက်ပြီးတော့ သူလျှိုအဖြစ်ပဲ ဆက်နေအုံးမယ်တဲ့”

ကျွင်းချောင်ရှောင်းသည် ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။ “ဒီကောင်လေးက သူလျှိုအဖြစ် လုပ်ရတာကို စွဲလမ်းနေပြီနဲ့တူတယ်”

ဘာပဲဖြစ်ဖြစ် စုရှောင်မိုအနေနဲ့ စိတ်လိုလက်ရ သူလျှိုအဖြစ် ဆက်၍ ပြုလုပ်ချင်နေသည် ဆိုမှတော့ သူက လက်ခံပေးရမည်ဖြစ်သည်။ ထို့အပြင် ထိုက်ရွှမ်အအေးဂိုဏ်း၏ အရေးကြီးသော အချက်အလက် များကို ရရှိမည်ဆိုပါက သူ့အတွက် ကောင်းမွန်သည့်အရာများ ဖြစ်ပေါ်လာနိုင်သည်။

“ဂိုဏ်းချုပ်”

လီလိုရှုက ပြောလိုက်သည်။ “အရှေ့တောင်ရန်ကျူးရဲ့ ပင်လယ်အစပ်ဆီကို ပုလင်းတွေ အများကြီး ထပ်ရောက်လာခဲ့တယ်၊ အားလုံးက ဆရာဖန်းရေးထားတဲ့ အကူအညီတောင်းစာတွေကြီးပဲလေ၊ အလျင်လိုနေပုံ ပေါ်တယ်”

“အလျင်လိုနေတာ ဟုတ်လား”

ကျွင်းချောင်ရှောင်းသည် သူ၏ လက်များကို ယှက်ကာဖြင့် ပြောလိုက်မိသည်။ “ငါ တိုက်ခိုက်ရေး စိတ်ဝိညာဉ်တွေဆီကနေပြီး ချပ်ဝတ်ပစ္စည်း တော်တော်များများကို ရထားတယ်၊ ဒါပေမဲ့ ဒီဟာတွေက ကျောက်ရိုင်းအမျိုးအစားထဲမှာ မပါဘူးဆိုတော့ ပန်းပဲပြုလုပ်ရတာ ခက်ခဲလိမ့်မယ်လေ၊ ဆရာဖန်း ကိုသာ တာဝန်ပေးလိုက်မယ်ဆိုရင် ဒါတွေကို ရတနာအဖြစ် ပြောင်းလဲနိုင်စွမ်း ရှိလိမ့်မယ်၊ ဟုတ်တယ်မလား”

စနစ်က ပြောလိုက်သည်။ “မင်းအနေနဲ့ အရှေ့ပင်လယ်ထဲကို သွားချင်တယ်ဆိုရင် ဒီအတိုင်းပဲ သွားလိုက်ပါ၊ ဘာလို့ အကြောင်းပြချက်တွေ ရှာနေရတာလဲ”

ကျွင်းချောင်ရှောင်းက လေးနက်စွာ ပြောလိုက်သည်။ “အကြောင်းပြချက် ရှာမှပဲ သွားရလာရ အဆင်ပြေမှာပေါ့ကွ”

All Chapters