အခန်း (၁၀၃၈)
Vol. 70 Ch. 1038
ကျွင်းချောင်ရှောင်းသည် ဤရှေးရွက်လှေကြီးအား ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲမှ ရယူလာပြီးသည့်နောက် ကြယ်ကြွေကုန်းမြေတိုက်ကြီး၌ တစ်ခါမှ အသုံးမပြုခဲ့သေးချေ။
ယခုအရှေ့ပင်လယ်ထဲကိုသွားမည်ဆိုမှတော့ ထိုအရာကို ကျိန်းသေပေါက် အသုံးပြုရပေလိမ့်မည်။ ဤသင်္ဘောသည် အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများဖြင့် စွမ်းအားဖြည့်ကာ မောင်းနှင်နိုင်သည့်အရာဖြစ်ပြီး အလွန်တရာလည်း မြန်ဆန်လွန်းလှ၏။ ထို့အပြင် ကောင်းကင်အဆင့် ရတနာမျိုးလည်းဖြစ်သောကြောင့် ခုခံနိုင်မှု အကာကွယ်မှာလည်း အားကောင်းပေလိမ့်မည်။
ပင်လယ်ထဲတွင် အလွန်များပြားလှသည့် အန္တရာယ်မျိုးနှင့်ပြည့်နှက်နေသည်ဆိုလျှင်တောင်မှ အလွယ်တကူ ကျော်ဖြတ် သွားလာနိုင်မှာသေချာ၏။
“ဆုံးဖြတ်ပြီးပြီ။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “မနက်ဖြန်စပြီးထွက်မယ်။”
သူ့အနေနှင့် အနည်းငယ်အလျင်လိုနေ၏။ အဘယ့်ကြောင့်ဆိုသော် ဆရာဖန်းသည် ကုန်းမြေတိုက်ကြီး၏ အသက်ရှင် ရပ်တည်မှုနှင့် ပတ်သက်ဆက်နွယ်နေသည်ဟု သတင်းစကားပါးထားခဲ့သည်မဟုတ်လား။ ထို့ကြောင့် ထိုကိစ္စကို စုံစမ်း စစ်ဆေးရန် ဖြစ်နိုင်သမျှ အမြန်ဆုံးသွားရပေလိမ့်မည်။
ကုန်းရှန့်သည် သူများကို ကယ်တင်ရန်အတွက် အားတက်သရောနှင့် ပြုမူနေခြင်းမဟုတ်ပေ။ သူ့အနေနှင့် အဓိကစိုးရိမ်ပူပန်နေသည်မှာ အဝေးတစ်နေရာရှိ အရှေ့ဘက်ပင်လယ်ထဲတွင် ဝိညာဉ်မျိုးနွယ်များ ခိုအောင်းနေမည်ကို စိုးရိမ်နေမိခြင်းပင်ဖြစ်၏။
တိုင်လုကဲ့သို့ တစ်စုံတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ဝင်ရောက်ပြီး ဝိုင်းမြိုခြင်းစွမ်းအင်များကို အသုံးပြုကာဖြင့် ပိုမို ကြီးထွားအားကောင်းလာမည်ဆိုလျှင် ကျိန်းသေပေါက် ကပ်ဘေးကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။
စနစ်က ချီးကျူးလိုက်သည်။ “ဒီလို လက်ခံသူတစ်ယောက်ရှိနေတာ ကြယ်ကြွေကုန်းမြေတိုက်ကြီးအတွက် ကောင်းချီးတစ်ခုပဲ။”
ကျွင်းချောင်ရှောင်းသည် မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်၏။ “ပြီးတော့အရှေ့ဘက်ပင်လယ်ထဲမှာ အရင်းအမြစ်တွေ အများကြီးရှိတယ်လေ။ ဒီတော့ ရှာဖွေမတွေ့ရှိသေးတဲ့ စိတ်ဝိညာဉ်ကျောက်တုံးမိုင်းတွင်းတွေ ငါရှာတွေ့မယ်ဆိုရင် အခုသွားရတဲ့ခရီး ထိုက်တန်ပေလိမ့်မယ်။”
“…….” စနစ်သည် ဆွံ့အသွားမိ၏။
လူသားများကို ကယ်တင်ရန်သွားသည်ဟု သူချီးကျူးမိ၏။ သို့ပေမဲ့ လက်ခံသူသည် စိတ်ဝိညာဉ်ကျောက်တုံး များကို မျက်စောင်းထိုးလျက်ရှိနေပြန်သည်။
“ဂိုဏ်းချုပ်”
လီချင်းယန်နှင့်ရှောင်ကျီတို့သည် လျှောက်လာပြီးသည့်နောက်မှာတော့ ပြောလိုက်၏။ “ကျွန်တော်တို့လည်း ဂိုဏ်းချုပ်နဲ့အတူ အရှေ့ပင်လယ်ထဲကို လိုက်ချင်တယ်။”
“ကောင်းပြီ။”
ကျွင်းချောင်ရှောင်းက သဘောတူညီလိုက်သည်။
ဤပင်လယ်သည် ၎င်းတို့နေထိုင်ရာ ကုန်းမြေတိုက်ကြီးနှင့် သီးခြားခွဲထွက်နေသည့်နေရာပင်ဖြစ်သည်။ မည်သည့် အချိန်က ကွဲထွက်နေသနည်းဆိုသော် လွန်ခဲ့သည့် နှစ်ပေါင်း ၁၀၀၀၀ လောက်ကပင်ဖြစ်၏။ ထို့ကြောင့် တစ်ဖက်နှင့် တစ်ဖက် ထိတွေ့ခြင်းမရှိကြချေ။ မတူညီသည့် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံများလည်း တည်ရှိနေမှာ သေချာ၏။ တပည့်များကို ခေါ်ဆောင်သွားမည်ဆိုပါက ၎င်းတို့၏ ဗဟုသုတသည် ပိုမိုကာ ကျယ်ပြန့်လာပေလိမ့်မည်။
“ဂိုဏ်းချုပ်”
ရီရှင်းချန်သည်လည်း အပြင်ဘက်ဆီမှ လျှောက်ဝင်လာပြီးသည့်နောက် ပြောလိုက်၏။ “ကျွန်တော်လည်း လိုက်ချင်တယ်။”
“ကောင်းပြီ။ အဆင့်သင့်ပြင်ထားလိုက်တော့။”
ကျွင်းချောင်ရှောင်းက ပြောလိုက်သည်။ “ငါတို့အားလုံး မနက်စာစားပြီးတာနဲ့ တစ်ခါတည်းထွက်ကြမယ်။”
“သခင်”
တောဝက်ရိုင်းလေးသည် ဟောခန်း၏ အပြင်ဘက်တွင် မတ်တပ်ရပ်ကာဖြင့် အားပျော့ကာ ပြောလိုက်၏။ “ကျုပ်လည်းလိုက်လို့ရလား။”
“ရတာပေါ့။”
“ကျေးဇူးပါပဲသခင်။”
တောဝက်ရိုင်းလေးကို မြင်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အလယ်အလတ်အဆင့် မြေနည်းစနစ် ဆိုသည်ကို ချက်ချင်းပင် သတိရလိုက်၏။ ထိုအရာသည် တာဝန်ကို ပြည့်စုံစွာ ပြုလုပ်ပြီးသည့်နောက် ရရှိလိုက်သော ဆုလာဘ်ပင်ဖြစ်သည်။ ထို့ကြောင့် သူသည် တီးတိုးရေရွတ်လိုက်၏။ “ကြည့်ရတာ တောဝက်ရိုင်းလေးအတွက် သင်ယူဖို့ အချိန်ရောက်ပြီပဲ။”
ဆွစ်
သူသည် စိတ်ဝိညာဉ်သားရဲခန်းမဆောင်ကို ဖွင့်၍ ကြည့်လိုက်သည့်အချိန်မှာတော့ အလယ်အလတ်အဆင့် မြေနည်း စနစ်သည် အလိုအလျောက် လိုက်ဖက်ညီနေသည်ကို မြင်လိုက်ရတော့၏။
သားရဲစွမ်းရည် - အလယ်အလတ်အဆင့် မြေနည်းစနစ်
အကျိုးသက်ရောက်မှု - သားရဲများအား အလယ်အလတ်အဆင့် မြေစွမ်းအင်ကို သင်ပေးနိုင်ခွင့်ရှိ။
လိုအပ်ချက် - မြေဓာတ်အမျိုးအစား သားရဲရိုင်း ၁/၁။
မြေဓာတ်အမျိုးအစား - အဆင့်မြင့် မြေသလင်းအမြုတေ ၁၀ /၂ဝ။
…
“ထင်ထားတဲ့အတိုင်းပဲလေ။ ဒါတောဝက်ရိုင်းလေးအတွက် လိုက်ဖက်ညီတဲ့အရာပဲ။”
သို့ပေမဲ့ သူ့အနေနှင့် အဆင့် ၉ စိတ်ဝိညာဉ်သလင်းအမြုတေများ လိုအပ်လျက်ရှိနေသေး၏။ ထို့ကြောင့် ဤအရာကို ဖန်တီးပြုလုပ်ပေး၍ မရသေးချေ။
“အရှေ့ဘက်ပင်လယ်ထဲကို သွားရင် မြေအဆင့် သလင်းအမြုတေတွေကို ရရင် ဘယ်လောက်ကောင်းမလဲ။” ကျွင်းချောင်ရှောင်းက တီးတိုးရေရွတ်လိုက်မိ၏။
………….
နောက်တစ်ရက်မှာတော့ လျှိုဝမ်ရှစ် နှင့် တစ်ခြားသူများအားလုံးသည် ၎င်းတို့ခရီးစဉ်အတွက် လိုအပ်သည့် အစား အသောက်များကို ကြိုတင်ပြင်ဆင်ပေးပြီးသားဖြစ်၏။ အားလုံးစားသောက်ပြီးသည့်နောက်မှာတော့ ၎င်းတို့ အားလုံး သည် လေ့ကျင့်ရေးကွင်းပြင်တွင် စုဝေးရောက်ရှိနေကြသည်။
ရွှီ
ကျွင်းချောင်ရှောင်းသည် သူ၏ လက်ကို လှုပ်ရှားလိုက်သည့်အချိန်မှာတော့ သူ၏ လက်ထဲတွင်ရှိသော ရှေးရွက်လှေသေးတစ်ခုသည် မြန်မြန်ဆန်ဆန်နှင့် ကြီးထွားလာပြီးသည့်နောက်မှာတော့ လေထုထဲတွင် ကြီးမားသည့် ရွက်လှေကြီး တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။
ဝိုး
လျှိုဝမ်ရှစ်နှင့် ရောင်မုံယဉ်သည် ပါးစပ်အဟောင်းသား ဖြစ်မိနေကြ၏။
လီချင်းယန်၊ ရှောင်ကျီနှင့် တစ်ခြားသောသူများ မှာတော့ ဂြိုဟ်တိုက်ပွဲတည်နေရာကြီးထဲတွင် ထိုရွက်လှေကို မြင်ဖူးပြီးသားဖြစ်သည်။ ထို့ကြောင့် အံ့အားသင့်မှုတော့ မရှိကြချေ။
“ကောင်လေးတို့”
ကျွင်းချောင်ရှောင်းသည် လက်ဖျောက်ကို တီးကာပြောလိုက်၏။ “လှေပေါ်ကို တက်ကြရအောင်။”
ရွှီ
ရီရှင်းချန်သည် အမြန်ဆုံးပျံသန်းကာ တက်လိုက်၏။ ပြီးသည့်နောက်မှာတော့ သူသည် အရှေ့ဦးဆုံး ပဲ့တည်နေရာတွင် မတ်တပ်ရပ်လိုက်၏။ လက်နှစ်ဖက်ကို ပိုက်ပြီးသည့်နောက်မှာတော့ ဟိတ်ဟန့်အပြည့်နှင့် မတ်တပ်ရပ်လျက်ရှိနေသည်။
လီချင်းယန်၊ ရှောင်ကျီနှင့် ဟယ်ဝူတီတို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် အပေါ်ဘက်သို့ ပျံသန်း၍ တက်လာခဲ့ကြ၏။ ဤတစ်ကြိမ်မှာတော့ အရှေ့ဘက်ပင်လယ်ဆီသို့ ထွက်ခွာရာခရီးတွင် အတွင်းစည်း တပည့်လေးယောက်ကို သာ ခေါ်ယူခဲ့၏။ တစ်ခြားသောသူများအားလုံးသည် ဂိုဏ်းကို စောင့်ရှောက်ရန် ကျန်ရစ်ခဲ့ကြ၏။
ပဋိညာဉ်သားရဲများအတွက်ကတော့ နဂါးလေးနှင့်ရှောင်မိုရှန်တို့သည် ဂိုဏ်းထဲတွင် နေထိုင်ရန်သာ သူ ဆုံးဖြတ်ခဲ့၏။ လက်ရှိသွားလာရာခရီးတွင် တောဝက်ရိုင်းလေးကိုသာ သူခေါ်ဆောင်လာခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တောဝက်ရိုင်းလေးသည် သူနှင့်အတူ ခရီးတစ်ခါမှ မထွက်ဖူးချေ။ မူလအားဖြင့် ခရမ်းရောင် ဘုရင်ကိုလည်း ခေါ်သွားရန် စဉ်းစားခဲ့သေး၏။ သို့ပေမဲ့ အရှေ့ဘက်ပင်လယ်ကို သွားသည်ဆိုသည်မှာ သွားရောက် တိုက်ခိုက်ခြင်းမဟုတ်ချေ။ ထို့အပြင် လွယ်လွယ်ကူကူနှင့်ပြန်လာနိုင်သည့်အရာလည်းမဟုတ်သောကြောင့် ခရမ်းရောင် ဘုရင်အား ဂိုဏ်းကို စောင့်ရှောက်ကာကွယ်ဖို့ ထားခဲ့ရန်သာ ဆုံးဖြတ်ချက် ချလိုက်မိသည်။
“ကောင်မလေး .. ထမင်းကြော်တွေ အဆင်သင့်ပဲလား။”
“အဆင်သင့်ပါပဲ။”
လျှိုဝမ်ရှစ်သည် သိုလှောင်လက်စွပ်အနည်းငယ်ကို လှမ်း၍ ပေးလိုက်သည်။ ပြီးနောက် ပြုံးကာ ပြောလိုက်၏။ “ဒီထဲမှာထမင်းကြော်ပွဲပေါင်းတစ်ထောင်ကျော်လောက်ရှိတယ်။ ဂိုဏ်းချုပ်နဲ့ စီနီယာအစ်ကိုတွေ လုံလုံလောက်လောက် စားလို့ရပါတယ်။”
“ကောင်းပြီ”
ကျွင်းချောင်ရှောင်းသည် ရှေးသင်္ဘောကြီးပေါ်သို့ ခုန်တက်ပြီးနောက်မှာတော့ လိုအပ်သည့် စွမ်းအင်အရင်းအမြစ်ကို စစ်ဆေးလိုက်၏။ ပြီးသည့်နောက်မှာတော့ အောက်တွင်ရှိသော တပည့်များကို လက်ဝှေ့ယမ်းကာ ပြောလိုက်တော့၏။ “ငါအရှေ့ဘက်ပင်လယ်ကို သွားဖို့က အချိန်နည်းနည်းကြာလိမ့်မယ်။ ဒီတော့ ပြင်းပြင်းထန်ထန်နဲ့ ကြိုးစားထားကြ။”
“ကောင်းပါပြီ။” တပည့်များအားလုံးသည် သံပြိုင်ဆိုသလိုပဲ အော်ဟစ်လိုက်ကြ၏။
“ဒါက နည်းနည်းမြန်တယ်။ သေချာကိုင်ထားနော်။”
ကျွင်းချောင်ရှောင်းသည် သူ၏တပည့်လေးယောက်ကို ညွှန်ကြားပြီးသည့်နောက်မှာတော့ စက်ခန်းအတွင်းသို့ လျှောက်ဝင်သွားခဲ့တော့သည်။ ပြီးသည့်နောက်မှာတော့ မောင်းနှင်နိုင်သည့် အစီအရင်ထဲသို့ စိတ်ဝိညာဉ်စွမ်းအင်များနှင့် ပေါင်းစပ်ပြီးသည့်နောက်မှာတော့ ဆဋ္ဌဂံကြယ်ကျောက်တုံးများကို စွမ်းအင်အရင်းအမြစ်အဖြစ် ထည့်သွင်းလိုက်တော့ သည်။
ရှေးသင်္ဘောကြီးသည် ဝှစ်ခနဲ ပျံသန်းသွားတော့သည်။
“ဂျူနီယာညီလေးရီ … မင်း အရှေ့နားမှာ အဲလိုကြီးရပ်နေတာ အန္တရာယ်များတယ်နော်။” လီချင်းယန်က အော်ဟစ်လိုက်၏။
“ကျွတ်”
ရီရှင်းချန်သည် နှာခေါင်းကို အသာရှုံ့ကာဖြင့် ခပ်တည်တည်နှင့် ရပ်လျက်ရှိနေဆဲပင်ဖြစ်သည်။ ဤအရာသည် ပျံသန်းနိုင်သော ရွက်လှေတစ်စင်းဖြစ်သည်ဆိုသော်လည်း မည်မျှမြန်အောင် ပျံသန်းနိုင်မည်နည်း။
ဝှစ်
ထိုအချိန်မှာပဲ ဆဋ္ဌဂံကြယ်ကျောက်တုံး၏ စွမ်းအင်အစွမ်းကြောင့် ရှေးသင်္ဘောကြီးသည် အလွန်တရာမြန်ဆန်သောနှုန်း ဖြင့် ရှေ့ဆီသို့ ထိုးတက်သွားတော့၏။
“ကောင်းကင်ဘုံ … မြန်လိုက်တာ။”
လေ့ကျင့်ရေးကွင်းပြင်တွင်ရှိနေသော တပည့်များအားလုံးသည် မျက်လုံးအပြူးသားနှင့် ဖြစ်သွားခဲ့ကြ၏။ လေထဲတွင် ရှိနေသော ရှေးသင်္ဘောကြီးသည် ချက်ချင်းဆိုသလိုပဲ ၎င်းတို့၏ အမြင်အာရုံထဲတွင် ပျောက်ကွယ်သွားသည်။
ဝှစ် ဝှစ် ဝှစ် ဝှစ်
လေလှိုင်းများတိုက်ခိုက်ပြီးသည့်နောက်မှာတော့ လီချင်းယန်၊ ရှောင်ကျီနှင့် ဟယ်ဝူတီတို့အားလုံးတို့သည် ဆံပင်များ သည် လေထဲတွင် လွင့်လျက်ရှိနေ၏။ ၎င်းတို့သည် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် မနည်းပင် ကြိုးစားထားနေရ၏။
အလွန်ဆိုးရွားသည့်အခြေအနေကို ဖြစ်တည်နေသည်မှာ ရီရှင်းချန်ပင်ဖြစ်သည်။ ရီရှင်းချန်သည် လက်ရှိအခြေအနေ မှာတော့ ရွက်လှေ၏ ရွက်တိုင်ကြီးကို ဖက်ထားရပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ကြိုးစတစ်ခုကဲ့သို့ လေထဲ၌ ဝှေ့ယမ်းလျက် ရှိနေသည်။
“မြန်မြန် မြန်မြန် ရပ်ပါအုံး။ မြန်မြန် ရပ်ပါအုံး။”
…
အရှေ့တောင်ရန်ကျူးဆီမှ ကမ်းခြေဆီသို့ သွားသည့်ခရီးသည် သိုင်းအုပ်စိုးသူတစ်ယောက် အမြန်ဆုံးနှုန်းနှင့် ပျံသန်းသွားမည်ဆိုလျှင်တောင်မှ ၄ နာရီခန့်ကြာမြင့်၏။ သို့ပေမဲ့ ကျွင်းချောင်ရှောင်းသည် ရှေးသင်္ဘောကြီးကို စီးနင်းကာ ခရီးသွားရောက်သည့်အချိန်မှာတော့ ၁၀ မိနစ် နီးပါးခန့်သာကြာမြင့်၏။
“ဂိုဏ်းချုပ်”
လီချင်းယန်သည် စက်ခန်းထဲသို့ ဝင်လာပြီးသည့်နောက်မှာတော့ ပြောလိုက်သည်။ “အရှေ့ပင်လယ်ဆီသွားဖို့ခရီးက အရမ်းကို အန္တရာယ်များတယ်လေ။ ပြီးတော့ ကျွန်တော်တို့က လမ်းလည်း သိပ်ပြီး မရင်းနှီးဘူးမဟုတ်လား။ လမ်းပျောက်သွားနိုင်တယ်။”
သူ့အနေနှင့် ငယ်ရွယ်စဉ်ကတည်းက စာပေများကို ဖတ်ရှုခဲ့၏။ ထို့ကြောင့် အရှေ့ဘက်ပင်လယ်နှင့်ပတ်သက်သည့် အကြောင်းအရာများကို နားလည်နေခဲ့သည်။
“ဒါကအမှန်ပဲ။”
ကျွင်းချောင်ရှောင်းသည် ရွက်လှေကြီးကို အရှိန်လျှော့ပြီးသည့်နောက်မှာတော့ သူ၏ မေးစေ့ကို ပွတ်သပ်ကာ ပြောလိုက်တော့သည်။ “အတွေ့အကြုံရှိတဲ့ ရေကြောင်းပြတစ်ယောက် လိုအပ်တာပေါ့။”
ဘုတ်
သင်္ဘော၏ ပဲ့တည်နေရာမှာတော့ ညအင်ပါယာသည် ဆိုးရွားလှသည့် ပုံပန်းသွင်ပြင်နှင့် အောက်သို့ ပြုတ်ကျနေ၏။ သူ၏ ဆံပင်များသည် ရှုတ်ယှက်ခက်လျက်ရှိနေ၏။ သူသည် စိတ်ထဲမှာ ရေရွတ်နေမိ၏။ ဒါ သူရည်ရွယ်ချက်ရှိရှိနဲ့ လုပ်တာတော့ မဟုတ်လောက်ပါဘူး။
“ဒီကမ်းခြေနဲ့ အနီးကပ်ဆုံးမှာ ဘိုဟိုင်းလို့ ခေါ်တဲ့ မြို့တစ်မြို့ရှိတယ်လေ။ အဲဒီမှာ အတွေ့အကြုံရှိတဲ့ ရေကြောင်းပြ တစ်ယောက်တစ်ယောက်ကို ငှားရမ်းလို့ရမယ်။” လီချင်းယန်က ပြောလိုက်သည်။
“ကောင်းပြီ။ ဒါဆိုရင်လည်း ဘိုဟိုင်းမြို့ကို သွားကြတာပေါ့။”
ကျွင်းချောင်ရှောင်းသည် သူ၏ ဒုတိယတပည့်၏ အကြောင်းကို ကောင်းကောင်းနားလည်နေပြီဖြစ်၏။ အလွန်တရာ စေ့စပ်လှသော သူ၏ တပည့်ပေါ်တွင် သူယုံကြည်ပြီးသားဖြစ်၏။
…
ဘိုဟိုင်းမြို့
ဤအရာသည် အရှေ့တောင်ပင်လယ်ကမ်းစပ်ရှိ အလယ်အလတ်အဆင့် မြို့လေးတစ်ခုဖြစ်၏။ ဤနေရာတွင် ရေကြောင်းဖြင့် လုပ်ကိုင်စားသောက်ကြသော လူများနေထိုင်ကြပြီး များပြားလွန်းလှသော ငါးဖမ်းသမားများနှင့် ရွက်လှေသမားများသည် အခြေချကြ၏။ ယနေ့မှာတော့ ကောင်းကင်တွင် မည်သည့်တိမ်တိုက်မှမရှိဘဲ ရှင်းလင်းနေပြီး ရာသီဥတုကလည်း ကြည်လင်လို့နေ၏။
သာမန်လူများအားလုံးသည် ၎င်းတို့၏ အလုပ်များကို လုပ်ကိုင်နေရင်း ရုတ်တရက် ကောင်းကင်ကြီးတစ်ခုလုံး မဲမှောင် သွားသည်ကို ခံစားလိုက်မိကြသည်။ ထို့ကြောင့် အသာခေါင်းမော့ကာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ အားကောင်းလွန်းလှသော အော်ရာများထွက်ပေါ်လျက်ရှိနေသည့် သင်္ဘောကြီးတစ်စင်းသည် ၎င်းတို့၏ အမြင်အာရုံထဲတွင် ပေါ်လာသည်။
“သင်္ဘောကြီးတစ်စင်းလား။”
“သင်္ဘောက ပျံလို့ရလို့လား။”
အားလုံး၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့ကြ၏။ ရေလမ်းခရီးသွားရာတွင် ကျွမ်းကျင်လှသော လူတော်တော် များများတို့သည်လည်း ဆွံ့အလျက်ရှိနေကြသည်။
၎င်းတို့သည် အသက်ရှင်နေထိုင်သည့် ကာလတစ်လျှောက်လုံး ရေတွက်လို့မရအောင်များပြားသော သင်္ဘောများ၊ ရွက်လှေများကို ရွက်လွှင့်ခဲ့ဖူး၏။ သို့ပေမဲ့ ကောင်းကင်တွင် ပျံသန်းနိုင်သော ရွက်လှေကို မြင်ရသည့်အရာကတော့ ပထမဦးဆုံးအကြိမ်သာဖြစ်၏။
“အားလုံးပဲ။”
ကျွင်းချောင်ရှောင်းသည် သင်္ဘောပေါ်မှ အောက်သို့ ငုံ့ကြည့်ပြီးနောက် အော်လိုက်၏။ “ကျုပ်က အရှေ့ဘက်ပင်လယ်ထဲကို ဒီနေ့သွားမှာ။ အတွေ့အကြုံရှိတဲ့ ရေကြောင်းပြတစ်ယောက်ကို လိုအပ်နေတယ်။”
လီချင်းယန် “……”
မူလအားဖြင့် သူသည် သိုသိုသိပ်သိပ်ဖြင့် ကျွမ်းကျင်လှသော ရေကြောင်းပြတစ်ယောက်ကို စုံစမ်းကာ ခေါ်ယူမည်ဟု စဉ်းစားထားသည်။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် သင်္ဘောပေါ်မှ ခေါင်းပြူကြည့်ပြီးတော့နောက် တစ်မြို့လုံးကြားအောင် အော်ဟစ်ကာ လူခေါ်လျက်ရှိနေတော့သည်။
အစစ်အမှန်အားဖြင့် ကျွင်းချောင်ရှောင်းသည်လည်း ထိုကဲ့သို့ ပြုလုပ်ချင်၏။ သို့ပေမဲ့ ဆရာဖန်းသည် အလျင်လိုနေပြီ ဖြစ်သည်။ ထို့ကြောင့် ဖြစ်နိုင်သမျှ အမြန်ဆုံးသွားရောက်နိုင်ရန်အတွက် ဤကဲ့သို့ ပြုလုပ်ခဲ့ခြင်းသာ ဖြစ်၏။
“ဒါက ကျွင်းချောင်ရှောင်းပဲ။ ပြိုင်စံရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေ။”
“ကောင်းကင်ဘုံ …. သူက ဘယ်လိုဖြစ်ပြီး ဘိုဟိုင်းမြို့ကို ရောက်လာတာလဲ။ ပြီးတော့ ပျံသန်းနိုင်တဲ့ ရွက်လှေကြီးလည်း ပါလာသေးတယ်။”
ကျွင်းချောင်ရှောင်း၏ အရှိန်အဝါနှင့် ဂုဏ်ပုဒ်ကို လက်ရှိအခြေအနေမှာတော့ တလောကလုံးက သိရှိနေပြီဖြစ်သည်။
“ဂိုဏ်းချုပ်ကျွင်း”
ထိုအချိန်မှာတော့ လမ်းလျှောက်တုတ်ကြီးတစ်ချောင်းကို ကိုင်ထားသော အဘိုးအိုတစ်ယောက်သည် လူအုပ်ကြားမှ လျှောက်ထွက်လာ၏။ သူ၏ မျက်လုံးများသည် တောက်ပလျက်ရှိနေ၏။ “ဒီအဘိုးကြီးက အရှေ့ပင်လယ်ကို အရင်တုန်းက ရောက်ဖူးတယ်။ ဒီတော့ ကျုပ်လမ်းပြမယ်။”
ကျွင်းချောင်ရှောင်းသည် ငုံ့ကြည့်လိုက်၏။ ပြီးနောက် ၎င်း၏ ဆုံးဖြတ်ချက်ခိုင်မာသောမျက်လုံးများကို ကြည့်ရှုပြီးသည့် နောက်မှာတော့ အဘိုးကြီးအား သင်္ဘောပေါ်သို့ အသာဆွဲယူလိုက်တော့သည်။ “ခင်ဗျားကို ရွေးလိုက်ပြီ။”
“……..”
လီချင်းယန်၏ မျက်လုံးများသည် ချာချာလည်သွားသည်။ အရှေ့ပင်လယ်သို့ သွားရသည့်ခရီးသည် အလွန်တရာဝေး ကွာလွန်းလှပြီး အန္တရာယ်လည်းများ၏။ သို့ပေမဲ့ ဂိုဏ်းချုပ်သည် အတွေအကြုံရှိသည့် ရေကြောင်းပြကို ရွေးချယ်ရာမှာတော့ အလျင်လိုလွန်းနေ၏။
“ကျေးဇူးပါ။ ဂိုဏ်းချုပ်ကျွင်း” ထော့နဲ့ထော့နဲ့နှင့် အဖိုးကြီးသည် လက်သီးကို ဆုပ်ကာဖြင့် ပြောလိုက်တော့သည်။ သူ၏မျက်လုံးထဲတွင်တော့ ခြေရာခံ၍ရနိုင်သော နာကျင်မှု၏ အရိပ်အယောင်များကို မြင်နေရသည်။
ထိုအချင်းအရာကိုမြင်တော့ ကျွင်းချောင်ရှောင်းက တွေးတောလိုက်မိ၏။ “ဒီအဘိုးကြီးမှာလည်း ဇာတ်ကြောင်းတွေရှိနေတာပဲ။”
|……..”
စနစ်က စောဒက တက်လိုက်တော့သည်။ “လက်ခံသူနဲ့တွေ့တဲ့သူတွေက ဇာတ်လမ်းရှိတဲ့သူတွေချည်းပါပဲလား”
“သွားကြရအောင်။”
သင်္ဘော၏တည်နေရာပေါ်ကို ရောက်သည့်အချိန်မှာတော့ ကျွင်းချောင်ရှောင်းသည် အကန့်အသက်မဲ့ ကျယ်ပြောလှ သောပင်လယ်ကြီးကို လက်ညှိုးထိုးပြကာ ကျယ်လောင်စွာ ပြောလိုက်၏။ “အရှေ့ပင်လယ်ဆီကို သွားမယ်။”
ထိုအချင်းအရာကို ကြားသည့်နောက်မှာတော့ လီချင်းယန်သည် အလောတကြီးနှင့် ရွက်တိုင်၏ အနောက်ဖက်ဆီသို့ ရောက်ရှိလာခဲ့တော့၏။ ဖေးအားညိုသည် လက်ရှိအခြေအနေမှာတော့ ကြောက်လန့်နေပြီဖြစ်၏။ လီချင်းယန် ရှောင်ကျီနှင့် တစ်ခြားသူများအားလုံးသည်လည်း လေကွယ်ရာအရပ်ဆီသို့ အလျင်အမြန်နှင့် သွားလိုက်ကြသည်။
ဝှစ်
ပြီးသည့်နောက်မှာတော့ ရှေးသင်္ဘောကြီးသည် မြို့ထဲတွင်ရှိနေသောသူများအားလုံး၏ မျက်လုံးများရှေ့မှ လှစ်ကနဲ ပျောက်ကွယ်သွားခဲ့တော့၏။
“မြန်လိုက်တာ”
ထော့နဲ့နဲ့နှင့်အဘိုးအိုသည် စက်ခန်းထဲသို့ လျှောက်ဝင်လာပြီးသည့်နောက်မှာတော့ မျက်လုံးအပြူးသားဖြင့် ပြောလိုက်မိသည်။ “ဒါကကြောက်ဖို့ကောင်းလောက်အောင်ကို မြန်တယ်။”